နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၂ ခုမှ ကိုယ်စားလှယ်လောင်း ၆၀ဝ၀ ကျော်က မဲဆန္ဒနယ် ၁၂၀ဝ နီးပါးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ လူယုံတော်များ ဖြစ်ကြကာ လက်ရှိတွင်လည်း သမ္မတရုံး ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့က ကယားပြည်နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဦးအောင်မင်းက ရှားတောမြို့နယ်မှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇)တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဦးစိုးသိမ်းက ဘောလခဲမြို့နယ်မှ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၉) ၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း စစ်တမ်းများအရ ဦးအောင်မင်း၏ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၀ဝ၀ ထက်နည်းပါးပြီး ဦးစိုးသိမ်း၏ မဲဆန္ဒနယ်တွင်မူ မဲပေးခွင့်ရှိသူ ၃၀ဝ၀ ထက် နည်းပါးသည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝန်ကြီးဦးအောင်မင်းက မဲပေးပိုင်ခွင့်ရှိသူ ၁၇၅၀ဝ၀ ဦးရှိသည့် ပဲခူးတိုင်းဒေသကြီး တောင်ငူ မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဦးစိုးသိမ်းက မဲပေးပိုင်ခွင့်ရှိသူ ၉၅၀ဝ၀ ဦးရှိသည့် တနင်္သာရီတိုင်း မဲဆန္ဒနယ်တခုမှ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ၂ ဦးတို့သည် ကယားပြည်နယ်ရှိ တိုင်းရင်းသားပါတီ ၅ ခု အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကယန်းပြည်သစ်ပါတီ (KNLP)၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီးစောလွင်က နိုင်ငံ၏ အခြားနယ်စပ်ဒေသများနှင့် မတူဘဲ ကယားတိုင်းရင်းသား နိုင်ငံရေးပါတီများသည် ဒေသခံများထံမှ ထောက်ပံ့မှု အနည်းငယ်သာရရှိကြပြီး ငွေကြေးအခက်အခဲများလည်း ရှိနေကြောင်း ဧရာဝတီသို့ ပြောပြသည်။
ဦးအောင်မင်းသည် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၄ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဦးစိုးသိမ်းက ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိကျင့်သုံးနေသော မဲများသူအနိုင်ရရှိသည့် ရွေးကောက်ပွဲစနစ် (FPTP) အရ ဝန်ကြီး ၂ ဦးစလုံးအနေဖြင့် မဲဆန္ဒရှင်များက ၁၀ဝ ရာခိုင်နှုန်း လာရောက် မဲပေးသည့်တိုင်အောင် ထောက်ခံမဲ အရေအတွက် ၁၀ဝ၀ အောက်ရရှိလျှင် အနိုင်ရနိုင်မည် ဖြစ်သည်။
ဝန်ကြီး ၂ ဦးစလုံးက တရားဝင် သတ်မှတ်ထားသည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ မတိုင်မီကတည်းက ၎င်းတို့၏ မဲဆန္ဒနယ်များတွင် မဲရရှိရေး လာဘ်ထိုးမှုများ လုပ်ဆောင်နေသည်ဟု အတိုက်အခံ တိုင်းရင်းသားပါတီများက စွပ်စွဲပြောဆိုမှုများ ရှိနေခဲ့သည်။
ဝန်ကြီးဦးစိုးသိမ်းက လွန်ခဲ့သည့် ၃- ၄ လက စ၍ မဲဆန္ဒနယ်တွင် ဒေသတွင်းဘောလုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး Sky Net ရုပ်သံ စလောင်းများလည်း တပ်ဆင်ပေးခဲ့ကြောင်း ကယားလူမျိုးစုံ ဒီမိုကရေစီပါတီ (KUDP) ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစောဒယ်နီရယ်က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီး ဦးအောင်မင်းက ရှားတောမှ ရပ်ရွာအကြီးအကဲများကို ငွေများထောက်ပံ့ပေးခြင်း၊ ဆန်များ၊ ကမ်ပိန်းတံဆိပ် ရိုက်နှိပ်ထားသည့် ဦးထုပ်များနှင့် ထီးများကို ပေးဝေခဲ့ကြောင်း ကယားလူမျိုး ပေါင်းစုံဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်က ပြောသည်။
၎င်းတို့ ၂ ဦးက အဆိုပါမဲဆန္ဒနယ်တွင် လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ (USDP) မှ ကိုယ်စား လှယ်လောင်းများနှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သူတို့ ၂ ဦးက ပြီးခဲ့သည့်လအထိ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ရှိနေခြင်းမှာ ထူးခြားချက်ဖြစ်သည်။
ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့က ကယားပြည်နယ်တွင် မည်သည့်အတွက် ရွေးချယ်ခဲ့သည်ကို မပြောကြားကြသော်လည်း ကယားပြည်နယ်သည် လူဦးရေနည်းပါးပြီး ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်၍ ငွေကြေးသုံးစွဲနိုင်သည့် ကိုယ်စားလှယ်လောင်းများအတွက် အကျိုးအမြတ် ရရှိနိုင်မည့် နေရာဖြစ်သည်။
၎င်းတို့ ၂ ဦးစလုံးက ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများအဖြစ် ကယားပြည်နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သေးသော်လည်း ပါတီ၏ ဗဟိုကော်မတီက ဇူလိုင်လအတွင်းတွင် တားမြစ်ခဲ့သည်။ ထိုအချိန်တွင် သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းတို့အကြား သဘောထားကွဲလွဲမှုများက ပြင်းထန်နေခဲ့သည်။
သဘောထားကွဲလွဲမှုများက သမ္မတဦးသိန်းစိန်၏အဖွဲ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီရုံးချုပ်ကို ပိတ်ဆို့ထားခဲ့သော ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် အထွတ်အထိပ်သို့ ရောက်ခဲ့ပါသည်။ နေအိမ်တွင် အစောင့်အကြပ်များဖြင့် ရှိနေသော ဦးရွှေမန်းအားလည်း ပါတီဥက္ကဋ္ဌနေရာမှ ဖယ်ရှားပစ်ခဲ့သည်။ အဆိုပါဖြစ်ရပ်များ မတိုင်မီ နာရီအနည်းငယ်အလိုတွင် သမ္မတဦးသိန်းစိန်က ဝန်ကြီးအချို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဝန်ကြီး ၈ ယောက်မှာ နောက်ပိုင်းတွင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းကို ပြန်လည် ဖွဲ့စည်းသည့်အခါ ပါဝင်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ ၆ ယောက်ခန့်က ယခုလာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယခုချိန်တွင် သမ္မတဦးသိန်းစိန်ကို သစ္စာစောင့်သိသူများက ပြန်လည်ထိန်းချုပ်လိုက်သည့် ကြံ့ခိုင်ရေးပါတီက ယခင် ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေရာအတွက် ဦးရွှေမန်း ဦးဆောင်ခဲ့စဉ်က ရွေးချယ်ပေးထားခဲ့သည့် ကိုယ်စားလှယ်လောင်းများကို အထောက်အပံ့ပေးရန် အခွင့်အလမ်း နည်းပါးသွားနေသည်။
ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့က တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ သဘောထားကို သိရှိနိုင်ရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် တဦးဖြစ်သော ဦးတင့်ဇော်က ၎င်းအနေဖြင့် မှတ်ချက်မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည့်အတွက် ဦးရွှေမန်း၏ တာဝန်ကို ယူထားသော ယာယီဥက္ကဋ္ဌ ဦးဌေးဦးကို ဧရာဝတီက စက်တင်ဘာလ ၇ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဦးဌေးဦးက ညနေပိုင်းတွင် ဖုန်းပြန်ခေါ်ရန် ပြောကြားခဲ့သော်လည်း နောက်ပိုင်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားမှု မရရှိခဲ့ပါ။
ဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ မည်သို့ပင် မေးခွန်းများ ထွက်ပေါ်လာခဲ့စေကာမူ သူတို့ ၂ ဦးလုံးက ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိန်ဝင်းက ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်များ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ဥပဒေအရ တားမြစ်ထားခြင်းမျိုး မရှိသလို ကိုယ်စားလှယ်နေရာ တခုအတွက် ပါတီတခုထဲမှ ဝင်ရောက်ယှဉ်ပြိုင်ရမည့်သူ အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိဟု ဧရာဝတီသို့ပြောသည်။
ဦးစိုးသိမ်းသည် ၎င်း၏မဲဆန္ဒနယ်မှ ဘောလုံးပြိုင်ပွဲအတွက် ထောက်ပံ့ပေးမှုက ခွင်ပြုထားသည့် မဲဆွယ် စည်းရုံးရေး အသုံးစရိတ် သိန်း ၁၀ဝကျပ် ထက် ကျော်လွန်ခဲ့ကြောင်း ၎င်း၏ပြိုင်ဘက်များက ပြောကြသော်လည်း အဆိုပါ အသုံးစရိတ် ကန့်သတ်မှုသည် တရားဝင် မဲဆွယ်စည်းရုံးရေးခွင့်ပြုသည့် စက်တင်ဘာလ ၈ ရက်နေ့ မတိုင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အချို့ဥပဒေ ကျွမ်းကျင်သူများတော့ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့၏ လုပ်ဆောင်မှုများသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်နေကြောင်း ပြောခဲ့သည်။ အခြေခံဥပဒေ ပုဒ်မ ၂၃၂ က ပြည်ထောင်စု ဝန်ကြီးများအား ၎င်းတို့ကို စတင်ခန့်အပ်သည့်နေ့မှစ၍ ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားရာ ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့သည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် တာဝန်ယူ ဆောင်ရွက်၍ မရနိုင်ကြောင်း ထင်ရှားနေသည်။
သို့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များတွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည့် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားပြန်သည်။
ယခင်စစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ တလအလိုတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့်နေ့မှစ၍ ဝန်ကြီးများအား မဲဆွယ်စည်းရုံးမှုများ စတင်ရန် ခွင့်ပြုထားသည်။ နိုင်ငံပိုင် မီဒီယာများ၏ ထုတ်ပြန်ချက်တခုအရ ဇူလိုင်လ ၈ ရက်နေ့တွင် ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသည်။
Myanmar Times နှင့် အခြားမီဒီယာများတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားနေသည့် နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က လွှတ်တော်တွင်းမှ ဥပဒေပြင်ဆင်ရေး တိုက်ပွဲတခုကြောင့် ဦးရွှေမန်းကို ရာထူးမှ ရုတ်တရက်ဖယ်ရှားခြင်း ဖြစ်ပေါ်လာရသည်ဟု ယုံကြည်ထားသည်။
“ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများ” ဟူသည့် စကားရပ်တွင် “ပါတီ” ဆိုသည့် စကားလုံးတလုံးကို ဖြုတ်ခဲ့ခြင်းကြောင့် လက်ရှိအစိုးရက လာမည့်နှစ်တွင်လည်း ပြန်လည်အနိုင်ရလိုချိန်တွင် ရွေးကောက်ပွဲတွင် ဝန်ကြီးများက တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည့် အခြေအနေသို့ ရောက်သွားပြီး ဦးရွှေမန်းက အားသာချက်ရသွားနိုင်သည့် အခြေအနေမျိုး ရောက်ခဲ့ကြောင်း ဦးစည်သူအောင်မြင့်က ဧရာဝတီသို့ပြောသည။်
ပါတီတွင်း အာဏာသိမ်းမှု ပြုလုပ်ခဲ့သည့် ဩဂုတ်လ ၁၂ရက်နေ့ည မတိုင်ထိ အဆိုပါဥပဒေကြမ်းသည် ဥပဒေကြမ်းအဖြစ် သာရှိနေပါသေးသည်။ ထို့ကြောင့် ဦးရွှေမန်းက နောက်ဆုံး လွှတ်တော် အစည်းအဝေးတွင် ဥပဒေကို ပြင်ဆင်နိုင်ခဲ့လျှင်ဆိုသည့် အကြောင်းများ ရှိနေခြင်းကြောင့် အချို့ဝန်ကြီးများက ထိုနေ့မှာပင် ရာထူးမှ နုတ်ထွက်ခဲ့ကြသည့် အသွင်ရှိသည်။
နောက်ဆုံးတွင် ဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့ ပါတီမှ နုတ်ထွက်ရန် မလိုအပ်တော့ပါ။ ဦးအောင်မင်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်ထည်ထူထောင်ရေး ဗဟိုဌာန (MPC) ၏ အကြီးအကဲအနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေး လုပ်ဆောင်နေပြီး အဆိုပါ သဘောတူညီချက်ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ထိုးရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုထားသည်။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အတွက် ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးက မျက်နှာကောင်းရမည့်ကိစ္စတခု ဖြစ်ပါသည်။
(The Irrawaddy အင်္ဂလိပ်ပိုင်းပါ Yen Snaing နှင့် Sean Gleeson တို့၏ Analysis: Ministers’ Election in Karenni State All But Certain ကို ဆီလျော်အောင် ဘာသာပြန်ဆို တည်းဖြတ်ထားသည်။)