မြန်မာနိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှု နည်းလမ်းများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာနေချိန်တွင် လူတချို့ကတော့ ထိုသို့သော အခက်အခဲများမှ ကင်းလွတ်နေသည့် အသွင်ရှိသည်။ သူတို့က မြန်မာနိုင်ငံမှ ချမ်းသာသည့် ပုဂ္ဂိုလ်တွေ ဖြစ်ကြသည်။
ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ ဘာသာခြားများနှင့် ရေလိုက်ငါးလိုက် မနေခဲ့သည့် တခြားသော သူများ ရွေးကောက်ပွဲမှ ဘေးဖယ် ကျန်ရစ်စေခဲ့သည့် ပုဂ္ဂိုလ်ရေးနှင့် စီမံခန့်ခွဲရေး အခက်အခဲများကို ခရိုနီ အမြောက်အများ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
အမေရိကန် နိုင်ငံ၏ နာမည်ပျက်စာရင်းတွင် ပါဝင်နေပြီး လက်ရှိတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဌေးမြင့်နှင့် ဦးခင်ရွှေတို့က ပိုမို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသော နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယခင် စစ်အစိုးရက စီစဉ် ကျင်းပပေးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ၏ အမွေကို ဆက်ခံ ထိန်းသိမ်းနိုင်ရေးအတွက် တခြားသြဇာ ရှိသည့် စီးပွားရေးလုပ်ငန်းရှင် အများအပြားလည်း ၎င်းတို့နှင့် အတူပါဝင်လာကြမည် ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၁၇၁ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းပေါင်း ၆၀၀၀ ကျော် အတွင်းတွင် ချမ်းသာကြွယ်ဝသူများ ပါဝင်နေခြင်းက အံ့အားသင့်စရာ မဟုတ်ပါ။ အထူးသဖြင့် ၎င်းတို့ထဲမှ အများစုမှာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာနေသည့် ဘဏ္ဍာရေး အခြေအနေကို စီမံခန့်ခွဲနိုင်ရန်အတွက် အတွေ့အကြုံရှိသော စီးပွားရေး လုပ်ငန်းရှင်များ ရှိနေခြင်းက ကောင်းသည့် အချက်တခု ဖြစ်ကြောင်း လေ့လာစောင့်ကြည်သူ အများအပြားက ပြောကြသည်။
သို့သော်လည်း တခြားသူများကမူ ၎င်းတို့ မည်သူတွေဖြစ်၍ ထိုနေရာသို့ မည်ကဲ့သို့ ရောက်ရှိလာခဲ့သည်ကို အလေးထားရန် အရေးကြီးကြောင်း ပြောကြသည်။ ယခု ရွေးကောက်ပွဲဝင်ကြမည့် ခရိုနီများ သို့မဟုတ် လက်ရှိအချိန်တွင် လွှတ်တော်အတွင်း၌ ရှိနေသော ခရိုနီများသည် ယခင် စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများနှင့် နီးကပ်သည့် ဆက်သွယ်မှုများ မှတဆင့် ချမ်းသာ ကြွယ်ဝလာသူများ အဖြစ် လူသိများကြသည်။ ထို့အပြင် မသမာမှုများရှိခဲ့သည်ဟု အများက ယူဆထားသည့် ရွေးကောက်ပွဲ တခုမှတဆင့် နေရာရလာသူများလည်း ဖြစ်သည်။
ဝီကီလိခ်စ် (WikiLeaks) မှ ပေါက်ကြားခဲ့သည့် ၂၀၀၉ ခုနှစ်က အမေရိကန် သံတမန်ကြေးနန်း သတင်းတခုကို “စီးပွားရေးသမား ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ်။ ဒါကို သဘောကျသလား၊ မကျဘူးလား” ဟု ခေါင်းစဉ် တပ်ထားခြင်းက ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပေါ် အမေရိကန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို ညွှန်ပြနေခြင်း ဖြစ်သည်။ လွှတ်တော်တွင် သူတို့ ရပ်တည်နိုင်ရေးအတွက် စစ်တပ်၏ အထောက်အပံ့ လိုအပ်သည့် သစ္စာရှိသူများဖြင့် ဖြည့်နိုင်ရန်အတွက် စစ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်များကို ရွေးကောက်ပွဲသို့ အတင်းအကျပ် ဝင်ရောက်စေခဲ့သည် ဟုလည်း ဖော်ပြခဲ့သည်။
“သာမန်ပြည်သူ အများစု က စစ်အစိုးရရဲ့ ကိုယ်စားလှယ်တယောက် ဖြစ်လာဖို့ ယှဉ်ပြိုင်ရမယ့် အလားအလာနဲ့ ပတ်သက်လို့ သဘောကျ ကျေနပ်ဖွယ်ရာ မရှိပါဘူး။ ဒါပေမယ့် မြန်မာအစိုးရက အရေးပါတဲ့ အခန်းကဏ္ဍတွေကို ထိန်းချုပ်ထားပြီးတော့ စီးပွားရေး အောင်မြင်မှု ရရှိဖို့ကလည်း ထိပ်တန်းဗိုလ်ချုပ်ကြီးတွေရဲ့ စေတနာ အပေါ်မှာ မူတည်နေတဲ့အတွက် သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ဒါကို ရှောင်လွှဲနိုင်မယ့် အခွင့်အရေး နည်းပါးပါတယ်” ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။
နိုင်ငံရေးသို့ ဝင်ရောက်ခြင်းကြောင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မဖြစ်မနေ အချိန်ပေးရခြင်းနှင့် စစ်အစိုးရနှင့် ၎င်းတို့၏ နီးစပ်မှုကို လူသိရှင်ကြား ထုတ်ဖော်လိုက်သလို ဖြစ်သွားခြင်းစသော ကိုယ်ရေးကိုယ်တာ ဆုံးရှုံးမှုများ ရှိလာဖွယ် ရှိသည်ဟုလည်း ကြေးနန်းသတင်းတွင် ဆက်လက် ဖော်ပြထားသည်။ နောက် ၆ နှစ်ကြာခဲ့ပြီးသည့် အခါ ယခင်ကလောက် အန္တရယ်မရှိတော့သည့် အသွင်ဖြစ်လာသည်။ အဘယ်ကြောင့် ဆိုသော် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက ပြုပြင်ပြောင်းလဲရေးများ ဖြစ်လာအောင် တွန်းပို့နိုင်ခဲ့သည့်အတွက် အမေရိကန်နှင့် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ပယ်ဖျက်ပေးခဲ့သောကြောင့် ဖြစ်သည်။
အရေးပါ အရာရောက်သူများနှင့် တွေ့ဆုံခြင်း
သို့သော်လည်း အခြေအနေက အငြင်းပွားဖွယ်ရာ ပြောင်းလဲသွားခဲ့သည်။ ကိုယ်စားလှယ်လောင်းများကို တချက်ကြည့်ကြပါစို့။ ပထမဆုံး အနေဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူးကန့်သတ်ထားသည့် နိုင်ငံသား စာရင်း (SDN) တွင် လက်ရှိ ပါဝင်နေဆဲဖြစ်သည့် ဦးဌေးမြင့် ဖြစ်ပါသည်။ သူ့ကိုလည်း အထက်တွင် ဖော်ပြခဲ့သော ၂၀၀၉ ခုနှစ်က ကြေးနန်းသတင်း၌ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အလားအလာရှိသူ တဦးအဖြစ် ဖော်ပြခဲ့သည်။ ဦးဌေးမြင့်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ယခုအခါတွင်လည်း ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။
ဦးဌေးမြင့်သည့် ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ လုပ်ငန်းစုကြီး တခုဖြစ်သည့် ယုဇန ကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌ ဖြစ်သည်။ မကြာသေးခင်က SDN စာရင်းမှ ပယ်ဖျက်ပေးခြင်း ခံခဲ့ရသည့် ဦးဝင်းအောင်နှင့် ဦးဌေးမြင့်ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကာလ နောက်ပိုင်းတွင် အကူအညီပေးရေး လုပ်ငန်းများအတွက် အထောက်အကူပေးရန် အစိုးရက ရွေးချယ်ခဲ့သည်ဟု ကြေးနန်းသတင်းတွင် ဖော်ပြထားပြီး ရလဒ်အဖြစ် မြေသိမ်းယူမှုများ ပေါ်ထွက်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုများ ရှိခဲ့သည်။ ကချင်ပြည်နယ် ဟူးကောင်း တောင်ကြားမှ လယ်ယာမြေ အမြောက်အများ အပါအဝင် မြေယာသိမ်းယူမှု အများအပြားတွင် ဦးဌေးမြင့် ပါဝင်ပတ်သက်ခဲ့သည်။
နာမည်ပျက်စာရင်းဝင် တခြား ကိုယ်စားလှယ်လောင်း တဦးမှာ ဇေကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေဖြစ်ပြီး လက်ရှိ အချိန်တွင် သူက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းမဲဆန္ဒနယ်တွင် ပါဝင်သည့် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် လွှတ်တော်ချင်း မတူညီသည့်အတွက် ဦးခင်ရွှေနှင့် ယှဉ်ပြိုင်ရမည် မဟုတ်ပါ။
ဦးခင်ရွှေသည်လည်း ရန်ကုန်တိုင်းအတွင်းတွင် မတရား မြေသိမ်းမှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့ပြီး သူ့ဘက်မှ ရပ်တည် ဖြေရှင်း မပေးလျှင် အစိုးရကို တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် ၂၀၁၃ ခုနှစ်တွင် ပြဿနာက လွှတ်တော်အထိ ရောက်ရှိခဲ့ရသည်။ တချိန်တည်းမှာပင် မြေယာများ ရယူခဲ့ခြင်းကို ဦးခင်ရွှေက မငြင်းဆန်ခဲ့ပါ။ သို့သော်လည်း ယခင် စစ်အစိုးရက သူ့ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်လည်ပေးအပ်ရန် မလိုကြောင်း သူက ဖြေရှင်းခဲ့သည်။
ဦးဌေးမြင့် နှင့် ဦးခင်ရွှေတို့ ၂ ဦးလုံးက လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်ကြသည်။ ကြံ့ခိုင်ရေးပါတီက ၂၀၁၀ ရွေးကောက်ပွဲဝင် ၎င်း၏ စီးပွားရေး လုပ်ငန်းရှင်ကြီး အများစုကို ယခုလာမည့် ရွေးကောက်ပွဲ အတွက် အသင့်ပြင်ထားသည်။
၎င်းတို့ထဲမှ တဦးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် လက်ရှိတာဝန်ယူနေသော ဦးဝင်းမြင့် ဖြစ်သည်။ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံမှ အကြီးဆုံး ထုတ်ကုန်-သွင်းကုန် ကုမ္ပဏီတခု ဖြစ်သည့် ရွှေနဂါးမင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးပွင့်ဆန်းနှင့် လက်ရှိအားကစား ဝန်ကြီး ဦးတင့်ဆန်း တို့လည်း ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ကြမည် ဖြစ်သည်။ ဦးတင့်ဆန်းက ACE ကုမ္ပဏီ အုပ်စု၏ ဥက္ကဋ္ဌ ဖြစ်သည်။
အဓိက အတိုက်အခံပါတီဖြစ်သည့် NLD ပါတီဘက်မှလည်း ငွေကြေးအင်အား တောင့်တင်းသူတချို့ ပါဝင်လာခဲ့သည်။ အားလုံးက နိုင်ငံရေးတွင် လူသစ်များဖြစ်သည်။ NLD က နာမည်ရ ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါ်သက်သက်ခိုင် နှင့် မွန်ပြည်နယ်ရှိ ချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပုံရသည့် အလှကုန် လုပ်ငန်းရှင် မိကွန်ချမ်းတို့ကို အမည်စာရင်း တင်သွင်းခဲ့သည်။ မိကွန်ချမ်းသည် ကမ္ဘာလှည့်ခရီးသည်များအတွက် သမိုင်းဝင် ထိုင်း-မြန်မာ “သေမင်းတမန် ရထားလမ်း” အား ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်နေသည့် မင်းဗညားစံနှင့် ဆက်သွယ်မှုရှိပြီး ၎င်းက မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် သူများထဲတွင် ဇောတိက ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးခင်လှိုင်က ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး Sakura Group မှ ဦးဌေးအောင်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်တခုမှ ယှဉ်ပြိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့မှ ထင်ရှားသူများထဲတွင် ပါဝင်သည့် ၎င်းတို့ နှစ်ဦးလုံးသည် ဒီဇင်ဘာလ အတွင်းက ကျင်းပခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များအဖြစ် ဆောင်ရွက်နေသူများ ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့၌ နေထိုင်သူ ၂ ရာခိုင်နှုန်းခန့်ကသာ မဲပေးခဲ့ကြသည်။
ဦးခင်လှိုင်က ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်အနီးမှ အငြင်းပွားဖွယ်ရာ ဖွံ့ဖြိုးရေး စီမံကိန်း ၅ ခုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူဖြစ်ပြီး ပြည်သူလူထုကလည်း ကန့်ကွက်ခဲ့သောကြောင့် ဇူလိုင်လ အစောပိုင်းတွင် စီမံကိန်းကို ရပ်ဆိုင်းလိုက် သည်။
ကောင်းကျိုး ဆိုးပြစ်
ငွေကြေးချမ်းသာသည့် ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်သူများ ကြားတွင်လည်း ကွဲပြားမှုများ ဖြစ်ပေါ်စေခဲ့သည်။ ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင် အများအပြား အမည်စာရင်း တင်သွင်းလာခြင်းက မြန်မာနိုင်ငံတွင် အစဉ်အလာလို ဖြစ်နေသော ခရိုနီဝါဒ၏ အနံ့ဆိုးထွက်လာခြင်း ဖြစ်သည်ဟု တချို့က ပြောကြသည်။ တခြားသူများက စစ်အစိုးရ လက်အောက်တွင် ပျက်စီးယိုယွင်းခဲ့ရသော စီးပွားရေးကို ပြန်လည် အားသစ်လောင်းရန်နှင့် ခိုင်မာသော ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် စွန့်ဦးတည်ထွင်တတ်သည့် စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်သည်ဆိုသည့် ဘက်မှ ရပ်တည်ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေး စတင်သည့် အချိန်မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ မြင့်တက်လာခဲ့သော်လည်း တချိန်က အပယ်ခံဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် နိုင်ငံတကာ ကုမ္ပဏီ အမြောက်အများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအရ အာမခံနိုင်မှုများကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
“စီးပွားရေးသမားတွေ နိုင်ငံရေးကို စိတ်ဝင်စားလာတာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲရေး ကာလ အတွက် ဒီလိုလူတွေကို လိုအပ်ပါတယ်” ဟု ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သော ဦးဖြိုးမင်းသိန်းက ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် လွှတ်တော်သက်တမ်း အတွင်းတွင် ရွေးချယ်ခံခဲ့ရသော ခရိုနီများက အမှန်တကယ် တိုးတက်မှုရရှိအောင် လုပ်မပြနိုင်ခဲ့ကြဟု သူက ထပ်ပြောသည်။ “ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူတို့ကြောင့် ဘာမှ မပြောင်းလဲခဲ့ပါဘူး” ဟု ဦးဖြိုးမင်းသိန်းက မှတ်ချက်ချသည်။
မျှတစွာပြောရလျှင် တိုင်းပြည်၏ စီးပွားရေးက များစွာ ဖွံ့ဖြိုးလာခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ စ၍ တိုင်းပြည်၏ GDP က သိသိသာသာ တိုးတက်လာခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် GDP ဖွံ့ဖြိုးမှုက ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့သော်လည်း အမှန်တကယ် ရောက်ရှိမည့် နှုန်းမှာ ၆ ဒသမ ၅ ခန့်သာ ဖြစ်မည်ဟု ဆက်လက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးခင်လှိုင်က လူတယောက်ကို သူပိုင်ဆိုင်သည့် ငွေကြေးကိုကြည့်၍ မဆုံးဖြတ်ရန် မဲဆန္ဒရှင်များကို မေတ္တာရပ်ခံထားသည်။
“ကျနော် တောင်းဆိုနေတာက ပြည်သူတွေက စီးပွားရေးသမား တယောက်အနေနဲ့၊ နိုင်ငံရေးသမား တယောက် အနေနဲ့ ဘယ်လို အနေအထားနဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်ခဲ့တာတွေကိုပဲ ကြည့်ဖို့ပါ။ ကျနော်တို့က ပြည်သူတွေ အတွက် ကောင်းမယ့် အရာတွေကိုပဲ လုပ်ရပါမယ်” ဟု သူက ဧရာဝတီသို့ပြောသည်။
“နိုင်ငံရေးသမားတွေက စီးပွားရေးသမားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ပိုင်ဆိုင်တာတွေကို အခြေခံပြီး အပြစ်ရှိတယ်လို့ မစဉ်းစားသင့်ပါဘူး။ အဲဒါတွေက သန့်ရှင်းမှု ရှိသလား၊ မရှိဘူးလားလို့ မစဉ်းစားသင့်ပါဘူး”
(ကျော်ဆုမွန်နှင့် ဖလစ် ဆော်လမွန် (Feliz Solomon) တို့၏ Crony Candidates Make a Comeback for November Polls ကို ဘာသာပြန်ဆိုသည်။)