ဖိုးရှုပ်နှင့် ကြွက်စုတ် ရောက်ရှိချိန်တွင် ဦးရုက္ခစိုး၏ ညောင်ပင် မကြီးမတကြီးလေးက ငြိမ်သက်နေသည်။ ညောင်ပင် ပင်စည်တွင် “ရင်မှာမြတ်နိုး ဦးရုက္ခစိုး” ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ ထိုညောင်ပင်ကလေးကို သူ့ဘာသာ အတင်း ရယူထားသောကြောင့် နယ်ခံရုက္ခစိုးများက မကျေနပ်သော်လည်း ဦးရုက္ခစိုးကမူ ရုက္ခစိုးအားလုံး သဘောတူသဖြင့် နေနေခြင်းဖြစ်သည်ဟုသာ ဖိုးရှုပ်တို့ကို အမြဲ ပြောလေ့ရှိသည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်၊ ဦးရုက္ခစိုး ဘယ်သွားနေလဲ မသိဘူး။ ခါတိုင်း ငါတို့ရောက်လာရင် ကိုယ်ယောင်ပြနေကျပါ။
ကြွက်စုတ်။ ။ ငါခေါ်ကြည့်လိုက်ဦးမယ် ဦးရုက္ခစိုးရေ … ဦးရုက္ခစိုး …။
ရုက္ခစိုး။ ။ ဟကောင်တွေ အသံပြဲကြီးတွေနဲ့ အော်မနေနဲ့။ ငါ အခုမှ ပြန်ရောက်တာကွ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း … ဘယ်တွေ လျှောက်သွားနေတာလဲဗျာ။
ရုက္ခစိုး။ ။ ရုက္ခစိုးစုံညီ အဖြစ်ရပ် ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲသွားနေတာ။
ကြွက်စုတ်။ ။ ဘာလဲ အဖြစ်ရပ်၊ အပစ်ရပ်ပဲ ကြားဖူးပါတယ်ဗျာ။
ရုက္ခစိုး။ ။ မင်းတို့လူတွေက ပစ်ကြခတ်ကြတာ၊ ငါတို့ရုက္ခစိုးတွေ ကျတော့ မပစ်ဘူး၊ ရန်ပဲ ဖြစ်နေကြလို့ အဖြစ်ရပ်လို့ နာမည်ပေးထားတာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးပြောတော့ ရန်ကုန်မြို့အထွက်က ညောင်ပင်မှာ မနေ့တနေ့ကပဲ ရုက္ခစိုးတွေ ရန်ဖြစ်ကြသေးတယ်ဆို၊ အခု သူတို့နဲ့ပါ ငြိမ်းချမ်းရေးရပြီပေါ့ ဟုတ်လား။
ရုက္ခစိုး။ ။ ဘယ်ကလာ … သူတို့က တသက်လုံး အဖြစ်မရပ်ဘူးတဲ့။ အခု ငြိမ်းချမ်းရေးက သူတို့ မပါဘူး။
ကြွက်စုတ်။ ။ ဟွန်း … ဒါနဲ့များတောင် ရုက္ခစိုး စုံညီလေး ဘာလေးနဲ့။
ရုက္ခစိုး။ ။ သြော် မင်းတို့လူတွေတောင် နိုင်ငံလုံးချီ အပစ်ရပ်ဆိုပြီး ပစ်တဲ့နေရာက ပစ်တုန်းလေ။
ဖိုးရှုပ်။ ။ ဒါကတော့ နိုင်ငံလုံးချီဆိုတာ မထည့်မဖြစ် ထည့်သုံးရတဲ့စကားဗျ။ အဓိပ္ပာယ်တွေ ဘာတွေ ဖော်နေဖို့ မလိုဘူး။
ရုက္ခစိုး။ ။ ငါတို့လည်း တူတူပဲပေါ့။ ရုက္ခစိုး စုံညီဆိုတာ ဒီလိုပဲ နိုင်ငံတကာက တွေ့ရင် အထင်ကြီးအောင် ထည့်သုံးထားတာ၊ တကယ်တော့ ဘယ်လိုလုပ် တည့်မှာလဲ။ ခုတောင် ရန်ပြေးနတ်ဒုက္ခသည်တွေ များနေလို့ ဘယ်နား ထားရမှန်းမသိ ဖြစ်နေတာ။
ထိုစဉ် … နတ်ငယ်တပါး ကိုယ်ယောင်ပြလာသည်။
နတ်ငယ်။ ။ အရှင်ရုက္ခစိုး … အရှင်ရုက္ခစိုး … ကျနော့်သားလေးကို … သြော် … မြန်မာ ဗီဒီယိုတွေ ကြည့်တာ များပြီး ယောင်ကုန်ပါပြီ … အရှင်ရုက္ခစိုး … ကျုပ်တို့ နတ်ချုပ်ကြီးကို သရော်တဲ့ ရုက္ခစိုးတပါး ရှိနေတယ်တဲ့။ ဘယ်လို လုပ်ရင် ကောင်းမလဲ။
ရုက္ခစိုး။ ။ ဘယ်လို သရော်တာတုန်းကွ။
နတ်ငယ်။ ။ Facebook ပေါ်မှာ နတ်ချုပ်ကြီး ဓာတ်ချုပ်နေတဲ့ ပုံကို ဟာသလုပ်ပြီး ရှယ်ထားတာတဲ့။
ရုက္ခစိုး။ ။ အဲဒီ ရုက္ခစိုး ဖမ်းကွာ …။
နတ်ငယ်။ ။ ပြီးတော့ ရှိသေးတယ်။ နောက်တပါးက ကျတော့ နတ်ချုပ်ကြီးရဲ့ မျက်နှာကို လမ်းကြိတ်စက် ဘီးကြီးပေါ်မှာ ကာတွန်းရေးထားတာ။
ရုက္ခစိုး။ ။ အဲဒါဆို အဲဒီတပါးလည်း ဖမ်းကွာ။ တရားစွဲကွာ … ဒါနတ်ချုပ်ကြီးကို အသရေဖျက်တာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း သူတို့က စတာကို ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။
ရုက္ခစိုး။ ။ မင်း အသာနေစမ်းပါ ဖိုးရှုပ်ရာ။ ဒီလောက်လုပ်မှ မှတ်ကြမှာ။
နတ်ငယ်။ ။ အကျဉ်းထောင်တွေ မဆံ့တော့ဘူး ဦးရုက္ခစိုးရဲ့။ အရင် ဆန္ဒပြလို့ ဖမ်းထားတဲ့ နတ်ငယ်လေးတွေတောင် မလွှတ်ရသေးဘူးလေ။
ရုက္ခစိုး။ ။ ဒါဆို ရာဇဝတ်မှုနဲ့ ဖမ်းထားတဲ့ နတ်ငယ်တွေကို ပြန်လွှတ်ပေးလိုက်။ ရုက္ခစိုးတွေ အားလုံး ငြိမ်းချမ်းရေးရတဲ့ အထိမ်းအမှတ်နဲ့ လွှတ်ပေးတယ်လို့ ကြေညာလိုက်။
နတ်ငယ် ထွက်သွားသည်အထိ ဦးရုက္ခစိုး ဒေါဖောင်းနေသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ငြိမ်နေကြသည်။ ဦးရုက္ခစိုးက ဖိုးရှုပ်တို့ဘက် ပြန်လှည့်က မေးခွန်းထုတ်လိုက်သည်။
ရုက္ခစိုး။ ။ ဒီမှာ ဟေ့ကောင်တွေ၊ အနီရောင်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း စကားမစပ် ဘာမစပ်။
ရုက္ခစိုး။ ။ ဖြေမှာသာ ဖြေစမ်းကွာ …။
ကြွက်စုတ်။ ။ ငယ်ငယ်က ကျောင်းမှာ သင်ရတာတော့ အနီရောင်ဆိုတာ ရဲရင့်ခြင်း … ပြတ်သားခြင်း …။
ကြွက်စုတ် စကားမဆုံးခင် ဦးရုက္ခစိုးက “အေး အဲဒါဆို မင်းတို့နှစ်ကောင်ကိုလည်း ဖမ်းမယ်ကွာ” ဟု ဒေါသတကြီး အော်လိုက်သောကြောင့် ဖိုးရှုပ်က “ကြွက်စုတ်ရေ ရင်မှာ စိတ်ဆိုး ဦးရုက္ခစိုး ဖြစ်နေပြီ ပြေးကွ” ဆိုပြီး နှိုးဆော်လိုက် သည်နှင့် နှစ်ယောက် မတိုင်ပင်ရဘဲ ရှေးနည်းအတိုင်း ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးကြ လေတော့သတည်း။
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)