“ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး။ အစိမ်းပဲ လွှမ်းရမယ်။ အနီဆိုတာ အာဇာနည်ကုန်း ဗုံးခွဲသွားတာ ကိုကြည့်။ အာဇာနည်ကုန်းကြီး ဘာဖြစ်သွားလဲ” ဟု အမျိုးသား လွှတ်တော်နာယက၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးမြညိမ်းက သုဝဏ္ဏမြို့နယ်ရှိ လူထုတွေ့ဆုံပွဲတွင် ပြောဆိုသွားခဲ့သည်။
လွှတ်တော်နာယက တဦးလည်းဖြစ်သလို အင်အားကြီး ပါတီတခု၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးမြညိမ်း၏ ပြောစ ကားအပေါ် လူမှုကွန်ရက် မီဒီယာများ အပါအဝင် ပြည်သူလူထု၊ နိုင်ငံရေးအသိုင်းအဝိုင်းစသည့် ဘက်ပေါင်းစုံက ဝေဖန်မှု များစွာ ယနေ့အထိ ရှိနေသည်။
USDP ပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း၏ ပြောဆိုချက်သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် NLD ပါတီနှင့်တကွ ဥက္ကဋ္ဌဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုသည့် သဘောမျိုး သက်ရောက်နေသည်ဟု ပြည်သူလူထုက ပြစ်တင်ဝေဖန် ရှု့တ်ချနေကြပြီး ဒေါ်အောင်ဆန်းစု ကြည်၏လုံခြုံရေးအပေါ်များစွာ စိုးရိမ်ပူပန်နေကြသည်။
မြန်မာ့အရေး ကျွမ်းကျင်ပညာရှင် ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လစ်တနာကလည်း “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လူထုက စိတ်ပူပန်မှုများစွာ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲမှာလည်း အချိန်နီးကပ်လာပြီဖြစ်ရာ NLD ပါတီ ဥက္ကဋ္ဌ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပေါ် ပြည်သူလူထုက စိုးရိမ်ရသည့် အကြောင်းအရင်းများစွာ ရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ယခင် စစ်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်၏အသက် အန္တရာယ်ကို ထိခိုက်စေနိုင် သော လုပ်ကြံမှုမျိုး မကြာခဏဆိုသလို ရှိခဲ့ဖူးသည်။
၂၀၀၁ ခုနှစ်က မြစ်ကြီးနားခရီးစဉ်၌ ခရီးစဉ်အပြန်တွင် အသက် အန္တရာယ်ဖြစ်နိုင်သော ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရမှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း လူထုနှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နည်းတူ၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသော ကားတန်းကို စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေးအသင်း အဖွဲ့ဝင်များက ဟန့်တား ရိုက်နှက်လုပ်ကြံခဲ့သော ၂၀၀၃ ဒီပဲယင်း အရေးအခင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ပြည်သူ ၄၀ ထက်မနည်း သေဆုံးထိခိုက် ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူထုထောက်ခံ အားပေးမှု အများဆုံး ပါတီတခုဖြစ်နေပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိနိုင်သည့်ပါတီဟု မြန်မာ့အရေး ကျွမ်းကျင်သူ များစွာက သုံးသပ်နေကြသည်။
သို့ဖြစ်ရာ လာမည့် အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်ရေး အလားအလာအကောင်းဆုံးရှိနေသည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးပွဲများ ပြုလုပ်၍ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ပြိုင်ဘက် ပါတီများ၊ မနာလိုသူများနှင့် ရန်ရှာလိုသူများ၏ တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ကို လူထုက စိုးရိမ်ပူပန်နေကြခြင်း ဖြစ် သည်။
NLD ပါတီ အဖွဲ့ဝင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ က “လက်ရှိပြည်သူအားလုံးရဲ့ မျှော် လင့်ချက်၊ ဒီမိုကရေစီနိုင်ငံအပြောင်းအလဲ မျှော်လင့်ချက် အားလုံးက လူထုခေါင်းဆောင်အပေါ်မှာ ရှိနေတာကိုး။ အဲဒီလို ဆိုတော့ နည်းနည်း စိုးရိမ်ကြတာရှိပါတယ်။ အန်တီ့လုံခြုံရေးကိုတော့ ပါတီက CEC အန်ကယ်ဦးဝင်းထိန်ကိုယ်တိုင် လိုက် ပြီး ဆောင်ရွက်နေတယ်။ အားလုံးသိထားတဲ့ လုံခြုံရေးပုံစံမျိုးမဟုတ်ဘဲ မေတ္တာနဲ့သွားနေတဲ့သဘောပေါ့”ဟု ဧရာဝတီသို့ ရှင်းပြသည်။
လက်ရှိတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ကိုယ်တိုင် လိုက်ပါ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ထို့ကြောင့် ပြည်သူလူထု စိုးရိမ်ကြောင့်ကြနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း “မဖြေနိုင်ဘူး”ဟုသာ ပြောဆိုခဲ့သည်။
NLD ပါတီ၏ ဒေသအလိုက် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ လူထု စည်းရုံးရေးပွဲများ၌ သူ၏ဘေးတဖက် တချက်စီတွင် အတွင်းစည်းအဖြစ် လုံခြုံရေးတာဝန်ယူထားသူ ၁၅ ဦး ခန့် ရှိသည်။ ဟောပြောပွဲ၏ စင်မြင့်အောက်ခြေ တဖက်တချက်စီတွင် အပြင်စည်း လုံခြုံရေး ၂၀ ဦးခန့်နှင့် သူ ရောက်ရှိသည့် ဒေသမှ ပါတီဝင်များ၏ နယ်မြေခံ လုံခြုံရေးအင်အားမှာ ၅၀ ဦးထက်မနည်း ရှိသည်ဟု သိရသည်။
သို့သော် လူထုစည်းရုံးရေးပွဲများ ကျင်းပရာနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ဟောပြောပွဲသို့ လာရောက်သည့် လူထုဦးရေသည် ထောင်ဂဏန်းမှ သိန်းဂဏန်းအထိ ရှိနေသည်။
သူ၏ လုံခြုံရေးကို လိုက်ပါဆောင်ရွက်ပေးသည့် လုံခြုံရေးအဖွဲ့ဝင်များလည်း လူထုက ထိန်းမနိုင်သိမ်းမရ တိုးဝှေ့၍ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြသည့်အခါ တားဆီးပိတ်ပင်ရန် အကျပ်ရိုက်ကြရသည့် အနေအထားကို တွေ့ခဲ့ ရဖူးသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း ပြည်သူလူထုနှင့် တသားတည်းရှိရမည်ဟူသည့် ခံယူချက် သဘောထား လည်းရှိနေသည့်အတွက် သူ့ကို တိုက်ခိုက်လုပ်ကြံလိုသူများအတွက် လွယ်ကူစွာ လုပ်ကြံသွားနိုင်သည့် အနေအထားတွင် ရှိသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများစွာက ထောက်ပြ ပြောဆိုနေကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ပညာရှင် ဒေါက်တာသောင်းထွန်း က “ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒေါ်အောင်ဆန်း စုကြည်က အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးအရတော့ ကျနော်တို့ အများကြီး စိတ်ပူပန်တာတွေ လူထုထဲမှာ ဖြစ်ပေါ်နေတာပေါ့လေ။ ဒါကတော့ သမိုင်းကြောင်းမှာလည်း ဒီပဲယင်းတို့လို အကြမ်းဖက်မှုမျိုးတွေဖြစ်ခဲ့တာကိုး”ဟု ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာတွင်လည်း လူထုခေါင်းဆောင် အများအပြား လုပ်ကြံခံခဲ့ရသည့် သာဓကများစွာ ရှိခဲ့ ဖူးသလို ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်၊ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း ဂဠုန်ဦးစော၏ လုပ် ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် NLD ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စည်းရုံးရေးပွဲများတွင် ကျည်ကာအကျႌဝတ် ရန် တောင်းဆိုသော်လည်း ငြင်းဆန်သည်ဟု သိရသည်။
“NLD က တာဝန်ရှိတဲ့လူငယ်တွေတင် မဟုတ်ဘဲ မြို့ရွာတွေက အရပ်ဘက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကလည်း ခရီးစဉ်လုံခြုံရေးအတွက် လူအင်အားနဲ့ ကူညီစောင့်ရှောက်မှုမျိုးတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာသောင်းထွန်းက သုံးသပ်ပြောဆိုသည်။
အတိုက်အခံပါတီခေါင်းဆောင်၊ လူထုခေါင်းဆောင်တဦးအနေဖြင့် လုံခြုံရေးအစီအမံကို အာဏာရပါတီများနှင့် အာဏာ ရပုဂ္ဂိုလ်များ၏ လုံခြုံရေးကဲ့သို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် ပါတီဝင်များနှင့် ထောက်ခံသူများ၏ စည်းလုံး ညီညွတ်မှု အင်အားဖြင့်သာ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုလပိုင်းတွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးပါတီဝင်အချို့ မှာ အမည်မသိ ပုဂ္ဂိုလ်များ၏ ရိုက်နှက်ခံရခြင်း၊ ပါတီစည်းရုံးရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် နှောက်ယှက်ခြင်းများကလည်း သူ၏ လုံခြုံရေးအပေါ် သွယ်ဝိုက်သော နည်းအားဖြင့် စိုးရိမ်ပူပန်စရာအနေအထားပင်ဖြစ်သည်။
လတ်တလော၌ ဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် ရခိုင်ပြည်နယ် ခရီးစဉ်တွင် တောင်ကုတ် မြို့ မြို့မဘောလုံးကွင်းတွင် ပြုလုပ်မည့် ဟောပြောပွဲကို ဒေသဆိုင်ရာ အာဏာပိုင်များက ပိတ်ပင်ခဲ့ပြီး သူ၏ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးနေသူ အဆိုတော်လင်းလင်းကို အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဟုဆိုကာ ရခိုင် ပြည်နယ်တွင်းသို့ လုံခြုံရေးအရ အဝင်မခံနိုင်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက တားဆီးခဲ့သေးသည်။
USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း၏ “ရန်ကုန်မှာ အနီလွှမ်းရင် အာဇာနည်ကုန်း ဘာဖြစ်သွားလဲ” ဆိုသည့် အဓိပ္ပာယ်နှစ်ခွ သက်ရောက်နေသည့် စကားရပ်မျိုး၊ USDP ပါတီ ဥက္ကဋ္ဌ ဦးဌေးဦး၏ “အိုဘားမား ၂ ခါလာတော့ ၂ ခါ အနမ်းခံရတာပေါ့” ဆိုသည့် စကားမျိုးက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် တိုက်ခိုက် ဝေဖန်လို သည့်ဆန္ဒများက သိသာလွန်းသည့် အနေအထားပင်ဖြစ်သည်။
ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကာလက မဲအများဆုံးအနိုင်ရခဲ့သည့် USDP ပါတီ မှ အချို့သော ပါတီဝင်များက ၎င်းးတို့ ၏ အတိုက်အခံပါတီဖြစ်သည့် NLD ပါတီ မဲအများဆုံးဖြင့် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီးတွင် အစိုး ရ တရပ် ဖွဲ့စည်းသွားနိုင်မည့်အပေါ် စိုးရိမ်ပူပန်နေကြသည့် အနေအထားများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို သေချာပြင်ဆင်ကာကွယ်ဖို့ လိုအပ်နေကြောင်း နိုင်ငံရေးကျွမ်းကျင်သူများစွာက ထောက်ပြပြောဆိုနေကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး အပါအဝင် ပြည်သူလူထု များ လိုလားတောင့်တနေသည့် ပြည်သူနှင့်ခေါင်းဆောင် တသားတည်းရှိရေး စသည့် မျှော်လင့်ချက်များမှာ အတိုက်အခံ ပါတီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှိနေသည့်အတွက် သူ၏ လုံခြုံရေးအတွက် လူထုက စိုးရိမ်ပူပန် လျက်ရှိနေကြသည်။