၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ ဧရာဝတီတိုင်း အတွင်းရှိ ပါတီ အသီးသီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင်များနှင့် တွေ့ဆုံ၍ မဲဆွယ်စည်းရုံးမှုများ အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။
သို့သော် အဆိုပါ ကိုယ်စားလှယ်လောင်းများ အားလုံး သွားရောက်စည်းရုံးခြင်း မရှိသည့် နေရာများ ဧရာဝတီတိုင်း အတွင်း၌ ရှိနေသည်။ ယင်းမှာ စည်းကမ်းတင်းကျပ်ပြီး ထိန်းချုပ်မှု များပြားသည့် တပ်နယ်များ ဖြစ်သည်။
ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) အတွင်းမှာပင် တပ်ရင်း ၁၆ ရင်း ရှိနေပြီး ကျုံပျော်၊ အိမ်မဲ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ဟင်္သာတ၊ ဖျာပုံ၊ မြန်အောင်နှင့် အင်္ဂပူမြို့တို့ရှိ တပ်ရင်းများ ပါဝင်ပါက ဧရာဝတီ တိုင်း အတွင်း၌ တပ်ရင်းပေါင်း ၂၀ ကျော် ရှိနေကြောင်း သိရသည်။
တပ်နယ်ထဲတွင် တပ်ရင်းအလိုက် မဲစာရင်းများ ကပ်ထားသော်လည်း မဲပေးနိုင်သူ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့လာခြင်း မရှိသေးသည့် အတွက် တပ်နယ်ရှိ မဲပေးနိုင်သူဦးရေ အတိအကျ မသိရှိကြောင်း ဧရာဝတီ တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
နတခတွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဘက်အရာရှိများ အဆိုအရ ဧရာဝတီတိုင်း တခုလုံး၌ တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားနှင့် မိသားစုဝင်များ အပါအဝင် မဲပေးနိုင်သူ ၂ သောင်းကျော် ရှိမည် ဖြစ်ပြီး ပုသိမ် အခြေစိုက် နတခ စစ်ဌာနချုပ်မှာပင် မဲပေးနိုင်သူ ၁ သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၈ ရက်နေ့ မှစတင်၍ နိုင်ငံရေးပါတီများကို မဲဆွယ်ခွင့် ပြုခဲ့သည့် အတွက် ယခုဆိုလျှင် မဲဆွယ်ချိန် ၁ လ ကျော်သွားခဲ့ပြီ ဖြစ်သည်။ ယင်း ကာလအတွင်း၌ တပ်နယ်ထဲတွင် မဲဆွယ်စည်းရုံးခွင့် လျှောက်ထားသည့် ပါတီတခုတလေမျှ မရှိကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
တပ်နယ်အတွင်း ဝင်ထွက်သွားလာရန် အခက် အခဲများ ရှိနေသည့်အတွက် ပါတီစည်းရုံးရေး မလုပ်ဆောင်ခြင်း ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဝင်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ အနေနဲ့ တပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ ကူညီဆောင်ရွက်ပေးတဲ့ အချိန်မှာ တပ်ထဲကို ဝင်ခွင့်မပြောနဲ့ စာပေးတာတောင် စာတိုက်က ပေးပါလို့ ပြောတဲ့ နောက်တော့ ကျနော်တို့ တပ်ထဲဝင် မဲဆွယ်ဖို့ ဘယ်လွယ်မလဲဗျာ။ အဲဒီတော့ အကြောင်းမထူးတဲ့ နေရာကို သွားမပြောတော့ဘူး လို့ ဒီလိုပဲ ဆုံးဖြတ်လိုက်တယ်” ဟု သူက ပြောသည်။
တပ်မတော်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း လက်ရှိအချိန် အထိ တပ်နယ်အတွင်း မဲဆွယ်မှုများ ပြုလုပ်ရန် အစီအစဉ်ဆွဲထားခြင်း မရှိကြောင်း ပုသိမ်နှင့် ငပုတောမြို့ ၂ ခု ပေါင်း ထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးစိုးဟန်လင်း က ပြောသည်။
“လောလောဆယ်တော့ တပ်နယ်ထဲမှာ ဝင်ပြီး မဲဆွယ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ လက်ရှိမှာတောင် ပုသိမ်ဘက်က မဲဆွယ်ခရီးစဉ်တွေ သွားနေတာ မပြီးသေးဘူး” ဟု သူက ပြောသည်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် တပ်နယ်အတွင်း မဲဆွယ် စည်းရုံးရန် အစီအစဉ်ရှိပြီး အောက်တိုဘာ လကုန်ပိုင်း လောက်တွင် လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း NLD ပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေလှိုင်ထွန်းက ပြောပြသည်။
“တပ်က ပုသိမ်နဲ့ နီးတော့ ဒီလကုန်ပိုင်းလောက်မှ သွားပြီး မဲဆွယ်စည်းရုံးဖို့ လုပ်ထားပါတယ်။ ဘယ်လို အခက်အခဲတွေ ကြုံရမလဲတော့ မသိသေးဘူး” ဟု သူက ပြောသည်။
ပါတီများ အနေဖြင့် တပ်နယ်အတွင်း မဲဆွယ်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့၍ ကော်မရှင်က ခွင့်ပြုခဲ့လျှင်ပင် တပ်ဘက်က မဲဆွယ်ခွင့် ပေးလိမ့်မည် မထင်ကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်မတော်အရာရှိ တဦးက ဧရာဝတီကို ပြောသည်။
“တပ်ကတော့ မဲဆွယ်ခွင့်ပေးမယ် မထင်ဘူးဗျ။ ဘာလို့ဆိုတော့ မဲဆွယ်ခွင့် ပေးလိုက်လို့ တပ်အပေါ် ထိခိုက်မယ့် ကိစ္စတွေ ဟောပြောတဲ့ အထဲမှာ ပါလာမှာကို လူကြီးတွေက စိုးရိမ်တယ်။ ပြီးတော့ တခြား သူတို့ စိုးရိမ်တာတွေ အများကြီး ရှိတာပေါ့။ အဲဒီတော့ ပါတီတွေ တပ်ထဲမှာ မဲဆွယ်ခွင့် ရမှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ပြိုင်သည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ တပ်နယ်အတွင်း မဲဆွယ်ဟောပြောခွင့် မရခဲ့ကြောင်း သိရသည်။
တပ်နယ်များ အတွင်း ပါတီများ မဲဆွယ်ခွင့် မရပါက မဲပေးခွင့်ရှိသူ တပ်မတော်သားနှင့် တပ်မိသားစုများ အနေဖြင့် မဲဆန္ဒရှင် အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ကြောင်း NLD ပါတီ၏ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးစိုးမိုးက ပြောသည်။
“ပါတီတွေ မဲဆွယ်ခွင့် မရရင် တဦးတယောက် ပြောတာပဲ သူတို့ ကြားရမှာပေါ့။ ပါတီပေါင်းစုံ ပြောတာ မကြားရ တော့ဘူးလေ။ သေသေချာချာ ရှင်းပြတဲ့လူ ရှိခဲ့ရင်တော့လည်း တမျိုးပေါ့။ ရှင်းပြတဲ့လူ မရှိရင်တော့ သူတို့ပေး လိုက်တဲ့ မဲတပြားဟာ နိုင်ငံတော်သမ္မတ တယောက်ရွေးတဲ့ အတိုင်းအတာအထိ ရောက်သွားမယ် ဆိုတာ သူတို့ ဘယ်သိတော့ မလဲ” ဟု သူက ပြောသည်။
တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ မဲပေးမည့် အပေါ်တွင် လွှမ်းမိုးနေသည့် အရာတခုကလည်း ရှိနေသည်။ ယင်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သော တပ်မတော်အပေါ် နားလည်မှု ရှိသူကို မဲပေး စေလိုသည်ဟူသော မှတ်ချက်စကား ဖြစ်သည်။
ကာချုပ်ပြောဆိုသည့် တပ်မတော်အပေါ် နားလည်မှုရှိသူ ဆိုသည်က တပ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိနေသည့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရည်ညွန်းခြင်းဖြစ်နိုင်ကြောင်း ပုသိမ် နိုင်ငံရေး အသိုင်းအဝိုင်းက ထင်ကြေးပေး ပြောဆိုကြသည်။
ဧရာဝတီ အနေဖြင့် ပုသိမ်အခြေစိုက် နတခ လက်အောက်ခံ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား မိသားစုဝင်တချို့ကို တွေ့ဆုံ၍ မဲပေးမည့် ပါတီကို မေးမြန်းခဲ့ရာ ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးမည် ဖြစ်ကြောင်း ပြောပြကြသည်။
“ကျမကတော့ ကြံ့ခိုင်ရေးကိုပဲ မဲပေးမှာပါ။ ကြိုက်လို့တော့ မဟုတ်ဘူးပေါ့။ လူကြီးတွေ ဖြစ်စေချင်တဲ့ အတိုင်းပဲ ပေးသွားမှာပါ” ဟု တပ်မတော်သား တဦး၏ဇနီးက ဧရာဝတီကို ပြောသည်။
တပ်နယ်အတွင်း၌ လက်ရှိ အချိန်အထိ မိမိ နှစ်သက်ရာပါတီကို ရဲဝံ့စွာ မဲပေးရဲသူ မရှိသလောက် နည်းပါးနေပြီး အကြောက်တရားများ စိုးမိုးနေဆဲဖြစ်ကြောင်း နတခ လက်အောက်ခံ တပ်ရင်းတခု၌ တာဝန်ထမ်းဆောင်နေသည့် စစ်သည်တဦးက ပြောပြသည်။
မည်သူမျှ မမြင်နိုင်သည့် နေရာတွင် လျှို့ဝှက်စွာ တံဆိပ်တုံးထု၍ မဲပေးရမည် ဖြစ်သဖြင့် တပ်မတော်သားများ မိမိနှစ်သက်ရာပါတီကို လွတ်လပ်စွာ မဲပေးနိုင်ကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
၎င်းက “တံဆိပ်တုံး မထုခင်မှာတော့ မင်းတို့ ဘယ်ပါတီကို ပေးပါဆိုပြီး ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တံဆိပ်တုံး ထုရာမှာတော့ လျှို့ဝှက်တဲ့ နေရာမှာ ထုရတာမို့လို့ ဘယ်သူမှ မြင်နိုင်တာ မဟုတ်ဘူး။ သူမဲပေးချင်တာ ပေးလို့ရတယ်။ တချို့က ပြောနေ တယ်။ စစ်တပ်ထဲမှာ ရှိနေတဲ့ မဲတွေ အားလုံးက ကြံ့ခိုင်ရေးမဲတွေ ဖြစ်နေမယ် တဲ့။ အဲဒီလို မဟုတ်ပါဘူး။ စစ်တပ်ထဲက လူက NLD ပေးချင်ပေးမှာပေါ့ ဗျ။ ဒါက သူ့လွတ်လပ်ခွင့်ပဲလေ” ဟု ပြောသည်။
သို့သော် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် ပုသိမ်မြို့အနီးရှိ တပ်တွင်း မဲရုံများ၌ ကျင့်သုံးခဲ့သည့် နည်းလမ်းမှာ တပ်မတော်သားတို့၏ လွတ်လပ်စွာ မဲပေးခွင့်ကို ခြိမ်းခြောက်ခဲ့သည်။
“၂၀၁၂ တုန်းက မဲပေးတာကို သူတို့က အချိန်နဲ့ လုပ်တယ်။ အရာရှိ အရာခံက ဘယ်နှနာရီ၊ တပ်သားက ဘယ်နှစ်နာရီ ဆိုပြီး လုပ်ထားတယ်။ အဲတော့ မိုးလင်းလင်းချင်း တပ်မိသားစု မဲပေးရတော့ အဲဒီ မဲပြားတွေက အောက်ဆုံး၊ အကြပ်အဆင့်တွေက အလယ်ရောက်သွားတယ်။ သူတို့က အဲဒီလို နည်းတွေနဲ့ မှတ်ထားတော့ အကုန်လုံးက ကြောက်ကြတာပေါ့” ဟု NLD ပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေလှိုင်ထွန်းက ပြောပြသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့ ရှိ ရပ်ကွက်ကျေးရွာ မဲရုံအများစု၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် NLD ပါတီ အနိုင်ရခဲ့သော်လည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်တွင်းမဲရုံများ အားလုံးတွင် NLD ပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။
“၂၀၁၂ တုန်းက ဆိုရင် တပ်ထဲက မဲရုံတွေမှာ NLD က ၅ မဲလောက်ပဲ ရတာတွေ ရှိတယ်။ ဒါတောင် ဒီမဲတွေ ဘယ်သူ ပေးတာလဲ ဆိုပြီး စုံစမ်းတာတွေ ရှိခဲ့တယ်” ဟု နတခမှ စစ်သည်တဦးက ကြားဖြတ် ရွေးကောက်ပွဲ ကာလ အခြေအနေကို ပြောပြသည်။
ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အထက် ပါကဲ့သို့ တပ်မတော်သားနှင့် မိသားစုဝင်တို့၏ လွတ်လပ်စွာ မဲပေးခွင့်ကို ခြိမ်းခြောက်မှုများ ရှိနေမည်လားဟု မေးခွန်းများ ရှိနေသည်။
တပ်တွင်း မဲရုံများ၏ မဲရုံမှူးတာဝန်ကို ရွေးကောက် ပွဲကော်မရှင်က သင်တန်းပေးထားသည့် တပ်မတော် အရာရှိများနှင့် အကြပ်အဆင့် စစ်သည်များက ထမ်းဆောင်ကြမည် ဖြစ်ပြီးမဲရုံများကိုလည်း တပ်ရင်းအလိုက် ထားရှိမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တပ်ပြင်ပတွင် နေထိုင်သူ တပ်မတော်သား မိသားစုဝင်များအား နတခ အတွင်းရှိ မိခင်တပ်ရင်း မဲရုံများ၌ လာရောက်မဲပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြား လုပ်ဆောင်နေကြောင်း သိရသည်။
“ပုသိမ်မြို့ထဲမှာနေတဲ့ တပ်မိသားစုဝင်တွေ တပ်ထဲမှာပဲ ပြန်လာပြီး မဲပေးရမယ် ဆိုပြီး လုပ်နေတယ်။ အများစု ကတော့ မလွန်ဆန်နိုင်ကြ ပါဘူး။ တပ်ထဲပဲ ပြန်ပေးကြမှာ ပေါ့။ ပြီးတော့ တပ်က လိုလားတဲ့ ကြံ့ခိုင်ရေးပဲ ပေးကြ မှာပေါ့။ ဖီဆန်ပြီး မဲပေးခဲ့လို့ သိသွားခဲ့ရင် တပ်ထဲက သူတို့ယောက်ျားတွေ တခုခု ဖြစ်မှာ စိုးရိမ်တယ် လေ။ အဲဒါကို ကြောက်ကြတာ” ဟု ပုသိမ်မြို့မှ စစ်တပ်အရာရှိဟောင်း တဦးက ဧရာဝတီကို ပြောသည်။
ထို့ပြင် ကြိုတင် မဲထည့်ပေးမည်ဟု ပြောဆိုကာ တပ်ပြင်ပတွင် နေထိုင်သူ တပ်မိသားစုဝင်တချို့၏ မဲစာရင်း နံပါတ်များကို မိခင်တပ်ရင်းက တောင်းယူမှုများ ရှိနေကြောင်း ပုသိမ်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) နှင့် NLD ပါတီ ကိုယ်စားလှယ်လောင်းများက ပြောပြသည်။
“ကျနော်တို့ သိရသလောက်က တပ်ပြင်ပမှာ နေတဲ့ တပ်မိသားစုတွေဆီက ကြိုတင်မဲ ယူထားတယ်ဆိုတာ တချို့နေရာတွေမှာ တွေ့နေရတယ်။ ဖိုးရွှေမြကုန်းဆိုတဲ့ ရွာမှာ ကျနော်တို့ စည်းရုံးရေး သွားတော့ စစ်သည် တယောက်ရဲ့ မိသားစုဝင်က ကျမတို့ မဲတော့ ဆရာတို့ မရတော့ဘူး။ တပ်က ကျမတို့ဆီက ကြိုတင်မဲ ယူသွားပြီလို့ ပြောတယ်” ဟု DPNS ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဝင်းက ပြောသည်။
ပုသိမ်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ အပါအဝင် ပါတီပေါင်း ၁၀ ခု ဝင်ရောက် ယှဉ်ပြိုင်သော်လည်း ပါတီအများစုမှာ လူအင်အား မလုံလောက်မှုကြောင့် တပ်နယ်များအတွင်း မဲရုံကိုယ်စားလှယ် ထားနိုင်ခြင်း မရှိချေ။ အတိုက်အခံ NLD ပါတီကမူ မဲရုံ ကိုယ်စားလှယ်ထားရှိ၍ တရားမျှတ မှန်ကန်မှု ရှိစေရေး ဆောင်ရွက်သွားမည်ဟု ပြောသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးစိုက်ရာ တိုင်းမြို့တော် ပုသိမ်တွင် မဲပေးနိုင်သူဦးရေ စုစုပေါင်း ၂ သိန်း ၃ သောင်းကျော် ရှိနေရာ မဲပေးနိုင်သူ ၁ သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်တွင်း မဲရုံများမှ မဲများက ရွေးကောက်ပွဲ အနိုင်အရှုံးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ ။