လက်နက်ကိုင် အဖွဲ့အစည်းများမှ အစိုးရကို ထောက်ခံသည့် ခေါင်းဆောင်များက အများလက်ခံမှု မရရှိခဲ့သော မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြဖူးသည်။ အဆိုပါ လက်နက်ကိုင် ခေါင်းဆောင်များသည် ယခုနိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ကြဦးမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတွင် သေနတ်များက ဆက်လက် အရေးပါနေဆဲကြောင်း ထပ်ပြီး သတိပေးလိုက်သလို ဖြစ်လာသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ အပြီးသတ် ထုတ်ပြန်လိုက်သည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါဝင်လာသော အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရှိသူ အများအပြားမှာ အကျိုးအမြတ် များပြားလှသည့် တရားမဝင် မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိခြင်း ခံခဲ့ရသူများလည်း ဖြစ်သည်။
အခြေခံဥပဒေတွင် ပြည်သူ့စစ်အဖွဲ့များဟု တရားဝင် သတ်မှတ်ထားသော အဆိုပါလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းပြည်၏ တချို့သော နေရာများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားပြီး ဗဟိုအစိုးရက ၎င်းတို့၏ အုပ်ချုပ်ရေး ခိုင်မာစေရန်အတွက် ကိုယ်စားလှယ်များအဖြစ် နှစ်ပေါင်းများစွာ အသုံးချခဲ့သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်း ၅၀ ကျော်ရှိသည်ဟု ခန့်မှန်းထားပြီး ဘဏ္ဍာငွေရရှိရေးအတွက် သဘာဝသယံဇာတ လုပ်ပိုင်ခွင့်များ၊ လမ်းကြေး ဂိတ်ကြေး ကောက်ခံမှုများ ပြုလုပ်နေကြသလို မူးယစ်ဆေးကုန်သွယ်မှုများ လည်းပြုလုပ်နေသည်ဟု ဝေဖန်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး ပြည်နယ်ဖြစ်ပြီး မူးယစ်ဆေး ပြဿနာလည်း အများဆုံးရှိနေသည့် ရှမ်းပြည်နယ်သည် အဆိုပါ အဖွဲ့အစည်းများ ကြီးထွားလာရေးအတွက် ရေခံမြေခံကောင်းသည့် နေရာတခုဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး တချို့ နေရာများတွင် အပိုင်စားနယ်မြေနီးပါးမျှ တည်ထောင်လာခဲ့ကြသည်။ ထိုသို့ တိုးတက်လာခြင်းသည် အစိုးရတပ်အတွင်းမှ ၎င်းတို့၏ မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ဖြစ်မလာနိုင်ဟု ဝေဖန်သူများက ပြောကြသည်။
လက်နက်ကိုင် အမတ်မင်းများ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ ကချင်တိုင်းရင်းသား တယောက်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးတီခွန်မြတ်က ယခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဥပဒေကြမ်းကော်မတီသည် ဥပဒေအသစ်များ ရေးဆွဲရေးနှင့် ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး ကိစ္စများကို တာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ သြဇာရှိသည့် လွှတ်တော် ကော်မတီ တခုကို ဦးဆောင်နေသည့် ဦးတီခွန်မြတ်သည် ကွတ်ခိုင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “လွှတ်တော်တွင်းမှ မူးယစ်ရာဇာများ” (Druglords in Parliament) အမည်ရှိ ရှမ်းပြည်နယ် မူးယစ်ဆေး ဝါး စောင့်ကြည့်ရေး အစီရင်ခံစာတခုတွင် ဦးတီခွန်မြတ်နှင့် သူ၏ ပြည်သူစစ်အဖွဲ့က ၎င်းတို့၏ နယ်မြေအတွင်း မူးယစ် ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်သည့် နေရာတွင် အကာအကွယ်ပေးခြင်း၊ သယ်ယူ ပို့ဆောင်ပေးခြင်းများဖြင့် ပါဝင် ပတ်သက်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် ဦးတီခွန်မြတ်က သူနှင့် သိကျွမ်းသူများကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူတဦးဟု သတ်မှတ် ကြကြောင်း ဖော်ပြထားသည်။ “တကယ်လို့ ကျနော်တို့က သူ့ရဲ့ လက်အောက်ငယ်သားတွေကို မသိခဲ့ဘူးဆိုရင် သူက မူးယစ်ဆေးကိစ္စမှာ ပတ်သက်ခဲ့တယ် ဆိုတာကို ယုံကြည်ဖို့ ခက်ပါတယ်” ဟု ကွင်းဆင်းလေ့လာသူတဦးက ပြောကြောင်း အစီရင်ခံစာက ဆိုသည်။
ဦးတီခွန်မြတ်က ယခုအခါ ရပ်ဆိုင်းသွားပြီ ဖြစ်သော မြန်မာ မေဖလားဝါးဘဏ်၏ ရှယ်ယာပိုင်ရှင်တဦး ဖြစ်သည်ဟု ကွတ်ခိုင်မှ သတင်းရင်းမြစ်တဦးက ပြောကြောင်း ၂၀၁၀ ပြည့်နှစ်က သျှမ်းသံတော်ဆင့်မှ ဆောင်းပါးတပုဒ်တွင် ရေးသားခဲ့သည်။ WikiLeaks မှ ပေါက်ကြားခဲ့သော အမေရိကန် သံတမန် ကြေးနန်းသတင်းတွင် မြန်မာ မေဖလားဝါးဘဏ်က မူးယစ်ဆေး ကုန်သွယ်မှုနှင့် ငွေကြေးခဝါချမှုများနှင့် ဆက်သွယ်မှု ရှိနေသည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သံသယရှိကြောင်း အမေရိကန် သံတမန်တဦးက ၂၀၀၅ ခုနှစ်က သတင်းပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။ မြန်မာ အစိုးရတာဝန်ရှိသူများက မေဖလားဝါးဘဏ်နှင့် တခြားဘဏ်တခုကို ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ပြီး များမကြာမီ အချိန်တွင် ထိုသို့ သတင်းပေးပို့ခဲ့ ခြင်းဖြစ်သည်။
ဦးတီခွန်မြတ်နှင့် သူ၏ ပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်၍ စွပ်စွဲမှုများရှိနေကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာနှင့် အယ်လ် ဂျာဇီးယား (Al Jazeera) သတင်းဌာန တို့က သတင်းရေးသား ဖော်ပြခဲ့ကြသော်လည်း သူ့ကို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခဲ့ပုံမရပါ။ သူက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့သည်။ ဂျွန် ဟော့ပ်ကင်း (Johns Hopkins) တက္ကသိုလ် Paul H. Nitze School of Advanced International Studies (SAIS) မှ ဖွင့်လှစ်သည့် တပတ်ကြာသင်တန်းသို့လည်း တက်ရောက်ခဲ့သည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် အချိန်တွင် ဦးတီခွန်မြတ်နှင့် အဖွဲ့ဝင် များသည် ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) နှင့် ရီပတ်ဘလစ်ကင်ပါတီမှ အထက်လွှတ်တော် အမတ် James Inhofe တို့နှင့် တွေ့ဆုံခဲ့သည်။ ဂျင်မ် ဝက်ဘ်သည် ယခုလာမည့်သက်တမ်းတွင် အမေရိကန် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည်။ ဦးတီခွန်မြတ်သည် လွှတ်တော် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များနှင့် အတူ ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လွန်ခဲ့သော ၂ နှစ်က အိန္ဒိယနိုင်ငံသို့လည်း သွားရောက် ခဲ့သည်။
ကချင်ရိုးရာ ခေါင်းဆောင်များဖြစ်သည့် ဒူးဝါးမျိုးရိုးမှ ပေါက်ဖွားခဲ့သူဖြစ်သည့် ဦးတီခွန်မြတ်၏ နာမည်အစ စာလုံး တီ (T) ဆိုသည်မှာ မိသားစုအမည်ဖြစ်သော Tangbau ကို ဆိုလိုခြင်းဖြစ်သည်။
ရှမ်းပြည်နယ် မူးယစ်ဆေးစောင့်ကြည့်ရေး အစီရင်ခံစာတွင် ပါဝင်သည့် နောက်ထပ် ကိုးကန့်တရုတ်လူမျိုး လွှတ်တော် ကိုယ်စားလှယ်တဦးမှာ ဦးဟိုရှောက်ချန်း (Ho Xiaochang) ဖြစ်သည်။ ကိုးကန့် အထူးရဲအဖွဲ့၏ ဒုတိယ တပ်မှူးဟောင်း ဦးဟိုရှောက်ချန်းသည် လက်ရှိအချိန်တွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွမ်လုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး သူကလည်း မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်သည်။ အစီရင်ခံစာ၏ အဆိုအရ ဦးဟိုရှောက်ချန်းသည် အထူးရဲတပ်ဖွဲ့တွင် ရှိနေစဉ်ကတည်းက သြဇာ အာဏာ ကြီးမားသူ တယောက်ဖြစ်ပြီး အကောက်ခွန် အရာရှိငယ်တယောက်ကို သေနတ်နှင့် ပစ်သတ်ခဲ့သဖြင့် ထောင်ကျခဲ့သော သူ၏ တပည့်တဦးကို လပိုင်းအတွင်းမှာ ပြန်လွှတ်ပေးနိုင်အောင် ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပုဂ္ဂိုလ်ရေးအရ အကူအညီ တောင်းခံနိုသည်အထိ ပေါက်ရောက်ခဲ့သူ ဖြစ်သည်ဟု သိရသည်။ နိုဝင်ဘာလ ၈ ရက် နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် လွှတ်တော်က ထိန်းချုပ်ရန် ခက်ခဲမည်ဟု မျှော်လင့်ရသည့် အခြေအနေတွင် ဦးဟိုရှောက်ချန်း၏ စေ့စပ်ညှိနှိုင်းရေး စွမ်းရည်များက အသုံးဝင်ကြောင်း တွေ့ရနိုင်ပါသည်။
လွှတ်တော်မှ တရားဝင် ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းချုပ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ လားဟူတိုင်းရင်းသား ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၏ အလုပ်အကိုင်များကို ဖော်ပြရာ၌ တာချီလိတ်မြို့နယ်မှ ရေပူစမ်းဌာနေ ပြည်သူ့စစ်အဖွဲ့၏ အကြီးတန်း အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ရေးသားထားသည်။ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် ဘိန်းဘုရင် ခွန်ဆာ၏ လက်အောက်တွင် ဒု ဗိုလ်ချုပ်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသော ယီရှေး (Yi Shay) ဦးဆောင်သည့် Nampong-Loi Taw Kham ပြည်သူ့စစ်အဖွဲ့ ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဆိုသည်။ ယမန်နှစ် ဒီဇင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံမှ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က မူးယစ်ဆေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ဖမ်းဆီးပေးစေလိုသော ၎င်းတို့ သံသယရှိသူ ၁၀ ဦး စာရင်း ထုတ်ပြန်ခဲ့ရာတွင် Yi Shay လည်း ပါဝင်နေခဲ့သည်။ ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း ဦးဝီလ်ဆင်မိုးက အမျိုးသားလွှတ်တော် အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
သျှမ်းသံတော်ဆင့်၏ မူးယစ်ဆေးစောင့်ကြည့်ရေး အစီရင်ခံစာတွင် ပါဝင်နေသည့် နောက်ထပ် ပြည်သူ့စစ်ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တဦးမှာ မုံးပေါ် ပြည်သူ့စစ်ခေါင်းဆောင် ကချင်တိုင်းရင်းသား ဦးကိန်မိုင် ဖြစ်သည်။ သူက ရှမ်း ပြည်နယ်၊ မူဆယ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ရွေးကောက်ပွဲတွင် သူ ရွေးချယ်ခံရခြင်း နောက်ကွယ်တွင် ခြိမ်းခြောက်မှုများစွာ ပါဝင်နေခဲ့သည်ဟု သျှမ်းသံတော်ဆင့်က ဆိုသည်။
“သူ့စကားလုံးတွေကို ကြောက်လန့်လို့ မဲပေးကြတယ်” ဟု တရုတ်-မြန်မာ နယ်စပ်မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူတဦးက ၂၀၁၀ ခုနှစ်တွင် သျှမ်းသံတော်ဆင့်သို့ ပြောကြားခဲ့သည်။ “တကယ်လို့ သူတို့က ကြံ့ခိုင်ရေးပါတီကို မဲမပေးရင် ရွေးကောက်ပွဲပြီးတဲ့အခါ ဒုက္ခရောက်မှာကို စိုးရိမ်ခဲ့ကြတယ်” ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။
ယခုတကြိမ်မှာတော့ ရွေးကောက်ပွဲတွင် ဦးကိန်မိုင် မည်သို့ ယှဉ်ပြိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ယခုအခါတွင် သူ့ အတွက် ရင်ဆိုင်ရမည့် ပြိုင်ဘက်များ ပိုများလာသလို ရွေးကောက်ပွဲ အခြေအနေကို အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို၍ စေ့စေ့စပ်စပ် စောင့်ကြည့်လာကြပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဦးကိန်မိုင်က ပြိုင်ဘက် ၃ ဦးနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ယခုနိုဝင်ဘာလ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပြိုင်ဘက် ၄ ဦးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ တရားဝင် မဲဆွယ်လှုပ်ရှားမှု ပထမဆုံးလ အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရိုးသားမှု မရှိကြောင်း စွပ်စွဲမှုပြောဆိုများ မြင့်တက်လာသော်လည်း NLD ပါတီက ရှောင်ထွက်ခြင်း မပြုခဲ့ပါ။
ကြံ့ခိုင်ရေးပါတီဝင် မဟုတ်သော်လည်း လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ်သို့ ကူးပြောင်းခဲ့သူ တဦးကတော့ အင်အားသုံးသည့်နည်းကို ကချင်ပြည်နယ်တွင် အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကချင်ပြည်သူ့စစ် ခေါင်းဆောင် တဦး ဖြစ်သော ဦးစခုန်တိန့်ယိန်းက သူ၏ New Democratic Army–Kachin (NDAK) တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ဧရိယာအတွင်းတွင် NLD လွှတ်တော် ကိုယ်စာလှယ်လောင်းများ မဲဆွယ်လှုပ်ရှားမှု မပြုလုပ်ရန် စက်တင်ဘာလ ၂၂ ရက် နေ့က စာရေးသား၍ တားမြစ်လိုက်သည်။ NDAK အဖွဲ့သည် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် တရားဝင် ပြောင်းလဲခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုသို့ တားမြစ်ခြင်းကို NLD ပါတီက ကန့်ကွက်ခဲ့သည့်အတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင်ဖြန်ဖြေပြီး ကချင်ပြည်နယ် အထူးဒေသ (၁) ဟု သိကြသည့် ဦးစခုန်တိန့်ယိန်း၏ နယ်မြေအတွင်းတွင် အတိုက်အခံ NLD ပါတီကို မဲဆွယ်ခွင့် ပေးခဲ့သည်။ သို့သော်လည်း ဦးစခုန်တိန့်ယိန်းက သူ၏ အပိုင်စားနယ်မြေအဖြစ် ကာလရှည်ကြာစွာ ရှိနေခဲ့သည့် ကချင်ပြည်နယ်၏ ဝေးလံသော ထောင့်စွန်းဒေသတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတခု အမှန်တကယ် ကျင်းပခွင့် ပေး၊ မပေးက စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ကြံ့ခိုင်ရေး ပါတီဝင် ကိုးကန့်-တရုတ် တိုင်းရင်းသား ဦးမြင့်လွင် ခေါ် ဝန်ခိုးတာ့သည်လည်း မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ (Shan Drug Watch) က ဆိုသည်။ ဦးမြင့်လွင်သည် အစိုးရကို ထောက်ခံသည့် တာမိုးညဲ ပြည်သူ့စစ်အဖွဲ့မှ ဝါရင့်အဖွဲ့ဝင် တယောက်ဖြစ်ပြီး တချိန်က သြဇာကြီးခဲ့သော ခွန်ဆာ၏ (Mong Tai Army – MTA) တပ်ဖွဲ့မှ ပေါ်ပေါက်လာခဲ့သည့် တခြား ရှမ်းပြည်သူ့စစ် အဖွဲ့ ၂ ခုမှ ခေါင်းဆောင်များနှင့် အနီးကပ် ဆက်သွယ်မှုရှိသူ ဖြစ်သည်။ သူက မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးတွင် အကြီးအကျယ် ပါဝင်ပတ်သက်မှုရှိခဲ့သည်ဟု Shan Drug Watch အစီရင်ခံစာတွင် ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့် သတင်းဌာန၏ နောက်ထပ် ဆောင်းပါးတပုဒ်တွင် ဦးမြင့်လွင်ကို တာမိုးညဲ ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ဖော်ပြထားပြီး နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) ၏ ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ရှမ်းပြည်နယ်တွင်းမှ သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော တာမိုးညဲချမ်းသာ ကုမ္ပဏီကို ထိန်းချုပ်ထားသူ ဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ စီးပွားရေး လုပ်ပိုင်ခွင့်များကို ရရှိခဲ့ခြင်းမှာ ဦးမြင့်လွင်နှင့် ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ ရင်းနှီးကျွမ်းဝင်မှုကြောင့် ဖြစ်သည်ဟု TNI က ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၉၇၀ နှစ်များကထဲက စတင် သိကျွမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော Asia Foundation ၏ အစီရင်ခံစာတွင် သူ့ကို ရှမ်း ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော မုန်းကိုးပြည်သူ့ စစ်အဖွဲ့နှင့် ဆက်သွယ်မှုရှိသူအဖြစ် ဖော်ပြထားသည်။ မုန်းကိုး ပြည်သူ့ စစ်အဖွဲ့ကို ဦးဇုတ်ဒေါင်၏ သားဖြစ်သူ နော်ခမ်းက ဦးဆောင်နေသည်ဟု သိရသည်။ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဦးဇုတ်ဒေါင်က တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ယခုတကြိမ်တွင် တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။
အမတ်စာရင်းမှ တပ်ခေါက်သွားသူများ
ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့စစ်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသော လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၅ ဦးခန့်က ရွေးကောက်ပွဲ ပြန်လည် ဝင်ရောက်တော့မည့်အချိန်တွင် ယခုတကြိမ်တွင် လွှတ်တော်နိုင်ငံရေးမှ ထွက်ခွာတော့မည့် တခြားသူများလည်း ရှိသည်။
ပန်းဆေး ပြည်သူ့ စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှ သူအပိုင်စားရသည့် နယ်မြေကို ကိုယ်စားပြု၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီမှနေ၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဦးကျော်မြင့်ကို ယခုလာမည့် ရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် မတွေ့ရှိရပါ။
၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပလောင်အမျိုးသမီး အစည်းအရုံး (PWO) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဦးကျော်မြင့်နှင့် သူ၏ ပြည်သူ့ စစ်အဖွဲ့က မူးယစ်ဆေးကုန်သွယ်မှုတွင် အကြီးအကျယ် ပါဝင် ပတ်သက်နေကြောင်း စွပ်စွဲဖော်ပြထားသည်။ အစီရင်ခံစာနှင့်အတူ ထုတ်ပြန်ခဲ့သည့် ကျေညာချက်တွင် (PWO) က “အခုဆိုရင် ဦးကျော်မြင့်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားပြီ။ မူးယစ်ဆေး ရောင်းဝယ်ဖို့ သူ့မှာ အာဏာ ပိုရှိသွားပြီ” ဟု ရေးသားခဲ့သည်။
၂၀၁၁ ခုနှစ် Shan Drug Watch အစီရင်ခံစာတွင်လည်း ဦးကျော်မြင့်၏ ပြည်သူ့စစ်အဖွဲ့ အမည်ကို ဖော်ပြခဲ့ပြီး ယခုနှစ် အစောပိုင်းက နမ့်ခမ်းမြို့နယ်သို့ ဧရာဝတီက သွားရောက်ခဲ့ရာတွင် ဒေသခံများက အလားတူ စွပ်စွဲမှုမျိုး အကြိမ်ကြိမ် ပြောခဲ့ကြသည်။ မူးယစ်ဆေးဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ပလောင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများက နယ်စပ်မြို့ မူဆယ်နှင့် ကီလိုမီတာ ၃၀ ခန့်ကွာဝေးသည့် ကွတ်ခိုင်မြို့ကြားတွင် ဦးကျော်မြင့်၏ ပန်းဆေးပြည်သူ့ စစ်အဖွဲ့က ထိန်းချုပ်ထားသည့် ဧရိယာ ဧက ၂၀၀၀၀ ခန့် ရှိသည်ဟု ဧရာဝတီ သတင်းထောက်တဦးကို ပြောခဲ့ပါသည်။
ပန်းဆေး ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့သည့် နှစ်များအတွင်း ရှမ်းပြည်နယ်အတွင်းတွင် အစိုးရတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မကြာခန ဖြစ်ပွားခဲ့ရသည့်အတွက် ရွေးကောက်ပွဲတွင် နောက်တကြိမ် အနိုင်ရရှိရေးထက် သူ၏ ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားသည့် နယ်ပြေကို ဆက်လက် ထိန်းသိမ်းနိုင်ရေးကို ဦးကျော်မြင့်က ဦးစားပေးလိုက်ခြင်း ဖြစ်ဖွယ်ရာ ရှိပါသည်။ ၂၀၁၂ ခုနှစ်မှ စ၍ TNLA က မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့၏ တပ်ဖွဲ့များက ပန်းဆေး ပြည်သူ့စစ် အဖွဲ့ထိန်းချုပ် နယ်မြေအတွင်းသို့ အကြိမ်ကြိမ်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
Shan Drug Watch အစီရင်ခံစာတွင် ပါဝင်သော နောက်ထပ် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ကြံ့ခိုင်ရေးပါတီမှ ဦးလျူကွယ်ရှိ သည်လည်း သူ၏ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) တွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့သည်ကို တွေ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ တာဝန်ရှိသူ တဦးဖြစ်ခဲ့ပြီး ဗကပ အဖွဲ့ ပြိုကွဲသွားချိန်တွင် ကိုးကန့် နယ်မြေရှိ ရှမ်းပြည်နယ် အထူးဒေသ (၁) ၏ အတွင်းရေးမှူး ဖြစ်လာခဲ့သော ဦးလျူကွယ်ရှိကို ၁၉၉၀ နှစ်များအတွင်းတွင် ဟောင်ကောင် အခြေစိုက် Far Eastern Economic Review စာစောင်က မူးယစ်ဆေး လောက၏ အဓိက လူတယောက်အဖြစ် ဖော်ပြခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နည်းဗျူဟာ နှစ်စဉ်အစီရင်ခံစာတွင် မူးယစ်ဆေးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု အမေရိကန် အစိုးရက ယုံကြည်သူ တဦးအဖြစ် ဖော်ပြထားသည်။ ဦးလျူကွယ်ရှိသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
သျှမ်းသံတော်ဆင့်၏ အဆိုအရ ဦးလျူကွယ်ရှိ နှင့် ဆွေမျိုးတော်စပ်ပြီး ဦးလျူကွယ်ရှိ တည်ထောင်ထားသော စီးပွားရေး လုပ်ငန်းများမှ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးကျောက်တယ်ချန်က ၂၀၁၀ ရွေးကောက်ပွဲတွင် ကုန်းကြမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့သည်။ ယခု ရွေးကောက်ပွဲတွင်လည်း ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြိုင်ဘက်မရှိ အနိုင်ရခဲ့သော ကိုးကန့် အထူး ဒေသ၏ လက်ရှိဥက္ကဋ္ဌ ဦးပိုင်ဆိုချင် (ခေါ်) ပယ်ရှောက်ချိန် သည်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်တော့ပါ။ လောက်ကိုင်မြို့တွင် နေထိုင်သော ဦးပိုင်ဆိုချင်သည် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တယောက်ဖြစ်သော ဖုန်ကြားရှင် အပေါ် သစ္စာခံသည့် ကိုးကန့်တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များ အကြား ဖေဖော်ဝါရီ လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းတွင် အမြောက်ဆံ ထိမှန်ခြင်း ခံခဲ့ရသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ သူ့ကိုလည်း Shan Drug Watch အစီရင်ခံစာက မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသူ တယောက်အဖြစ် ဖော်ပြထားသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၏ ဥက္ကဋ္ဌနေရာကို ဗဟို အစိုးရက တိုက်ရိုက် ခန့်ထားခြင်း ဖြစ်သည့်အတွက် သူ့ရာထူးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ရွေးကောက်ပွဲဝင်ရန် မလိုအပ်ခြင်း ဖြစ်ပုံရပါသည်။
ဦးပိုင်ဆိုချင် (ခေါ်) ပယ်ရှောက်ချိန်၏ သားဖြစ်သူ Bai Yingneng (ခေါ်) ဦးခင်မောင်လွင်က ကိုးကန့်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဖခင်၏ ခြေရာအတိုင်းလိုက်ရန် မျှော်လင့်ထားသည့် အသွင်ရှိသည်။ ရှမ်းပြည်နယ်လွှတ်တော် လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ကြီးမားစွာ ထားရှိနေကြသည့် အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်ကို အပြည့်အ၀ ကြိုတင် ခန့်မှန်း၍ မရနိုင်သော်လည်း သေချာနိုင်သည်ကတော့ သေနတ်၊ မူးယစ်ဆေးနှင့် အာဏာတို့၏ အပြန်အလှန် သက်ရောက်မှုက (လွန်ခဲ့သော ဆယ်စုနှစ်များက အတိုင်း) မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် အဓိက အကြောင်းများအဖြစ် ဆက်ပြီး ရှိနေပါလိမ့်ဦးမည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Seamus Martov ၏ Ruling Party MPs Return Guns, Alleged Drug Ties to 2015 Race ကို ဘာသာပြန်ဆိုသည်။