ဆောင်းပါး

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်တက်လာသည့် ရာဇဝတ်မှုများ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့၌ တက္ကစီယာဉ်မောင်းနှင့် အပေါင်းအပါများက အုပ်စုလိုက် ရိုက်နှက်၍ ဖုန်းနှင့်ငွေ လုသွားခြင်း၊ ရပ်ထားသည့် ကားတံခါးကို ဖွင့်၍ ဝင်ထိုင်ကာ ဓားထောက်လုသွားခြင်း၊ လမ်းလျှောက်နေစဉ် ဆိုင်ကယ်စီးလာသူ လူတစုက ပစ္စည်းလုယူခြင်း စသည့် လုယက်မှုများစွာ သတင်းမီဒီယာများက ဖော်ပြနေကြသည်။

လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာ၌ လုယက်ခံခဲ့ရသည့် ကာယကံရှင်များနှင့် ၎င်းတို့၏ နီးစပ်သူများက ကိုယ်တွေ့ အဖြစ်အပျက်များကို တခြားသူများ သတိပြုနိုင်ရန် ရေးသားမျှဝေနေကြသည်။

အဆိုပါ လုယက်ခံရသူထဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး နေထိုင်သူ ကိုသက်နိုင် (အမည်လွှဲ) လည်း တယောက် အပါအဝင် ဖြစ်ခဲ့သည်။ ဩဂုတ်လ ၂၃ ရက် ညနေက လှည်းတန်းဘူတာ အနီး သူ၏ “နိုကီယာ” အမှတ် တံဆိပ်ဖုန်းကို ဘူတာအနီး ကော်ရှူနေသည့် လူငယ်တစုထဲမှ အသက် ၁၆ နှစ်အရွယ် လူငယ်က လုပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကော်ရှူနေတဲ့ အုပ်စုထဲက ကောင်လေးတယောက် အနားရောက်လာပြီး ဖုန်းကို ခဏပြ ဆိုပြီး တောင်းတယ်။ မပြလိုက်ဘူး။ ဘူတာထဲက အထွက်မှာ ကျနော့်နောက်ကို အဲဒီကောင်လေး လိုက်လာပြီး ဖုန်းကို လုပြေးသွားတာ။ ဖြစ်ဖြစ်ချင်း ရဲစခန်းသွားတိုင်တော့ အလုခံရတဲ့ နေရာကို ရဲတယောက် လိုက်လာပေးတယ်။ ကော်ရှူတဲ့ အုပ်စုထဲက တယောက်ကို ရဲက မေးတော့ လုသွားတဲ့လူက နတ်စင်လမ်းထိပ်မှာ ဆိုက်ကားနင်းတယ် လို့ ပြောတယ်။ အဲဒီအချိန် ရဲက သူတယောက်တည်း မလိုက်ရဲဘူး။ စခန်းပြန်ပြီး အင်အား တောင်းရမယ်။ နယ်ထိန်းတွေလည်း ဟိုရောက် ဒီရောက်နဲ့မို့ ညမိုးချုပ်မှ ရဲ ၄ ယောက်နဲ့ သတင်းရတဲ့ နေရာကိုလိုက်တော့ လုတဲ့သူက ကြည့်မြင်တိုင်တဖက်ကမ်း အေးရွာမှာ နေတယ် ဆိုတာ သိရတယ်။ ရဲတွေက မိုးချုပ်နေတော့ နောက်တနေ့ ဆက်လိုက်မယ် ပြောတယ်။ ကျနော့် ရဲစခန်းက အမှုဖွင့်ပေးဖို့ အင်တင်တင် လုပ်နေသေးတယ်။ ကျနော်က မဖြစ်မနေ ဖွင့်ပေးလို့ ပြောမှ တိုင်စာ ရေးပေးပေမယ့် အခုချိန်ထိ ဘာမှ အကြောင်းမကြားဘူး” ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

“အရင်တုန်းကတည်းက လုယက်မှုဆိုတာ ရှိပေမယ့် အခုနောက်ပိုင်း ဟိုနားမှာ လုပြန်ပြီ၊ ဒီနား လုပြန်ပြီနဲ့ ပိုပြီး ကြားလာရတာ့ ဘယ်အချိန်ဖြစ်ဖြစ် သတိနဲ့ သွားလာနေရတဲ့ အခြေအနေပဲ” ဟု ကိုသက်နိုင်က ဆက်ပြောသည်။

သူ လုယက်ခံရပြီး နောက်နေ့တွင် တက္ကစီပေါ်မှ ဆင်းလာသည့် အမျိုးသမီးငယ်၏ ဖုန်းကို အသက် ၃၀ အရွယ် လူတဦးက လုယက်မှု သူ့မျက်စိရှေ့တွင် ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ဧည့်စာရင်း တိုင်ရန်သွားသည့် အမျိုးသမီး၏ ဖုန်းလည်း အလုခံရသည်။ လှည်းတန်းဈေး တဝိုက် ဖွင့်လှစ်ထားသည့် OPPO ဖုန်းဆိုင် ဖောက်ထွင်းခံရသည်။

ဩဂုတ်လမှ စက်တင်ဘာလအတွင်း နာနတ်တော မီးပွိုင့်အနီး တက္ကစီငှားစီးရင်း ယာဉ်မောင်းနှင့် အပေါင်းအပါများက ထိုးကြိတ်ရိုက်နှက်၍ Apple အမှတ်တံဆိပ်ဖုန်း လုယူခံရမှု၊ တက္ကစီယာဉ်မောင်းကို အုပ်စုလိုက် ဓားနှင့်ထောက်၍ ငွေလုယူမှု၊ တက္ကစီသမားက ခရီးသည် အမျိုးသမီးထံမှ ငွေတသိန်းကျော်ကို လုယူမှု၊ ဈေးဝယ်စင်တာအနီး ရပ်နားထားစဉ် ကားအတွင်း ဝင်ထိုင်ကာ ငွေလုယူမှု စသည့် လုယက်မှုများစွာ ဖြစ်ပွားခဲ့သည်။

ခရီးသည်ဟန်ဆောင်ကာ လုယူခြင်းများ ဖြစ်ပွားနေသည့် အတွက် အငှားယာဉ်မောင်း အများစုမှာလည်း သတိထား နေရသလို တက္ကစီ စီးသည့် ခရီးသည်များ ကလည်း ယာဉ်မောင်းများ အပါအဝင် အုပ်စုဖွဲ့ လုယူမှု ဖြစ်စဉ်များ ကြားနေရသဖြင့် သတိထားရသည့် အနေအထားဟု ရှင်းပြကြသည်။

“ဝေးတဲ့နေရာတွေကို အဖွဲ့လိုက် ငှားတာဆို မလိုက်ဖြစ်တော့ဘူး။ မိတ်ဆွေယာဉ်မောင်း တယောက်လည်း အလုခံလိုက်ရတယ် လေ။ ဒီရက်ပိုင်းတွေမှာ လုယက်မှုတွေက ကြားနေရတော့ သတိထားနေရတယ်။ တုတ်တွေ ဘာတွေ ဆောင်ထားရင်လည်း ရဲက စစ်ရင် ပြောရဆိုရ ခက်တယ်။ တာဝန်ရှိသူတွေ ကတော့ ထောင်ခါသလို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရဲ့၊ လွတ်လာတဲ့ သူတွေက လူဆိုးသူခိုးတွေ များတယ်။ လုယက်မှု၊ ခိုးမှုတွေဆိုတာ မကြားချင် အဆုံး ဖြစ်နေပြီ” ဟု အငှားယာဉ်မောင်း ဦးနိုင်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၃၀ ရက်တွင် လူသားချင်း စာနာထောက်ထားသော အားဖြင့်ဟု ဆိုကာ အကျဉ်းသား၊ အကျဉ်းသူ ၆၉၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ယင်းထဲတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူများထက် ခိုးဝှက်လုယက်မှုဖြင့် ထောင်ကျနေသူ အမြောက်အမြား လွတ်မြောက်ခဲ့ခြင်းကြောင့် ခိုးမှု၊ လုယက်မှုများ ယခင်ထက် ပိုမိုဖြစ်ပွားနေခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

“လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လွှတ်တာက နည်းနည်း၊ မလွှတ်သင့်တဲ့ လူတွေကို လွှတ်တော့ မဖြစ်သင့်တာတွေ ဖြစ်နေတာ။ အဲဒီလို ဖြစ်ရပ်တွေ မဖြစ်အောင် မလွှတ်သင့်သူတွေကို မလွှတ်ဖို့လိုတယ်။ လုယက်မှုတွေ များလာတယ် ဆိုတာ ရဲတွေရဲ့ တာဝန်ပျက်ကွက်မှု လို့လည်း ပြောလို့ရတယ်။ အရေးအကြောင်း ရှိလာပြီဆို ရဲက ဖုန်းခေါ်လို့ မရဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

အရေးပေါ်ကိစ္စရပ် ဖြစ်လာချိန်တွင် နယ်မြေခံ ရဲစခန်းများက ဖုန်းမကိုင်ခြင်း၊ ဖုန်းကိုင်ရာတွင်လည်း အမှုဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့က အချိန်မီ မရောက်ခြင်းနှင့် ဖြစ်စဉ်အပေါ် တိတိကျကျ စုံစမ်းမှု အားနည်းခြင်း စသည့် အခြေအနေများကြောင့် လူထုက ရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှု နည်းနေသည် ဟုလည်း နိုင်ငံရေးသမားများက သုံးသပ်ဝေဖန်ကြသည်။

လူသိများခဲ့သည့် ကိစ္စတခု အနေဖြင့် စက်တင်ဘာ ၂ ရက်က သန်လျင်မြို့ရှိ ရဲ ၂ ဦး အသတ်ခံရသည့် ဖြစ်စဉ် ဖြစ်သည်။ ရဲ ၂ ဦးကို သတ်သူ တရားခံတင်မြင့်သည် မုဒိမ်းမှု၊ ဓားထိုးမှုများဖြင့် နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ရပြီး လွတ်မြောက်လာသူ ဖြစ်သည်။ သူသည် ထောင်မှ လွတ်ပြီး မကြာမီ ဓားထိုးမှု ထပ်မံကျူးလွန်သဖြင့် ရဲတပ်ဖွဲ့က တရားခံပြေးစာရင်း သွင်းထားရာ သန်လျင်တွင် ခိုအောင်းနေစဉ် သွားရောက် ဖမ်းဆီးသည့် ရဲ ၂ ဦးကို ဓားဖြင့် ထပ်မံ ထိုးသတ်ခြင်း ဖြစ်သည်။

ဇူလိုင် ၃၀ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူသည် ညတွင်းချင်းပင် ဆိုင်ကယ်ခိုးယူ သဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမှု မန္တလေးတွင် ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်မြို့အစွန် ရပ်ကွက်တခုတွင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူက စက်ဘီးခိုးယူလာ သဖြင့် ရဲတပ်ဖွဲ့က အရေးယူခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲနှစ်ဦး အသတ်ခံရသည့် အဖြစ်အပျက် အပါအဝင် ခိုးဆိုးလုယက်ခံရသည့် ကိစ္စများစွာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ထက် တွင် များစွာပျံ့နှံ့လျက် ရှိရာ “လူဆိုးသူခိုးများကို လွှတ်ပေးခြင်းဖြင့် ပြည်သူကို အထိတ်တလန့် ဖြစ်စေခြင်းလား”ဟု ပြည်သူလူထုက မေးခွန်းထုတ်နေကြသည်။

အမည်မဖော်လိုသူ ရဲအရာရှိကြီး တဦးက “အရင်က ခိုးဝှက် လုယက်တွေ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့ သူတွေကို မလွှတ်ခင်မှာ အကျဉ်းဦးစီးဌာနက တဆင့် သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းတွေဆီကို အကျဉ်းသားရဲ့ ကိုယ်ရေး အကျဉ်း ပေးပို့ပြီး ခံဝန်လက်မှတ် တောင်းဖို့ အချက်အလက်တွေ ရေးခိုင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ တခုခု ဖောက်ဖျက်လို့ ရှိရင် ပြန်ပြီး ဖမ်းဆီးနိုင်အောင် ဖြစ်တယ်။ အဲဒီအတွက် လူဆိုးသူခိုးတွေ ဘယ်မှာ ဘာလုပ်နေ တယ်။ ဘယ်ရောက်နေတယ် ဆိုတာမျိုး ကိုယ်ရေး အချက်အလက်တွေ ရှိတော့ တခုခုလုပ်တာနဲ့ ဖမ်းဆီးလို့ ရတယ်။ အခုနောက်ပိုင်း အကျဉ်းဦးစီးဌာနက ဘယ်နှဦး လွှတ်လိုက်တယ်၊ ဘယ်မြို့နယ်က ဘယ်လောက်ပါတယ် ဆိုတဲ့ စာရင်းပဲ ရတယ်။ ခံဝန်လက်မှတ်အတွက် အချက်အလက် မတောင်းတော့ ရဲတွေလည်း ဘာမှ လုပ်လို့ မရဘူး။ လွတ်လာတဲ့ သူတွေ ဘာတွေ လုပ်နေတယ်၊ ဘယ်တွေ ပျောက်နေသလဲ ဆိုတာလည်း စုံစမ်းရ ခက်တယ်” ဟု ဧရာဝတီသို့ ထုတ်ဖော်ပြောကြားသည်။

ဧရာဝတီမှ ရရှိထားသည့် အချက်အလက်များအရ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနပေါင်းစုံမှ ရဲတပ်ဖွဲ့ဝင် ဦးရေသည် ၇၂၀ဝ၀ ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ရှိရာ ရဲတပ်ဖွဲ့ဝင် ၁ ဦးသည် ပြည်သူ ၆၉၅ ဦး၏ အသက်အိုးအိမ် လုံခြုံရေးကို ကာကွယ်ပေးရမည့် အနေအထားတွင်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် တို့တွင် အရာရှိအဆင့်နှင့် တခြားအဆင့်ရှိ ရဲတပ်ဖွဲ့ဝင်ပေါင်း ၅၇၀ဝ ကျော် ရှိရမည် ဖြစ်သော်လည်း လက်ရှိတွင် ရဲတပ်ဖွဲ့ဝင် ၃၉၀ဝ ကျော်သာ ရှိရာ သတ်မှတ် အင်အားထက် လျော့နည်းနေသည် ဟု သိရှိရသည်။

လက်ရှိ ရှိနေသည့် ရဲတပ်ဖွဲ့ဝင် အများစုမှာလည်း ရုံးထိုင်၊ လုံခြုံရေး၊ ကင်းလှည့်၊ တရားရုံးထုတ်နှင့် တာဝန်ကျ ရဲဝန်ထမ်း စသည့် လုပ်ငန်းဆောင်တာများကြောင့် ကျော်ကြားစာရင်း ဝင်သူများနှင့် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာသည့် လူများကို သီးခြားစောင့်ကြည့်ရန် အဆင်မပြေနိုင် ဟု ရဲတပ်ဖွဲ့ဝင်များက အကြောင်းပြကြသည်။

“ထောင်က ထွက်လာတယ်။ အတန်းပညာမတတ်တော့ အလုပ် လုပ်စားဖို့ မဆင်မပြေဘူး၊ အဲဒီတော့ ခိုးလုတဲ့ သံသရာထဲကို ပြန်ရောက်နေတယ်။ အကယ်၍ ရဲအင်အားသာ လုံလောက်ရင်လည်း အဲဒီလို ကျော်ကြားလူတွေကို ရဲတွေက စောင့်ကြည့်နေရမှာ ဖြစ်ပေမယ့် နယ်မြေခံ ရဲအင်အား မလုံလောက်တော့ မစောင့်ကြည့်နိုင်ဘူး။ အထက် လူကြီးတွေက လုံလောက်တဲ့ ရဲအင်အား ချပေးဖို့ လိုအပ်ပါတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိကြီးတဦးက ရှင်းပြသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ အနေဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များဖြင့် မြို့နယ်၊ ရပ်ကွက်များတွင် ပုံမှန် ကင်းလှည့် စစ်ဆေးခြင်း၊ မသင်္ကာသူများ ရှိလျှင် ခေါ်ယူစစ်မေးခြင်းနှင့် စောင့်ကြည့်မှု တချို့ ပြုလုပ်နေရသည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ပြစ်မှုကြီး ၁၀ မျိုး၏ တတိယနေရာတွင် ရှိနေသည့် လုယက်မှုများသည် ၂၀ဝ၈ ခုနှစ်တွင် ၄၇ မှု၊ ၂၀ဝ၉ တွင် ၇၈ မှု၊ ၂၀၁၀ တွင် ၄၈ မှု၊ ၂၀၁၁ တွင် ၁၀၇ မှု နှင့် ၂၀၁၂ တွင် ၉၁ မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း နှစ်ချုပ် မှုခင်းအခြေအနေကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြည်သူလူထု အနေဖြင့် ၎င်းတို့၏ လုံခြုံမှုနှင့် ဒုစရိုက်သမားများ၏ ဘေးန္တရာယ်များမှ ထိရောက်သော အကာအကွယ် ပေးရေးကို အလိုရှိနေကြသည်။ ။

Loading