Health

အသည်းရောင် အသားဝါ ရောဂါပိုးများရဲ့ ကမ္ဘာ

This article has been converted from Zawgyi One to Unicode

တိုးတက်လာတဲ့ ကမ္ဘာကြီးနဲ့ အပြိုင် ကျန်တာတွေသာ လိုက်မတိုးတက်ရင် နေမယ်၊ ရောဂါဘယတွေ ကျတော့ အမီ လိုက်ကြရ ပါတယ်။ ဒီဘက်ခေတ်တွေမှာ ဘီပိုး၊ စီပိုး ဆိုတာတွေက ခေတ်စားလာကြတာ ပေါ့။ မရှိရင် မဖြစ်ရင် ခေတ်မမီ သလို ဖြစ်လာကြပါတယ်။ တကယ်တော့ အဲဒီ ပိုးတွေက အသည်းရောင် အသားဝါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး တွေပါ။ အများစု သိကြတာက အေ၊ ဘီ၊ စီ ပေါ့။

အခု တွေ့ရှိထားသမျှ အဖြစ်များတာက A, B, C, D, E ဆိုပြီး အသည်းရောင် အသားဝါ ပိုး (၅) မျိုးက ခေတ်စားလာ ပါတယ်။ တမျိုးနဲ့ တမျိုး ကူးစက်ပျံ့ပွားပုံ မတူတာတွေ၊ တူတာတွေ ထပ်ပြီး ခွဲခြားလို့ ရပြန်ပါတယ်။ အသည်းရောင် အသားဝါ ဖြစ်တဲ့ တခြား အကြောင်းတွေလည်း အများကြီးရှိပေမယ့် ဒီနေရာမှာတော့ အဲဒီ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာကိုသာ အခြေခံအဖြစ် ပြောမှာပါ။

အသည်းရောင် အသားဝါ ပိုးဝင်ပြီး လတ်တလောဖြစ်တဲ့ လက္ခဏာ၊ နာတာရှည် ဝေဒနာ ဆိုပြီးလည်း ဖြစ်ကြပါတယ်။ လတ်တလော ဆိုတာက ရောဂါပိုး ဝင်ရောက်ပြီး ရက်သတ္တပတ်၊ ဒါမှမဟုတ် လပိုင်း ရောက်ရင် လက္ခဏာတွေ ပြလာတာပါ။ ဝမ်းဗိုက်မှာ အောင့်လာမယ် (အထူးသဖြင့် ညာဘက်နံရိုးတွေ အောက်ပိုင်း)၊ ပျို့တာ၊ အန်တာ၊ ဖျားတာ၊ နုံးချိနွမ်းနယ်တာတွေ ဖြစ်လာပြီး ရံဖန်ရံခါကျတော့ မျက်လုံးတွေ အသားတွေ ဝါလာတတ်ပါတယ်။

နာတာရှည် ဝေဒနာရှင်တွေ ကျတော့ ရောဂါပိုးရှိနေပြီး လက္ခဏာတော့ ဘာမှ မပြတာတွေရှိပါတယ်။ ဒါကြောင့်လည်း သွေးစစ်မှ သိကြရတာပေါ့။ အဲဒီ လိုလူမျိုးတွေထဲက တချို့ကျတော့ အသည်းခြောက်တယ် ခေါ်တဲ့ Cirrhosis နဲ့ အသည်း ကင်ဆာတွေ ဖြစ်လာတတ်ပါတယ်။ တမျိုးစီအကြောင်း အကျဉ်းလေးတွေ ပြောပြချင်ပါတယ်။

အသည်းရောင် အသားဝါ အေ (A)

အေ ပိုးကတော့ မစင်ကနေ ပါးစပ်ကို သွားတဲ့ လမ်းကြောင်းနဲ့ ကူးစက်တာပါ။ ရောဂါပိုး ရှိနေသူရဲ့ အညစ်အကြေး တွေ အစာလမ်းကြောင်း ကနေ ဝင်တာပေါ့။ အထူးသဖြင့် ရောဂါပိုး ကပ်ငြိနေတဲ့ အစားအသောက်တွေ၊ ထည့်သိုတဲ့ ပန်းကန် ခွက်ယောက်တွေ ကနေ ကူးစက်တတ် သလို ရောဂါပိုး ရှိနေသူနဲ့ လက်သုတ်ပဝါလိုမျိုး မျှဝေသုံးစွဲတာတွေ ကလည်း ကူးစက်တတ်ပါတယ်။ နောက်ပြီး ပါးစပ်၊ စအိုတွေနဲ့ လိင်ဆက်ဆံသူတွေ၊ ရေညှိတွေ တွယ်ကပ်နေတဲ့ ပင်လယ်ခုံး (ဂုံး) လို စားစရာတွေ စားသူတွေလည်း ကူးစက်ခံရ တတ်ပါတယ်။

အေပိုး ကူးစက်ခံရရင် လတ်တလော လက္ခဏာ ပြတတ်တာက ကလေးသူငယ်တွေဆို ၁၀ ရာခိုင်နှုန်း လောက်သာ ရှိပြီး လူကြီးတွေမှာတော့ ၄၀ ကနေ ၇၀ ရာခိုင်နှုန်း လောက်အထိ ရှိပါတယ်။ အေ ပိုးကြောင့်တော့ အသည်းခြောက်တာတွေ၊ ကင်ဆာတွေ လုံးဝ မဖြစ်ဘူး ဆိုပါတယ်။ အေပိုးက ကာကွယ်ဆေးထိုးလို့ ရတဲ့ ရောဂါတမျိုးပါ။

အသည်းရောင် အသားဝါ ဘီ (B)

ဒီ ဇာတ်လိုက်ကျော်ကြီး ကတော့ အတော်လေး မင်းမူနေတာပေါ့။ အထူးသဖြင့် သွေးနဲ့ လိင်ဆက်ဆံမှု တွေကနေ ကူးစက်တာများတဲ့ ရောဂါတမျိုးပေါ့။ ရောဂါပိုးရှိနေသူနဲ့ ဆေးထိုးအပ် မျှဝေသုံးတာတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေ၊ ရောဂါရှိနေတဲ့ အမေကနေ ကလေးကို ကိုယ်ဝန်ဆောင်ရာက ကူးစက်တာတွေ၊ ကလေးအချင်းချင်း ထိခိုက်ရှနာတွေ ရှိနေတာကို ရင်းနှီးဖက်တွယ် နေရင်း ကူးစက်တာတွေ၊ တက်တူးထိုးကြ၊ နားပေါက် ဖောက်ကြရာကနေ ကူးစက်တာတွေ၊ မုတ်ဆိတ်ရိတ်ဓားနဲ့ သွားပွတ်တံ အတူသုံးစွဲတာတွေ၊ အရင်ခေတ် တုန်းကတော့ ပိုးရှိမရှိ မစစ်ဆေးဘဲ သွေးသွင်းမိရာကနေ ကူးစက်တာတွေ စသဖြင့် ကူးစက်နည်းစုံလင်ပြီး သတိ မထားရင် မရှောင်နိုင်တဲ့ ကူးစက်ရောဂါပိုးက ဘီပါ။

ရောဂါပိုးဝင်ပြီး ၂ လ ၃ လ လောက်မှာ ပိုးရှိသူ ၅၀ ရာခိုင်နှုန်း လောက် လတ်တလော လက္ခဏာတွေ ပြတတ်ပါတယ်။ နာတာရှည် အသည်း ရောဂါတွေ ကတော့ ပိုးရှိသူ လူကြီးဆိုရင် ၁၀ ရာခိုင်နှုန်း၊ အသက် ၄ နှစ်အောက်တွေ ဆိုရင် ၅၀ ရာခိုင်နှုန်းလောက်နဲ့ ၁ နှစ်အောက် ကလေးတွေဆိုရင် ၉၀ ရာခိုင်နှုန်း လောက်အထိ ဖြစ်လာတတ်ကြတယ်လို့ ဆိုပါတယ်။ ကံကောင်းတာက ဒီရောဂါအတွက် ကာကွယ်ဆေးရှိတာပါ။

အသည်းရောင် အသားဝါ စီ (C )

ခုနောက်ပိုင်း ကာလမှာ လူတွေ ခြောက်ခြားလာရတဲ့ ဇာတ်ကောင်ပါ။ ကူးစက်တာကတော့ ဘီပိုးနဲ့ ပုံစံတူပါပဲ။ သွေးက တဆင့် ကူးစက်မှု ပိုများတယ်လို့ ဆိုပါတယ်။ ရောဂါပိုး ရှိနေသူနဲ့ ဆေးထိုးအပ် မျှဝေသုံးတာတွေ၊ တက်တူးထိုး၊ နားဖောက်တာတွေ၊ ဟိုဘက်ခေတ် သွေးကို ပိုးမစစ်ဆေးဘဲ သွင်းခံရတာတွေကြောင့် ကူးစက်တာ အတွေ့များပြီး ပေပေတေတေ အကျဉ်းထောင်သားတွေမှာ ပိုတွေ့ရတယ်လို့ ဆိုပါတယ်။

အသားဝါတာလို လတ်တလော ရောဂါ လက္ခဏာ ပြတာက ၁၅ ကနေ ၂၅ ရာခိုင်နှုန်း လောက်သာ ရှိပေမယ့် နာတာရှည် အသည်းခြောက်တာမျိုး ကျတော့ ၅၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း အထိ ရှိတတ်ပြီး အဲဒီကမှ ၂၅ ရာခိုင်နှုန်း လောက်က ကင်ဆာ ဖြစ်တတ်တာမို့ ကြောက်စရာ အဖြစ် သတ်မှတ်ကြတာပါ။ ကာကွယ်ဆေး မရှိတာက ပိုပြီး စိုးရိမ်စရာဖြစ်ပေမယ့် ရောဂါဖြစ်လာရင် စရိတ်မြင့်မားတဲ့ ကုသမှုနဲ့တော့ ကုသလို့ ရနေပါပြီ။

အသည်းရောင် အသားဝါ ဒီ (D)

သူကတော့ ဘီပိုးနဲ့ အတော်တူပါတယ်။ ကူးစက်တာကလည်း ဆေးထိုးအပ် ဝေမျှသုံးတာမျိုးတွေ လိုမျိုးကနေ ကူးစက်တာပါ။ ဘီပိုးရှိရင် ဒီပိုး ဝင်လာ တတ်သလို ဒီပိုး ရှိရင်ဘီပိုး ဝင်လာတတ်ပြန် သတဲ့။ မိတ်ဖက်တွေ ပေါ့။ လတ်တလော လက္ခဏာတွေက ပူးတွဲဖြစ်မှသာ တွေ့ရတတ်သလို နာတာရှည်ရောဂါအဆင့် ကူးပြောင်းတာကလည်း ဘီ နဲ့ ဒီ တွဲလျက်မှသာ တွေ့ရတတ် ပါသတဲ့။ ကာကွယ်ဆေး အဖြစ်ကတော့ ဘီပိုးကာကွယ်ဆေးနဲ့ ကာကွယ်လို့ ရပါတယ်။

အသည်းရောင် အသားဝါ အီး (E )

သူကတော့ အေနဲ့ ပုံစံတူပြန်ပါတယ်။ မစင်ကနေ ပါးစပ်ကို သွားတဲ့ လမ်းကြောင်းနဲ့ ကူးစက်တာပါ။ ရောဂါပိုး ရှိနေသူရဲ့ အညစ်အကြေးတွေ အစာလမ်းကြောင်း ကနေ ဝင်တာပေါ့။ ဒါပေမယ့် သူက ပိုကူးစက်နိုင်တာတွေ ရှိနေတာက သွေးက တဆင့်ရယ်၊ ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးကိုရယ်ပါ။ ကလေးတွေမှာ လတ်တလော လက္ခဏာ မပြသလောက် ဖြစ်ပြီး သူ့အလိုအလျောက် ပျောက်ကင်းတတ်တဲ့ ရောဂါပိုးမို့ မဆိုးလှပါဘူး။

ကိုယ်ဝန်ဆောင်တွေမှာ ဆိုရင်တော့ ရောဂါဒဏ် ပြင်းထန်တတ်တာ သတိပြုရမှာပါ။ နာတာရှည် အသည်း ရောဂါတွေ လုံးဝ မဖြစ်တာမို့ တော်သေးတယ် ပြောရမယ့် ပိုးပေါ့။ ကာကွယ်ဆေးလည်း မရှိပါဘူး။ အသည်းရောင်အသားဝါ F ဗိုင်းရပ်စ် ရှိနေနိုင်တယ်လို့ ယူဆချက်တွေရှိခဲ့ ပေမယ့် အကျယ်တဝင့်တော့ ထပ်ဆင့် တင်ပြတာတွေ မတွေ့ရသေးဘူး လို့ ဆိုပါတယ်။

အခုတင်ပြခဲ့တာ တွေကတော့ အသည်းရောင်အသားဝါ ရောဂါ ဖြစ်စေတဲ့ ပိုးတွေ အကြောင်း ကကြီး ခခွေး အဆင့်ပါ။ ဘီ နဲ့ စီလောက်သာမက ရှိနေတဲ့ အဖြစ်များတာတွေ သိဖို့ရယ်၊ ကူးစက်တတ်တဲ့ နည်းလမ်းတွေ၊ ကာကွယ်လို့ ရ-မရ၊ ဆေးကုလို့ ရ- မရ ဆိုတာတွေ ပေါ့။ အဲဒီကမှ ကြောက်စရာ ပိုကောင်းတဲ့ ဘီတွေ၊ စီတွေ အကြောင်းကို အလျဉ်းသင့် သလို ပြောပါဦးမယ်။ ။

Loading