ပြီးခဲ့တဲ့အပတ် ပြည်တွင်းပြည်ပ သတင်းစာတွေမှာ အကြီးအကျယ် ဖော်ပြခဲ့ကြတဲ့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ရဲ့ “ကျောက်စိမ်း သို့မဟုတ် မြန်မာပြည်က ကြီးမားသည့် နိုင်ငံတော်လျှို့ဝှက်ချက်” အစီရင်ခံစာ ထွက်ချိန်မှာ အဖွဲ့ရဲ့ အာရှရေးရာ ဒါရိုက်တာ မိုက်ဒေးဗစ်က ” မြန်မာ့ကျောက်စိမ်းလုပ်ငန်းဟာ ခေတ်ပေါ်သမိုင်းမှာ အကြီးဆုံး သယံဇာတ လုယက်မှု ဖြစ်နိုင်တယ်။ ဒေါ်လာ ဘီလီယံ ဆယ်ချီရှိတဲ့ ငွေတွေဟာ စစ်တပ်က ခေါင်းမာဂိုဏ်းသားတွေ၊ တပ်ပိုင် ကုမ္ပဏီတွေ၊ ကြားခံလူ သူဌေးတွေ၊ အဓိက မူးယစ်ရာဇာတွေ စုရုံးဖွဲ့စည်းမှုရဲ့ လက်တွေထဲမှာပဲ ရှိနေတယ်။ ဒါဟာ ကြောက်စရာ ကောင်းတဲ့ ရာဇဝတ်မှုပါ။ မြန်မာပြည် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကိုလည်း တကယ့်ကို ခြိမ်းခြောက်နေပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် ၂၀၁၂ ခုနှစ်က စလို့ မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်လာတဲ့အခါ လူတွေ ပြောတတ်ကြတဲ့ “နောက်ကွယ်မှာ ကြိုးကိုင်တဲ့ လက်မည်းကြီး ရှိတယ်” ဆိုတဲ့ စကားကို ပြန်သတိရစရာအချက်လည်း ပါဝင်ပါတယ်။ မြန်မာ့ကျောက်စိမ်းဟာ ၂၀၁၄ ခုနှစ် တနှစ်တည်းတောင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံတန်ဘိုး ထွက်တယ်လို့ တွက်ချက်ထားတဲ့ ဒီအစီရင်ခံစာမှာ စာမျက်နှာ တမျက်နှာတည်းသာ ဖော်ပြထားပေမယ့် နောက်ကွယ်က တရုတ်ဝယ်လက်တွေရဲ့ ခြေလှမ်းတွေကို အရိပ်အယောင်သဘော လှစ်ဟသွားခဲ့ပါတယ်။
အမှန်တကယ်လည်း မြန်မာ့ကျောက်စိမ်းရဲ့ အဓိကဝယ်လက်ဟာ တရုတ်တွေဖြစ်ပြီး ကျောက်စိမ်းဈေးကလည်း တရုတ်ရဲ့ ဝယ်လိုအားပေါ် မူတည်နေပါတယ်။
သမိုင်းနဲ့ ယဉ်ကျေးမှုအရ တရုတ်တွေဟာ ကျောက်စိမ်းကို အနောက်ကမ္ဘာက ရွှေကို တန်ဘိုးထားသလို ဈေးဖြတ် တန်ဘိုးထားရုံသာမက တွက်ချက်မရတဲ့ အဇ္ဈတ္တပိုင်းတန်ဘိုးတွေပါ ပိုင်ဆိုင်တယ်လို့ အယူရှိကြတယ်။ သနားကြင်နာမှု၊ အမှန်ကို သိမြင်မှု၊ ဉာဏ်ပညာ၊ ရဲရင့်မှုနဲ့ သန့်ရှင်းစင်ကြယ်မှုတွေကို ကိုယ်စားပြုပြီး ကောင်းကင်ဘုံက ကျောက်တုံးလို့ ခံယူကြတယ်။ ဩဇာအာဏာနဲ့ ကြွယ်ဝမှုကို ကိုယ်စားပြုတယ်လို့လည်း သတ်မှတ်တယ်။
အရင်က သမိုင်းမှာ တရုတ်နန်းတွင်းမှာသာ အဆင်တန်ဆာဖြစ်ခဲ့တဲ့ ကျောက်စိမ်းဟာ အခုခေတ်မှာ စီးပွားရေးကောင်းလို့ ချမ်းသာလာတဲ့ တရုတ်ပြည်ဈေးကွက်မှာ အထူးသဖြင့် သူကြွယ်အသိုင်းအဝိုင်းတွေရဲ့ ဧည့်ခန်းမဆောင်တွေ၊ ဝတ်စားဆင်ယင်မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာကြတယ်။ မနှစ်က ဟောင်ကောင်မှာ နာမည်ကြီး Sotheby ရဲ့ လေလံပွဲမှာ ကျောက်စိမ်းလည်ဆွဲတခုဟာ ဒေါ်လာ ၂၇ ဒသမ ၄ သန်းနဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ ဒီလို မြင့်တက်သွားတဲ့ ဈေးကွက်ရဲ့ ဝယ်လိုအားက ကျောက်စိမ်းဈေးကို တွန်းတင်သွားပြီး မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းမြေ ဖားကန့်ကိုလည်း တရုတ်တွေ မျက်စေ့ကျလာစေခဲ့တယ်။
တရုတ် ကျောက်စိမ်းကုန်သည်တွေဟာ ကျောက်စိမ်းကို ဝယ်ယူနေကြရုံမက မိုင်းတွင်းတူးဖော်ရေးမှာပါ ပါဝင်ပတ်သက်လာနေခဲ့ကြပြီး အကောင်းဆုံး နေရာတွေမှာ တူးဖော်ခွင့်ရရေး ငွေကြေးထောက်ပံ့တာ၊ မိုင်းတွင်းမှာ သုံးစွဲဖို့ အကြီးစားစက်ယန္တရားတွေကို တရုတ်ပြည်က သယ်လာတာတွေအထိပဲလို့ Global Witness က ရေးပါတယ်။
“Global Witness အဖွဲ့ဟာ ကြိမ်ဖန်များစွာ ကြားခဲ့ရတယ်။ တရုတ်တွေက နောက်မှာနေ ရှေ့မှာတော့ မြန်မာနိုင်ငံသားကို ဗန်းပြထားတာဖြစ်စေ၊ ကုမ္ဖဏီကို တိုက်ရိုက်ချုပ်ကိုင်လို့ ရအောင် တရုတ်လူမျိုးက မြန်မာမှတ်ပုံတင် ယူကြတာဖြစ်စေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှောင်လွှဲနိုင်ဖို့ ရှဲဒိုးကုမ္ပဏီ အမျိုးမျိုးအကြောင်းတွေကို ကြားခဲ့ရတယ်” လို့ မြန်မာပြည် ကျောက်စိမ်းလုပ်ငန်းကို တနှစ်ကျော်ကြာ စုံစမ်းသုတေသနလုပ် တွက်ချက်ထားတဲ့ အစီရင်စာမှာ ရေးပါတယ်။
ဒါ့အပြင် စက်ယန္တရားကြီးတွေကို အရစ်ကျဝယ်နိုင်တာ သို့မဟုတ် ငှားရမ်းနိုင်တာတွေကို မြန်မာတွေ လက်လှမ်းမမီနိုင်တာမို့ လက်တံရှည်တဲ့ တရုတ်တွေရဲ့ နောက်ခံနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကြပြီး အပြန်အလှန်အနေနဲ့ နယ်စပ်ထိ ကျောက်စိမ်းတွေ ရောက်လာအောင် သယ်ယူပို့ဆောင်ရေးနဲ့ ထိပ်တန်း အာဏာပိုင်တွေဆီ ဆက်ဆံရေးလမ်းကြောင်းတွေကို မြန်မာဘက်က ပါတနာတွေက တာဝန်ယူရတယ်လို့ ကျောက်စိမ်းလုပ်ငန်းထဲမှာ ကျင်လည်ကျက်စားနေသူတွေကို ကိုးကားပြီး Global Witness က အစီရင်ခံပါတယ်။ အစီရင်ခံစာရဲ့ စုံစမ်းလေ့လာချက်က နေပြည်တော်မှာ လုပ်တဲ့ ကျောက်မျက်အရောင်းပြပွဲဟာ ဟန်ပြသာဖြစ်ပြီး တကယ့် ကောင်းပေ့ဆိုတဲ့ ရေညှိရောင် ကျောက်စိမ်းတွေဟာ တရုတ်-မြန်မာ နယ်စပ်ကို တရားမဝင် ခိုးထုတ်ကြတယ်လို့ ဖော်ထုတ်ရေးသားထားပါတယ်။
တကယ်တော့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း အရှိန်အဟုန်နဲ့ ချဲ့ထွင်လာခဲ့မှုဟာ မြန်မာ့ဆိုရှယ်လစ်နဲ့ ဗမာပြည်ကွန်မြူနစ်တွေ ကျဆုံးအပြီး ၁၉၉၀ ပြည့်နှစ်များအတွင်းက စခဲ့ပါတယ်။ တရုတ်နယ်စပ်တကြောက ကချင်၊ ကိုးကန့်နဲ့ ဝ တိုင်းရင်းသားလက်နက်ကိုင်တွေ အာဏာသိမ်း မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ ချုပ်ပြီး နယ်မြေအေးချမ်း သွားတာကြောင့်တကြောင်း၊ ၁၉၉၅ ကျောက်မျက်ဥပဒေအရ မိုင်းတွင်းတွေကို “ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်” ပေးလိုက်တာရယ်ကြောင့် ကျောက်စိမ်းဒေသ ဖားကန့်ကို လောပန်လောင်းတွေ အပြိုင်အဆိုင် ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်အသိုင်းအဝိုင်းနဲ့ နီးစပ်အောင် လမ်းကြောင်း ဖောက်ပြီး အရည်အသွေးကောင်း ကျောက်စိမ်းများစွာ ထုတ်ယူနေခဲ့တဲ့ ဒီကျောက်စိမ်းတွင်း သူဌေးတွေ အများစုရဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ ဘယ်က ရင်းနှီးမြှုပ်နှံငွေနဲ့ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်လောက်တန်ဘိုးကို ထုတ်ပြီး ဘယ်လောက်ရောင်းကာ ဘယ်လောက် နိုင်ငံတော်ဘဏ္ဍာအတွက် အခွန်အခပေးဆောင်တယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှု မရှိသလောက်ပါ။
Global Witness နဲ့ အင်တာဗျူးသူ တယောက်က သူနဲ့ စီးပွားရေးပါတနာ လုပ်ဖို့ စိတ်ဝင်စားပြီး ကျောက်စိမ်းမိုင်းတွေမှာ အသုံးပြုဖို့ ထရပ်ကားကြီးတွေ တရုတ်ပြည်က တင်သွင်းထောက်ပံ့မယ့်အကြောင်း ကမ်းလှမ်းတဲ့ တရုတ်ဗိုလ်ချုပ်တဦးက ချည်းကပ်ပုံကို ပြန်ပြောပြခဲ့ပြီး သူကပဲ ထိပ်သီး ကျောက်စိမ်းသူဌေးတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်က ငွေကြေးထောက်ပံ့မှုနဲ့ မကင်းလို့ ဆိုထားပါတယ်။
တရုတ်က ဒီလို ချဉ်းကပ်မှုမျိုးအပြင် တရုတ်နဲ့ နီးစပ်တဲ့ လက်နက်ကိုင်တွေ၊ မူးယစ်ရာဇာတွေနဲ့ မြန်မာ့ကျောက်စိမ်းဟာ လုံးထွေးနေပါသေးတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်နဲ့ ညီညွတ်သော ဝပြည် ပါတီ (UWSA/UWSP) ဆို အပစ်ရပ်အပြီး ၁၉၉၀ အစောပိုင်း နှစ်များကတည်းက ကျောက်စိမ်းတူးဖော်ရေးမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေခဲ့တာပါ။ ရထားတဲ့ အထောက်အထားတွေက ဝတွေနဲ့ ပတ်သက်သမျှ ဖားကန့်က ကျောက်စိမ်းကုမ္ပဏီတွေရဲ့ ဂေါ့ဒ်ဖားသားဟာ UWSA/UWSP ရဲ့ ဘဏ္ဍာရေးမှူးဟောင်း မူးယစ်ရာဇာ ဝေရှောက်ခန်း ဖြစ်တယ်ဆိုတာ ပြနေတယ်လို့ Global Witness က ဆိုပါတယ်။
ဝေရှောက်ခန်းဟာ အမေရိကန်ပြည်ထောင်စုက သူ့ကို ဖမ်းမိဖို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၂ သန်းပေးမယ်လို့ ဆုငွေထုတ်ခံထားရတဲ့ မူးယစ်ရာဇာပါ။ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုနဲ့ ဖိအားတွေကို ရှောင်လွှဲခြေရာဖျောက်နိုင်ဖို့ ထင်ပေါ်တဲ့ သူ့ရဲ့ ဟုန်ပန်းကုမ္ပဏီမှာ အလုပ်လုပ်နေသူတွေကို မြန်မာတကောင်း၊ ဧရာရတနာ၊ ရာဇဌာနီ၊ သော်တာဝင်း၊ အဖိုးတန်စံချိန်မီ အမည်ရှိ ကုမ္ပဏီ ၅ ခုကို ခွဲဖွင့်ပြီး ကျောက်စိမ်းတူးစေပါတယ်။ အဲဒီအထဲမှာ လူသိများသူက အိုက်ဟော်ဆိုသူဖြစ်ပါတယ်။ သူက ၂၀၀၉ ခုနှစ်တုန်းက ရန်ကုန်က ထွက်လာတဲ့ Kota Tegap သင်္ဘောပေါ်မှာ ဘိန်းဖြူတွေ ခိုးထုတ်မှုနှင့် တာဝန်ရှိသူပါ။
ဒီကုမ္ပဏီတွေဟာ ဖားကန့်မှာ ကျောက်စိမ်းမိုင်း ၄၉ တွင်း ပိုင်တယ်လို့ တရားဝင်စာရင်းရှိပြီး တွင်းတွေကို မာဖီးယားစတိုင် အုပ်ချုပ်တယ်လို့ နာမည်ကြီးပါတယ်။ Global Witness ရဲ့ အစီရင်ခံစာအရ ၂ ထပ်အိမ်တလုံးစာ အမြင့်ရှိတဲ့ Komatsu PC2000 မြေတူးစက်ကြီး ၄၀ သုံးပြီး တူးနိုင်တာ ဝတွေနဲ့ (ဦး)အိုက်ထွေးရဲ့ Ever Winner ကုမ္ပဏီပဲ ရှိတယ်လို့ သိရပါတယ်။
တရုတ်နာမည် ကျန်ရင်ရွှန်းလို့ ခေါ်တဲ့ (ဦး)အိုက်ထွေးရဲ့ Ever Winner ကုမ္ပဏီကလည်း ကျောက်စိမ်းလုပ်ငန်းမှာ အင်အားအကြီးဆုံးဖြစ်ပြီး တရုတ်မီဒီယာတွေနဲ့ တရုတ်အစိုးရစာစောင်တွေမှာ (ဦး)အိုက်ထွေးကို တရုတ် ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းအသင်းရဲ့ ဂုဏ်ထူးဆောင် ဒု-ဥက္ကဋ္ဌ၊ ရန်ကုန်အခြေစိုက် ယူနန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌအဖြစ် ရေးသားဖော်ပြကြပါတယ်။