နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ စုစုပေါင်း ၉၂ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ မြန်မာနိုင်ငံရဲ့ ရေပန်းအစားဆုံး အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ကြားက ပြိုင်ပွဲတခုပဲ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။ ဒီပါတီ ၂ ခုရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဖြတ်သန်းမှုနဲ့ ဘဝနောက်ခံ အကြောင်းတွေက နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးတော့မယ့် မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင် ၃၃ သန်းရဲ့ ဆုံးဖြတ်ချက်အပေါ်ကို သက်ရောက်လွှမ်းမိုးမှုတွေ ရှိလာပါလိမ့်မယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ USDP က မဲအများဆုံး ရရှိပြီး နိုင်ခဲ့မယ်ဆိုရင် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ထိပ်ဆုံးရာထူး (သမ္မတနေရာ)အတွက် ရွေးချယ်မယ်လို့ USDP က ပြီးခဲ့တဲ့ သောကြာနေ့မှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးက ဘီဘီစီ သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ သမ္မတရာထူး ထမ်းဆောင်လို့မရအောင် အခြေခံဥပဒေနဲ့ တားမြစ်ခြင်း ခံထားရပါတယ်။ ဒါပေမယ့် သူ့ကို မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးရာထူးနေရာမှာ မြင်ချင်ကြတဲ့ မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေ အတွက် စိတ်ပျက်အားငယ်စရာတော့ မရှိပါဘူး။ နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲမှာ မဲအများစုရရှိခဲ့ရင် ပါတီက ဘယ်သူ့ကို သမ္မတ အဖြစ်ရွေးချယ်သည်ဖြစ်စေ နောက်ဆုံးမှာ သူက NLD က ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ကို ခေါင်းဆောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ မှော်ဘီမှာပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲတခုမှာ သူ့ကို ထောက်ခံသူတွေကို မကြာသေးခင်က ပြောခဲ့ပါတယ်။
နို ဝင်ဘာ ၈ ရက်နေ့မှာ မဲဆန္ဒရှင်တွေ မဲရုံထဲကိုဝင်ပြီး မဲပေးကြတဲ့အခါ ဒီခေါင်းဆောင် ၂ ယောက်ရဲ့ အရည်အချင်းတွေ၊ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးနောက်ခံတွေ၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ တခြား မှတ်တမ်းမှတ်ရာတွေက အများစုအတွက် ရွေးချယ်စရာ အချက်အလက်တွေ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် တယောက်နဲ့ တယောက် ၂ လလောက်ပဲခြားပြီး မွေးဖွားခဲ့ကြပေမယ့် ဒီနေ့ အချိန်အထိရောက်အောင် ကွဲပြားတဲ့ ဘဝလမ်းကြောင်းတွေအတိုင်း လျှောက်လှမ်းခဲ့ကြတဲ့ နိုင်ငံရေး ပုံရိပ်နှစ်ခုရဲ့ သမိုင်းကြောင်းတွေကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ချိန်မှာ အာဏာရပါတီက သူတို့ကိုယ်သူတို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စတင်သူတွေအဖြစ် ဖော်ညွှန်းပြီးတော့ အတိုက်အခံပါတီကတော့ ပြောင်းလဲရေးကို တောင်းဆိုရာမှာ နောက်ခံနဲ့ သမိုင်းကြောင်း အချက်အလက်တွေက မဲဆန္ဒရှင်တွေ အနေနဲ့ သူတို့ရဲ့ အနာဂါတ်ကို ပုံဖော်နိုင်ဖို့ အတွက် မရှိမဖြစ် လိုအပ်လာပါတယ်။
ဧပြီ ၂၀၊ ၁၉၄၅။ ။ ဦးသိန်းစိန်ကို ဧရာဝတီတိုင်းအတွင်းက ကံျုကူးကျေးရွာမှာ သာမန်လက်လုပ်လက်စား မိဘများက မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်က ဖျာယက်သူ၊ ကုန်ထမ်းသူတယောက်ဖြစ်ပြီးတော့ မိခင်က ဈေးရောင်းပါတယ်။ နောင် ၂ လ ကြာတဲ့အချိန် ဇွန်လ ၁၉ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က မြန်မာ့ လွတ်လပ်ရေးရဲ့ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပြီးတော့ မိခင်ဖြစ်သူကတော့ နောက်ပိုင်းမှာ အိန္ဒိယနဲ့ နီပေါ နိုင်ငံ ဆိုင် ရာ မြန်မာသံ အမတ်ကြီး ဖြစ်လာတဲ့ ဒေါ်ခင်ကြည်ဖြစ်ပါတယ်။ သူဟာမြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သံအမတ် လည်း ဖြစ်ပါတယ်။ ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ကလေး ၃ ယောက်ရှိတဲ့ မိသားစုအတွင်းမှာ အငယ်ဆုံး ကလေးတွေ ဖြစ်ကြပါတယ်။
ဇူလိုင် ၁၉၊ ၁၉၄၇။ ။ ဒေါ်အောင်ဆန်းစုကြည် အသက် ၂ နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဗြိတိသျှလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်လည်မရရှိမီ ၆လ လောက်ပဲ လိုတော့တဲ့ အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ ဗြိတိန်နဲ့ သဘောတူညီချက် ရယူရာမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။
၁၉၆၀။ ။ မိခင် သံအမတ်ကြီးနဲ့အတူ အိန္ဒိယနိုင်ငံ နယူးဒေလီကို လိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒေလီမှာရှိ တဲ့ Lady Shri Ram College မှာတက်ရောက် ပညာသင်ကြားခဲ့ပြီးတော့ ၁၉၆၄ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။
၁၉၆၂။ ။ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မှာရှိတဲ့ အလယ်တန်းကျောင်း တခုကနေ ဦးသိန်းစိန် ၈ တန်းအောင်ခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေက ကျောင်းလခ မပေးနိုင်တဲ့ အတွက် မူလတန်းမှာတုန်းက ကျောင်းကနေ တနှစ်ထွက်လိုက်ရပါသေး တယ်။
၁၉၆၈။ ။ မေမြို့စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၉ ကနေ ဦးသိန်းစိန် ကျောင်းဆင်းခဲ့ပြီးတော့ စစ်တပ် မှာ ဒုဗိုလ် ရာထူးနဲ့ စတင် အမှူထမ်းခဲ့ပါတယ်။ နောက် ၁ နှစ်ကြာတဲ့ ၁၉၆၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်၊ St. Hugh ကောလိပ်ကနေ ဒဿနိက၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေနဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။
၁၉၆၉ မှ ၁၉၇၁ အထိ။ ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရှိ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ကိစ္စ ရပ်များ ဆိုင်ရာ အကြံပေးကော်မတီ (Advisory Committee on Administrative and Budgetary Questions )မှာ လက်ထောက် အတွင်းရေးမှူးအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမှုထမ်းခဲ့ပြီး ၁၉၇၂ ခုနှစ်မှာတော့ ဘူတန် ဘုရင့်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သုတေသန အရာရှိ လုပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဗြိတိန် နိုင်ငံသား အရှေ့တိုင်းပညာရှင် ဒေါက်တာ မိုက်ကယ် အဲရစ်နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဗိုလ်သိန်းစိန်ဟာ ဗိုလ်ကြီးသိန်းစိန်အဖြစ် ရာထူး တက်လာခဲ့ပါတယ်။
၁၉၈၅-၈၆။ ။ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်က အရှေ့တောင်အာရှလေ့လာရေးစန်တာမှာ ဒေါ်အောင်ဆန်းစုကြည် ဧည့်ပညာရှင်တယောက် အနေနဲ့ တက်ရောက်သင်ကြားခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ လန်ဒန်ကို ပြန်သွားပြီး လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးကျောင်း (School of Oriental and African Studies) မှာ မြန်မာစာပေ ဘာသာရပ်နဲ့ ဘွဲ့လွန် သင်တန်းတက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဦးသိန်းစိန်ဟာ ဗိုလ်မှူးကြီး ဖြစ်လာပါတယ်။ သူ့ရဲ့ စစ်မှုထမ်းကာလတလျှောက်မှာ သူ့ကို တိုက်ခိုက်ရေးသမား တယောက် အဖြစ်ထက် ဗျူရိုကရက်တယောက်လို့ပဲ သဘောထားခြင်းခံခဲ့ရပါတယ်။
မတ်လ ၁၉၈၈။ ။ ကျန်းမာရေး မကောင်းတဲ့ မိခင်ကို ပြုစုဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ကို ပြန်ရောက်လာခဲ့ ပါတယ်။ အဲဒီအချိန် မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတခု ဖြစ်လာဖို့ အစပျိုးနေပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့မှာတော့ ရွှေတိဂုံ ဘုရားအနီးကို စုရုံးရောက်ရှိတာတဲ့ ၅ သိန်း လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ လူစုကြီးကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောခြင်းအားဖြင့် နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ် တပ်က အကြမ်းဖက် အာဏာသိမ်းယူလိုက်ပြီးတော့ နောက် ၆ ရက်အကြာမှာ ဝါရင့် နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တည်ထောင်ခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်က NLD ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။
ဇူလိုင် ၂၀၊ ၁၉၈၉။ ။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ သူရဲ့ ဖခင် ဖြစ်သူနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အာဇာနည်နေ့မှာ တက်ကြွလှုပ်ရှားသူ တွေနဲ့ အတူ ချီတက်ဖို့ ကြိုးစားခဲ့လို့ ဖြစ်ပါတယ်။
အဲဒီနှစ်တွေ အတွင်းမှာ ဦးသိန်းစိန်ကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာရှိတဲ့ တပ်ရင်းတရင်းမှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ ယူဆရပါတယ်။
မေ၂၇၊ ၁၉၉၀။ ။ စစ်အစိုးရက အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်နဲ့ ရှိနေဆဲဖြစ်ပေမယ့် သူရဲ့ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဦးဆောင်တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) လို့ လူသိများတဲ့ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပါဘူး။ အဲဒီအချိန်မှာ ဦးသိန်းစိန်က စစ်အစိုးရ ခေါင်းဆောင်ပိုင်း မှာ ပါဝင်လာခြင်း မရှိသေးပါဘူး။
အောက်တိုဘာ ၁၄၊ ၁၉၉၁။ ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့တဲ့ အတွက် ဒေါ်အောင် ဆန်း စုကြည်ကို နော်ဝေနိုင်ငံက နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေရဆဲပဲဖြစ်ပါတယ်။ တနှစ်ထဲမှာပဲ ဦးသိန်းစိန် က ရန်ကုန် စစ်ရုံးချုပ်ကို စစ်ဦးစီး အရာရှိအဖြစ် ပြောင်းရွှေ့လာခဲ့ပါတယ်။ ဗိုလ်မှူးချုပ် အဖြစ် ရာထူးလည်းတိုးလာပါတယ်။
ဇူလိုင် ၁၀၊ ၁၉၉၅။ ။ ၆နှစ်ကြာ နေအိမ်အကျယ်ချုပ် ကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ သူက စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာ လတော်တော်လေးကြာသွားပြီးတဲ့ နောက်မှာ NLD ပါတီက အမျိုးသား ညီ လာခံကနေ ထွက်လာခဲ့ပါတယ်။ အခြခံဥပဒေရေးဆွဲဖို့ အတွက် စစ်အစိုးရက ဦးဆောင်ပြီး ၁၉၉၃ ခုနှစ်မှာ စတင်ပြုလုပ် ခဲ့တဲ့ အမျိုးသား ညီလာခံရဲ့ လုပ်နည်းလုပ်ဟန်တွေက ဒီမိုကရေစီ မဆန်ဘူးလို့ NLD ကပြောခဲ့ပါတယ်။
၁၉၉၆။ ။ စစ်အစိုးရက ဦးသိန်းစိန်ကို စစ်တပ်မှာ အလွန်အရေးပါတဲ့ နေရာတခုအဖြစ် ယူဆကြတဲ့ ရှမ်းပြည်နယ်က တြိဂံ ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီရာထူးမှာ ၂၀၀၁ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နိုဝင်ဘာ ၉၊ ၁၉၉၆။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးကြည်မောင်တို့ လိုက်ပါလာတဲ့ ယာဉ်တန်းကို ရန်ကုန်မြို့ မှာ ရာနှင့်ချီတဲ့ အမျိုးသားများတွေက သံချိန်းကြိုးတွေ၊ သံတုတ်တွေနဲ့ ကျောက်ခဲတွေ အပါအဝင် လက်နက်မျိုးစုံနဲ့ တိုက်ခိုက် ခဲ့ကြပါတယ်။ ကားမှန်တွေ ကွဲအက်ကြေမွကုန်ပြီးတော့ ဒီတိုက်ခိုက်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းက ပြုလုပ်တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ရဲအဖွဲ့ကို တရားဝင်တိုင်တန်းခဲ့ပြီး အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပေ မယ့် ပြစ်မှုကျူးလွန်သူတွေကို အရေးယူခြင်း မပြုခဲ့ပါဘူး။
နိုဝင်ဘာ ၁၅၊ ၁၉၉၇။ ။ နဝတအဖွဲ့ကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ လို့ အမည်ပြောင်း လိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥက္ကဌအဖြစ်ဆက်လက် ဆောင်ရွက်ပေမယ့် အဖွဲ့ဝင် အပြောင်းအလဲတွေ ရှိ ခဲ့ ပြီး ဗိုလ်ချုပ်သိန်းစိန်လည်း အဖွဲ့ဝင်ဖြစ်လာပါတယ်။
စက်တင်ဘာ ၂၁၊ ၂၀၀၀။ ။ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့သွားဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို အစိုးရက ဖမ်းဆီးခဲ့ပါတယ်။ နောက် ၉လ ကြာတဲ့ အခါ ဦးတင်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ နေအိမ် အကျယ်ချုပ်နဲ့ ဆက်လက်ဖမ်းဆီးထားခဲ့ပါတယ်။
၂၀၀၁။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်သိန်းစိန်ကို စစ်ရုံးချုပ်မှာ စစ်ရေးချုပ် အဖြစ်ခန့်အပ်လိုက်ပါတယ်။ စစ်အစိုး ရ ရဲ့ ထိပ်တန်းစစ်ခေါင်းဆောင် ၁၂ ဦးထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတွင်းလူအဖြစ် ပါဝင်လာခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က စလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကို စစ်အစိုးရအတွင်းမှာ စစ်ရေးထက် နိုင်ငံရေး ခေါင်းဆောင် တယောက်ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တယ်လို့ ယူဆရပါတယ်။
မေ၊ ၂၀၀၂။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနေ့မှာ စစ် အစိုးရက မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းအတွက် စာမျက်နှာသစ်တခု လို့ ကြေ ညာခဲ့ပေမယ့် သူတို့ရဲ့ ကျေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုရော သူ့ကို ပြန်လွှတ်ပေးလိုက်တာကိုရော အထူးတလည် ရည်ညွှန်းပြောဆိုခြင်း မရှိခဲ့ပါဘူး။
မေ၃၀၊ ၂၀၀၃။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ လူတစုက တိုက်ခိုက်ခဲ့ပါ တယ်။ နောက်ပိုင်းမှာ ဒီပဲယင်း အကြမ်းဖက်မှုလို့ အမည်တွင်ခဲ့တဲ့ တိုက်ခိုက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်မှာလည်း စွမ်းအားရှင်လို့ အမည်ရတဲ့ စစ်အစိုးရကဖွဲ့စည်းထားတဲ့ အဖွဲ့တခုနဲ့အတူ ကြံ့ခိုင်ရေး အသင်း လက်သည်တရားခံ အဖြစ် ယူဆခြင်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားက ခက်ခက်ခဲခဲနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ သူ့ကို ချက်ချင်း ထောင်ထဲခေါ်သွားခဲ့ပြီး နောက် ပိုင်း မှာ နေအိမ် အကျယ်ချုပ် ချထားလိုက်ပြန်ပါတယ်။
သြဂုတ်၊ ၂၀၀၃။ ။ ဗိုလ်ချုပ်သိန်းစိန်ကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) အဖြစ် ခန့်အပ်ပြီးတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ်ရာထူးတိုးမြင့်ပေးလိုက်ပါတယ်။ စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ဝန် ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်က စစ်အစိုးရရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ အတိုင်း အခြေခံ ဥပဒေရေးဆွဲနိုင်ဖို့ အတွက် အမျိုး သားညီလာခံကို ပြန်လည်ကျင်းပမယ်လို့ ကျေညာခဲ့ပါတယ်။ အမျိုးသား ညီလာခံကို ကြီးကြပ်ဖို့ ဒုတိယဗိုလ်ချုပ်ကြီး သိန်း စိန်ကို တာဝန်ပေးခဲ့ပါတယ်။
အောက်တိုဘာ၊ ၂၀၀၄။ ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးက ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့နေရာကို အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ အစားထိုးလိုက်ပါတယ်။ ဒီအပြောင်းအလဲမှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်း စိန်က အတွင်းရေးမှူး(၁) ဖြစ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ် အကျယ်ချုပ်နဲ့ ဆက်ရှိနေတုန်းပါပဲ။
၂၀၀၅။ ။ အမျိုးသားညီလာခံကို စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ၁၀၀၀ ကျော်နဲ့ ပြန်လည် ကျင်းပ ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အပါအဝင် တိုင်းပြည်ရဲ့ အဓိကကျတဲ့ တိုင်းရင်းသား လူနည်းစု အဖွဲ့တွေ မပါဝင်ခဲ့ကြပါဘူး။
ဧပြီ၊ ၂၀၀၇။ ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကျန်းမာရေး မကောင်းတဲ့အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန်က ယာယီ ဝန်ကြီးချုပ် တာဝန်ယူရပါတယ်။ စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတါက် ၂၀၀၇ ခုနှစ် သြဂုတ်လမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက လမ်းပေါ်ကိုထွက်ပြီး အစိုး ရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပါတယ်။
စက်တင်ဘာ ၂၁၊ ၂၀၀၇။ ။ နေအိမ် အကျယ်ချုပ်နဲ့ နေထိုင်နေရဆဲဖြစ်ပေမယ့် သူ့အိမ်ရှေ့ကဖြတ်ပြီး ချီတက်သွားကြတဲ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြ သံဃာတွေကို ဒေါ်အောင်ဆန်းစုကြည် ခေတ္တ ဂါရဝပြုခွင့်ရခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန် ရေးလို့ အမည်တွင်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ ပိုမိုကြီးမားကျယ်ပြန့်လာပြီးတော့ စက်တင်ဘာလ နှောင်းပိုင်း ရောက်တဲ့ အခါ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ သံဃာ အများစုပါဝင်တဲ့ ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီး ဖြသ်းခံခဲ့ရပါတယ်။ ဘုန်းတော်ကြီးကျောင်း တ ဒါဇင်ကျော်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းတော်ကြီးတွေ ရိုက် နှက်၊ နှိပ်စက်၊ ထောင်ချခံခဲ့ရပါတယ်။
အောက်တိုဘာ ၂၄၊ ၂၀၀၇။ ။ ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
မေ ၂၊ ၂၀၀၈။ ။ မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ နောက် တပတ်အကြာ မေလ၁၀ရက်နေ့မှာ ပြည်လုံး ကျွတ် ဆန္ဒခံယူ ပွဲကို ကျင်းပခဲ့ပြီး ပြည်သူတွေကို အမျိုးသားညီလာခံက ရေးဆွဲပေးခဲ့တဲ့ အခြေခံ ဥပေဒေကို မဲဆန္ဒပေးခိုင်းခဲ့ပါတယ်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အမျိုးသား သဘာဝဘေးအန္တရယ်ကာကွယ်ရေး ဗဟိုကော်မတီ ဥက္ကဌ အဖြစ် ဦးဆောင်ခဲ့ပါတယ်။ မုန်တိုင်း ပြီးစ အစောပိုင်းကာလတွေမှာ နိုင်ငံတကာရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို အစိုးရ က ပိတ်ပင်တားဆီးခဲ့တဲ့ အတွက် ဝေဖန်မှုတွေခံခဲ့ရပါတယ်။
မေ ၂၇၊ ၂၀၀၈။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ကို နောက်ထပ် ၁နှစ် ထပ်တိုးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်က လို့ တတိယ အကြိမ် သက်တမ်းတိုးခြင်း ဖြစ်ပါတယ်။
၂၀၀၉။ ။ အမေရိကန် နိုင်ငံသား John Yettaw က အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ နေအိမ် အကျယ်ချုပ်ကာလကို နောက်ထပ် ၁၈ လ ထပ်တိုးခဲ့ပါတယ်။
ဧပြီ ၂၄၊ ၂၀၁၀။ ။ စစ်ဖက် ဗိုလ်ချုပ်ကြီး အဖြစ်ကနေ အငြိမ်းစားယူပြီးတော့ ဦးသိန်းစိန်ကပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အသင်းကို အသွင်ပြောင်းလိုက်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌ ဖြစ်လာပါတယ်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက သူ့ကို ပါတီကို ဦးဆောင်ဖို့ ရွေးချယ်ခဲ့တာက အနာဂါတ်သမ္မတလောင်း အဖြစ်လည်း ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပပေးခဲ့ပြီးတော့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ NLD ပါတီနဲ့ တခြား အဓိက အတိုက်အခံ ပါတီတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။ ဦးသိန်းစိန်က နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ်ကနေ ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ နောက် ၆ ရက်ကြာတဲ့ အခါမှာတော့ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါတယ်။
ဖေဖော်ဝါရီ ၄၊ ၂၀၁၁။ ။ ပြည်ထောင်စု လွှတ်တော် သမ္မတရွေးချယ်ရေး အဖွဲ့က ဦးသိန်းစိန်ကို သမ္မတ အဖြစ်ရွေးချယ် လိုက်ပြီးတော့ မတ်လ ၃၀ ရက်နေ့မှာ သူက သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။
သြဂုတ် ၁၈၊ ၂၀၁၁။ ။ ဦးသိန်းစိန် ရဲ့ အစိုးရက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်ခဲ့ပြီး အဖွဲ့ တဒါဇင်ကျော်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
သြဂုတ် ၁၉၊ ၂၀၁၁။ ။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီးတော့ အဲဒီလိုတွေ့ ဆုံရာမှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ တရားဝင်ကျေညာချက်တခု မှာဖော်ပြခဲ့ပါတယ်။
စက်တင်ဘာ ၃၀၊ ၂၀၁၁။ ။ ပြည်သူလူထုရဲ့ ဆန့်ကျင်တောင်းဆိုမှုတွေကြောင့် ဦးသိန်းစိန်က ကချင်ပြည်နယ်က အညင်း ပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ပေးလိုက်ပါတယ်။ ဒီလို ဆုံးဖြတ်မယ်လို့ မမျှော်လင့်ခဲ့ကြတဲ့ မြန်မာပြည်သူ အများ အပြားက ကြိုဆိုခဲ့ကြပါတယ်။
ဇန်နဝါရီ ၁၃၊ ၂၀၁၃။ ။ ဦးသိန်းစိန် အစိုးရက ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်း ဆောင် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ တိုင်း ရင်းသား ခေါင်းဆောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်တွင်းကရော နိုင်ငံ တကာက ပါ ကြိုဆိုခဲ့ကြပါတယ်။
၂၀၁၂။ ။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်လိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ် က နေဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ NLD ပါတီက ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူက အခုလို လွှတ်တော်မှာ ပါဝင်လိုက်တာဟာ အစိုးရကို တရားဝင် ဖြစ်အောင်လုပ်ပေးလိုက်သလိုပဲလို့ ဝေဖန် မှုတွေရှိခဲ့ပါတယ်။
အောက်တိုဘာ ၃၁၊ ၂၀၁၄။ ။ နေပြည်တော်မှာ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု တိယ သမ္မတ ၂ ဦး အပါအဝင် နိုင်ငံရေးက ထိပ်တန်း ခေါင်းဆောင် ၁၄ ဦး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့ သူကိုယ်တိုင်ပါဝင်တဲ့ ၄ ပွင့်ဆိုင် ဆွေး နွေးပွဲပြုလုပ်ဖို့ သမ္မတကို အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ အတွက် ခုလို ပြုလုပ်ပေး ခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုက အကျိုးဖြစ်ထွန်းမှု အနည်းငယ်ပဲ ရှိခဲ့ပါတယ်။
ဧပြီ ၁၀၊ ၂၀၁၅။ ။ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ ၂ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် ဒေါက်တာအေးမောင်တို့ ပါဝင်တဲ့ ၆ပွင့်ဆိုင် ဆွေးနွေးပွဲတခု နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ တိကျရေရာတဲ့ အဖြေ မရရှိခဲ့ပါဘူး။
မေ ၁၉၊ ၂၀၁၅။ ။ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတခု ဖြစ်တဲ့ မဘသ အဖွဲ့က အဆိုပြုလာတဲ့ အငြင်းပွား ဖွယ်ရာ မျိုးစောင့် ဥပဒေ ၄ ခုအနက်က ပထမဆုံး တခုကို ဦးသိန်းစိန်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန် တဲ့ ဥပဒေ ၃ ခုကိုလည်း လက်မှတ်ထိုးခဲ့ပါတယ်။
ဇွန် ၂၅၊ ၂၀၁၅။ ။ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် အများစုနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆန့်ကျင် မဲပေးခဲ့ကြပါတယ်။
သြဂုတ် ၁၂၊ ၂၀၁၅။ ။ ကြံ့ခိုင်ရေးပါတီ ပူးတွဲ ဥက္ကဌရာထူးကနေ သြဇာကြီးတဲ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ သူ့နေရာကို ဦးဌေးဦးနဲ့ အစားထိုးလိုက်ပါတယ်။ ပါတီခေါင်းဆောင်ပိုင်း အပြောင်း အလဲဖြစ်တဲ့ ညက နေပြည်တော်မှာ ရှိတဲ့ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်ကို လုံခြုံရေး အဖွဲ့တွေ ဝိုင်းရံ ထားခဲ့ပါတယ်။
သြဂုတ် ၁၃၊ ၂၀၁၅။ ။ ဦးရွှေမန်း ရာထူးကဖယ်ရှားခံရခြင်းနဲ့ အစိုးရရဲ့ ပြုမူပုံကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ် မသက်မသာ ဖြစ်ခဲ့ရတယ်လို့ NLD ပါတီက ပြောရေးဆိုခွင့် ရှိသူ တဦးကပြောပါတယ်။ ဦးရွှေမန်းကို ဖယ်ရှားခြင်းက ကြံ့ခိုင် ရေးပါတီတွင်းမှာ အက်ကြောင်းတခု ဖြစ်နေတယ်ဆိုတာကို သိသာလာစေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တွင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ အဆင်ပြေတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ခြင်းက အခုလို ဂိုဏ်းကွဲသွားစေတဲ့ အကြောင်းတခုဖြစ်တယ်လို့ ပြောကြပါတယ်။
အောက်တိုဘာ ၁၅၊ ၂၀၁၅။ ။ အစိုးရနဲ့ တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကြားက တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးရာမှာ ဦးသိန်းစိန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါ တယ်။ ဒါပေမယ့် အစိုးရက ချန်လှပ်ထားခဲ့တာကြောင့် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားက လက်မှတ် မထိုးခဲ့ကြပါဘူး။ လက်မှတ်ရေးထိုးပွဲ အခန်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားတာကို ဒေါ်အောင်ဆန်းစုကြည် ကငြင်းပယ်ခဲ့ပါတယ်။