Culture

ကျောက်ဆည် ဆင်လှူပွဲတော် (သို့) မရိုးနိုင်တဲ့ ဆင်ပွဲတော်

This article has been converted from Zawgyi One to Unicode

မြန်မာ့ ဆယ့်နှစ်လရာသီထဲက သီတင်းကျွတ်လရောက်ရင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ဆင်လှူပွဲတော် (ဒါမှမဟုတ်) ဆင်ပွဲတော်ကို တွေ့ရကြားရပါပြီ။ ဆင်ပွဲတော်ကို ရန်ကုန်မြို့ကနေ ၃၅၉ မိုင်၊ မန္တလေးမြို့ကနေ မိုင် ၃၀ ဝေးတဲ့ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့မှာ ကျင်းပတာဖြစ်ပါတယ်။

ကျောက်ဆည်မြို့ဟာ အမြင့် ၉၇၅ ပေ ရှိတဲ့ ရွှေသာလျောင်းတောင်ရဲ့ တောင်ခြေမှာ တည်ထားတဲ့ မြို့ဖြစ်ပြီး အနော်ရထာမင်း တည်ထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အနော်ရထာမင်းကြီးဟာ ကျောက်ဆည်ကို လယ်တွင်း ကိုးခရိုင် အဖြစ် သမုတ်ခဲ့ပြီး မြို့တွင်းမှာ ဇော်ဂျီမြစ်၊ ဇီးတောဆည်၊ မင်းရဲမြောင်း၊ တမုတ်မြောင်း စတဲ့ မြစ် ချောင်းတွေလည်း တည်ရှိပါတယ်။ အနော်ရထာမင်း လက်ထက်က ဆည်မြောင်း တည်ဆောက်ရာမှာ ကျောက်တွေနဲ့ ထုဆစ် ဆောက်လုပ်ရတာကြောင့် ကျောက်ဆည်မြို့လို့ ခေါ်တွင်ကြောင်း ရှေးစကားလည်း ရှိခဲ့ပါတယ်။

သီတင်းကျွတ်လဆန်း ၁၄ ရက် နေ့မှာ ကျောက်ဆည်မြို့တွင်း ရပ်ကွက်တွေနဲ့ အနီးအနား ကျေးရွာတွေက ဆင်ရုပ်တွေ ပြုလုပ်၊ ကခုန်တီးမှုတ်ပြီး မြို့တွင်းကို လှည့်လည်ကြပါတယ်။ ရှေးအခါက တကယ့် သက်ရှိဆင်တွေနဲ့ လှည့်လည်ကြကြောင်း၊ ပြီးတဲ့အခါ တောင်ခြေမှာရှိတဲ့ ရွှေမုဌောစေတီတော်ကို လူငယ်လူရွယ် ကလေးများပါ မကျန် ဖူးမြော်ကန်တော့ ပြီးမှ လူစုခွဲကြကြောင်း မှတ်သားရဖူးပါတယ်။

ဒီပွဲတော်ဟာ အနော်ရထာမင်း လက်ထက်ကနေ စတင်ကျင်းပခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်းထောင်ကျော်ခဲ့ပြီ ဖြစ်ပါ တယ်။ ဆင်ပွဲတော်ရဲ့အစ သမိုင်းကတော့ အနော်ရထာမင်းကြီးဟာ သက္ကရာဇ် ၃၇၉ ခုနှစ်မှာ သီဟိုဠ်ဘုရင် ဓာတုသေ န မင်းထံကနေ ပင့်ဆောင်ရရှိတော် မူခဲ့တဲ့ ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲ အောက်စွယ်တော်နဲ့ စွယ်တော်ပွားများ ကို ဆင်ဖြူတော်ပေါ် တင်လှူ အဓိဌာန်ပြုပြီး လွှတ်တော်မူခဲ့ပါတယ်။

ဆင်ဖြူတော်ဟာ ပုဂံ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ ကျောက်ဆည် ရွှေသာလျောင်းတောင်နဲ့ ခရွှေ တောင် (ပျက္ခရေတောင်) တို့မှာ ဝပ်ခဲ့ပါတယ်။ အနော်ရထာမင်းကြီးဟာ ဆင်ဖြူတော်ဝပ်ခဲ့တဲ့ နေရာ ဌာနတွေမှာ မြတ်စွာဘုရားရဲ့ စွယ်တော်ပွားများကို ဌာပနာပြီး စေတီတော်များ တည်ထားခဲ့ပါတယ်။

အနော်ရထာမင်းကြီးက ဆင်ဖြူတော်ဝပ်ရာမှာ တည်ထားခဲ့တဲ့ ရွှေသာလျောင်းတောင်ပေါ် ဘုရားမှာ ကိုးခရိုင်သူ၊ ခရိုင်သားတွေဟာ နှစ်စဉ် ရတနာဆင်ရုပ်များ လှူဒါန်းခြင်း၊ ဆွမ်းကပ်လှူခြင်း စသည်တို့ ပြုလုပ်လေ့ရှိပြီး လှူဒါန်းသူ များက ကောက်ပဲသီးနှံများ ဖွံ့ဖြိုးပြီး စီးပွားရေး အောင်မြင်ကာ အသက်ရှည်စွာ နေနိုင်စေကြောင်း အဓိဌာန်ပြု ကြပါ တယ်။ အနော်ရထာမင်းကြီး အဓိဌာန်ကြောင့် နှစ်စဉ် ဆင်လှူပွဲတော်မှာ ခရိုင်သူ ခရိုင်သားများ သာမကဘဲ အခြား အနယ်နယ် အရပ်ရပ် ဒေသများကပါ လာရောက် လှူဒါန်း ပူဇော်ကြလေ့ရှိကြောင်း သမိုင်းစကား၊ ရှေးစကားတွေက တဆင့် မှတ်သားရပါတယ်။

ဒီဘက်ခေတ် တွေမှာတော့ ဝါး၊ စက္ကူ၊ ပိတ်စတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်ဆင်တွေနဲ့သာ လှည့်လည်ကပြ လှူဒါန်း ပူဇော်မှု ပြုလုပ်ကြပါတော့တယ်။ ဆင်ရုပ် ပြုလုပ်ရာမှာ ဝါးပိုးဝါးနှီးများ၊ ပိတ်စဘော်ကြယ်များ အသုံးပြုထားတာ တွေ့ ရမှာဖြစ်ပါတယ်။ ရှေ့တယောက် နောက်တယောက် ဝင်ကနိုင်ပြီး အတွင်းမှာ ဝါးလုံးတန်းတခုလည်း ပါရှိပါတယ်။

ယခင်နှစ်တွေက ဆင်အဖွဲ့တွေဟာ ရှိရင်းစွဲ မြန်မာသံသီချင်းတွေနဲ့သာ ကပြဖျော်ဖြေ ပြိုင်ပွဲဝင်လေ့ရှိကြပေမယ့် ဒီဘက် ခေတ်တွေမှာတော့ ကိုယ်ပိုင်မြန်မာသံစဉ် သီချင်းတွေနဲ့လည်း ဖျော်ဖြေလာတာ တွေ့ရပါတယ်။ ဆင်ပွဲနေ့တွေမှာလည်း ဆင်အဖွဲ့တွေက တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင် မြန်မာသံစဉ် အဆိုတော်တွေကို ငှားရမ်းသီဆို ဖျော်ဖြေလာကြပါတယ်။

“ကျနော်တို့က နှစ်တိုင်း ငယ်ငယ်လေး ကတည်းက ကြားနေကျ၊ ကြည့်နေကျ ဆိုပေမယ့် ကိုကြီးကျော်၊ ကိုကြီးကျော် ဆိုတဲ့ သီချင်းကြားတိုင်း ဘယ်တော့မှ မရိုးနိုင်အောင် သွားသွား ကြည့်ဖြစ်ပါတယ်” လို့ မြို့ခံတဦးဖြစ်တဲ့ ကိုဖြိုး (ခ) မဲလုံးက ပြောပြပါတယ်။

ပြိုင်ပွဲဝင် ဆင်တွေမှာလည်း ရိုးရာဆင်၊ အရိုင်းဆင်၊ အလှဆင် (ဘော်ကြယ်ဆင်) စသဖြင့် အမျိုးမျိုးရှိကြောင်း သိရပါ တယ်။ ဆင်အက ပြိုင်ပွဲတွေကိုတော့ မြန်မာ့ဆိုင်းဝိုင်း တဝိုင်းနဲ့အတူ သီတင်းကျွတ်လပြည့် မတိုင်ခင် ၂ ရက်မှာ မြို့တပတ် ကပြ ဖျော်ဖြေပြီး ပြိုင်ပွဲဝင်ကြရ ပါတယ်။

ဆင်ပွဲနေ့ရောက်ရင် အနယ်နယ် အရပ်ရပ်က လာရောက်ကြသူတွေ၊ နိုင်ငံခြားသားတွေ၊ မြို့ခံတွေနဲ့ ကျောက်ဆည်မြို့ ဟာ အထူး စည်းကားလို့ နေတတ်ပါတယ်။ မနက် ၉ နာရီ ကျော်ကျော်လောက်က စတင်ခဲ့တဲ့ ဆင်ပွဲဟာ ည ၁၀ နာရီ နောက်ပိုင်း ပြိုင်ပွဲဝင် ဆင်တွေ ဆုကြေညာပြီးသည်အထိ စည်ကားလျက်ရှိပါတယ်။

ဆင်ပွဲပြီး နောက်တရက် (လပြည့်နေ့) မှာလည်း ဧည့်သည်တွေ၊ ကျောက်ဆည် အနီးအနားကျေးရွာတွေက လူတွေနဲ့ မြို့ခံတွေဟာ ရွှေသာလျောင်း တောင်ပေါ်တက်ပြီး ဘုရားဖူးတာ၊ စတုဒိသာ ကျွေးမွေးတာ စတဲ့ အလှူအတန်းတွေ ပြုလုပ်ကြပါတယ်။ ရှေးယခင်က အဲဒီရက်မှာ လှည့်လည်ကပြ ပူဇော်ပြီးတဲ့ ဆင်တွေကို တောင်ပေါ်တက် စွန့်ပစ် ကြပါတယ်။ နောက်ပိုင်း ခေတ်ကာလ ရွေ့လျားလာပြီး ဆင်တကောင်ရဲ့တန်ဖိုးကလည်း မသေးလှတာကြောင့် ဆင်အဖွဲ့တွေဟာ စွန့်ပစ်ခြင်း မပြုတော့ဘဲ ပြန်လည်သိမ်းဆည်း လာကြပါတယ်။

“ဆင်ပြိုင်ပွဲမှာ အမျိုးအစား ၃ မျိုးရှိတယ်၊ ကလေးဆင်၊ ရိုးရာအကြီးတန်း၊ ဘော်ကြယ်ဆင် ဆိုပြီး ၃ မျိုးရှိတယ်။ ကလေးဆင်ပြိုင်ပွဲမှာ ပထမဆုက ၆ သိန်းရယ်၊ KBZ ဘဏ်က ၆ သိန်းရယ်ဆိုရင် စုစုပေါင်း ၁၂ သိန်းရတယ်။ ရိုးရာ အကြီးတန်း ပထမဆုက ၁၀ သိန်း၊ KBZ ဘဏ်က ထပ်ပေါင်းချီးမြှင့်ငွေ ၁၀ သိန်းရယ်ဆို ပေါင်းရင် သိန်း၂၀၊ ဘော် ကြယ် ပထမက ၈သိန်း၊ KBZ က ၈သိန်းရယ် ပေါင်းရင် ၁၆ သိန်း ဆုချီးမြှင့်တယ်” လို့ ရွှေဇင်မောင် ဆင်အဖွဲ့ တည်ထောင် ထားသူ ဦးစိုးရွှေက ပြောပြပါ တယ်။

ဒိုင် ၁၊ ၂ ရှိရာ ကျောက်ဆည်မြို့မ ဈေးကို ဆင်အဖွဲ့တွေက ၃ ပါတ်ပတ်ပြီး တူရိယာ ၅ မျိုးဖြစ်တဲ့ ဒိုး၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက်ခုပ်တို့နဲ့ အဖွဲ့သားများက မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကြကြောင်း၊ မနှစ်က ပြိုင်ပွဲဝင်ဆင် ၂၃ ကောင် ရှိကြောင်း၊ ကလေးဆင် ၆ ကောင်၊ ရိုးရာအကြီးဆင် ၁၃ ကောင်၊ ဘော်ကြယ်ဆင် ၄ ကောင်တို့ ဖြစ်ကြောင်း ဦးစိုးရွှေက ပြောပြပါတယ်။

လူကြိုက်အများဆုံး ဆင်ကကွက် တခုကတော့ ရိုးရာဆင် (အရိုင်းဆင်) ကို ဆင်ဦးစီးက ချွန်းနဲ့ ယဉ်အောင်ပြုတဲ့ အက ဖြစ်ပါ တယ်။ အရိုင်းဆင်က ဆင်ဦးစီးကို လိုက်လံရန်ပြု၊ ဆင်ဦးစီးကလည်း ရှောင်တိမ်းရင်း ချွန်းနဲ့အုပ်ဖို့ ကြိုးစားရင်း ဗုံ၊ လင်းကွင်း၊ ဝါးလက်ခုပ်၊ နှဲတို့နဲ့ ဝိုင်းတော်သားတွေက တီးမှုတ်ပံ့ပိုးနေပုံကို ကြည့်ရင် အသည်းတယားယား ဖြစ်စရာ ကောင်းလှပါတယ်။

အဲဒီနောက် ဆင်ရိုင်းဟာ ယဉ်သွားပြီး ဆင်ဦးစီးရဲ့အောက် ရောက်သွားပုံ ဆင်ဦးစီးရဲ့ ဦးဆောင်မှုအောက် အယဉ်အကကို မြိုင်မြိုင်ဆိုင်ဆိုင် ပြန်လည် တီးမှုတ်ကြပုံကလည်း အလွန်ကြည့်လို့ ကောင်းပါတယ်။

ဆင်တကောင်ရဲ့ ကာလပေါက်ဈေး တန်ဖိုးက ကလေးဆင်ဆိုရင် ၈ သောင်း၊ ရိုးရာဆင်ဆိုရင် ၁ သိန်းခွဲ၊ ဘော်ကြယ် ဆင်ဆိုရင် ၇ သိန်းကနေ ၁၁ သိန်းအထိ ရှိကြောင်း၊ လက်ရှိ ဆင်ချိုး ပညာရှင်တွေကတော့ ဦးဝင်း၊ ဦးသိန်းနိုင်ဦး၊ ဦးသိန်းအောင်၊ ဦးဇော်ဝင်း၊ ဦးဇော်သင်း၊ ဦးရွှေအိုးတို့ ဖြစ်ကြောင်း ဦးစိုးရွှေက ရှင်းပြပါတယ်။

သက်ကြီး ဆင်တကောင်ဖြစ်တဲ့ နွဲ့ဆိုးဆင်ဟာ သက်တမ်း ၇၀ ရှိပြီဖြစ်ကြောင်း၊ ဖျော်ဖြေရေး သက်သက်သာ ကပြတော့ကြောင်း၊ ရွှေဧရာဆင်ကို ၃ နှစ်ဆက်တိုက် ဒုတိယ၊ တတိယဆုများရရှိအောင် ပြုလုပ်ပေးခဲ့တဲ့ဦးစိုးရွှေက ပြောပြပါတယ်။

သီတင်းကျွတ် ကာလ ရောက်တာနဲ့ အဝေးရောက်နေသူ တော်တော်များများ ဟာလည်း မြို့ကို ပြန်ရောက် လာကြလေ့ရှိပြီး ဆင်ပွဲတော်ကို နွှဲပျော်လေ့ရှိကြပါတယ်။ ဧည့်သည်များ ပါလာရင်လည်း အနီးအနားမှာ ရှိတဲ့ ဆည်တော်နံ ရွှေမုဌော၊ ရွှေဂူကြီး၊ ရွှေသိမ်တော်စတဲ့ တန်ခိုးကြီး ဘုရားများ ဖူးမြော်ဖို့ လိုက်လံပို့ဆောင်ပေးလေ့ ရှိကြပါတယ်။

တကျောင်းတဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုတဲ့အတိုင်း ကျောက်ဆည်မြို့က သီတင်းကျွတ် ဆင်ပွဲတော်ဟာလည်း မြန်မာပြည်ရဲ့ ထူးခြားထင်ရှားတဲ့ ပွဲတပွဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက် ရွှေသာလျောင်း တောင်ခြေ၊ ရွှေမုဌောဘုရားအနီး ကွင်းပြင်မှာ နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့တခုတည်းသော ဆင်ပွဲတော်ကို အရောက် သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Loading