ဆောင်းပါး

ဦးရုက္ခစိုး အကြံကုန်ပြီ

This article has been converted from Zawgyi One to Unicode

မဖြစ် ခံနိုင်ရိုးလား … သူတို့ ရုက္ခစိုးရွေးကောက်ပွဲက နီးလာပြီလေ …။ သူ့ဖာသာ အနီရောင်ကိုသာ အားပေးပါ ပြောမိသော်လည်း အနီတွေ နိုင်သွားမှာ နည်းနည်း ကြောက်နေသည်။ ဒီကြားထဲ ရုပ်ဆိုးဆိုး ရုက္ခစိုးကြီး စိတ်ဆိုးသွားတာကိုလည်း နည်းနည်း လန့်သည်။ အဲဒီ ရုက္ခစိုးကြီးက ကာတွန်းစာအုပ်တွေချည်း ဖတ်နေပေမယ့် ဦးနှောက်က တချိန်လုံး အလုပ်လုပ်နေသူ … ကြောက်ရသည်လေ။ နတ်ငယ်တွေကတော့ အနီရောင်တွေ တကိုယ်လုံး ဆင်ပြီး “ဒေါ်ဒေါ်နိုင်မှ ဖြစ်မယ်” ချည်းသာ အော်နေကြသည်။

အဲဒီတော့ ဦးရုက္ခစိုး ကြံမိကြံရာ ကြံသည့် အနေဖြင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ဖြင့် တိုင်ပင်သည်။ အဲဒီကောင်တွေက ချင်းမိုင်မှာ ကတည်းက ဦးရုက္ခစိုး၏ ရဲဘော် ရဲဘက်များ ဆိုလည်းဟုတ်သည်လေ။

ရုက္ခစိုး။ ။ လုပ်စမ်းပါဦးဟ … အစိမ်းတွေ နိုင်အောင် ဘာလုပ်သင့်သလဲဆိုတာလေး။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် … ရုက္ခစိုးက လူကို ပြန်မေးရတယ်လို့ ကြားလို့မှ မကောင်းဘူး။

ရုက္ခစိုး။ ။ မတတ်နိုင်ဘူးလေ … အကြံကုန် ဂဠုန်ဆားချက် ဆိုသလို ငါ့မှာ ရှိသမျှ ဉာဏ်စိမ်း ဉာဏ်နက်တွေလည်း ကုန်ပြီ။

ကြွက်စုတ်။ ။ ဉာဏ်နီ ဉာဏ်နက် လုပ်ပါ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။ ။ အနီဆိုတာ အသံတောင် မကြားချင်ဘူးကွာ … ။ လုပ်စမ်းပါ … ငါ့ကို အကြံလေးဘာလေး ပေးကြပါဦး။

ဖိုးရှုပ်။ ။ အင်းလေ … အကြံတောင်းတော့လည်း ပေးရတာပေါ့၊ ဒီလိုလုပ် ဦးရုက္ခစိုး … ဆိုင်းဘုတ် အကြီးကြီးတွေ ထောင်ဗျာ … အစိမ်းနိုင်ရင် ဘာပေးမယ် ညာရမယ် … အဲဒီလိုတွေပြော။

ရုက္ခစိုး။ ။ ဘာပေးမယ် … ညာရမယ်က အကြောင်းမဟုတ်ဘူးကွ … နိုင်ပြီးမှ တကယ်မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။ ။ ဒါများ ခက်တာလိုက်လို့ ဦးရုက္ခစိုးရယ်၊ ကျနော်တို့ လူ့ပြည်မှာ လုပ်သလိုပဲ လုပ်ပေါ့။

ရုက္ခစိုး။ ။ ဘယ်လို လုပ်ရမှာလဲဟ။

ကြွက်စုတ်။ ။ ရူးချင်ယောင် ဆောင်ဗျာ … ရူးချင်ယောင် ဆောင်ရတာလောက် လွယ်တာ မရှိဘူး။

ရုက္ခစိုး။ ။ အေးကွာ … ဖြစ်ချင်ရာဖြစ် မင်းတို့ ပေးတဲ့ အကြံအတိုင်း လုပ်မယ်ကွာ။

သို့ဖြင့် ဦးရုက္ခစိုးတို့ အစိမ်းရောင်များသည် အနီရောင်များထက် ကြီးသော ဆိုင်းဘုတ်များ ထူရန် စတင် ကြိုးစားတော့သည်။ သို့သော် … ဆိုင်းဘုတ်များမှာ ကြီးလွန်းလှ သောကြောင့် လည်းကောင်း၊ တွင်းထွက်များ တူးကြ၊ သစ်တောများ ခုတ်ထားကြသောကြောင့်၊ ရေကြီးမြေပြိုထားသောကြောင့် လည်းကောင်း မြေကြီးများမှာ အောက်ခြေ မခိုင်ဘဲ မြေပွများ ဖြစ်နေလေသည်။ သို့ဖြင့် ဦးရုက္ခစိုးတို့ အစိမ်းဆိုင်းဘုတ်ကြီးများ မြေမြိုကာ ထိပ်ပိုင်းလေးသာ ပေါ်နေသည့်ဘဝ ရောက်ရလေတော့၏။

ရုက္ခစိုး။ ။ သွားပြီကွာ … ငါ့ကို ရုပ်ဆိုးရုက္ခစိုးကြီးက ကောတာ ခံရပြီ။ နိမိတ်မကောင်းဘူးတဲ့ … လုပ်ဦးဟ ဖိုးရှုပ်နဲ့ ကြွက်စုတ်။

ဖိုးရှုပ်။ ။ ခက်တာပဲ ဦးရုက္ခစိုးရာ … မြေပျော့မှာ ဆိုင်းဘုတ်သွားထူတော့ မြေမြိုတာခံရတာ နည်းတောင် နည်းသေးတယ်။

ကြွက်စုတ်။ ။ ကဲ ဒါဆို ဒီလိုလုပ်ဗျာ ဦးရုက္ခစိုး။ အခုက သီတင်းကျွတ် ကာလဆိုတော့ အစိမ်းရောင် မီးပုံးပျံ အကြီးကြီး လွှတ်တင်ဗျာ …။

ကြွက်စုတ်။ ။ ဟာ ဟုတ်တယ် ဟုတ်တယ် … မီးပုံပျံ ဆိုတော့ အပေါ်ကို တက်မှာပဲ။ ဒါဆို အစိမ်းက အနီတွေရဲ့ အပေါ်ကို ရောက်သွားပြီပေါ့။ ပြီးရင် အဲဒီအပေါ်မှာလည်း ဦးရုက္ခစိုး ပေးနိုင်နိုင် မပေးနိုင်နိုင်၊ စိတ်ကူးတည့်ရာ ကတိတွေ ရေး။

ဖိုးရှုပ်။ ။ မိုက်တယ် … ဒီအကြံ မိုက်တယ်။ မီးပုံးပံျဆိုတော့ အလင်းရောင်ကိုလည်း ကိုယ်စားပြုတယ်လေ။ အဲဒီတော့ … အစိမ်းရောင် ရုက္ခစိုးများကို မဲပေးရင် လမင်းကြီးကို အမြဲတမ်း ဆယ့်နှစ်ရာသီ သာနေအောင် လင်းနေအောင် လုပ်ပေးမယ်လို့ပါ ထည့်ရေး။ လမိုက်ညဆိုတာ မရှိစေရဘူး ဘာညာသာရကာပေါ့။

ရုက္ခစိုး။ ။ ဟဲ့ကောင် … အဲဒါက ဖြစ်နိုင်ပါ့မလားဟ။ လဆိုတာ ဘယ်လိုလုပ် ဆယ့်နှစ်ရာသီ သာမှာလဲ။

ကြွက်စုတ်။ ။ ဘာဖြစ်လဲဗျာ … လောလောဆယ် မဲရဖို့ လိုရင်းပဲဟာ …။ နိုင်တဲ့အခါကျမှ ရူးချင်ယောင် ဆောင်လိုက်ပါဆို။

ရုက္ခစိုး။ ။ အေးလေ ဒါလည်း မဆိုးပါဘူး။ … လွှတ်မယ်ကွာ … သီတင်းကျွတ်လပြည့် ညမှာကို လွှတ်ဦးမယ်။

သို့ဖြင့်် ဘယ်သူတဦးတယောက်မှ တကြိမ်တခါမှ မမြင်ဖူးသော မီးပုံးပျံကြီးကို ဦးရုက္ခစိုး၏ မဟာတန်ခိုးဖြင့် အပ်ချလောင်း ဖန်ဆင်းကာ လပြည့်ညတွင် လွှတ်တင်ရန် ပြင်ဆင်လေတော့သည်။

လပြည့်ညတွင် ဦးရုက္ခစိုး၏ မီးပုံးပျံ စိမ်းစိမ်းကြီးသည် မိုးပေါ်သို့ တလွင့်လွင့် ပျံတက်လျှက်ရှိလေပြီ … လေထဲဝဲပျံနေသော မီးပုံးပျံကြီးကို ငေးရင်း ဦးရုက္ခစိုး ကြည်နူးလျှက်ရှိ၏။

“လမင်းကြီးကို ဖမ်းပေးထားမှာ အစိမ်းရောင်”

“တလောကလုံးကို အလင်းဆောင်မယ့် အစိမ်းရောင်”

“အစိမ်းရောင်ကို မဲပေးခြင်းဖြင့် အလင်းရောင်ကို အပိုင်သိမ်းပါ”

စသည်ဖြင့် စိတ်ကူးတည့်ရာ ရေးထားသော စာသားများကလည်း အစိမ်းရောင်မီးပုံး ပေါ်တွင် ထင်းထင်းကြီး မြင်သာ ထင်ရှားနေသည်။ လပြည့်ည၏ လရောင်အောက်တွင် အစိမ်းရောင်မီးပုံးကြီး တဖြည်းဖြည်း မိုးပေါ်လွင့်တက်သွားသည်။ ထိုစဉ် …။

ထို … “ထိုစဉ်” သည် … တော်တော်လေး ကိုးယို့ကားယားနိုင်သော “ထိုစဉ်” ဖြစ်သည်။

ဦးရုက္ခစိုး၏ တန်းခိုး ဘယ်နေရာတွင် ချော်သွားသည်မသိ။ မီးပုံးပျံကြီး စတင် မီးလောင်လေတော့သည်။ မီးပုံးပျံကြီးသည် မီးလောင်ရုံဖြင့် အားမရ … လူတို့ကို လျှပ်စစ်ဓာတ်အား ပေးနေသော ဓာတ်အားပေးရုံကြီးပေါ်သို့ ပြုတ်ကျလေတော့၏။ ထိုအခါ … ဖုန်း … ဒိုင်း … ဂွမ်း ဟူသော အသံကြီးသုံးသံ ပေါ်ထွက်လာပြီး တလောကလုံး မှောင်အတိ ကျသွား လေတော့သည်။ လမင်းကြီးကတော့ သာမြဲသာလျှက် … လပြည့်ညပေကိုး …။ အချိန်ကျလျှင် လဆုတ်မြဲဆုတ်ကာ လကွယ်ညက ရောက်လာပေဦးမည် …။

မီးခိုးမှိုင်းများဖြင့် မဲမှောင်နေသော ဦးရုက္ခစိုး ကိုယ်တွင် အစိမ်းရောင်ကို တစတလေမှ ရှာမတွေ့တော့ … ဖိုးရှုပ်နှင့် ကြွက်စုတ်လည်း အကြံကုန်ပြီ … ချက်စရာ ဆားလည်း မရှိတော့။ ဒေါသထွက်နေသော ဦးရုက္ခစိုးကိုကြည့်ကာ ဖိုးရှုပ်နှင့် ကြွက်စုတ် လန့်လာသည်။ ဖိုးရှုပ်က တိုးတိုးလေး ပြောလိုက်၏။ တိုးတိုးပြောကာ ထိုနေရာမှ တခါတည်း လစ်ပြေးကြခြင်း ဖြစ်သည်။

ဖိုးရှုပ်ပြောလိုက်သည့် စကားကတော့ “ဦးရုက္ခစိုး … မင်းသား မလုပ်ရတာနဲ့ ပတ်မကြီးတော့ ထိုးမခွဲလိုက်ပါနော်” ဟူ၏။

(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)

Loading