ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မဲဆန္ဒနယ်များ၌ ရခိုင် အမျိုးသား ပါတီ (ANP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) တို့သည် အဓိက ပြိုင်ဖက်များဖြစ်လာရန် ရှိနေသည်။
ထိုပါတီကြီး ၃ ခုသည် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၌ အင်အား အကြီးဆုံး ပါတီ များလည်း ဖြစ်သည်။ ပါတီကြီး ၃ ခု စလုံးကလည်း မိမိတို့ပါတီကသာ အများစု အနိုင်ရမည်ဟု ယုံကြည်မှု အပြည့် ရှိနေကြ သည်။
ANP ပါတီသည် အမျိုးသားရေး ကဏ္ဍကို ဦးစားပေး၍ ဟောပြောမဲဆွယ်နေပြီး ကြံ့ခိုင်ရေးပါတီကလည်း ငွေအား၊ လူအားသုံး၍ မဲဆွယ်မှုများ အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
NLD ပါတီသည် ရခိုင်ဒေသတွင်း၌ ယခင်က လူကြိုက်များမှုမရှိခဲ့သော်လည်း “ပြောင်းလဲချိန် တန်ပြီ” ဟူသော ဆောင်ပုဒ်ဖြင့် မဲဆွယ်မှုများကြောင့် အပြောင်းအလဲကို လိုလားနေသည့် ပြည်သူများ အကြား မျှော်လင့်ချက် တစုံတရာကို ဖြစ်ပေါ် စေနိုင်သည်ဟု ဆိုကာ ထောက်ခံကြောင်း ရခိုင်ဒေသခံ တချို့က ပြောဆိုကြသည်။
ANP ပါတီ၏ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘရှိန်က “ရခိုင်ပြည်မှာ ရခိုင်သား ပါတီကိုပဲ မဲပေးကြ မှာပေါ့၊ ကျနော်တို့က အများစု အနိုင်ရမှာသေချာပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ANP ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်လောင်းများသည် မိမိတို့ပြည်နယ်၌ မိမိတို့သာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်နေကြသလို ရခိုင်ဒေသခံ အများစုကလည်း မိမိတို့ ရခိုင်ပါတီ (ANP) ကိုသာ မဲပေးကြမည်ဟု ဧရာဝတီ ကို ပြောဆိုကြသည်။
သို့သော် မဲဘယ်နှစ်ပြား ပေးရမည်၊ မည်သို့ပေးရမည် ဆိုသည်ကို အများစုက မသိကြသေးပေ။ ရခိုင်ပါတီကို မဲပေးမည်ဆိုသူတချို့သည် မဲစာရင်း၌ မိမိတို့နာမည် မပါသော်လည်း မဲပေးခွင့်ရမည်ဟု ယူဆနေကြသည်။
ANP ပါတီအပေါ် မထောက်ခံသည့် ရခိုင်ဒေသခံတချို့လည်း ရှိသည်။ ကျောက်ဖြူမြို့နယ် ငလပွေ့ရွာခံ တဦးက ၂၀၁၀ ရွေးကောက် ခံ ရခိုင်ကိုယ်စားလှယ် တချို့သည် ရခိုင်လူမျိုးများ အကျိုးထက် ၎င်းတို့ ကိုယ်ကျိုး စီးပွားကိုသာ ဦးစားပေး လုပ် သွား၍ ၂၀၁၅ တွင် NLD ပါတီကို မဲပေးမည်ဖြစ်ကြောင်း၊ NLD ၏ မူဝါဒများကိုလည်း ကြိုက်သည်ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ်၌ NLD သည် ယခုအခါ လူထု ထောက်ခံမှု အတိုင်းအတာတခုအထိ ရရှိလာပြီဖြစ်ကြောင်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ အမ်း၊ ဂွ စသည့် မြို့နယ်များ၌ အနိုင်ရမည်ဟု ယုံကြည်ကြောင်း NLD ၏ ကျောက်ဖြူမြို့နယ် အတွင်းရေးမှူးနှင့် ပြည်နယ် ကိုယ်စားလှယ်လောင်း ဦးချက်ကြီး က ဧရာဝတီ ကို ပြောသည်။
NLD ပါတီအပေါ် ဝေဖန်ထိုးနှက်မှု အမျိုးမျိုးရှိနေသည့်အတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များ၌ ပြန်လည် ရှင်းပြ ပေးနေရကြောင်း၊ မြို့ပေါ်၌ ထောက်ခံမှု အားနည်းသော်လည်း ကျေးလက်ဒေသများ၌ ထောက်ခံမှု အားကောင်းလာနေကြောင်းလည်း ဦးချက်ကြီး က ပြောဆိုသည်
၎င်းက“ကျနော်တို့ပါတီကို ထောက်ခံသူတွေ များလာနေပါတယ်၊ ၅၀ ရာခိုင်နှုန်းနဲ့ အထက်တော့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်၊ ကျနော်တ့ိုနဲ့ အဓိက ပြိုင်ရမှာကတော့ ANP နဲ့ ကြံ့ခိုင်ရေး ပါတီတို့ပါ”ဟုလည်း ပြောသည်။
ကြံ့ခိုင်ရေးပါတီသည် အာဏာရပါတီဖြစ်ခြင်း၊ ငွေကြေးပြည့်စုံခြင်း တို့ကို အသုံးပြု၍ မဲဆွယ်စည်းရုံးနေသည်ဟု စွပ်စွဲပြောဆိုမှုများသည် မဟုတ်မှန်ကြောင်း၊ ရခိုင်ဒေသရှိ ကိုယ်စားလှယ်လောင်းများအား ပါတီဗဟိုက ကျပ် သိန်း ၃၀ ဝန်းကျင်သာ ထုတ်ပေး သေး ကြောင်း ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူများ က ငြင်းဆိုကြသည်။
ကိုယ်စားလှယ်လောင်း တဦးသည် ကျပ်သိန်း ၁၀၀ သာ အသုံးပြုရမည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသော်လည်း ကြံ့ ခိုင် ရေး ကိုယ်စားလှယ်လောင်းများက ထိုထက် ပိုမိုသုံးစွဲနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။
ကြံ့ခိုင်ရေးပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းဝင်း က“ငွေပေးပြီး မဲဆွယ်နေတယ်ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့ပါတီ ကိုယ်စားလှယ်တွေ အားလုံးက ကော်မရှင် ဥပဒေ အတိုင်းပဲ ဆောင်ရွက်တာပါ”ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်၌ ကြံ့ခိုင်ရေးပါတီအနေဖြင့် ၆၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်ရမည်ဟု ယုံကြည်ထားကြောင်း၊ ၎င်းတို့ပါတီ၏ ပြိုင်ဖက် သည် ANP ဖြစ်ကြောင်းလည်း ဦးသောင်းဝင်း က ဆိုသည်။
ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများသည် ကျေးရွာများ၌ မဲဆွယ်ရာတွင် ၎င်းတို့ပါတီအား မဲပေးပါက လျှပ်စစ်မီး ရရှိရေးနှင့် လမ်းတံတားများ၊ စာသင်ကျောင်းများ ဆောက်ပေးမည်ဟု ပြောဆိုကြောင်း၊ ကျေးရွာတချို့တွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်၍ ငွေပေး မဲဆွယ်မှုများ ရှိနေကြောင်း ရခိုင်ဒေသခံများ က ပြောသည်။
ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ပါဝင်ယှဉ်ပြိုင်မည့် မာန်အောင် မဲဆန္ဒနယ်ရှိ ကျေးရွာတချို့၌ ကြံ့ခိုင်ရေးပါတီက ပျော်ပွဲရွှင် ပွဲများ ပြုလုပ်ပေး၍ မဲဆွယ်မှုများရှိကြောင်း၊ ANP ပါတီသည် ငွေကြေးပေး၍ မဲမဆွယ်သော်လည်း ဒေသခံများ၏ ထောက်ခံမှုကို ရရှိ ထားကြောင်း ANP ၏ မာန်အောင်မြို့နယ် အတွင်းရေးမှူး ဦးသန်းနိုင်ကလည်း ဧရာဝတီ ကို ပြောပြသည်။
ဒေါက်တာ အေးမောင်နှင့် ယှဉ်ပြိုင်ရမည့် ကြံ့ခိုင်ရေးပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသာညွန့်က ငွေပေး၍ မဲဆွယ်မှုမျိုး ပြုလုပ်လေ့ မရှိကြောင်း၊ သို့သော် ရပ်ရွာအရေးအတွက် သာရေး၊ နာရေး၊ ဘာသာရေး ပွဲတော်များပြုလုပ်၍ အကူ အညီ တောင်းခံလာပါက တတ်နိုင်သလောက် ကူညီလှူဒါန်းပေးခြင်းသာ ဖြစ်ကြောင်း ပြောသည်။
ဦးသာညွန့်က“ဥပမာ ပွဲတွေလုပ်ရင် ပိုက်ဆံမလောက်ဘူး၊ တသိန်းလှူပါ၊ ၂ သိန်းလှူပါဆိုရင် လှူပေးတာပါ၊ အရင်တုန်းကလည်းပဲ ဒီလို ကူညီပေးလေ့ရှိပါတယ်၊ အခုမှ လုပ်တာ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။
ဦးသာညွန့်သည် မာန်အောင်ဒေသ၌ ကျောင်းအုပ်ဆရာကြီး လုပ်ခဲ့သူဖြစ်၍ ထောက်ခံမည့်သူ ပိုမိုကြောင်း၊ လက်ရှိတွင်လည်း ပြည် နယ် လွှတ်တော် ၏ ဒု ဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေသူဖြစ်၍ ဒေါက်တာ အေးမောင်အား အနိုင်ရမည်ဟု ယုံကြည်ကြောင်း လည်း ဦးသာညွှန့် က ဆိုသည်။
မာန်အောင် မဲဆန္ဒနယ်၌ ကြံ့ခိုင်ရေး၊ ANP နှင့် NLD ပါတီ တို့ အဓိက ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ထိုပါတီ ၃ ခု စလုံးသည် မာန်အောင် မဲဆန္ဒနယ်၌ အင်အားကောင်း နေကြောင်း သိရသည်။
၂၀၁၀ ၌ ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေများဖြစ်ခဲ့သည့် အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် ယခုအခါ ANP နှင့် NLD တို့သည်လည်း လူထုထောက်ခံမှု ရရှိနေသည့်အတွက် ထိုပါတီများနှင့်ကြံ့ခိုင်ရေးပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု ဒေသ ခံများ က ဧရာဝတီ ကို ပြောပြသည်။
အမ်းမြို့နယ်၌ အဓိက ယှဉ်ပြိုင်ရမည့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို လုံး၀ အနိုင်ရမည်ဟု ပြိုင်ဘက်ဖြစ်သူ ANP ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှရီကလည်း ဧရာဝတီ ကို ပြောသည်။
အမ်း ဒေသခံများကလည်း ANP ၊ NLD နှင့် ချင်းအမျိုးသား ဒီမိုကရေစီ ပါတီတို့ကိုသာ မဲပေးကြမည်ဟု ဧရာဝတီကို ပြောဆို ကြ သည်။
အမ်းမြို့ဒေသခံ ဦးစံလှကျော်က “ကျနော်က ANP နဲ့ NLD နှစ်ခုမှာ တခုကို ပေးဖို့ရှိတယ်”ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီသည် ကျောက်ဖြူမြို့၌ နိုဝင်ဘာလ ၂ ရက်နေ့က လူထုတွေ့ဆုံပွဲ တခု ပြုလုပ်ခဲ့ရာတွင်လည်း အများ၏ ဝေဖန်မှုကို ခံနေရသည်။
လူထုတွေ့ဆုံပွဲသို့ မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားက ဒေသခံများအား ခရီးစရိတ်၊ စားစရိတ်များပေး၍ ခေါ်ယူခြင်း ဖြစ်ကြောင်း၊ ခေါ်ယူရာတွင်လည်း လူထုတွေ့ဆုံပွဲဟု မပြောဆိုဘဲ ရုပ်ရှင်မင်းသား နေတိုး လာရောက်ဖျော်ဖြေမည်ဟု ပြောဆိုကာ ခေါ်ယူခြင်း ဖြစ်ကြောင်း ရွှေညိုမ ကျေးရွာသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက“မင်းသားနေတိုး လာမယ်ဆိုတော့ ရွာကလူတွေက ရွာလုံးကျွတ် လိုက်လာကြတာ၊ ဒီရောက်တော့ နေတိုးလည်း မတွေ့ရဘဲ အဝတ်အစား မလုံမခြုံဝတ်ထားတဲ့ အမျိုးသမီးတွေက ဖျော်ဖြေတာပဲ နားထောင်ခဲ့ရတယ်၊ ထမင်းဖိုးက ကျပ် ၁၀၀၀ စီ ရကြတယ်၊ ခရီးစရိတ်ကတော့ အခမဲ့ ပို့ဆောင်းပေးတာပါ”ဟု ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ကျောက်ဖြူလူထု တွေ့ဆုံပွဲသို့ လူမှုကွန်ရက် စာမျက်နှာများ၌ နာမည်ကြီးနေသူ ဇွန်သဉ္ဖာ အပါအဝင် အနုပညာရှင် တချို့က ဖျော်ဖြေခဲ့ကြသည့်အတွက်လည်း လူမှုကွန်ရက်၌ ဝေဖန်ခံနေရသည်။
ကျောက်ဖြူမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသောင်းဝင်းက“ဝေဖန်သူတွေကတော့ ဘာပဲ လုပ်လုပ်ဝေဖန်ကြမှာပါ၊ ကျနော်တို့က အဆင်ပြေတဲ့သူကို ခေါ်ပြီး ပြည်သူတွေကို ဖျော်ဖြေပေးတာပါ”ဟု ဆိုသည်။
ကျောက်ဖြူမြို့ လူထု တွေ့ဆုံပွဲသို့ တက်ရောက်လာသော ကြံ့ခိုင်ရေးပါတီဝင် တဦးက“ကျနော်က ကြံ့ခိုင်ရေး ပါတီဝင်ပါ၊ ရွာမှာလည်း ကြံ့ခိုင်ရေး ခေါင်းဆောင်ပါ၊ ဒါပေမယ့် ကြံ့ခိုင်ရေးကို မဲမပေးပါဘူး၊ ANP ကိုပဲ ပေးမယ်၊ ဒီပွဲကိုလာတာလည်း ဒေါ်အောင် ဆန်း စုကြည် ပြောသလို ပေးတာယူ၊ ကျွေးတာစားပြီး၊ မဲပေးရင် ကိုယ်ကြိုက်တာ ပေးမယ် ဆိုပြီးလာတာပါ”ဟု ပြောဆိုသည်။
ရခိုင်ဒေသခံများက အဆိုအရ ရခိုင်ပြည်နယ်၌ လူကြိုက်အများဆုံးပါတီသည် ANP ဖြစ်ပြီး၊ NLD သည် ဒုတိယနှင့် ကြံ့ခိုင်ရေးပါတီ သည် လူကြိုက်မှု အဆင့် ၃ တွင် ရှိသည်ဟု ပြောဆိုကြသည်။ တခြားနိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအား စိတ်စားမှု နည်းပါးကြသည်။
ရခိုင်ပြည်နယ်၌ နိုင်ငံရေးပါတီ ၂၀ ဝန်းကျင်မှ ကိုယ်စားလှယ်လောင်း ၃၀၀ ကျော်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅၀ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်၍ မည်သည့် နိုင်ငံရေးပါတီမှ အပြတ်အသတ် အနိုင်ရနိုင်ဖွယ် မရှိကြောင်း ရခိုင်ဒေသတွင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများက ပြောဆိုသည်။