ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပိုင်းမျှသာ လိုပါတော့တယ်။ အသံဗလံပေါင်းစုံ၊ အရှုပ်အထွေး ပေါင်းစုံနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးရဲ့ ၃၀ ရာခိုင်နှုန်းသာ အာမခံပါသည် ဆိုတဲ့ ရွေးကောက်ပွဲကြီး လာပါတော့မယ်။ လက်ခုပ်ထဲက ရေလို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်လို့ရတယ် ဆိုတာကိုလည်း ရွေး/ကော် ဥက္ကဋ္ဌ ကြီးက အောက်တိုဘာ ၁၃ ရက်က လုပ်ပြခဲ့ပါသေးတယ်။
၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း တပ်မတော်က ဦးစီးကျင်းပတဲ့ ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲလည်း ဖြစ်တာမို့ နိုင်ငံတကာက စောင့်ကြည့် စိတ်ဝင်စား နေကြပါတယ်။ ပထမအကြိမ် ၂၀၁၀ တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ကာလ ဖြစ်နေတာမို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။
စာရေးဆရာ ကဗျာဆရာအောင်ဒင် ရေးသားပြီး ခေတ်ပြတိုက်စာပေက ထုတ်ဝေတဲ့ လူကြိုက်နည်းတဲ့ ရွေးကောက်ပွဲ ဆိုတဲ့ ဆောင်းပါးရှည် (7Day News ဂျာနယ်၊ သတင်းစာနဲ့ Tomorrow သတင်းဂျာနယ်တွေမှာ ရေးသားခဲ့) ၄ ပုဒ် ပါဝင်တဲ့ စာအုပ် ထွက်ရှိလို့လာပါတယ်။
“လက်ရှိ အခြေအနေမှာ မြန်မာအစိုးရ ခေါင်းဆောင်များကိုယ်တိုင်က ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး ယဉ်ကျေးမှု တရပ်’ ကို အုတ်မြစ်ချနေပါတယ် ဆိုပြီး ပြည်တွင်းဒီမိုကရေစီအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေး နေပါတယ်။ ဒါပေမယ့် ဒိုင်ယာလော့ တွေက ဘက်နှစ်ဖက် တန်းတူညီမျှ ဆွေးနွေးကြတဲ့ ဒိုင်ယာလော့ မဟုတ်ပါ” (စာ – ၂၈)
“ရွေးကောက်ပွဲ အသစ်တခုကို မလွဲမသွေ ဖြတ်သန်းရတော့မယ့် ၂၀၁၅ ခုနှစ်မှာ လွှတ်တော်အသစ်နဲ့ အစိုးရ အသစ်ကို ပြန်လည် ရွေးချယ်ခါနီးမှာ အာဏာရှိသူများက ‘အာဏာဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး’ နဲ့ အတိုက်အခံများက ‘အာဏာ ရရှိရေး’ ဆိုတဲ့ အပြိုင်အဆိုင် ရည်မှန်းချက် နှစ်ခုကြောင့် နှစ်ဖက် ပဋိပက္ခတွေ ပိုများပြီး သဘာဝကျကျ နှေးကွေးလာခြင်း ဖြစ်တယ် လို့ မြင်ပါတယ်” (စာ – ၃၉)
တပ်မတော်ကနေ အသွင်ပြောင်းလာတဲ့ လက်ရှိအစိုးရဟာ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ ကျောင်းသားများ၊ တောင်သူများ လက်နက်ကိုင် တိုင်းရင်းသားများအပေါ် ကိုင်တွယ်ဖြေရှင်းနေပုံက သဘာဝကျကျ မရှိပါ ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပေါင်းစုံနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ခြင်း မရှိသေးပါဘူး။ မြေသိမ်း ယာသိမ်း ကိစ္စများနဲ့ ပညာရေး သပိတ်မှောက် ကျောင်းသားများကို ပုဒ်မ မျိုးစုံနဲ့ ဖမ်းဆီး အကျဉ်းချ ထားဆဲ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ လုံးဝ မရှိဖို့ အတွက် အဓိကဆောင်ရွက်ရမှာက ၃ ခု ရှိပါတယ်။
(၁) လက်ရှိ ပြစ်ဒဏ် ချထားတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတာ၊
(၂) တရားရုံးမှာ နိုင်ငံတော်က တရားလို အဖြစ်နဲ့ ရုံးတင်တရားစွဲထားတဲ့ အမှုများကို အစိုးရဘက်က အမှုရုပ်သိမ်းပြီး တရားစွဲဆိုခံရသူ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားသူများ၊ ကျောင်းသားများကို ပြန်လွှတ်ပေးတာ၊
(၃) နိုင်ငံရေး လှုပ်ရှားမှုများကို ထိန်းချုပ်ပြစ်ဒဏ်ပေးဖို့ ရည်ရွယ် ဖန်တီး ထားတဲ့ တည်ဆဲဥပဒေများကို ဖျက်သိမ်းတာ၊ (သို့မဟုတ်) ပြင်ဆင်တာဖြစ်ပါတယ်။
ဒီ (၃) ခုမှာ နံပါတ် ၁ နဲ့ ၂ က နိုင်ငံတော် သမ္မတက ဆောင်ရွက်နိုင်ပြီး နံပါတ် ၃ ကတော့ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမှာပါ” (စာ – ၈၁)
နိုင်ငံတကာကိုလည်း အဲဒီ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးပြ၊ ဖြေရှင်းချက် အမျိုးမျိုး ထုတ်နေရပါတယ်။ အဲဒီလို အခြေအနေတွေမှာ ရွေးကောက်ပွဲရက်ကို အတည်ပြု ကြေညာလိုက် ပြန်ပါတယ်။ မဲစာရင်းတွေ ထွက်လာတဲ့ အခါမှာလည်း မွေးသက္ကရာဇ် မှားတာက ထားဦး၊ သေသူ အမည်ပါလို့ပါ၊ ရှင်လျက် မပါလာသူက မပါ။ နောက်ဆုံး ကြားလိုက်ရတာက တောင်ဥက္ကလာမှာ မဲစာရင်းလူဦးရေ ၈ သောင်းကျော် ပိုနေပါတယ် တဲ့။
“ထိပ်ဆုံးက အာဏာပိုင်များက အောက်ခြေကို အဆင့်ဆင့် ချမှတ်ပေးတဲ့ အပြောင်းအလဲမျိုးထက် လူ့အဖွဲ့ အစည်းရဲ့ အခြေခံ အကျဆုံး ပြည်သူများကနေ အထက်ကို ပြန်လှန်ပြောင်းလဲတဲ့ အပြောင်းအလဲမျိုးကို ဦးစားပေးသင့်ပါတယ်” (စာ – ၅၂)
“ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်း အများစုဟာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့၊ မဲစာရင်း ရေတွက်ချိန်မှာ ထောက်ခံမဲ အများစုနဲ့အနိုင်ရခဲ့ ကြပြီး နောက်တစ်နေ့မှာ ဘယ်က ရောက်လာမှန်း မသိတဲ့ ကြိုတင်မဲ တွေကြောင့် ရှုံးနိမ့်ခဲ့ရတာကို သတိရနေကြဆဲပါ” ကြိုတင်မဲ ပြဿနာနှင့် လူထု၏ အခန်းကဏ္ဍ (စာ – ၆၁)
ဒီကြားထဲ အမှားယွင်းများစွာနဲ့ ရွေးကောက်ပွဲကို ဘာသာရေးမှိုင်း အတိုက်ခံလိုက်ရသေးပါတယ်။ မျိုးစောင့် ဥပဒေ အောင်ပွဲခံ မဘသ ကိုယ်တော်များကလည်း ရွေးကောက်ပွဲထဲ ဝင်ပါလာပြီး ဟိုပါတီက ဟိုလူမျိုးတွေ ပါသမို့ ဟိုပါတီကို မဲပေးရင် ဟိုနိုင်ငံ ဖြစ်သွားမယ် စသဖြင့် ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတွေ သွင်းလာတာ တွေ့နေကြားနေရပါတယ်။
“မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အရင်အစိုးရများ လက်ထက်မှာလည်း အကြိမ်များစွာ ဖြစ်ခဲ့လို့ အသက်ပေါင်းများစွာ ဆုံးရှုံးပြီး အိုးအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရ ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်က စတင်ပြီး တနိုင်ငံလုံး မြို့ကြီးတချို့မှာ ပျံ့နှံ့ဖြစ်ပေါ် ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ကြောင့်လည်း အသက်အိုးအိမ်တွေ၊ ဘဝတွေ ဆုံးရှုံးရပါတယ်။ ပိုပြီးဆိုးတာက ဗုဒ္ဓဘာသာဝင် လူများစုက အစ္စလမ် ဘာသာဝင်လူနည်းစုကို အနိုင်ကျင့် တိုက်ခိုက်နေတယ် လို့ ကမ္ဘာ့နိုင်ငံများက ထင်မြင်ယူဆကြပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းခဲ့ရပါတယ်” (စာ – ၈၅)
ဥပဒေတွေ ရှိပါလျက် ဥပဒေဘေးထားပြီး လက်နက်များနဲ့ ဖြေရှင်း၊ ဘာသာမတူ ကိုးကွယ်ရာ မတူတာတခုနဲ့ သတ်ကြ ဖြတ်ကြတာဟာ တမင်အကွက်ကျကျ မှိုင်းတိုက်ပေးသူရှိလို့သာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲ အနိုင်ရပြီး တက်လာ မယ့် အစိုးရသစ်ကရော ဒီခေတ် အဆက်ဆက်က မီးကို ငြိမ်းနိုင်ပါ့မလား။ အဲဒီလို မှိုင်းတိုက် ဦးဆောင်ကြသူများကို အရေးယူ အပြစ်ပေးနိုင်ပါ့မလား။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အင်နဲ့အားနဲ့ ဆက်လက် အကောင်အထည်ဖော်မယ့် ပြည်သူ့ ကိုယ်စားလှယ် အစစ်အမှန်တွေကို ပြည်သူလူထုက မှန်မှန်ကန်ကန် ရွေးချယ် တင်မြှောက်နိုင်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲကြီးဟာ လွတ်လပ်၊ သန့်ရှင်း၊ မျှတဖို့ အထူး လိုအပ်ပါတယ်” (စာ – ၁၂၄)
အဲ့ဒီလို သန့်ရှင်းမျှတ လွတ်လပ်မှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ ဘာတွေပြင်ဆင် ပြုလုပ်ထားသင့်သလဲ ဆိုတာကို အဆင့် ၆ ဆင့် ခွဲပြီး ဆွေးနွေးထားပါတယ်။
အဆင့် (၁) ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လှုပ်ရှားမှု စတင်ခြင်း၊ အဆင့် (၂) ပြင်ဆင်ခြင်း၊ (၃) ရွေးကောက်ပွဲ မကျင်းပမီ အခြေအနေကို စောင့်ကြည့်လေ့လာခြင်း၊ (၄) မဲဆွယ်စည်းရုံးရေး ကာလကို စောင့်ကြည့် လေ့လာခြင်း၊ (၅) ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်လေ့လာခြင်း၊ (၆) ရွေးကောက်ပွဲအပြီး အခြေအနေလေ့လာခြင်း စတဲ့ ခေါင်းစဉ်ကြီးများခွဲကာ ဆွေးနွေး ထားတာကိုလည်း တွေ့ရပါတယ်။ (စာ – ၁၃၈ မှ ၁၆၅)
ကျနော်တို့ မြန်မာနိုင်ငံဟာ တပါတီအာဏာရှင် စနစ်အောက် တကြိမ်၊ စစ်တပ်အုပ်စိုးမှု အောက်တကြိမ် နှစ်ပေါင်း ၆၀ နီးပါး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျခဲ့ပြီး လူနည်းစု အာဏာကိုင်ထား သူတွေသာ တသက် စားမကုန်အောင် ကြွယ်ဝချမ်းသာနေတာ လူတိုင်းအသိ ဖြစ်ပါတယ်။
ခုရွေးကောက်ပွဲဟာ အဲဒီ လူတန်းစားကို အလုံးစုံ ဖယ်ရှားဖို့ မဖြစ်နိုင်သေးပေမယ့် ဒီမိုကရေစီ အခြေခံအုတ်မြစ် ဖြစ်ဖို့ကတော့ မျှော်လင့်ကြရတာပါပဲ။
“ပြည်သူလူထုဟာ အစိုးရရဲ့ ရန်သူ မဖြစ်သင့်ပါ။ မဟာမိတ်များသာ ဖြစ်သင့်ပါတယ်။ စစ်အစိုးရ ဟောင်းများရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်း ဆက်ခံထားတဲ့ ဦးသိန်းစိန်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ မသဲကွဲမှု၊ မကြည်ဖြူ မှုကို သဘာဝကျကျ အသိအမှတ်ပြု လက်ခံရင်း ပြည်သူလူထုရဲ့ ကြည်ဖြူနားလည်မှုကို လက်ခံရရှိအောင် ပြည်သူ အကျိုးပြု လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်၊ ပြည်သူလူထုအပေါ် အစွမ်းကုန် သည်းခံ စိတ်ရှည်ပြီး မှန်ကန် ဖြောင့်မတ်သော နည်းလမ်းများနဲ့ စည်းရုံး ခေါ်ဆောင်သင့်ပါတယ်” (စာ – ၁၈၃)
ဆွေမျိုးသားချင်း သူငယ်ချင်းများကြားမှာ ချစ်ကိုကို၊ ကဗျာရေးဖော်တွေ ကြားမှာ ကဗျာဆရာဒတ္တ၊ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်သူများ ကြားမှာ အောင်ဒင် စသဖြင့် နာမည်သုံးမျိုးနဲ့ ဘဝသုံးခုကို ဖြတ်သန်းနေတဲ့ စာရေး ဆရာ အောင်ဒင်ရဲ့ အယူအဆ အမြင်တွေကို မကြိုက်ပိုင်ခွင့်လည်း ရှိပါတယ်။ သို့ပေမယ့် ပြည်သူလူထုသို့ ချပြခွင့်ကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့် သူ့ရဲ့ အခွင့်အရေးဟု ဆိုလိုက်ရပါကြောင်း။
ဒီဆောင်းပါး ရေးနေစဉ်မှာပဲ ကော်မရှင် ဥက္ကဋ္ဌကြီးက အောက်တိုဘာ ၁၃ ရက်နေ့မှာ ရွေးကောက်ပွဲရက်ရွှေ့ဖို့ စကားစပစ် လိုက်ပါပြီ။ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ပြုလုပ်လိုက်တာကြောင့် ပြည်သူများအကြား အံ့သြ ထိတ်လန့်မှု မဖြစ်ဘဲ “ထင်တဲ့ အတိုင်းပဲ” ဆိုတဲ့ မှတ်ချက်လေးတွေ ပြန်ကြားခဲ့ရတာပါပဲ။ လူကြိုက်နည်းစေတဲ့ အချက်ထဲက တချက်ပါပဲ။
ဘာပဲဖြစ်ဖြစ် အခု ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ လူကြိုက်နည်းခြင်း များခြင်းထက် လွတ်လပ်မျှတ သန့်ရှင်း မှန်ကန်ခဲ့မယ် ဆိုရင်တော့ နှစ်ပေါင်းများစွာ ပြည်သူလူထုထံ ကြွေးတင်ခဲ့တဲ့ စစ်တပ်တပိုင်း အစိုးရရဲ့ ဂုဏ်သိက္ခာ ဆယ်ယူရာလည်း ကျတာမို့ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ လူကြိုက်များလာဖွယ် ရှိနိုင်ပါ ကြောင်း၊ အဲဒီလိုမှ မဟုတ်ရင်တော့….။