Culture

လွမ်းသူတွေ ပျော်ကြတဲ့ပွဲ

This article has been converted from Zawgyi One to Unicode

အမေရိကားရောက် စာရေးဆရာ မောင်စွမ်းရည် မြန်မာပြည် ပြန်ရောက်နေတယ်ဆိုတဲ့ သတင်းက စာချစ်သူ တွေကြားမှာ တောမီးပမာ ပျံ့နေတယ်။ ဆရာမောင်စွမ်းရည် ရန်ကုန်ရောက်နေပြီး မန္တလေးနဲ့ ဇာတိမြင်းခြံဒေသကို သွား မယ်ဆိုတဲ့ သတင်းကြားကတည်းက မန္တလေးကစာရေးဆရာတွေ တွေ့ချင်ဇောနဲ့ လည်ပင်းရှည် မျှော်နေကြပြီ။

နိုဝင်ဘာ ၃ ရက် ညပိုင်းမှာ အမေလူထုဒေါ်အမာရဲ့သား စာရေးဆရာညီပုလေးက ဆရာမောင်စွမ်းရည် မနက်ဖြန် မနက် မှာ လူထုစာကြည့်တိုက်မှာ ရောက်ဖို့ရှိကြောင်း အွန်လိုင်းက တဆင့် သတင်းစကားပါးတယ်။ ကျနော် လာခဲ့မယ်ဆိုတဲ့ အကြောင်း လက်မထောင်ပြလိုက်တယ်။ ဆရာမောင်စွမ်းရည် ပြည်တွင်းမှာ နေထိုင်စဉ်က ဆရာတော်ဦးပညာရဲ့အမရပူရ တောင်လေးလုံးကျောင်းမှာ ကျင်းပတဲ့ အမေလူထုဒေါ်အမာ မွေးနေ့တိုင်းကို နှစ်စဉ်မပြတ် တက်ရောက်ခဲ့တယ်။

အဲဒီတုန်းကတော့ ဆရာမောင်စွမ်းရည် အပါအဝင် မန္တလေးတက္ကသိုလ်ထွက် ကဗျာတပ်မှူးကြီး လေးဦးစလုံး စုံစုံညီညီ တက်ရောက်ခဲ့တဲ့ကာလတွေ ဖြစ်တယ်။ တပ်မှူးကြီးလေးဦးက တင်မိုး၊ မောင်စွမ်းရည် ၊ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ် ရည်)တို့ဖြစ်ကြတယ်။ အခုချိန်မှာတော့ ကဗျာတပ်မှူးကြီး လေးဦးထဲက ဆရာ (ဦး) တင်မိုးက အမေရိကားမှာ ခေါင်းချ သွားသလို ဆရာ(ဦး)ကြည်အောင်လည်း မရှိရှာတော့ဘူး။ တပ်မှူး နှစ်ယောက် ကျန်တဲ့အထဲမှာ တယောက်က အမေရိ ကားမှာ ကျန်တယောက်က ပြည်တွင်းမှာ၊ အနေဝေးနေတဲ့ ကျောင်းနေဖက်ကဗျာဆရာနှစ်ယောက် တွေ့ဆုံမယ့် ပွဲကို ကျနော် စိတ်ဝင်စားတယ်။

၁၉၆၀ခုနှစ် ဝန်းကျင်ကာလတွေမှာ မန်းတက္ကသိုလ် ကျောင်းသားတွေက အညာကဗျာရွှေခေတ်ကိုဖော်ဆောင်ခဲ့ကြတယ်။ ၁၉၅၉ခုနှစ်မှာ ဆရာတင်မိုး ရဲ့ ဖန်မီးအိမ် ကဗျာကစလို့ စာပေဆုတွေကို အညာသား ကဗျာဆရာတွေ ဆက်တိုက် သိမ်း ကြုံး ဆွတ်ခူးနိုင်ခဲ့တယ်။ ဆရာကြည်အောင်က လမင်းတရာ ကဗျာများနဲ့ ဆုရတယ်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်) က လမ်းသစ်နဲ့ ကဗျာဆုရပြန်တယ်။ ဆရာမောင်စွမ်းရည်က အနီနဲ့အပြာဆိုတဲ့ ကဗျာစာအုပ်နဲ့ ဆုရရှိခဲ့တယ်။ စာပေ ကောင်း ကင်မှာ အညာကြယ်တံခွန်ကြီးတွေ လင်းလက်ခဲ့တဲ့ ရွှေရောင်နှစ်ကာလတွေပေါ့။

နိုဝင်ဘာ ၄ ရက် မနက် ၁၁း၃၀ နာရီလောက်မှာ လူထုစာကြည့်တိုက်ကို ကျနော်ရောက်အောင် သွားတယ်။ စာကြည့် တိုက်ရှေ့မှာ ဆရာမောင်စွမ်းရည်ကို ချစ်ခင်လေးစားကြသူတွေ အစုလိုက်အပြုံလိုက် တွေ့ရတယ်။ ဒီနေ့ပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်တဲ့သူအချို့ကလွဲရင် မင်းပေါင်းစုံတဲ့ပွဲလို့ ဆိုနိုင်တယ်။

ဆရာမောင်စွမ်းရည် ရဲ့လုပ်ဆောင်ချက်တွေက မြန်မာစာပေနယ်မှာ ထင်ရှားတယ်။ ပုဂံ စာအုပ်တိုက်ထုတ် မန္တလေးမြို့ရဲ့ နံနက်ခင်း၊ လူထုကြီးပွားရေးတိုက်ထုတ် အမေ့ခေါ်သံ ကဗျာများတို့က ဆရာစွမ်းကို ကဗျာလမ်းမှာ သွားလမ်းဖြောင့်စေ ခဲ့တယ်။ ဆရာ (ဦး) ကြည်အောင်နဲ့ တွဲဖက်ပြီး စိတ္တ ကဗျာများကိုလည်း ထုတ်ဝေခဲ့ကြပါသေးတယ်။

ကဗျာနယ်ပယ်မှာသာမက ဝေဖန်ရေးမှာလည်း “ ပြည်သူ့ရှုဒေါင့် စာအုပ်ဝေဖန်ချက်များ”၊ “ဗမာစာပေ ဘာလဲ၊ ဘယ်လဲ” စာအုပ်တွေက စာပေလောကမှာ တဝုန်းဝုန်းတိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းတွေဖြစ်တယ်။

အဲဒီခေတ် အဲဒီအခါက ခေတ်စားခဲ့တဲ့ ဆိုရှယ်လစ်ပေတံနဲ့ ဇလုတ်တိုက်ပြီး ဆရာမောင်စွမ်းရည်က ဝေဖန်ခဲ့တာဖြစ်တယ်။ (ချီးကျူးသံ ကဲ့ရဲ့သံ သောသောညံခဲ့ပြန်တယ်) ပြည်သူ့ဘ၀ ဘယ်လောက်ထင်ဟပ်စေသလဲ။ ပြည်သူကို ဘယ်လောက် အကျိုးပြုသလဲစတဲ့ စံတွေနဲ့ စရွေး ကိုက်မကိုက် ဝေဖန်ခဲ့တာပါ။

သူကိုင်စွဲတဲ့ ပေတံအတိုင်း သူကိုယ်တိုင်လည်း ခေတ်အဆက်ဆက် ပြည်သူ့ဘက်တော်သားအဖြစ်သာ ရပ်တည်ခဲ့တယ်။ နံ့သာသူခိုးနှင့် အခြားဝတ္ထုတိုများလို စာအုပ်တွေလည်း ဆရာမောင်စွမ်းရည် ရေးခဲ့ပါသေးတယ်။ ဟိုချီမင်းရဲ့အကျဉ်း ထောင်ထဲက ပုလွေသံလို ကဗျာတွေလည်း ဘာသာပြန်ခဲ့တာတွေ ရှိတယ်။ အမေရိကားရောက်ပါမှ နိုင်ငံရေး ဆောင်းပါး တွေလည်း လက်စောင်းထက်ထက် ရေးခဲ့ပြန်တယ်။ ဆရာ မောင်စွမ်းရည်က စာစုံရေးနိုင်တဲ့ စာရေးကောင်းသူ တယောက် အသေအချာဖြစ်တယ်။

နေ့လယ် ၁၂း၀၀ နာရီထိုးခါနီးတော့ ဆရာမောင်စွမ်းရည် ရောက်တော့မယ်ဆိုတဲ့ သတင်းစကားကို စာရေးဆရာ ညီပု လေးက စာကြည့်တိုက်နားမှာ ရှိနေသူတွေ အားလုံးကြားအောင် အော်ပြောတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ကားဖြူလေး တစီး စာကြည့်တိုက်ရှေ့ ထိုးဆိုက်လာတယ်။
အသက် ၈၀ ဝန်းကျင် အဖိုးကြီးတဦး ကားပေါ်က ဖြည်းဖြည်းချင်း ဆင်းလာတယ်။ ပင်နီအကျႌ စတစ်ကော်လံ လက်ရှည် ဝတ်ဆင်ထားတယ်။ စာရေးဆရာ သိုက်ထွန်းသက်နဲ့ ညီပုလေးတို့က ဆရာမောင်စွမ်းရည်ကို စာကြည့်တိုက်ထဲ ရောက် အောင် တွဲခေါ်လာကြတယ်။ စာကြည့်တိုက်ထဲမရောက်မီ စာရေးဆရာ ဆူးငှက်၊ ညိုထွန်းလူ၊ နေဝင်းမြင့်၊ မဝင့် (မြစ်ငယ်) တို့က ဆရာမောင်စွမ်းရည်ကို နှုတ်ဆက် ဂါရဝပြုကြတယ်။ စာကြည့်တိုက်ထဲမှာ အဆင်သင့် ခင်းကျင်းထားတဲ့ခုံမှာ ဆရာ မောင်စွမ်းရည် ဝင်ထိုင်ပါတယ်။

အဲဒီဝိုင်းမှာ လူကြီးပိုင်းတွေဖြစ်ကြတဲ့ မြန်မာမှု ဦးအေးမြင့်၊ ပန်းချီဆရာ ဦးအေးမောင် ၊ သီတာရေကြည်ကဗျာများနဲ့ အမျိုးသားစာပေဆုရခဲ့တဲ့ ကဗျာဆရာ (ဦး) သန်းဌေးတို့လည်းရှိနေတယ်။ ဆရာမောင်စွမ်းရည်ရဲ့ မျက်နှာမှာ အပျော်ဓာတ် ကြောင့် ပြုံးရွှင်နေတယ်။ စာရေးဆရာ ညီပုလေးက ပျားလိမ္မော်တွေနဲ့ ဧည့်ဝတ်ပြုတော့ ဒါဘာလဲလို့ အမေရိကား ရောက် အညာကဗျာဆရာက မေးခွန်းထုတ်တယ်။ ပျားလိမ္မော်ပါလို့ ဖြေတော့ (ကောင်းကောင်း မကြားရလို့) နားကြား ကိရိယာက ပါမလာဘူးဗျာတဲ့။ ခဏနေတော့ အင်းဝဂုဏ်ရည် ကဗျာဆရာ ဦးကိုလေး ရောက်ချလာတယ်။

သူတို့ အချင်းချင်းက သူငယ်ချင်းတွေမို့ မင်းတလုံး ငါတလုံး ပြောကြတယ်။ ဆရာ ဦးကိုလေးက ဒီရက်ပိုင်းမှာ အမျိုးသား စာပေ တသက်တာ စာပေဆု ပူပူနွေးနွေးရထားတဲ့သူ။ ဆရာမောင်စွမ်းရည်က မင်းဘယ်လောက်ရသလဲကွလို့ သူငယ် ချင်းအတွက် မေးတယ်။ သိန်းအစိတ်ပါကွာလို့ ဆရာဦးကိုလေး က ပြန်ဖြေတယ်။ ဆရာမောင်စွမ်းရည်က မင်းက ဘယ်မဲ ပေးမှာလဲလို့( ဦး) ကိုလေးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထပ်ဆင့်မေးခွန်းထုတ်တယ်။ ငါက တံတားဦးမှာ ပေးမှာပေါ့ဟ လို့ (ဦး)ကိုလေးက ပြန်ဖြေတယ်။ ဘယ်သူ့မဲပေးမှာလဲလို့ ဆရာမောင်စွမ်းရည်က မေးခွန်းထပ်ထုတ်တယ်။ မင်းသိမှာပေါ့ လို့ (ဦး)ကိုလေးက ဖြေပါတယ်။ ဆရာမောင်စွမ်းရည်အတွက် မြို့ခံစာရေးဆရာအချို့က စာအုပ်လက်ဆောင်တွေ ပေးကြ တယ်။ ဒီပွဲမှာ ဆရာမောင်စွမ်းရည်ကို ကန်တော့ဖို့ အစီအစဉ်လေး လုပ်ထားတယ်။

ဆရာမောင်စွမ်းရည် နဲ့အတူ မြန်မာမှု ဆရာဦးအေးမြင့်၊ ကဗျာဆရာ (ဦး) ကိုလေး အင်းဝဂုဏ်ရည်၊ ပန်းချီဆရာ ဦးအေး မောင်တို့ကိုပါ တပါတည်း ကန်တော့ကြတယ်။ စာရေးဆရာ ဆူးငှက်က ကန်တော့ချိုး တိုင်ပေးပြီး တူသား တပည့်တွေက ရိုရိုကျိုးကျိုး ကန်တော့ကြတယ်။ ဒီနေ့ပွဲက မင်္ဂလာရှိတဲ့ပွဲဖြစ်တယ်။ ပူဇော်ထိုက်သူကို ပူဇော်ကြတာ မင်္ဂလာတရားတော်နဲ့ ညီတယ်မဟုတ်လား။ ကန်တော့ခံ ဆရာ မောင်စွမ်းရည်လည်း အလွမ်းတွေ အထိုက်အလျောက် ပြေသွားပုံရသလို ကန် တော့ကြတဲ့ တူသားတွေလည်း အလွမ်းတွေပြေသွားကြပုံပါပဲ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)

Loading