မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်သည် ဧရိယာ စတုရန်းမိုင် အကျယ်ဆုံးနေရာ တခုဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ လက်နက်ကိုင် ပေါင်းစုံ၊ ပြည်သူ့စစ်ပေါင်းစုံ နေထိုင်သည့် နေရာဒေသတခုလည်း ဖြစ်ပြီး ထိုဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြပြီ ဖြစ်သည်။
ရှမ်းပြည်နယ် တောင်ပိုင်း ချယ်ရီမြေဟု အများခေါ်ဆိုကြသည့် တောင်ကြီးမြို့နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဖြစ်သည့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေတို့လည်း တည်ရှိသည်။ ယင်းတောင်ပေါ်ဒေသရှိ ပြည်သူ များသည် မဲပညာပေးမှု အားနည်းမှု ရှိသကဲ့သို့ မဲပေးရန်လည်း အကြောက်တရားများစွာ ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေတွင် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှမ်း ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကလောမြို့တွင် အာဏာရပါတီ အတွင်းရေးမှူး သမ္မတရုံးဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်။
လက်ရှိတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) နှင့် အစိုးရတပ်များကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျေးသီးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ဟိုပန်မြို့နယ်တွင် ရွေး ကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
ထိုဒေသများတွင် ရွေးကောက်ပွဲအတွက် ပါတီပေါင်းစုံ မဲဆွယ်စည်းလုံးရေးများ ပြုလုပ်ရာ အခက်အခဲမျိုးစုံ၊ ခြိမ်းခြောက်မှု မျိုးစုံ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့ရသည်ဟု ရှမ်းတောင်ပိုင်း ဒေသတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများက ဧရာဝတီသို့ ပြောသည်။
အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဗမာ တိုင်းရင်းသား ကိုယ်စားလှယ်လောင်း ဦးတင်မောင်တိုးက“ ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဒေသမှာဆိုရင် ကျနော်တို့ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေရှိသလို ပါတီ စည်းရုံရေး မဆင်းဖို့ ပြောတာတွေ။ ဒေသခံတွေကိုလည်း စည်းရုံးရေး နားမထောင်ဖို့ မလာဖို့ ပြောတယ်။ လက်နက်ကိုင်ကနေ တဆင့် ခြိမ်းခြောက်တာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံဒေသတွင်လည်း ယခင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ဝင်ပြိုင်မည့် နေရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရွာသားများကို ခေါ်ယူပြီး တခြားပါတီတခုခုကို မဲမထည့်ရန် တရားလက်လွှတ် ပြောဆိုခဲ့ကြောင်း ဦးတင်မောင်တိုးက ပြောသည်။
ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနေသည့် တိုင်းရင်းသားလူနည်းစုအတွက် ဒီမိုကရေစီအဖွဲ့မှ“တောင်ကြီး၊ ကျောက်တလုံးမြို့နယ်ခွဲ၊ ပင်လောင်းမြို့နယ်တွေများ UPNO ပါတီနဲ့ NLD ပါတီ ဆိုင်းဘုတ်တွေကို ရွာသားတွေက ဖျက်ဆီးတယ်။ NLD သွားစည်းရုံးရင်လည်း ဒေသခံတွေက မလာရဲဘူး။ သွားတဲ့လူတွေ သွားရဲရင် သွားကြည့်ဆိုပြီး ခြိမ်းခြောက်တော့ မသွားရဲဘူး။ လွတ်လပ်စွာ မဲဆွယ်လို့ မရဘူး။ ဘယ်သူသွားရင် နာမည်စာရင်းတွေရှိတယ်ဆိုပြီး ခြိမ်းခြောက်တယ်”ဟု ဆိုသည်။
ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ရဒေသတွင် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုမျိုး မမြင်ရကြောင်း၊ PNO နှင့် ကြံ့ခိုင်ရေးသည် မဟာမိတ် အဖွဲ့ ဖြစ်သည့်အတွက် PNO ရွေးကောက်ပွဲ ဝင်ရောက် မပြိုင်သည့်နေရာတွင် ကြံ့ခိုင်ရေးပါတီကို မဲပေးကြရန် တွန်းအားပေးခဲ့သော်လည်း အတင်းအဓမ္မ ခြိမ်းခြောက်မှု မရှိကြောင်း လက်ရှိ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေတွင် PNO အားသာမှု ရှိနေကြောင်းလည်း PNO ဒု ဥက္ကဋ္ဌ ဦးဝင်းကိုက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အဖွဲ့ကနေပြီး တခြားပါတီကို မဲထည့်ရင် ဘာလုပ်မည်ဆိုတာမျိုး ခြိမ်းခြောက်တာ မရှိခဲ့ပါဘူး။ လုပ်လည်း လုပ်မှာ မဟုတ် ဘူး။ ဥပဒေအရလည်း သဘောပေါက်တဲ့အတွက် ဥပဒေအရပဲ သွားမှာပါ။ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ ပအိုဝ့်ဒေသကို အကျိုးပြုမယ့် နိုင်ငံတော်ကို အထောက်အပံ့ပေးနိုင်တဲ့ တကယ့်ကို လွှတ်တော်ကောင်းတယောက်ပေါ်ဖို့ လိုချင်ပါတယ်။ ပြည်သူကလည်း မှန်မှန် ကန်ကန်ရွေးချယ်ဖို့ လိုပါတယ်”ဟု ဦးဝင်းကိုက ဆိုသည်။
ထိုနည်းတူ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ရွာငံဒေသတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ဓနု တိုင်းရင်းသား ၊လူမျိုးများ ဒီမိုကရေစီ (အိုးစည်းပါတီ)နှင့် ဓနု အမျိုးသား အဖွဲ့ချုပ်တို့ ဝင်ရောက် ယှဉ်ပြိုင်မည့်နေရာတခုလည်း ဖြစ်သည်။
ထိုဒေသတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်သည် ကျေးရွာရှိ ပြည်သူများကို ကိုယ်တိုင် မဲဆွယ်စည်းရုံးမှု၊ လာဘ်ပေးမှု မရှိသော်လည်း သူ၏ ဆွေးမျိုးအသိုင်းအဝိုင်းကို အားပြု မဲဆွယ်ကြောင်း သိရသည်။
ရွာငံမြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်နေသည့် ဒေသခံ ကိုသားထွေးက“စဝ်အောင်မြတ်က သူ့ဆွေမျိုးတွေကို သူအားပြုတယ်။ ရွာငံ တောင်ဘက်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ အဲဒီရွာမှာရှိတဲ့ လူငယ်တွေကို ဆွေးမျိုးကနေတဆင့် ထောက်ပံ့မှုတွေ လုပ်တယ်။ဝန်ကြီး ကိုယ်တိုင်ကတော့ မဟုတ်ဘူး။ ဘာသာရေးကို အားထည့်ပြီး ပို့လိုက်တယ်။ သွယ်ဝိုက်နည်းနဲ့ သွားတယ်။ ဒါပေမယ့် သူမပြိုင်တဲ့ ရွာငံ မြောက်ဘက်ပိုင်းမှာတော့ လာလှူတယ်ဆိုတာ တခါမှ မကြားမိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကိုသားထွေးက“ကျနော် အထင်တော့ ဝန်ကြီးချုပ် မနိုင်နိုင်အောင် လုပ်မှာ။ သူက ဓနုဒေသမှာ နိုင်မယ်လို့ အပိုင်တွက်ထားတာ။ မနိုင်ရင် သူအရှက်ကွဲမယ်။ ကျနော်တို့ ဒေသမှာ ပြိုင်မယ့် ၄ ပါတီ ခုမှာ သုံးဖွဲ့လုံးရဲ့ ပြိုင်ဘက်က ကြံံ့ခိုင်ရေးပဲ။ ရွေးကောက်ပွဲက ၃ ယောက်နဲ့ တယောက်ပြိုင်နေတာ။ တယောက်နိုင်သွားရင်တော့ တော်တော်ထူးဆန်းမယ်လို့ ကျနော် မြင်တယ်” ဟုလည်း ဓနု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ (အိုးစည်ပါတီ) မဲဆွယ်စည်းရုံးရေးမှူး ဦးရဲလွင်ဦးက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိရှိသူများ နည်းပါးခြင်း၊ မဲပေးပုံ ပညာပေးမှု နည်းပါးခြင်းတို့ကြောင့် ပယ်မဲများ ဖြစ်သွားမည်ကို စိုးရိမ်နေကြကြောင်း၊ ကြိုတင်မဲကို အသုံးပြုကာ နိုင်သွားမည်ကိုလည်း စိုးရိမ်နေကြကြောင်းနှင့် လက်ရှိတွင် ကျေးရွာတချို့၌ မဲပိုများစွာ ရှိနေသည်ကို ဧရာဝတီသတင်းထောက်က တွေ့ရသည်။
ထို့ပြင် တောင်ကြီးမြို့တွင်း နေထိုင်သည့် မဲဆန္ဒရှင်အများစုသည် လက်ရှိ အချိန်ထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မသိရှိသဖြင့် ထိုအား နည်းချက်ကြောင့် မဲ ၅၀ ရာခိုင်နှုန်းသည် ပယ်မဲများ ဖြစ်နိုင်ကြောင်းလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်နန်းမြဦးက ဧရာ ဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲဖြစ်ပွားရာ ဒေသများ ဖြစ်သည့် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ တန့်ယန်းမြို့နယ်နှင့် ဟိုပန်မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပသဖြင့် ထိုဒေသခံများကလည်း ကျေနပ်မှု မရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ် မဲဆန္ဒရှင် အမှတ် ၁ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းကလည်း“တရားမျှတမှု ဘယ်ရှိမှာလဲ၊ မရှိလို့ ရပ်ဆိုင်းလိုက်တာပေါ့။ မိုင်းရှူးမြို့မှာ ပါတီ ၄ခု ရှိတယ်။ ပါတီ၄ခုရဲ့ သဘောထားကိုလည်း ခေါ်မမေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ရပ်ရွာအုပ်ချုပ်ရေးကိုလည်း ခေါ်မေးရမှာကို မမေးဘဲ တဦးတည်း ဆုံးဖြတ်သွားတယ်။ တရားမျှတမှု မရှိဘူး”ဟု ပြောသည်။
ထို့ကြောင့် ပြသာနာမျိုးစုံရှိနေသည့် ရှမ်းပြည်နယ်အတွက် တရားမျှတသည့် ရွေးကောက်ပွဲတခု ဖြစ်လာမလားကို ချယ်ရီမြေမှ ပြည်သူများက စိုးရိမ်လျက် ရှိကြသည်။
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီမှာ ၂၆ ခု ရှိပြီး တသီးပုဂ္ဂလ ၄၈ဦး၊ မဲဆန္ဒနယ်ပေါင်း ၁၆၉ နေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်ပေါင်း ၁၂၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၁၀၀ နှင့် တိုင်းရင်းသာ လူမျိုးစု မဲဆန္ဒနယ် ၇ နေရာ တို့ ရှိကြောင်း သိရသည်။