စစ်တပ်မြို့ဆိုတဲ့ မိတ္ထီလာ။ ဘာသာရေးပဋိပက္ခ အကြီအကျယ်ဖြစ်ခဲ့တဲ့ မိတ္ထီလာ အစိမ်းရောင်လွှမ်းရမယ်ဆိုတဲ့ မိတ္ထီလာ။ အဲဒီမြို့ဟာ မန္တလေးတိုင်းထဲမှာလည်း စိတ်ဝင်စားစရာအကောင်းဆုံး မဲဆန္ဒနယ်မြေနေရာတခု ဖြစ်နေတယ်။ ဘာကြောင့် အခုလိုစိတ်ဝင်စားစရာကောင်းနေရတာလဲ ဆိုတဲ့အချက်တွေကတော့ ဒီမှာပါ။
နံပါတ်တစ်ကတော့ ခေတ်အဆက်ဆက်ကတည်းက စစ်တပ်မြို့ဖြစ်ခဲ့ပြီး သန့်ရှင်း တည်မြဲခေတ်ကတည်းက စစ်တပ်ဘက် က အသာရခဲ့တဲ့မြို့ဖြစ်လို့ပါပဲ။ တကယ်လည်း မိတ္ထီလာမြို့ဟာ စစ်တပ်အင်အား ကောင်းလှတဲ့နယ်မြေပါ။ မြို့တွင်းမှာကို မြေပြင်အတတ်သင် လေတပ် စခန်းရော၊ လေကြောင်းအတတ်သင် လေတပ်စခန်းအပါအဝင် လေတပ်နှစ်ခုအပြင် ၉၉ တပ်မဌာနချုပ်တွေရှိပါတယ်။ တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း ၂၇တပ် ရှိတဲ့မြို့ပါ။
နံပါတ်နှစ်အချက်ကတော့ ၂၀၁၃ခုနှစ် မတ်လအတွင်းက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခ တွေရဲ့ နောက်ဆက်တွဲ အနေနဲ့ပါ။ ပဋ္ဋိပက္ခတွေ ဖြစ်ပြီးပြီးချင်းမှာ မိတ္ထီလာမြို့က NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က မိတ္ထီလာက လူတွေကြောင့် သိက္ခာကျရတယ်ဆိုတဲ့ ကြမ်းတမ်းတဲ့စကားမျိုးတွေ ပြောခဲ့တာကြောင့် မိတ္ထီလာ မြို့မှာ NLDပါတီအနေနဲ့ နာမည်ကျခဲ့ရတယ်။ ဒါကြောင့် မြို့ခံတွေကြားမှာ ဘယ်ပါတီက ဘယ်လိုဖြစ်မယ်ဆိုတာကို လုံး၀ ကို ခန့်မှန်းလို့မရတဲ့ အခြေအနေဖြစ်နေလို့ပါပဲ။
နံပါတ်သုံးအချက်ကတော့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလန နှိုင်းယှဉ်ပြီး ပြောတာပါ။ အဲဒီရွေးကောက်ပွဲကာလ က NLDပါတီ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း NLDပါတီအနေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာမျိုးတော့ မဟုတ် ပါဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ အသည်းအသန် ယှဉ်ပြိုင်ခဲ့ပြီးမှ ခြေတလှမ်း အသာလေးလောက်နဲ့သာ အနိုင်ရခဲ့တာပါ။ ည၁၂ နာရီကျော် တနာရီကျော်အထိ မဲစာရင်းတွေ သေချာရေတွက်ပြီးမှ အနိုင်ရလဒ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီလိုအချက်တွေနဲ့ ပြည့်နေတဲ့ မိတ္ထီလာနယ်မြေဟာ လာမယ့် နိုဝင်ဘာ(၈)ရက်နေ့ ရွေးကောက်ပွဲနေ့ကျရင်လည်း ဘယ်လို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းဦးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်မီအချိန်လေး အတွင်းမှာ မိတ္ထီလာမြို့တွင်းကို သွားပြီး အကြိုလေ့လာတာတွေ၊ မြို့ခံ လူကြီးတချို့တွေနဲ့ တွေ့ပြီး စကားစမြည် ပြောဖြစ် ခဲ့ပါတယ်။
မိတ္ထီလာမြို့ကို ရောက်သွားတဲ့နေ့က မဲဆွယ်စည်းရုံးရေး ပြုလုပ်နေချိန်ဖြစ်လို့ မြို့ကြီး တမြို့လုံးဟာ ပါတီစည်းရုံးရေး လုပ် ငန်းတွေကြောင့် တက်ကြွလှုပ်ရှားနေတယ်။ သက်ဆိုင်ရာပါတီတွေကလည်း အင်နဲ့အားနဲ့ အပြိုင်အဆိုင် စည်းရုံးရေးတွေ ဆင်းနေကြပါတယ်။ အဓိကကတော့ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) နဲ့ USDP (ပြည်ခိုင်ဖြိုးပါတီ) တို့ပေါ့။ မြို့ ထဲကို ရောက်တော့ မနက် ကိုးနာရီဝန်းကျင်လောက် ရှိပါပြီ။ မြို့ထဲကို ရောက်ရောက်ချင်း မြို့ခံလူကြီးတွေနဲ့ စကားပြောဖို့ ကြိုတင် စီစဉ်ထားတဲ့အတိုင်း မီးသတ်လက်ဖက်ရည်ဆိုင်ရှိရာကို ပထမဆုံး ထွက်လာခဲ့တယ်။
ဆိုင်ရောက်တော့ လူကြီးတွေက ရောက်နှင့်နေပြီ။ စကားစုပြောဖို့ စီစဉ်ထားကြတဲ့အထဲမှာ အသက်၇၀ကျော် မိတ္ထီလာမြို့ ခံ ပင်စင်စားဝန်ထမ်းဟောင်းကြီးတွေက ငါးယောက်လောက်နဲ့ မြို့မျက်နှာဖုံးလို့ပြောနိုင်တဲ့ ကုန်သည်ကြီးတွေက ငါး ယောက် လောက်ပါတယ်။ သူတို့တွေ ပြောပုံအရကတော့ မိတ္ထီလာမြို့ပေါ်မှာကတော့ NLD ပါတီ အနိုင်ရလောက်ပေမယ့် တပ်အတွင်းနဲ့ ရွာတွေဘက်တွေကတော့ NLD အနေနဲ့ အရမ်းကြီး အသာမရနိုင်လောက်ဘူးလို့ ခန့်မှန်းကြတယ်။
တပ်နယ်မြေတွေထဲမှာ စည်းရုံးရေး ဝင်ဆင်းလို့ မရတာကြောင့်ရယ် မိတ္ထီလာခရိုင်မှာ ရွာအင်အားများတာတွေရယ်ကြောင့် အခုလိုမှန်းကြတာပါ။ ဒါပေမယ့်လည်း စစ်တပ်ထဲက ဗိုလ်ကြီးဗိုလ်မှူးတွေ လောက်ကသာ NLDကို သဘောမကျ ကြတာ ဖြစ်ပေမယ့် တပ်သားမိသားစုတွေကတော့ NLD မဲထည့်သူတွေလည်း ရှိနိုင်ပါသေးတယ်လို့ ဆိုကြပြန်ပါတယ်။
ရှူံးရင်ရော နိုင်ရင်ရော အပြတ်အသတ် ရလဒ်ကြီးတွေ ထွက်လာမှာ မဟုတ်လောက်ဘဲ ပွတ်ကာသီကာ ရလဒ်တွေ ပဲဖြစ်လာနိုင်မယ်လို့ မှန်းဆနေကြတယ်။ အသက်၇၀ကျော် ပင်စင်စားတွေ အမြင်အရတော့ ‘ မိတ္ထီလာမှာ NLD အရမ်း ကာရောကြီး မရှုံးနိုင်လောက်ပါဘူး၊ မဲမှားမှာနဲ့ မဲညစ်မှာပဲကြောက်တယ်။ ကျန်တာတော့ ဘာမှမကြောက်ပါဘူး’ တဲ့။ လူတွေရဲ့စိတ်ထဲမှာကိုက ပြောင်းလဲချင်စိတ်အခံတွေက ရှိနေကြတာကြောင့် NLD မရှုံးနိုင်ဘူးလို့ ခန့်မှန်းတာပါတဲ့။
မိတီ္ထလာကို အစိမ်းရောင်လွှမ်းရမယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာ မျက်နှာဖုံးမှာ လူပင်လယ်ကြီးပုံ ထည့်ဖူးတယ်။ မိတ္ထီလာက အစိမ်းရောင်မြို့လားဆိုတာ စဉ်းစားစရာပါ။ NLD စည်းရုံးတဲ့အခါ ထွက်လာတဲ့လူတွေက သူ့အသိစိတ်နဲ့သူ ထွက်လာကြ တာဖြစ်ပြီး တခြားပါတီက လူတွေကတော့ အခွင့်အရေး တစုံတခုပေးပြီး ခေါ်လို့ ထွက်လာကြတာလို့ မြို့ခံတွေ အချင်းချင်း အလွယ်တကူခန့်မှန်း သိမြင်နိုင်တယ်လို့ မိတ္ထီလာမြို့ပေါ်မှာ မျက်မှန်ဆိုင်ဖွင့်ထားသူ အမျိုးသားကြီးတဦးက ပြောတယ်။
မိတ္ထီလာခရိုင် တခုလုံးမှာတော့ ကျေးရွာ အုပ်စု ၅၈ အုပ်စု၊ ရွာပေါင်း ၃၇၉ ရွာ ရှိနေပါတယ်။ မဲရုံ စုစုပေါင်း ၂၉၃ ရုံ ရှိနေပါ တယ်။ မဲပေးခွင့်ရှိသူ ဦးရေက ၂သိန်း ၇သောင်း ကျော်ရှိပါတယ်။ မိတ္ထီလာမြို့ပေါ်မှာတော့ ရပ်ကွက်ကြီး ၁၄ ရပ်ကွက် ရှိပြီး လူဦးရေ လေးသိန်းဝန်းကျင်ရှိတယ်။
လူကြီးတွေနဲ့ စကားပြောပြီး လက်ဖက်ရည်ဆိုင်ကထွက်လာတော့ ၁၂း၀၀ နာရီ ထိုးခါနီးပြီ။ လမ်းပေါ်မှာ ပါတီစည်းရုံးရေး တွေဆင်းနေကြပြီ။ NLD ပါတီကလည်း အသံချဲ့စက်တွေ အများကြီးတပ်ထားတဲ့ ကားကြီးတွေနဲ့ အောင်နိုင်ရေးသီချင်းကို အားရပါးရ ဖွင့်ပြီး လမ်းတွေပေါ် ထွက်လာကြတယ်။ ကားတန်းကလည်း အရှည်ကြီး။ တလမ်းလုံး အနီရောင်လွှမ်း နေ တယ်။ လမ်းတွေပိတ်လို့ ယာဉ်ထိန်းရဲတွေက ကူရှင်းပေးနေကြတယ်။ NLD ပါတီနဲ့အတူ စည်းရုံးရေးဆင်းနေကြတဲ့ လူကြီး လူငယ်တွေဟာအရမ်း တက်ကြွနေကြတယ်။ လမ်းမပေါ်က လူတွေကို လက်တွေပြနေတယ်။ သူတို့လက်ပြတာကို လမ်း ပေါ်က အမျိုးသမီးလေးတဦးက လက်တွေပြန်ခါပြပြီး တုံ့ပြန်လိုက်တာ ဖျတ်ခနဲ တွေ့လိုက်ရတယ်။ ပါးစပ်ကလည်း မထည့် ဘူး၊ မပေးဘူးဆိုပြီးတော့ပေါ့။
မိတ္ထီလာမြို့ကိုရောက်တုန်း တဆက်တည်းအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အသံတွေကို နားထောင်ချင်သေးတာ ကြောင့် မြို့ခံအသိတဦး အကူအညီနဲ့ပဲ သွားတွေ့ခဲ့ပါသေးတယ်။
မြို့ခံ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာရော၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်ရော၊ ရွေးကောက်ပွဲပြီးချိန် အပြောင်းအလဲ ကာလမှာရော ၂၀၁၃ခုနှစ်တုန်းကလို ဘာသာရေးပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာ မှာ စိုးရိမ်နေကြတယ်။ NLD ပါတီအနေနဲ့သာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့ရင် ချောချောမွေ့မွေ့နဲ့ အာဏာလွှဲ မပေးဘဲ ဘာသာရေးပဋိပက္ခများ ထပ်မံ ဖန်တီးလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ပြည့်နေတယ်လို့ မိတ္ထီလာခရိုင် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှာ တွဲဖက်အတွင်းရေးမှူးအနေနဲ့ ဆောင်ရွက်နေသူ အစ္စလာမ်ဘာသာဝင်အမျိုးသား တဦးက ပြောတယ်။
မိတ္ထီလာမြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင် ဦးရေ စုစုပေါင်း လေးသောင်းဝန်းကျင်ရှိပါတယ်။ သူတို့အနေများတဲ့ ရပ်ကွက် တွေကတော့ သီရိမင်္ဂလာ၊ ချမ်းအေးသာယာနဲ့ ရတနာမောင်ရပ်ကွက်တွေပါပဲ။ အစ္စလာမ်ဘာသာဝင်တွေဟာ ရွာတွေမှာ ထက် မိတ္ထီလာမြို့ပေါ်မှာသာ ပိုပြီးအနေများကြတာပါ။
ညနေသုံးနာရီလောက်ကျတော့ မိတ္ထီလာကနေ ပြန်မယ်လုပ်တော့ USDP ရုံးရှေ့မှာ ပါတီရဲ့အစိမ်းရောင် အကျႌဆင်တူ ဝတ် ထားသူတွေကို အဖွဲ့လိုက်ကြီး တွေ့ရတယ်။ USDP ရုံးက မိတ္ထီလာကန်ရဲ့ အနောက်ဘက် ကျကျနေရာမှာ ရှိတာပါ။ သူတို့ ကို အားပေးထောက်ခံသူတွေထဲက တချို့ကလည်း ဆိုင်ကယ်တွေနဲ့ နဖူးစည်းတွေနဲ့။ လူငယ်လူလတ် လူကြီး၊ အမျိုးသား အမျိုးသမီး အရွယ်စုံ ပါပါတယ်။ USDP ရုံးကနေ နည်းနည်းကျော်လိုက်တာနဲ့ အနီရောင်လူအုပ်ကြီးနဲ့ ပြန်တွေ့ပါပြီ။ မိတ္ထီ လာမြို့ကနေ အမြန်လမ်းဘက်ကို ထွက်တဲ့လမ်းတလျှောက်မှာ NLDပါတီက စည်းရုံးရေးဆင်းနေတာပါ။ အားပေးတဲ့ ပါတီ မတူသူ မြို့ခံတွေ အချင်းချင်း အဆင်မပြေတာတွေဖြစ်မှာကို ကြားထဲကနေ ပူပန်စိတ်ဖြစ်ခဲ့မိပါသေးတယ်။
လမ်းတွေပေါ်မှာ NLD ပါတီတံဆိပ်ကပ်ထားတဲ့ ဆိုင်ကယ်တွေ ကားတွေက ပြည့်ကျပ်နေတယ်။ NLDပါတီ ထောက်ခံအား ပေးသူတွေကတော့ တော်တော် ကဲကြသဲကြတယ်။ NLDပါတီတံဆိပ်တွေကို တကားလုံး မှိုလို ပွစာတက်အောင် ကပ်ထား တာတွေ၊ ပါတီအလံကြီးကို လေမှာ လွှင့်ပြီးရမ်းနေတာတွေ၊ ပါတီခေါင်းစည်း၊ စတစ်ကာတွေနဲ့အတူ မိတ်ကပ်အပြည့် လိမ်း ခြယ်ထားတဲ့ အမျိုးသမီးငယ်လေးတွေ….စသဖြင့် စသဖြင့်…တကယ်ပါပဲ….မိတ္ထီလာမြို့ကြီးဟာ ပွဲတော်ကြီးတခုလိုကို ဖြစ်လို့ပါပဲ….။
NLD ပါတီမဲဆွယ်စည်းရုံးရေးကြောင့် ယာဉ်ကြောကျပ်နေလို့ မိတ္ထီလာမြို့က အပြန်လမ်းဟာ နာရီဝက်လောက်ကြာသွား ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနာရီဝက်လောက်အတွင်းမှာပဲ မိတ္ထီလာမြို့နဲ့ မြို့ခံအများစုရဲ့ ပုံရိပ်တွေ၊ ဆန္ဒတွေကို အမှန်တကယ် ပြတ်ပြတ်ထင်ထင်မြင်တွေ့ခဲ့ရတာကြောင့် ဒီနာရီဝက်လောက်ကလေးနဲ့တင် မိတ္ထီလာခရီးစဉ်ဟာ လာရကျိုးနပ်တဲ့ခရီးစဉ် တခု ဖြစ်ခဲ့ရတယ်။
(အေးမွန်ရာပြည့်သည် မန္တလေးအခြေစိုက် အမျိုးသမီးသတင်းစာဆရာတဦးဖြစ်သည်)