လွန်ခဲ့သော ၂ နှစ် အောက်တိုဘာလဆန်းတွင် ကိုဇော်လင်းတစ်ယောက် ရခိုင်ပြည်နယ်တောင်ပိုင်း သူနေထိုင်ရာ ရွာငယ်လေးဖြစ်သည့် ပေါက်တောရွာအတွင်း သက်ငယ်မိုးအိမ်လေး၏ နောက်ဖက်တွင်တည်ရှိသော တောင်ကုန်းပေါ်သို့ အလျင်အမြန်တက်ပြေးခဲ့သည်။
သူတို့မိသားစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ သူနှင့် မိသားစုဝင်များ ထိုတောင်ကုန်းပေါ် အသက်လု၍ပြေးလွှားနေရခြင်းမှာ တုတ် ဓားကိုင်စွဲထားသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့က မွတ်စလင်အိမ်များကို ပစ်မှတ်ထား မီးရှှို့တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ပြီး၊ နောက်ဆုံး သူတို့နေထိုင်ရာရွာသို့ ဝင်ရောက်လာသောကြောင့်ဖြစ်သည်။
ထိုသို့ပြေးလွှားနေစဉ်တွင် ကိုဇော်လင်းသည် ရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသော ရဲစခန်းကိုဖုန်းဆက် အကူအညီတောင်းသော်လည်း ထိုရဲစခန်းရှိရဲအရာရှိက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကြောင့် မအားလပ်သဖြင့် လာရောက်မကူညီနိုင်ကြောင်းသာပြောဆိုပြီး ဖုန်းချသွားသည်။
တောင်ထိပ်တွင် သူတို့ ပုန်းအောင်းပြီး အန္တရာယ်ကိုတိမ်းရှောင်နိုင်ခဲ့သော်လည်း သူ့အိမ်အပါအဝင် ပေါက်တောရွာရှိ မွတ်စလင်အိမ်များ ပြာအတိကျသွားသည်အထိ မီးရှို့ခံလိုက်ရသည်။ အနီးနားရှိ သဗြုချိုင်ရွာတွင်မူ ၉၁ နှစ်အရွယ် မွတ်စလင်အဖွားအိုကို တိုက်ခိုက်သူများက ဓားဖြင့် အကြိမ်ကြိမ်ထိုးပြီး နောက်ဆုံးတွင် မီးပုံထဲပစ်သွင်းလိုက်ကြသည်။
သို့သော်လည်း ထိုအဖြစ်အပျက်များကိုအကြောင်းပြု၍ အိမ်နီးခြင်းဗုဒ္ဓဘာသာတို့အပေါ် မည်သည့်အာဃာတမှ မထားကြောင်း ကိုဇော်လင်းက ပြောသည်။
“အားလုံး ခံရတာပဲလေ။ ရခိုင်တွေလည်း ဘာသာရေးခုတုံးလုပ်တာကို ခံရတာပဲ” ဟု သူက ၂ဝ၁၃ ထိုအရေးအခင်းအပြီး ပြန်ဆောက်ထားသည့် သူ့အိမ်၏ဝါးကြမ်းပြင်တွင် ထိုင်လျက် ပြောဆိုသည်။
ကိုဇော်လင်းတို့ မိသားစုမှာ ဗုဒ္ဓဘာသာရခိုင်များနှင့် ပဋိပက္ခစတင်ဖြစ်ခဲ့သော ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ဘာသာရေးတူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေများရှိသည့် ကမန်မွတ်စလင်များဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင်ပါဝင်သည်။
လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည် အစ္စလာမ်ဘာသာသို့ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။
၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသော ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မှုကိုအကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။
ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။ ၂ဝ၁၅ ရွေးကောက်ပွဲသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။
လူဦးရေတသန်းကျော်ရှိသည့် ဘင်္ဂါလီရိုဟင်ဂျာတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်မဲထည့်ခွင့် မရကြသော်လည်း ကမန်တိုင်းရင်းသားတို့မှာ မဲထည့်ခွင့်တော့ရကြသေးသည်။
အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီလွှမ်းမိုးထားသည့် လွှတ်တော်နှင့် အစိုးရ အုပ်ချုပ်သည့် လွန်ခဲ့သည့်နှစ်များတွင် ပြည်သူတို့က ကသောင်းကနင်း ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲထည့်ရန် အများအပြားက အားသန်နေသကဲ့သို့ ကမန်တိုင်းရင်းသားတို့မှာလည်း ထိုပါတီကိုသာ မဲထည့်ပြီး အပြောင်းအလဲဖြစ်ရန် မျှော်လင့်နေသည်။
“ကြံ့ခိုင်ရေး (ပါတီ) ဘယ်လိုဆိုးဆိုးဝါးအုပ်ချုပ်သွားတာ ကျုပ်တို့အားလုံးသိတာပဲ” ဟု သံတွဲမြို့ရှိ ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကျုရှင်ဆရာ ကိုတင်မောင်ထွန်းကဆိုသည်။
“ဥပဒေစိုးမိုးရေးကို ရချင်လို့ ကမန်တိုင်းရင်းသား ရပ်မိရပ်ဖတွေကလည်း NLD ကိုပဲ မဲပေးဖို့ ဆုံးဖြတ်ပြီးကြပြီ” ဟု သူက ဆက်၍ ဆိုသည်။
ခွဲခြားဆက်ဆံခံရမှုများ
ခန့်မှန်းခြေစာရင်းများအရ ကမန်တိုင်းရင်းသားတို့သည် မြန်မာတစ်နိုင်ငံလုံးတွင် ငါးသောင်းခန့်ရှိပြီး နှစ်သောင်းခန့်မှာ ရခိုင်ပြည်နယ်တွင်နေထိုင်ကြရာ ၂ဝ၁၂ အရေးအခင်းများနောက်ပိုင်း ၎င်းတို့ ခွဲခြားဆက်ဆံမခံနေရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးသန်းဝင်းက ဆိုသည်။
အရေးအခင်းများဖြစ်ပြီးနောက်ပိုင်း အသက် ၁၈ နှစ်ပြည့်လာသော ကမန်တို့မှာ နိုင်ငံသားစိစစ်ရေးကတ် မရရှိတော့ခြင်းကြောင့် ၎င်းတို့နေထိုင်ရာ မြို့များမှ ထွက်ခွာခွင့်မရခြင်း အပါအဝင် ပညာရေး၊ လူမှုရေး အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သူက ဆိုသည်။
“အရေးအခင်းမတိုင်မီကတော့ နိုင်ငံသားအခွင့်အရေးအားလုံး တန်းတူရတယ်။ ဒီနောက်ပိုင်းကျတော့ အဲလိုမဟုတ်တော့ဘူး။ ယခင်ကတည်းက မှတ်ပုံတင်ရထားသူတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်” ဟု သူက ဆိုသည်။
“ခွဲခြားခံရတာအဓိကအကြောင်းကတော့ဗျာ မွတ်စလင်မို့လို့ပဲ။ ကျွန်တော်သာ နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားပေမယ့်၊ နိုင်ငံသားဖြစ်ပေမယ့် ကျွန်တော့်သားကျတော့ မှတ်ပုံတင်မရဘူး။ သူတက္ကသိုလ်သွားတက်ဖို့ဟာ အခက်ကြုံနေရတယ်” ဟု သူက ရှင်းပြသည်။
အရေးအခင်းနောက်ပိုင်း မွေးဖွားလာသော ကမန်တိုင်းရင်းသားကလေးငယ်များအတွက် ဖွားစာရင်း မရခြင်း၊ မှတ်ပုံတင်မရှိသော ကမန်လယ်သမားများ မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားမှု အခက်အခဲဖြစ်ခြင်းတို့နှင့် ကြုံနေရကြောင်းလည်း သူက ပြောပြသည်။
သူ၏ အိမ်နီးခြင်းဖြစ်သူူ ကမန်အမျိုးသမီးငယ်သုံးဦး လွန်ခဲ့သောလအနည်းငယ်က မှတ်ပုံတင် မရှိဘဲ ရန်ကုန်သို့ သွားရောက်ခဲ့ပြီး၊ မှတ်ပုံတင်အတု ကိုင်ဆောင်ပြီး သံတွဲသို့ ပြန်လာသည်ကို ရဲများက စစ်ဆေး တွေ့ရှိပြီးနောက် အဖမ်းခံရကာ ထောင်ခြောက်လစီ ကျသွားကြသည်။
ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလှတိုးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မကြာသေးမီလအနည်းငယ်အချိန်ထိ လုပ်ကိုင်ခဲ့သူ ဦးမောင်မောင်အုန်းနှင့် ကမန်တိုင်းရင်းသားများ နိုင်ငံသားအခွင့်အရေးရရှိရေးအတွက် ၂ဝ၁၄၊၂ဝ၁၅ တို့တွင် သုံးကြိမ် ဆွေးနွေးညှိနှှိုင်းခဲ့သော်လည်း မည့်သည့်ရလဒ်မှ မရရှိခဲ့ကြောင်း ဆိုသည်။
(သူ၏ ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ် ၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။)
“ဦးမောင်မောင်အုန်းကတော့ သူ ရခိုင်ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ညှိနှှိုင်းပေးပါ့မယ် တဲ့။ ဒါကိုကလည်း သိပ်တော့ သဘာဝမကျဘူး။ သူ့ကို အချိန်ပေးပါ တဲ့၊ သူသာ ဝန်ကြီးချုပ်ရာထူးကသာ ထွက်သွားတာ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ဦးလှတိုးက ဆိုသည်။
သို့သော် ရွေးကောက်ပွဲတွင်မူ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသော ကမန်တိုင်းရင်းသားများမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတို့၏ ထောက်ခံချက်ဖြင့် မဲထည့်ခွင့် ရမည်ဖြစ်ကြောင်း သံတွဲရှိ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ဆိုသည်။
ရွေးကောက်ပွဲ ဒွိဟများ
ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုး၊ NLD တို့ ပြီးလျှင် ရခိုင်လူမျိုးတို့ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP) မှာ အားအကောင်းဆုံးပါတီဖြစ်သည်။
ကမန်လွှတ်တော်အမတ်လောင်း ဦးသန်းဝင်းက ANP ပါတီမှာ ရခိုင်အမျိုးသားအရေးကို ရှေ့တန်း အလွန်အကျုးတင်နေသဖြင့် ကမန်တို့မှာ NLD ကိုသာ မဲပုံပေးကြလိမ့်မည်ဟု ခန့်မှန်းသည်။
“ဖြစ်နိုင်ရင် ANP ကိုပဲ မဲထည့်ချင်တယ်။ တကယ်တော့ ရခိုင်ဆိုတာ ကိုယ့်အစ်ကိုကြီးလိုပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကို ဘင်္ဂါလီနဲ့ ကမန် အတူတူပဲ၊ မွတ်စလင်ပဲ ဘာညာ ဆိုတော့ ကျွန်တော်တို့လည်း NLD ကိုပဲ မဲထည့်ရမှာပေါ့” ဟု သူက ရှင်းပြသည်။
သူဝင်ပြိုင်နေသည့် ရခိုင်ပြည်နယ်လွှတ်တော်တစ်နေရာအတွက် သူ့ကိုယ်သူ မဲပေးမည် ဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်နေရာများအတွက်မူ NLD ကိုသာ မဲထည့်မည်ဖြစ်ကြောင်း၊ NLD ဦးဆောင်သော အစိုးရသည် ကမန်တိုင်းရင်းသားတို့၏ နိုင်ငံသားဖြစ်ခွင့်အခြေအနေများကို လျင်မြန်စွာ ဖြေရှင်းပေးသွားမည်ဟု မျှော်လင့်ကြောင်း ဦးသန်းဝင်းက ပြောသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံရှိ မွတ်စလင်များ ဖိနှိပ်ခံနေရခြင်းအပေါ် အရေးတယူ ပြောဆိုခြင်း မရှိသောကြောင့် နိုင်ငံတကာတွင် ဝေဖန်ခံနေရသည်။
အမျိုးသားရေးဝါဒီ သံဃာတော်အချို့ကလည်း မွတ်စလင်ဆန့်ကျင်ရေးလှှုံ့ဆော်မှုများ ရွေးကောက်ပွဲ မတိုင်မီ ပြောဆိုခဲ့ပြီးနောက်တွင် NLD ပါတီက မည်သည့် မွတ်စလင် တစ်ဦးတစ်ယောက်ကိုမျှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းခြင်း မရှိခဲ့ပေ။
သို့ရာတွင် ပေါက်တော ကျေးရွာမှ ကိုဇော်လင်းကမူ NLD ပါတီကိုသာမဲထည့်မည်ဟု ဆိုသည်။
“တိုင်းရင်းသားတွေအားလုံး မျှမျှတတ ဆက်ဆံခံရမယ့် နိုင်ငံရေးစနစ်မျိုး NLD က လုပ်နိုင်မယ်လို့ ထင်တာပဲ” ဟု သူက ဆိုသည်။ ပြည်နယ်တောင်ပိုင်းရှိ ကမန်တို့မှာ NLD ကို မဲထည့်မည့် အခြေအနေ ရှိသော်လည်း NLD အားမကောင်းသော၊ အမျိုးသားရေးစိတ်ဓာတ်များ၊ လူမျိုးရေး စိတ်ဓာတ်များမြင့်မားနေသော ပြည်နယ်မြောက်ပိုင်းတွင်မူ ANP သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ တို့ကိုသာ မဲထည့်ကြမည်ဟု မျှော်လင့်ရသည်။
“NLD က ဒီမြောက်ပိုင်းမှာတော့ စည်းရုံးရေးလည်း သိပ်မရှိဘူး၊ အားမကောင်းဘူးဗျ။ ကျွန်တော်ကတော့ ANP ပါတီကို ပြည်ထောင်စုလွှတ်တော်နေရာတွေ အတွက် မဲထည့်သွားမယ်” ဟု ပြည်နယ်လွှတ်တော်နေရာအတွက် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီကိုယ်စားပြု၍ စစ်တွေမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သော ကိုကျော်ငြိမ်းက ဆိုသည်။
ကိုကျော်ငြိမ်း၏ မဲဆွယ်ပွဲများတွင် ကမန်တို့သည် မွတ်စလင်ဖြစ်သော်လည်း ဘင်္ဂါလီတို့ကဲ့သို့ မဟုတ်ဘဲ တရားဝင်အသိအမှတ်ပြု ရခိုင်မျိုးနွယ်တိုင်းရင်းသားတစ်စုဖြစ်ကြောင်း ရခိုင်လူမျိုးတို့ကို ရှင်းပြခဲ့သည်ဟု သူက ဆိုသည်။
“ဒီအချက်ကိုပဲ ထပ်ခါထပ်ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမန်တိုင်းရင်းသားတွေရဲ့အဓိက ပြဿနာက ဘင်္ဂါလီတွေနဲ့ အတူတူလို့ အသတ်မှတ်ခံရလို့ပဲ” ဟု သူက ပြောသည်။
၂ဝ၁၄ သန်းခေါင်စာရင်းကောက်ယူချိန်တွင် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာလူမျိုးများဟု ထည့်သွင်း ကောက်ယူခြင်းမပြုရန် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီက ကြေညာချက် ထုတ်သည့် နည်းဖြင့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မနှစ်မြို့သော ရခိုင်တိုင်းရင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။
“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဲရတယ် မရတယ် ဆိုတာထက်၊ ရွေးကောက်ပွဲအပြီး ကမန်တိုင်းရင်းသားတွေရဲ့အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ ပိုအရေးကြီးတယ်” ဟု ကိုကျော်ငြိမ်းက ဆိုသည်။
(ယခုဆောင်းပါးသည် ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန သတင်းထောက် ဆွေဝင်း၏ ဆောင်းပါးဖြစ်ပြီး www.myanmar-now.org မှတဆင့် ကူးယူဖော်ပြသည်)