ဆောင်းပါး

အမှောင်ထုမှ ရုန်းထွက်ခြင်း (အပိုင်း - ၁)

This article has been converted from Zawgyi One to Unicode

ဆယ်စုနှစ် ၆ခုနီးပါးကြာမြင့်ခဲ့သည့် အထီးကျန်ဝါဒနှင့် စီးပွားရေးနှေးကွေးလေးလံမှုမှ လွတ်မြောက်လာပြီး ဖွံ့ဖြိုး တိုးတက် ရေးများဆောင်ရွက်ရာတွင် တိုင်းပြည်၏ လျှပ်စစ်စွမ်းအား ကဏ္ဍကို အဆင့်မြှင့်တင်ရန် လိုအပ်နေခြင်းက အခြားကဏ္ဍများ ထက်ပိုသည့် ဖိအားဖြစ်ဖွယ်ရာရှိသည်။ လက်ရှိ သွယ်တန်းထားသည့် ဓာတ်အားစနစ်က ၅၁ သန်းခန့်ရှိသော မြန်မာပြည်သူ တို့၏ ၃ ပုံ ၁ ပုံကိုသာ လွှမ်းခြုံနိုင်သည်ဟု ယူဆရသည်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၏ အရွယ်အစားခန့်ရှိမည့် မြန်မာနိုင်ငံတွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများက သက်တမ်း အနည်းဆုံး နှစ် ၇၀ ခန့် ရှိမည်ဟု ခန့်မှန်းရ သည်။ လုံလောက်သည့် လျှပ်စစ်ဓာတ်အား၊ ပညာရေး အဆင့်မြှင့်တင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စက်မှုလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးမှု မရှိဘဲ မြန်မာနိုင်ငံအနေဖြင့် တောက်ပသည့် အနာဂတ်ဆီသို့ မည်သည့် အချိန်တွင်မှ အသွင်ကူးပြောင်းသွားနိုင်မည် မဟုတ်တာက ရှင်းနေပါသည်။

သို့သော်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက နိုင်ငံရေး ကိစ္စတခုဖြစ်နေပြန်သည်။ မြန်မာနိုင်ငံ၏ ဓာတ်အားကွန်ရက်က မြို့ပြဒေသများတွင်သာ အဓိကအားဖြင့်ရှိနေပြီး တိုင်းပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်နေထိုင်သည့် ကျေးလက်ဒေသများ တွင်မူ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အလွန်နည်းပါးနေသည်။ ကျေးလက်ဒေသတွင် နေထိုင်သူအချို့သည် အစိုးရက ဖြန့်ဖြူးပေးသည့် ဓာတ်အားခ ဈေးနှုန်းထက် ၁၀ ဆမှ အဆ၂၀ အထိ ပို၍ ကုန်ကျနေရသည်ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် ဒီဇယ်လောင်စာသုံး ဓာတ်အားပေးစက်များမှ ဖြန့်ဝေသည့် ကွန်ရက်ငယ်များကဲ့သို့သော အခြား အရင်းအမြစ်များပေါ်တွင် မှီခိုနေကြရသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးတံခါးဖွင့်လိုက်ခြင်းကြောင့် အစိုးရက လူနေမှုအဆင့်အတန်း ကောင်းမွန် တိုးတက် လာရေးအတွက် ဆောင်ရွက်ပေးရန် မျှော်လင့်မှုများလည်း ရှိလာခဲ့ရသည်။ ပိုမို၍ ကိုယ်စားပြုနိုင်သော ဒီမိုကရေစီစနစ် တခုကို တည်ဆောက်ရန် အစိုးရက အားထုတ်လာခြင်းနှင့်အတူ ဝေးလံသည့် ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ နိုင်ငံရေးအရ ထောက်ခံ ပါဝင်လာမှုကို ရရှိရန် လိုအပ်ခြင်းကလည်း အရေးကြီးလာသည်။ ၎င်းနေရာများထဲက အချို့ တွင် လူမျိုးရေး ပဋိပက္ခများနှင့် လူမှုရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ကျေးလက်ဒေသများ လျှပ်စစ်မီး ရရှိရရေးက ဒေသတွင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သလို အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံကို တည်ထောင်ရေးအတွက် နည်းလမ်းတခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စနစ်ကို အသစ်ပြန်လည်မွမ်းမံရေးက လွယ်ကူမည် မဟုတ်ပါ။ မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နေသော လျှပ်စစ်ပမာဏ(အစိုးရ စာရင်းဇယားများအရ) ၄၅၀၀ မီဂါဝပ် ဆိုသည်မှာ တိုင်းပြည်၏ အရွယ်အစားနှင့် နှိုင်းစာလျှင် အလွန်သေးငယ်သည့် အစိတ်အပိုင်းမျှသာ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ယှဉ် ကြည့်လျှင် နိုင်ငံအကျယ်အဝန်းနှင့် လူဦးရေ များစွာခြားနားခြင်းမရှိသည့် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက ဆယ်ဆနီးပါး ပိုများနေသည်ကို တွေ့ရသည်။ ထို့ပြင် ဟောင်းနွမ်း၍ ခေတ်မမီတော့သည့် ဖြန့်ဝေရေး စနစ်၏ အားနည်းမှုကြောင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား၏ ၂၇ ရာခိုင် နှုန်း ခန့်က ဖြန့်ဖြူးရေး လမ်းကြောင်းပေါ်တွင် လေလွင့်ဆုံးရှုံးသွားခဲ့ရသည်။ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား အများဆုံးရရှိသော ပင်မအရင်းအမြစ်ဖြစ်သည့် ရေအားလျှပ်စစ်မှာလည်း ရာသီအလိုက် မတည်ငြိမ်မှုများ ရှိနေသောကြောင့် မကြာခနပြတ်တောက်ခြင်းနှင့် စီးပွားရေး လုပ်ငန်းများအတွက် လုံလောက်အောင် ထောက်ပံ့မပေးနိုင်ခြင်းတို့ကြောင့် ပြည်သူများ၏ ဆန္ဒပြမှုများနှင့် ကြုံတွေ့ ခဲ့ရသေးသည်။

နိုင်ငံ့စီးပွားကို ဗို့အားမြှင့်ခြင်း

မြန်မာနိုင်ငံတွင် ရည်ရွယ်ချက်ကြီးသော ဖွံ့ဖြိုးရေး အစီအစဉ်များရှိသည်။ နေပြည်တော်မှ တာဝန်ရှိသူများက နိုင်ငံတိုးတက် မှုနှုန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွင်း ၉.၃ ရာခိုင်နှုန်းရှိမည်ဟု ကြိုတင်ခန့်မှန်းထားသည်။ ခရီးသွားလုပ်ငန်း၊ ဆက် သွယ်ရေး၊ စိုက်ပျိုးရေးနှင့် အခြား ကဏ္ဍများတွင် အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသော ကြောင့်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားလုံလောက်စွာ မရရှိခြင်းက ကုန်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍအတွက် အဓိက အခက် အခဲဖြစ်နေသည်။ မန္တလေးမြို့မှ သံရည်ကျိုစက်ရုံတခုသည် ၎င်းတို့ထုတ်လုပ်သည့် ပန့်များ၏ ဈေးနှုန်းကို ရာသီအလိုက် ပြောင်းလဲ သတ်မှတ်နေရသည်။ ရေအားလျှပ်စစ် ကောင်းစွာထုတ်လုပ်နိုင်သည့် မိုးရာသီတွင် အစိုးရဓာတ်အားလိုင်းမှ လျှပ်စစ် ဈေးနှုန်းသက်သက်သာသာဖြင့် ရရှိနိုင်ပြီး နွေရာသီရောက်သည့် အခါ ဒီဇယ်လောင်စာသုံး ဓာတ်အားပေးစက် များကို မှီခိုနေရ၍ ဖြစ်သည်။ ပိုမိုဆိုးရွားခဲ့သည်မှာ အစိုးရက လျှပ်စစ်ဓာတ်အားကို အရှုံးခံရောင်းချခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကဆိုလျှင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၇၅ သန်းကျော် အရှုံးပေါ်ခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပြည်တွင်း စွမ်းအင် သုံးစွဲမှုကို ဦးစားမပေးခဲ့သော ယခင်စစ်အစိုးရများလက်ထက်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြား သဘာ၀ အရင်းအမြစ် ပို့ကုန်များမှ ရရှိသော ဝင်ငွေက စီးပွားရေးပိတ်ဆို့မှုနှင့် ရင်ဆိုင်ရသည့် စစ်အစိုးရကို အသက်ဆက်စေနိုင်ခဲ့သည်။ ၎င်းဝင်ငွေများဖြင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး အတွက် အရင်းအနှီးနှင့် ကျွမ်းကျင်မှုများ အထောက်အပံ့ပေးနိုင်သည့် အခွင့်အလမ်းများ ရှိခဲ့သည့်တိုင် အစိုးရနှင့် နီးစပ်သည့် လူတစုနှင့် စင်တော်ကောက် အဖွဲ့အစည်း တချို့ကိုသာ အကျိုး အမြတ်ရရှိစေခဲ့သည့် အဆို ပါ အစီအမံများကို ယခုအချိန်တွင် လူကြိုက်မများတော့ပါ။

မြန်မာနိုင်ငံတွင် ၂၀၃၀ ခုနှစ် မတိုင်မီ အားလုံးအသုံးပြုနိုင်ပြီး ငွေကြေးအရလည်း တတ်နိုင်သည့် လျှပ်စစ်ဓာတ်အားပေး စနစ် ရှိသင့်သည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။ ထိုသို့ဖြစ်လာရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဓာတ်အား လိုင်းသွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းများ နှင့် အခြားလုပ်ငန်းတိုးတက်ရေးအတွက် ဘဏ္ဍာရေး အထောက်အပံ့ အနေ ဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံပေးမည်ဟု ကမ္ဘာ့ဘဏ်က ကတိပြုထားသည်။ အဆိုပါငွေများက ပြီးခဲ့သည့် နှစ်အနည်းငယ်ကထဲက အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်နေသည့် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို အထောက်အကူပေးမည် ဖြစ်သည်။ အတိုးမဲ့ ကနဦးချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အတွက်လည်း မြန်မာနိုင်ငံမှ ပြည်ထောင်စု လွှတ်တော်နှင့် ကမ္ဘာ့ဘဏ် ဒါရိုက်တာ ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။ ယခုနှစ် မကုန်မီ စီမံကိန်း၏ ပထမအဆင့်ကို ဆောင်ရွက်နိုင်ရန် အတွက် အလှူရှင်များ၊ စိတ်ဝင်စားသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် အခြား အဖွဲ့အစည်းများ ကြားတွင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးများလည်း ပြုလုပ်လျှက် ရှိသည်။

နိုင်ငံ၏ ဓာတ်အားကွန်ရက်စနစ် (National Grid) ကို ကျေးလက်ပြည်သူများအထိ ရောက်ရှိအောင် တိုးချဲ့ရေးက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အတွက် အထိရောက်ဆုံး ဗျူဟာဖြစ်မည်ဟု စီးပွားရေးကျွမ်းကျင်သူများကရော နည်းပညာကျွမ်းကျင်သူများကပါ ပြောကြသည်။ ကွန်ရက်စနစ်ဖြင့် ဖြန့်ဖြူးခြင်းက အခြားစနစ်များထက် ကောင်းမွန်သည့် နည်းတခုဖြစ်သည်။ ထုတ်လုပ်ရေး ကုန်ကျစရိတ်ကို လျှော့ချနိုင်သလို စွမ်းအင် အရင်းအမြစ် အမျိုးမျိုးမှ ရရှိလာသော ဓာတ်အားများကို ပေါင်းစပ် ဖြန့်ဖြူးပေးနိုင်သည်။ အစိုးရက ထည့်ဝင်ကျခံပြီး ဈေးနှုန်းနည်းပါးစွာဖြင့် ဖြန့်ဖြူးနိုင်ခြင်း၊ ၂၄ နာရီ သုံးစွဲနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုက နှစ်ချိုက်နိုင်သည့် နည်းလမ်းတခုလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ရက်ကို တိုးချဲ့ရေးက ကြီးမားသည့် လုပ်ငန်းတခု ဖြစ်သည်။ မြန်မာတနိုင်ငံလုံး ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် ကမ္ဘာ့ဘဏ်က ထောက်ပံ့ပြီး အိမ်ထောင်စုပေါင်း ၇.၂ သန်း သုံးစွဲနိုင်မည့် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းသည် နောက်ထပ် ၁၆ နှစ်ခန့် အချိန်ယူရလိမ့်မည် ဟု ကိုလံဘီယာ တက္ကသိုလ်မှ Earth Institute က ဆိုသည်။

ကွန်ရက်တိုးချဲ့ခြင်းက ကြီးမားသော ရင်းနှီးမြှုပ်နှံမှုလည်း လိုအပ်ပါသည်။ ပုံမှန်အားဖြင့် မြို့ပြဒေသများထက် ဝင်ငွေနည်း သည့် ကျေးလက်နေပြည်သူများအတွက် ကွန်ရက်စနစ်တွင် ဝင်ရောက်ချိတ်ဆက်နိုင်ရေးက ခက်ခဲလိမ့်မည်ဖြစ်သည်။ လေ့လာတွေ့ရှိမှုများအရ ပုံမှန်အားဖြင့် အစိုးရက ကွန်ရက်တိုးချဲ့မှုကို မြို့နယ်အဆင့် အထိသာ တာဝန်ယူလေ့ရှိပြီး ထိုမှ တဆင့် ကျေးရွာများသို့ ဆက်သွယ်နိုင်ရေးကို အိမ်ထောင်စုများကသာ ကိုယ်ထူကိုယ်ထ လုပ်ဆောင်သည်ကို တွေ့ရသည်။ ဓာတ်အားကွန်ရက်နှင့် နီးသည့် ကျေးလက်နေပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား သွယ်တန်းရန် တအိမ်ထောင်လျှင် အမေရိကန်ဒေါ်လာ ၂၅၀ (ကျပ်ငွေ ၂၅၀၀၀၀ ခန့်) ကုန်ကျနေသည့် အတွက် မြန်မာနိုင်ငံသားများ၏ ပျမ်းမျှ တလဝင်ငွေထက် ၂ ဆ များနေသည်။

ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားနေရခြင်းအပြင် မြန်မာနိုင်ငံတွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှ စိန်ခေါ် မှုများကို ဖြေရှင်းနိုင်ရေးအတွက် ကျွမ်းကျင်သူ လူသားအရင်းအမြစ်၊ ဌာနအဖွဲ့အစည်းတို့ ၏ စွမ်းဆောင်နိုင်ရည် နှင့် စီမံ ခန့်ခွဲရေး ကျွမ်းကျင်မှုများ အားနည်းနေသည်။ အစိုးရ၏ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် ပတ်သက်၍လည်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန (ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး)၊ စွမ်းအင်ဝန်ကြီးဌာန (ထောက်ပံ့ရေး) နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန(ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး)တို့ အပါအဝင် ဝန်ကြီး ဌာန ၈ ခုကျော်က တာဝန်ယူဆောင်ရွက်နေသည်။ လက်ရှိ စွမ်းအင် ထုတ်လုပ်မှု၊ သုံးစွဲမှုများနှင့် ပတ်သက်၍လည်း သတင်းအချက်အလက်များ စုဆောင်းရန် သို့မဟုတ် ထိန်းသိမ်းရန် အတွက် အခက်အခဲများ ရှိနေကြောင်းလည်း တွေ့ရသည်။

တချိန်တည်းမှာပင် တိုင်းပြည်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဇီဝလောင်စာ၊ ရေအား နှင့် ဘူမိအပူဓာတ် ကဲ့သို့သော အခြား လောင်စာများ အပါအဝင် စွမ်းအင် အရင်းအမြစ်များက အမြောက်အများ ရှိနေသည်။ မြန်မာနိုင်ငံသား အားလုံးကလည်း ၎င်းတို့ကို ပြည်သူအတွက် အသုံးပြုရန် တိုက်တွန်းနေကြသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပြည်သူလူထု၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကို ရွှေ့ဆိုင်းလိုက်သည်။ ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းသည် အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံတန်ဘိုးရှိပြီး ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၆၀၀၀ မီဂါဝပ်ထဲမှ အများစုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့သွားမည် ဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ရန်ရှိနေသော လျှပ်စစ်ဓာတ်အား ၄၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကြောင့် အစိုးရက ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်း တွင် ပယ်ဖျက်လိုက်သည်။ သို့သော်လည်း မကြာသေးခင်က စီမံကိန်းကြီးတခု ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဂျပန် ကုမ္ပဏီ တခုဖြစ်သည့် Marubeni က ထိုင်းကုမ္ပဏီနှင့် ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ၂၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ကာဗွန်ထုတ်လွှတ်မှု နည်းသည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ တရုံတည်ဆောက်ရန် စီစဉ်နေကြာင်း ၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် ကြေညာလိုက်သည်။ စီမံကိန်းတွင် စက်ရုံတည်ရှိရာ မြန်မာနိုင်ငံ တောင်ပိုင်းမှ ထိုင်းနိုင်ငံ အလယ်ပိုင်းသို့ ဓာတ်အားပို့ လွှတ်ပေးမည့် လိုင်းများ တည်ဆောက်ရေး လည်းပါဝင်သည်။

နိုင်ငံခြားသို့ စွမ်းအင် တင်ပို့ရန် ဆန္ဒမရှိသော်လည်း မြန်မာနိုင်ငံသားများက ထုတ်လုပ်ရေးကုန်ကျစရိတ်ကို ကာမိစေရန် အတွက် ဓာတ်အားခဈေးနှုန်းများတိုးမြှင့် ခြင်းကိုလည်း လက်ခံကြဖွယ်မရှိပါ။ မကြာသေးမီက လျှပ်စစ်ဓာတ်အားအများဆုံး အသုံးပြုသူများ အတွက် အခွန်အကောက်များ မြှင့်တင်ရေးအတွက် လွှတ်တော်က စီစဉ်ခဲ့သည်။ သို့သော်လည်း အိမ်သုံး လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ရန် ဆောင်ရွက်ခြင်းကို ရပ်ဆိုင်းရန်၂၀၁၃ ခုနှစ်တွင် ပြည်သူများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူမှုနိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည် အတွက် သေ ချာ စေရေး နှင့် ဓာတ်အားကွန်ရက်ကို တိုးချဲ့ရန် နှင့် ထိန်းသိမ်းရန် လိုအပ်သော ဘဏ္ဍာ ငွေဖန်တီးပေး နိုင်မည့် ဈေးနှုန်းစနစ် ပြောင်းလဲရေးမှန်သမျှကို လုပ်ဆောင်ရေး အတွက် အခက်အခဲဖြစ်နေသည်။

ဘဏ္ဍာငွေ ရရှိရေးက လည်း မြန်မာနိုင်ငံအတွက် မလွယ်ကူပါ။ ရရှိသော ချေးငွေများကလည်း များသောအားဖြင့် သက် တမ်း ၁ နှစ်မျှသာ ဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ကလည်း မြို့ပြဒေသများ၊ စက်မှုဇုန်များ နှင့် ဝယ်လိုအားများပြီး လုံလောက်သော ဝင်ငွေပြန်လည်ရရှိမည့် စီးပွားရေး အရ တွက်ခြေကိုက်မည့်နေရာများကိုသာ ရွေးချယ်ကြဖွယ်ရှိပြီး အစွန် အဖျား ဒေသများမှာ အမှောင်ထုထဲတွင်သာ ကျန်နေခဲ့မည် ဖြစ်သည်။

ရေတိုကာလအတွက် အဖြေများ

မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား ကဏ္ဍအတွက် အားလုံးကို လွှမ်းခြုံနိုင်သည့် အဖြေမရှိပါ။ ကုန်ကျစရိတ်ကလည်း နည်းဗျူဟာ အမျိုးမျိုး၏ ဖြစ်နိုင်ခြေများ အပေါ်သက်ရောက်နိုင်သည့် အကြောင်းတခု ဖြစ်နေသည်။ အခြားနေရာများတွင် ကွန်ရက်နှင့် ဆက်သွယ် ပြီး သင့်တင်သော ဈေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိနေသည်ကို မြင်နေရသည့် အတွက် မရရှိသည့် မြို့ရွာများတွင် ဆန္ဒပြတောင်းဆိုမှုများလည်း စတင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဓာတ်အားကွန်ရက်ကို တိုးချဲ့ရန် အရှိန်မြှင့် အားထုတ်လာ သည်နှင့် အမျှ လူမှု မညီမျှမှု တိုးလာမည်ဖြစ်ပြီး တင်းမာမှုများလည်း မြင့်တက်လာ မည်မှာ သေချာနေသည်။

အထူး စီးပွားရေးဇုန်တခု အကောင်အထည်ဖော်ရန် ရှိနေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အစိုးရက ၁၅ မိုင် အရှည်ရှိသည့် အဓိကလမ်းမ၏ တလျှောက်မှ အိမ်ထောင်စုများ အတွက် အသေးစား လျှပ်စစ်ဓာတ်အား ကွန်ရက်တခု တည်ဆောက်ပေးခဲ့သည်။ ဓာတ်အားလိုင်းနှင့် အကွာအဝေး ၁မိုင်ထက်နည်းသည့် နေရာ တွင် နေထိုင်သည့် အိမ် ထောင် စုများသည်လည်း အစိုးရ နှုန်းထားဖြင့် လျှပ်စစ် ဓာတ်အားသုံးစွဲခွင့် ရရှိခဲ့ကြသည်။ သို့သော်လည်း ပထဝီ အနေအထား အကန့်အသတ်များကြောင့် အနီးအနားတွင် နေထိုင်ကြသည့် အိမ်ထောင်စုများ သည် အဆိုပါကွန်ရက်နှင့် ချိတ်ဆက် နိုင် ခြင်း မရှိခဲ့ကြပါ။ လူနေမှုအဆင့် အတန်းအပေါ် လျှပ်စစ်ဓာတ်အား၏ သက်ရောက်မှုကို ယခုအခါ ကျောက်ဖြူမြို့တွင် တအိမ်ချင်းအလိုက် မြင်တွေ့နိုင်ပါသည်။

ကွန်ရက် ချဲ့ထွင်ခြင်းမှ ကျန်ရစ်ခဲ့သော ဒေသများသည် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကွန်ရက်နှင့် ကင်းလွတ်နေ သည့် စနစ်များ နှင့် ကိုယ်တိုင် ထုတ်လုပ်ခြင်းနည်းလမ်းများကို ဆက်လက်မှီခိုရတော့ မည်ဖြစ်သည်။ ခေတ်နှင့် အညီ နေထိုင်နိုင်ရန် ယာယီဖြေရှင်းမှု အနေဖြင့် နေအိမ်များတွင် ဆိုလာပြားများ၊ အငယ်စား ရေအားလျှပ်စစ် တာဘိုင်များ၊ ဓာတ်အားပေးစက်များ၊ ဇီဝလောင်စာများ ကို အသုံးပြုနေကြရသည်။ ၎င်းတို့မှာ အရင်း အမြစ်များကို လျော့ပါးသွားခြင်း မရှိသည့် ယာယီဖြေရှင်းမှုများဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ပေးနိုင်မည့် မြို့ပြနှင့် စက်မှု နယ်မြေများတွင် ကွန်ရက် တိုးချဲ့ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှု များနှင့် သဘာဝအရင်း အမြစ်များကို လျော့ပါးထိခိုက်မှု မရှိ သည့် ယာယီ ဖြေရှင်းမှုများ ဖြစ်ပါသည်။ တချိန်ထဲမှာပင် ကွန်ရက်ပြင်ပမှ ပြည့်မြဲစွမ်းအင်သုံး အကြီးစား စီမံကိန်းများမှာ တိုးတက်ရန် ခက်ခဲနေသည်။ ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဥပဒေများနှင့် အခြား စီမံချက်များမှာလည်း တနိုင်ငံလုံး ကွန်ရက်နှင့်သာ သက်ဆိုင်သည့်အတွက် ဘဏ္ဏာရေးတွင်လည်း ခက်ခဲမှုများ ရှိနေသည်။

ကျေးရွာလျှပ်စစ်မီး ရရှိရေး ကော်မတီ သို့မဟုတ် ဒေသခံစီးပွားရေးသမားများ၏ အစီအစဉ်ဖြင့် ဝယ်ယူပြီး အသုံးပြုသည့် ဒီဇယ်လောင်စာသုံး ဓာတ်အားပေးစက်များက ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် အများဆုံးအသုံးပြုကြ သည့် အရင်းအမြစ်ဖြစ်နိုင်ပါသည်။ အဆိုပါ ဓာတ်အားပေးစက်များက ညနေပိုင်းတွင် နာရီ အတန်ကြာမျှ ထုတ်လုပ်ပေး သည့် ဓာတ်အားအတွက် တအိမ်ထောင်လျှင် ၁လကို ကျပ် ၂၀၀၀ မှ ၅၀၀၀ ခန့် အထိကျသင့်ပါသည်။ နေစွမ်းအင်သုံး စနစ် (Solar system)၊ ရေအားလျှပ်စစ် တာဘိုင်စက်များ နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပေါပေါများများရရှိနိုင် သည့် စပါးခွံလောင်စာသုံး ဓာတ်အားပေးစက်များက ကျေးလက်ပြည်သူများအတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်း ပေးနေသည့် အရင်းအမြစ်များ ဖြစ်ကြသည်။ အဆိုပါ ကွန်ရက်ပြင်ပ နည်းပညာများကြောင့် အိမ်ထောင်စု အများအပြား အနေဖြင့် ဝင်ငွေရသည့် လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ကြသည်။ မြန်မာနိုင်ငံတွင် များသောအားဖြင့် တအိမ်ထောင် သုံး ဖြစ်သည့် နေစွမ်းအင်သုံး စနစ်က ကနဦး ကုန်ကျမှု မြင့်မားသည်။ ဝေးလံသည့် ကျေးရွာငယ်များနှင့် အကြီးစား စက် ပစ္စည်း များ အတွက် ငွေကြေးမတတ်နိုင်သည့် နေရာများတွင် နေစွမ်းအင်သုံး စနစ်က အသင့်တော်ဆုံး ဖြစ်သည်။ ဇီ၀ လောင်စာများကို အသုံးပြုနိုင်သည့် အပူစွမ်းအင်သုံး ဓတ်အားပေးစက်များက စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း တွေ့ ရှိရသော်လည်း သဘာ၀ ပတ်ဝန်းကျင်အတွက် အရင်းအနှီးကြီးမားပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုမရှိ သည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်များ မြန်မာနိုင်ငံတွင် ရရှိနိုင်သော်လည်း စက်ပစ္စည်းအတွက် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းမျှ ပိုမိုများပြားသဖြင့် ကျေးလက်နေပြည်သူ အများစုက မတတ်နိုင်ကြပါ။

အငယ်စား ရေအားလျှပ်စစ်ဓာတ်အားပေးစက်များ ကလည်း သင့်လျှော်သည့် ရေအား အရင်းအမြစ်ရှိသည့် နေရာအနီး တဝိုက် မှ အိမ်ထောင်စုများ အတွက်သာရရှိနိုင်သည်။ ရေအား အရင်းအမြစ်မှာလည်း မုတ်သုန် ရာသီဥတု အပေါ်တွင် အဓိက မှီခိုနေရသည့် အတွက် ရေအားလျှပ်စစ် နည်းပညာက နေရာအတော်များများတွင် တနှစ်လျှင် ၆လ ခန့်သာ အသုံး ပြုနိုင်သည်။ အကြီးစား ထုတ်လုပ်ရေး စီမံကိန်းများဆိုလျှင်လည်း တည်ဆောက်မှုများ မပြုလုပ်မီ အကြိုလေ့လာသည့် အဆင့်မှာပင် ကုန်ကျစရိတ် မြင့်မားနေသည်။ စီမံကိန်း၏ အလားအလာများကို တွက်ချက်ပြီးသည့် အခါတွင်လည်း အစိုး ရအနေဖြင့် တည်ဆောက်ရေးကြောင့် ပေါ်ပေါက်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုများကို စဉ်းစားသုံးသပ်ရန် လိုအပ်လာမည်ဖြစ်သည်။ အရင်းအနှီးကလည်း ကြီးမားနိုင်ပြီး အကယ်၍ အဆိုပါ စီမံကိန်းက တနိုင် ငံလုံး ကွန်ရက် (National Grid) သို့ ထောက်ပံ့ရန် ရည်ရွယ်မထားခဲ့လျှင် ဘဏ္ဍာငွေ သုံးစွဲရန်နှင့် ကွန်ရက်နှင့် ဆက်သွယ် မထားသည့် ဒေသများသို့ ဖြန့်ဖြူးရန် ခက်ခဲနိုင်မည် ဖြစ်သည်။

( Foreign Affairs မဂ္ဂဇင်းပါ Keith Rabin နှင့် Christina Madden တို့၏ Out of Darkness: Myanmar’s Quest to (Em)Power its Citizens ဆောင်းပါးကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)

Loading