Health

စိတ်ရွှင်လန်းဖို့ စားကြစို့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စိတ်မရွှင်ပျ ဝမ်းနည်းစိတ်ကျ ဖြစ်ကြတဲ့အခါ သက်သောင့်သက်သာ ရှိရာရှိကြောင်း အစားအစာတွေဆီ အာရုံပြောင်း တတ်ကြပါတယ်။ အများအားဖြင့်တော့ အဆီများ၊ အချိုကဲ၊ အသင့်စားဖို့ ပြုပြင်ထားတဲ့ အစာတွေသာ စားတတ် ကြတာ များပါတယ်။

တကယ်တော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ အပြုအမူတွေက စားတဲ့ အစားအသောက်တွေနဲ့ ဆက်နွှယ်နေ တတ်ပါတယ်။ သုတေသန ပြုချက်တွေ ကဆိုရင် ခံစား၊ တွေးခေါ်မှုတွေကို အစားအသောက်တွေက အကျိုး သက်ရောက်မှု ရှိတယ်လို့ ပြောကြပါတယ်။ စိတ်ရွှင်ပျလန်းဆန်းဖို့ စားသင့်တာတွေကို သိပ္ပံနည်းကျ အကြံပြုထားတာ လေးတွေ ရှိပါတယ်။

ကျန်းမာရေးနဲ့ ကိုက်ညီမယ့် စားစရာတွေ စားပါ

သုတေသန ပညာရှင်တွေက အိုမီဂါ – ၃ အဆီ အက်ဆစ်လို မပြည့်ဝဆီတွေ စားသုံးတာက ဦးနှောက် အတွက် ကောင်းတဲ့ အာနိသင်တွေပေးသလို ရောင်ရမ်းမှု လျော့ကျရေး အထောက်အကူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးနှောက် အာရုံကြောဆိုင်ရာ ရောင်ရမ်းမှုတွေက စိတ်ကျရောဂါနဲ့ ဆက်စပ်နေတဲ့ လက္ခဏာပါ။ ဒါကြောင့် အိုမီဂါ – ၃ အဆီအက်ဆစ် ပါတဲ့ သစ်သီးတွေရဲ့ အစေ့တွေ၊ ခွံမာသီး အဆန်တွေ၊ ကမာ၊ ဆော်လမွန်နဲ့ ဆာဒင်းလို ငါးသေတ္တာငါး၊ ငါးကွမ်းရှပ်တွေ စားသုံးပေးတာက ဒီဝေဒနာ အတွက် အဆင်ပြေစေမယ် လို့ ဆိုပါတယ်။

Tryptophan ပိုစားပါ

Tryptophan ဆိုတာက အဓိက အမိုင်နိုအက်ဆစ်ခေါ်တဲ့ တည်ဆောက်ရေး ပရိုတင်းဓာတ် တမျိုးပါ။ သူက Serotonin ခေါ်တဲ့ ဓာတုပစ္စည်း ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ Serotonin က စိတ်တည် ငြိမ်မှုကို ရစေပါတယ်။ စိတ်ကျ ရောဂါသည်တွေမှာ အဲဒီဓာတ် လျော့နည်းနေတာတွေ့ရပါတယ်။ Tryptophan ကြွယ်ဝတဲ့ အစားအသောက်တွေ အဖြစ် အစေ့အဆန်တွေ၊ ချိစ်၊ ကွေကာအုတ်နဲ့ အသားတွေကို ညွှန်းကြပါတယ်။

ဗီတာမင်ဒီ

ဗီတာမင်ဒီကို အရိုးသန်မာရေး အတွက်လို့သာ အသိများကြပေမယ့် တကယ်တော့ ဟော်မုန်းတမျိုး အဖြစ်ပါ သတ်မှတ် ကြပါတယ်။ အထက်မှာ ပြောခဲ့တဲ့ Tryptophan ကနေ Serotonin ပြောင်းပြီး စိတ်တွေ နေကောင်းစေတဲ့ အထဲမှာ ဗီတာမင်ဒီက အရေးပါတဲ့ မောင်းနှင်အားတခု ဖြစ်နေလို့ ပါပဲ။ ဗီတာမင်ဒီ ချို့တဲ့သူ အဖို့ စိတ်ကျရောဂါ ဝေဒနာတွေနဲ့ ဆက်စပ်နေတာ အထင်အရှားလို့ ဆိုပါတယ်။

ဗီတာမင်ဒီ အတွက် ဖြည့်စွက် ဆေးဝါးတွေရှိ သလို အဆီများတဲ့ ငါးတွေက ဗီတာမင်ဒီ ပါဝင်မှု ထိပ်ဆုံးမှာ ရှိနေကြတာပါ။ ဒါပေမယ့် အကောင်းဆုံး ကတော့ သဘာဝ နေရောင်ခြည်က ဗီတာမင်ဒီပါပဲလို့ ဆိုကြပါတယ်။ နေရောင်ခြည် အသင့်အတင့် ခံပေးသင့်တာကို ဆိုလိုတာပါ။

ဗီတာမင် ဘီ

ဗီတာမင် ဘီ အုပ်စု (ဖောလစ်အက်ဆစ် အပါ အဝင်ပေါ့) ကလည်း ဦးနှောက်ကနေ စိတ်ကြည်လင် လန်းဆန်းစေတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်ရာမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေပြန် ပါသတဲ့။ ဖောလစ် အက်ဆစ်နဲ့ ဗီတာမင်ဘီ ချို့တဲ့တာက စိတ်မရွှင်လန်းမှုနဲ့ ဆက်နွှယ်နေပြန်ပါတယ်။ ဗီတာမင်ဘီ လုံလောက်ဖို့ ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမည်စုံ အစားအသောက် အားလုံးက အကျုံးဝင်နေပါတယ်။ ထမင်း၊ သားငါး၊ သီးနှံ၊ သစ်သီးဝလံ အားလုံး ပေါ့။

ဒါပေမယ့် ဘီတွဲလို့ အခေါ်များကြတဲ့ B12 ကတော့ ထူးထူးခြားခြား တိရစ္ဆာန်တွေရဲ့ အသွေးအသားကမှ ဖူလုံအောင် ရရှိတတ်တာမျိုး ဖြစ်နေပါတယ်။ အသား မစားသူအဖို့ ဒီဓာတ်ရအောင် ဆိုရင်တော့ ပဲပုပ်စေ့က ထုတ်တဲ့ အစားအစာ တွေနဲ့ B12 ဆေးတွေ သောက်ဖို့ လိုပါတယ်။

သကြားလျှော့

သကြားတွေ အများကြီး စားမိတဲ့အခါ အစာလမ်းကြောင်းမှာ နေမထိထိုင်မသာ ဖြစ်တတ်တာ သတိထားမိပါစ။ သကြားအများကြီး စားတာက အစာခြေမှု နှေးကွေးစေပြီး အူမကြီးထဲကို ခြေပြီး အစာတွေ ပို့ဆောင်ရာမှာ နှေးကွေးစေ ပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့် မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားအောင် အားပေးရာ ကျပါတယ်။ အဲဒါက ကျန်းမာရေး ထိခိုက်စေတော့တာ ပေါ့။ အစာလမ်း ကြောင်းထဲမှာ ရောင်ရမ်းပျက်စီးမှုတွေ ဖြစ်စေပြီး အူထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေ ပျက်စီးစေ ပြန်ပါတယ်။ စိတ်ရွှင်လန်းစေတဲ့ Serotonin အများစု ထုတ်လုပ်ရာ နေရာကလည်း အစာလမ်းကြောင်းထဲက ဆိုတော့ သကြား အများကြီးစားမိလို့ အစာလမ်းကြောင်း ထိခိုက်တာက စိတ် မကြည်လင်မှုလည်း ဖြစ်ရပြန်ပါတယ်။

ကာဘိုဟိုက်ဒရိတ် အမည်စုံ

အမည်စုံ ကာဘိုဟိုက်ဒရိတ်တွေ စားတာက အစာကို ဖြည်းဖြည်း ချေဖျက်ပြီး စွမ်းအင်တွေ သွေးထဲကို တဖြည်းဖြည်း သာ ရောက်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝ အဆိပ်အတောက် ဖယ်ရှားတဲ့ စနစ်ကိုလည်း ပံ့ပိုးပေးပါတယ်။ အစာ လမ်းကြောင်းထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း မြှင့်တင်ပေးပါတယ်။ အဲဒါကြောင့် အစာစားတဲ့အခါ အမြစ်နွယ်ဝင် အသီးအရွက် (အာလူး၊ ပိန်းဥ စသဖြင့်) တွေ၊ ပဲသီးအမျိုးမျိုးနဲ့ ဂျုံ ကြမ်းတွေ ကလည်း ဖြည့်သွင်းစားသောက်သင့်ပေရဲ့။

အချဉ် ဖောက်ထားတာလည်း စားပါ

သဘာဝနဲ့ အညီ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေကလည်း ကျန်းမာတဲ့ အစာလမ်းကြောင်း ကနေတဆင့် စိတ်ပိုင်းဆိုင်ရာ လန်းရွှင်စေပါတယ်။ ဒိန်ချဉ်၊ အသီးအရွက် ချဉ်ဖတ်တွေ၊ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက် အချဉ်တွေ၊ ရှာလကာရည် စိမ်ထားတဲ့ ဂေါ်ဖီထုပ်တွေ၊ ကိုရီးယား ကင်မ်ချီတွေက အတန်အသင့်တော့ စားသုံးသင့်တာ တွေပါပဲ။

ဆယ်လီနီယမ်

နောက်ပိုင်းကာလတွေမှာ ခေတ်စားလာတဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်ရှိတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း (Antioxidant with anti-inflammatory Properties) တွေထဲမှာ ဆယ်လီနီယမ်က ရှေ့တန်းမှာ ပါဝင်နေပါတယ်။ စိတ်ဖိစီးမှုတွေ လျော့ပြေဖို့၊ စိတ်ရွှင်လန်းဖို့ အရေးပါနေပြန် ပါတယ်။ အစားအသောက် အတော်များများမှာ ပါဝင် နေတာမို့ (မြေကြီးထဲမှာဆို အတော်များများ ရှိပါသတဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ အာဟာရမျှတတဲ့ ဘယ် အစားအသောက် မဆို မရှောင်တမ်းစားသူတွေမှာ လုံလောက်တဲ့ ပမာဏရတတ်ပါသတဲ့။ ဆယ်လီနီယမ် ဆေးတွေကို ပမာဏအများကြီး သောက်မိရင်တော့ အဆိပ်အတောက် ဖြစ်တတ်တာ သတိပြုပါ။

ရေသောက်ပါ

ဘဝရဲ့ ထာဝရ အားဖြည့် ရွှင်လန်းရာ အရည်ကတော့ ရေပါပဲ။ တနေ့တာလုံး စွမ်းရည်လည်း ပြည့် စိတ်တည်ငြိမ် ကြည်လင်မှုလည်း ရဖို့ ဆိုရင် ရေက အများကြီး စွမ်းဆောင်ပေးတာပါ။ ရေဓာတ် လျော့နည်းတာက နွမ်းနယ်မှုတွေ၊ စိတ် ဂနာမငြိမ်မှုတွေ ဖြစ်စေပါတယ်။ သန့်ရှင်းတဲ့ ရေကို လုံလောက်အောင် သောက်ပေးတာက ကျန်းမာရေးမှာ အရေးအတော်ကြီးတာ လုံးဝ မေ့မထားပါနဲ့။

ကဲ – ဘယ်လိုလဲ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရလို့ ဆိုတဲ့ ကျန်းမာရေး မဏ္ဍိုင်ကြီးတွေ ထဲက စိတ်ကို အာဟာရနဲ့ ဖြည့်ဆည်းပြီး ရွှင်လန်းတက်ကြွ ကြည်လင်မှု ရနိုင်ကြတာ သံသယမဲ့ ယုံကြည် လိုက်နာစေ ချင်ပါရဲ့။ အထူးအထွေ ဘာများ ပါလို့လဲ။ ပုံမှန် အစားအသောက်တွေကို စနစ်တကျ ပြည့်စုံအောင် စီမံလိုက်ရုံသာ မဟုတ်ပေဘူးလား။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading