အသက် ၁၂နှစ် အရွယ် ရှိပြီဖြစ်တဲ့ မမြတ်နိုးက လက်ဖက်ရည်ဆိုင်က စားပွဲဝိုင်းတွေကြားမှာ သွက်သွက်လက်လက် သွားလာပြီး လက်ဖက်ရည်မှာပေးရင်း စီးကရက်တိုတွေ ကိုလည်း တံမြက်စည်းနဲ့ လှည်းနေပါတယ်။ သူ့လို ကလေး အလုပ်သမား မျိုးတွေ အတွက် တနေ့လုပ်အားခ ကျပ် ၁ ထောင် ဝန်းကျင်လောက်သာ ရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ် က ကလေးအလုပ် သမားအများဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။
မမြတ်နိုးလိုမျိုး လက်ဖက်ရည်ဆိုင်တွေကနေ စက်ရုံ စက်ရုံတွေ အထိ အလုပ်အမျိုးမျိုး လုပ်ကိုင် နေရတဲ့ ကလေးငယ် သန်းပေါင်းများစွာ ရှိပါတယ်။ (အရင် စစ်အစိုးရလက်ထက်မှာ ကလေးလုပ်သားတွေ အများကြီး ပေါ်လာခဲ့ပါတယ်။) ဒါပေမယ့် ကလေးလုပ်သားများတွေနဲ့ ပတ်သက်လို့ သဘောထားတွေနဲ့ ဥပဒေတွေ ပြောင်းလဲဖို့ ကတော့ ဖိအားတွေ ရှိနေပါသေးတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေး ကောက်ပွဲက ရက်အနည်းငယ်လောက်ပဲ လိုတော့မယ့်အချိန်မှာ တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများက အားလုံးပါဝင်နိုင်တဲ့ မသင်မနေရနှင့် အခမဲ့ ပညာရေးကို ၅ နှစ်အတွင်း ဖော်ဆောင်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို တောင်းဆိုနေ ကြပါတယ်။
ပညာရေးကသာ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ဖို့ အခြေခံလိုအပ်ချက် ဖြစ်တယ်လို့ ဆိုခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများစုမှာ အနိုင်ရမယ်လို့ မျှော်လင့်ရပေမယ့် ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ အခုအချိန်အထိ လုပ်ဆောင်မယ်လို့ ကတိ မပြုသေးပါဘူး။
ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်ကို တချက်လောက် ကြည့်လိုက်ရင် ဘာလုပ်ရမယ် ဆိုတာကို မြင်ရပါမယ်။
ပလတ်စတစ်စားပွဲတွေ ခွေးခြေခုံလေးတွေနဲ့ ခင်းကျင်းထားတဲ့ လမ်းဘေး လက်ဖက်ရည်ဆိုင် တွေရဲ့ ပုံမှန်ဖောက်သည် ကတော့ ဆေးလိပ်တွေ တလိပ်ပြီး တလိပ်သောက်နေကြတဲ့ အမျိုးသားတွေ ဖြစ်ပါတယ်။ ဆိုင်အလုပ်သမား အများစုကတော့ ကလေးတွေ ဖြစ်ကြပြီး တချို့က အသက် ၇ နှစ် လောက်ပဲ ရှိပါသေးတယ်။
“ကျမက တောက လာတာပါ။ ကျမ မိဘတွေကို ကူညီရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ငွေကြေး မပြည့်စုံကြဘူး” လို့ မမြတ်နိုး (အမည်လွှဲပြောင်း ထားပါသည်) က ပြောပါတယ်။
ရန်ကုန်မြို့က ကလေးလုပ်သား အများစုလိုပဲ မမြတ်နိုးက မြန်မာနိုင်ငံရဲ့ နွမ်းပါးတဲ့ လူနည်းစု တိုင်းရင်းသား တယောက် ဖြစ်ပြီးတော့ အသက် ၉ နှစ် အရွယ်ကတည်းက အလုပ်စလုပ်ခဲ့ရာမှာ တနေ့ကို လုပ်အားခ ၁ ထောင်ကျပ် ဝန်းကျင်ခန့်သာ ရပါတယ်။
ကလေးလုပ်သားတွေဟာ တနေ့ကို ၁၄ နာရီနဲ့ တပတ်မှာ ၇ ရက် အလုပ်လုပ်ရပြီး ခမ်းမကျယ်ထဲမှာ အခြား ကလေးများနဲ့ အတူ ဒါမှမဟုတ် နေ့ခင်းဘက် မှာ သူတို့ စားပွဲထိုးရတဲ့ ပလတ်စတစ်စားပွဲတွေကို အိပ်ယာလုပ်ပြီး အိပ်ရပါတယ်။
ကစားချိန် မရှိရုံသာမက ကျောင်းပညာလည်း မသင်ကြားခဲ့ရတဲ့ ကလေးအလုပ်သမားတွေဟာ ဘဝတလျှောက်မှာ ပင်ပန်းတဲ့ အလုပ်ကြမ်းတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ နေထိုင်သွားကြရပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံက ကျောင်းမတက်နိုင်တဲ့ အသက် ၁၈ နှစ်အောက် ကလေး ၄ ဒသမ ၄ သန်းထဲမှာ မမြတ်နိုးလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကလေးလုပ်သား အများဆုံးစာရင်းမှာ နံပါတ် ၇ နေရာမှာ ရှိတယ်လို့ အင်္ဂလန်အခြေစိုက် နိုင်ငံတကာ လေ့လာ ဆန်းစစ်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Verisk Maplecrft ရဲ့ အဆိုအရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့အထက်မှာ တော့ အိန္ဒိယနိုင်ငံနဲ့ လိုက်ဘေးရီးယား နိုင်ငံတို့ ရှိပါတယ်။
ကမ္ဘာနဲ့ စီးပွားရေးတံခါး ဖွင့်လိုက်ပြီးတဲ့နောက် ၄ နှစ်ကြာတဲ့ အခါ စီးပွားတိုးတက်လာမှုနဲ့ အတူ ဟိုတယ်သစ်တွေ၊ ကော်ဖီဆိုင်တွေနဲ့ စက်မှုလုပ်ငန်းတွေမှာ အသက်အရွယ်မရွေး အလုပ်လိုချင်သူတွေ အတွက် အလုပ်အကိုင်နေရာတွေ ရှိလာတဲ့ အတွက် ကလေးလုပ်သားနှုန်းက တိုးတက်လာဖွယ်လည်း ရှိနေပါတယ်။
အလုပ်သမားဥပဒေတွေမှာ ရှုပ်ထွေးမှုတွေ ရှိနေပြီး ကလေးတွေ အလုပ် လုပ်ခြင်းကို တားမြစ် ထားတာမျိုး မရှိကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံတကာ လုပ်သမားအဖွဲ့ (International Labor Organization) မှ Ms. Piyamal Pichaiwangse က ပြောပါတယ်။
“ဘယ်အသက်အရွယ်မှာ အလုပ်စလုပ်လို့ ရတယ်ဆိုတာ ဥပဒေမှာ ရှင်းရှင်းလင်းလင်း မဖော် ပြထားဘူး။ ဥပဒေတွေကို အသုံးချတာလည်း မရှိဘူး” လို့ သူက ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက ILO ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ILO အဖွဲ့က ကလေး လုပ်သားကိစ္စကို စစ်မှုထမ်းစေခြင်း၊ လိင်လုပ်ငန်းများမှာ ခိုင်းစေခြင်း တို့လိုပဲ အဓမ္မခိုင်းစေမှုလို့ သတ်မှတ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ကလေးလုပ်သားပြဿနာကို ဖြေရှင်းချင်ပေမယ့် တရားဝင် ဥပဒေတရပ် မရေးဆွဲရသေးတာကြောင့် လုပ်သားထု အတွင်းမှာ ကလေးများ ဆက်ရှိ နေလိမ့်မယ်လို့ အစိုးရက ပြောပါတယ်။
“မိဘတွေက ဆင်းရဲတော့ ကလေးတွေကို လက်ဖက်ရည်ဆိုင် ပို့ပြီးတော့ ပိုက်ဆံရှာကြတယ်” လို့ အလုပ်သမား ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ဦးဝင်းစိန်က ပြောပါတယ်။
အလုပ်ခွင်ထဲကို ရောက်နေတဲ့ ကလေးငယ်တွေကို အခမဲ့ ပညာသင်ကြားပေးနေတဲ့ အဖွဲ့အစည်း အများအပြားလည်း ရှိပါတယ်။
အသက် ၁၅ နှစ်အရွယ် မောင်နိုင်လင်းအောင်က လက်ဖက်ရည်ဆိုင်မှာ တနေကုန် အလုပ် လုပ်ပြီး နောက် လွန်ခဲ့တဲ့ ၆ လကစလို့ ညပိုင်းမှာ တပတ် လျှင် ၃ ည ပညာသင်ကြားနိုင်ခဲ့ပါတယ်။
“ရှေ့ဆက်ပြီး ဘာတွေ ဖြစ်မယ် ဆိုတာလည်း မသိဘူး။ အဲဒါကြောင့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ သင်ချင်တယ်။ ကျနော် နေမကောင်းတဲ့ အချိန်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း သိချင်တယ်” လို့ မောင်နိုင်လင်းအောင်က ပြောပါတယ်။ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့မျက်လုံးတွေက နီနေပါတယ်။
The Myanmar Mobile Education Project (myME) က ရန်ကုန် နဲ့ မန္တလေးမြို့မှာ ရှိတဲ့ ကလေး ၆၀ဝ ကို လက်ဖက်ရည်ဆိုင် ပိတ်ချိန်မှာ ဆိုင်တွင်းမှာ စာသင်ပေးနေပါတယ်။ ၂၄ နာရီ အလုပ်ရှိနေတဲ့ နေရာတွေမှာ အလုပ် လုပ်နေကြရတဲ့ လူငယ်တွေ အတွက် မီနီဘတ်စ်ကားကို စာသင်ခန်း အဖြစ် သုံးပြုနိုင်အောင် ပြုပြင်ပြီး လုပ်ငန်းခွင်ရဲ့ အပြင်ဘက်မှာ ကားရပ်ပြီး သင်ပေးပါတယ်။
အချို့ကလေးတွေက အခြေခံစာရေး၊ စာဖတ်နဲ့ သချၤာဘာသာရပ်ကို သင်ကြားနေချိန်မှာ ကျောင်း တက်ဖူးတဲ့ ကလေးတွေကတော့ သူတို့ရဲ့ အင်္ဂလိပ်စာနှင့် ကွန်ပျူတာစွမ်းရည်ကို တိုးတက်လာအောင် ပြုလုပ်ချင်နေကြပါတယ်။
အလုပ်ပင်ပန်းနေတဲ့ ကလေးတွေကို စာသင်ရတာ လွယ်ကူတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။
“ကလေးအများစုက တနေ့လုံး အလုပ် လုပ်ကြရတဲ့ အတွက် အချို့က သင်ခန်းစာအပေါ်မှာ တခါ တလေ အာရုံ မစိုက်နိုင်ကြဘူး။ အဲဒါက စိန်ခေါ်မှု တခုပါပဲ” လို့ ဒီလိုကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ ကိုသော်ဝေထူးက ပြောပါတယ်။
တခြားအဖွဲ့အစည်း တခုဖြစ်တဲ့ ှScholarship for Street Kids ကတော့ ကလေးငယ်တွေ အလုပ် မလုပ်ရလို့ ဆုံးရှုံးသွားတဲ့ ဝင်ငွေ အတွက် သူတို့ရဲ့ မိဘတွေကို လျော်ကြေးပြန်ပေးပါတယ်။
“ဒီနိုင်ငံက တကယ်ကို ဆင်းရဲပြီး ပညာရေး စနစ်က ပျက်စီးနေပါတယ်။ အဲဒါကြောင့် ပညာရေးရဲ့ တန်ဘိုးကိုပြောပြပြီး သူတို့ရဲ့ ကလေးငယ်တွေကို ကျောင်းကို ပို့ဖို့ မိဘတွေကို စည်းရုံးရတာ ခက်ခဲပါတယ်” လို့ အဲဒီအဖွဲ့ကို တည်ထောင်သူ John McConnell က ပြောပါတယ်။
Scholarship for Street Kids က အခု အချိန်ထိ ကျောင်းသား ၃၀ဝ လောက်ကို ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက သူတို့ လက်လှမ်းမီသလောက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပညာရေးဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့တဲ့ အာဏာရှင်စနစ်ကြောင့် ယိုယွင်းပျက်စီးနေခဲ့ပြီး ကလေးအများစု အတွက် အလုပ် လုပ်ဖို့က လွဲရင် တခြား ရွေးချယ်စရာ နည်းပါးလွန်းပါတယ်။
myME ကို တည်ထောင်သူ Tim Aye Hardy ကတော့ မျိုးဆက်တခုလုံးဟာ ဆင်းရဲမွေတေမှုကြောင့် နစ်နာနေ ကြရတယ် လို့ ယူဆထားပါတယ်။ “သူတို့ ဘယ်လိုအလုပ်မျိုးတွေ ရကြမလဲ။ သူတို့ အတွက် ဒါမှမဟုတ် တိုင်းပြည် အတွက် ဘယ်လို အနာဂတ်မျိုးရှိနေမလဲ” လို့ သူက မေးခွန်းထုတ် လိုက်ပါတယ်။
(AFP သတင်းဌာန၏ All work and no play for Myanmar’s hard-working dhildren ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)