ဆောင်းပါး

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် အားနည်းချက်နှင့် အခက်အခဲများစွာရှိခဲ့

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုက နိုင်ငံ၏ အပြောင်းအလဲတခုအတွက် အဆင်သင့် ဖြစ်နေကြောင်း သက်သေထူနိုင်ခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (UEC) နှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများမှ အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အဓိက ပါဝင်ခဲ့ရသူများ ဖြစ်သည်။ သို့သော်လည်း ကော်မရှင်အဖွဲ့ဝင်များသည် မဲစာရင်း ပြုစုခြင်းမှ စ၍ မဲရလဒ် ကြေညာခြင်း အထိ ဝေဖန်မှုများ ခံခဲ့ရသည်။

တချိန်တည်းတွင် UEC လက်အောက်ရှိ အောက်ခြေအဆင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များတွင် အခက်အခဲများနှင့် အားနည်းချက် များစွာ ရှိခဲ့ကြောင်းလည်း သိရသည်။

အောက်ခြေရှိ ရပ်/ကျေးကော်မရှင်ခွဲ အဖွဲ့ဝင်အများစု၏ မြင်သာသည့် အခက်အခဲများမှာ စေတနာ့ဝန်ထမ်းများ ဖြစ်သည့်အလျောက် ငွေကြေးဆိုင်ရာ အခက်အခဲ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အခက်အခဲနှင့့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကြေညာစာများကို အချိန်နှင့် တပြေးညီ မရရှိနိုင်ခြင်းတို့ ရှိခဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့များက ပြောပြကြသည်။

ဖွဲ့စည်းပုံအရ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင် (UEC) အောက်တွင် ပြည်နယ်/ တိုင်းအဆင့် ကော်မရှင်ခွဲပေါင်း ၁၄ ခု၊ ခရိုင် အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသများအတွက် ကော်မရှင်ခွဲပေါင်း ၈၁ ခု၊ မြို့နယ်အဆင့် ကော်မရှင်ခွဲပေါင်း ၃၃၀ ၊ ရပ်/ကျေးအဆင့် ကော်မရှင် အဖွဲ့ခွဲပေါင်း ၄၀၀၀၀ ကျော်ရှိကြောင်း UEC ၏ စာရင်းများအရ သိရှိရသည်။

ပြည်ထောင်စု အဆင့် UEC အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ အမြဲတမ်းဝန်ထမ်းများမှ လွဲ၍ ကျန်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် စေတနာ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ထိုက်သင့်သည့် လစာ၊ အသုံးစရိတ်နှင့် ချီးမြှင့်ငွေတို့ မရရှိကြပါ။ မိမိဆန္ဒအရ ပါဝင် လုပ် ဆောင်ပေးသူများ ဖြစ်သော်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တလျှောက် အခက်အခဲတချို့ ရှိခဲ့သည်ဟု ဧရာဝတီကို ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅- ၂၀၁၆ အတွက် ဧည့်ခံကျွေးမွေးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၅၇၀၀ တောင်း ခံခဲ့ပြီး ယင်းစရိတ်တွင် မဲရုံအဖွဲ့များအား ကျွေးမွေးစရိတ်၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် တနှစ်စာ ပုံမှန် ကျွေးမွေးစရိတ်နှင့် ဧည့်ခံစရိတ်တို့ ပါဝင်ကြောင်း သိရသည်။

ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များအတွက် အစည်းအဝေးများတက်ရန် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် တဦးလျှင် ၅၀၀၀ ကျပ်၊ ၃၀၀၀ ကျပ် စသည်ဖြင့် ကျွေးမွေးစရိတ် လျာထားခဲ့ကြောင်း၊ သို့သော်လည်း ယင်းကျွေးမွေးစရိတ် သည် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲ အထိသာ ဖြစ်ပြီး ရပ်/ကျေးအဆင့် ကော်မရှင်အဖွဲ့ခွဲများအတွက် မပါဝင်ခဲ့ကြောင်းလည်း ပြောဆိုကြသည်။

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ အဖွဲ့ဝင် တဦးဖြစ်သည့် ဦးသောင်းအေး၏ အဆိုအရ ရပ်/ကျေး ကော် မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် တချို့သည် မိသားစု စားဝတ်နေရေးအတွက် တဖက်တွင် လုပ်ကိုင်နေရသည်များ ရှိ၍ ရွေးကောက်ပွဲ လုပ်ငန်း စဉ်များကို ရာနှုန်းပြည့် စိတ်နှစ်ပြီး မလုပ်နိုင်သည့် အချိန်များ ရှိကြောင်း သိရသည်။

ရပ်/ကျေး အဖွဲ့ဝင် အများစုသည် ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးသည့်အတွက် လုပ်ငန်းစဉ်များတွင် လိုအပ်ချက်များ ရှိလာ သည့်အခါ ဖိဖိစီးစီး လုပ်ဆောင်ရန် အားနည်းသည်ကို တွေ့ရှိရသည်ဟုလည်း ဆိုသည်။

“သူတို့ကလည်း သူတို့ စားဝတ်နေရေးအတွက် လုပ်နေတဲ့ အခါကျတော့ ဦးတို့နဲ့ တွေ့ဖို့ ပြုဖို့ တခါတရံ အခက်အခဲ ရှိတာပေါ့လေ။ ဒီကိုတက်လာရင်လည်း ကိုယ့်စရိတ်နဲ့ကိုယ် လာရတော့ ခေါ်တိုင်း ပြည့်ပြည့်စုံစုံ မလာနိုင်ဘူးပေါ့။ အကုန်လုံးလာပါ၊ ၁၅ ယောက် စလုံး လာပါ၊ ၁၀ ယောက်စလုံး လာပါဆိုလည်း ၄ ၊ ၅ ယောက်ပဲ လာနိုင်တယ်”ဟု ဦးသောင်းအေးက ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်လိုက်သည့် ဥပဒေအရ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကို ထိုက်သင့်သည့် လစာကြေးငွေ ထောက်ပံ့ပေးရန် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်ဟု ပါရှိလာသော်လည်း ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အချိန်မမီ ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

အားနည်းချက် နောက်တခုမှာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်အင်အား ဖြစ်ကြောင်း သိရှိရသည်။ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ကော်မရှင် အဖွဲ့ခွဲတခုစီတွင်လည်း အများယုံကြည်လေးစားခြင်းခံရသူ စေတနာ့ဝန်ထမ်း ၆ ဦး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ၉ ဦးနှင့် ပေါင်း ၁၅ ဦးစီဖြင့် ဖွဲ့စည်းထားပြီး ရပ်/ကျေး ကော်မရှင် တခုစီတွင် ရပ်ကွက်အတွင်းရှိ လူအင်အားပေါ် မူတည်ပြီး အဖွဲ့ဝင် ၅ ဦးနှင့် အထက် ရှိကြကြောင်း သိရသည်။

တိုင်းအဆင့်မှစပြီး မြို့နယ်အဆင့် ကော်မရှင်ခွဲ တခုစီတွင် ဥက္ကဋ္ဌ အပါအဝင် လူအင်အား ၁၅ ဦးသာ ရှိသည့်အတွက် လူဦးရေများသော မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးတို့တွင် စေတနာ့ဝန်ထမ်းအင်အား ပိုမိုလိုအပ်ကြောင်း ဟင်္သာတခရိုင် ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်က ဧရာဝတီကို ပြောသည်။

ထို့အပြင် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များ မဲစာရင်း ပြုစုရာတွင် အသုံးပြုသော IFES (International Foundation for Electoral Systems) ၏ ဆော့ဖ်ဝဲ အသုံးပြုနည်းအတွက် လုံလောက်သည့် အချိန်နှင့် ညွှန်ကြားပြသမှုများ မရရှိခဲ့သောကြောင့် အခက်အခဲများစွာ ရှိခဲ့ကြောင်း သိရသည်။

“၂ ရက်လောက် လာပေးတဲ့အခါမှာ ပြီးပြီ၊ ပြန်သွားတယ်။ ထပ်မေးတဲ့အခါမှာ ပြန်လာတယ်။ မေးတာလေးတွေကို ဖြေပဲ ဖြေပေးနိုင် တယ်။ ဒါ့ထက်ပိုပြီးတော့ တိတိကျကျ လုပ်မပေးနိုင်ဘူးလေ။ အဲဒီလို အခက်အခဲ ရှိတယ်”ဟု ဦးသောင်းအေးက ပြောသည်။

ယင်းကဲ့သို့ အခက်အခဲများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲ ကာလအတွင်း ဟင်္သာတမြို့၏ အခြေအနေကို ခြုံငုံကြည့်လိုက်ပါက အခြားဒေသများထက် အားသာချက်များ ရှိခဲ့သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသောင်းအေးက ဆိုသည်။

အရပ်ဘက် အဖွဲ့စည်းများက မဲပေးနည်း အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လာရောက် မလုပ်ဆောင်နိုင်ခဲ့သော် လည်း ပယ်မဲအရေအတွက်သည် ထင်ထားသည်ထက် နည်းပါးခဲ့ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းခွဲကျော် ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းနီးပါး မဲလာပေးခဲ့ကြောင်း၊ မဲဆွယ်စည်းရုံးမှု ကာလအတွင်း နိုင်ငံရေးပါတီအချင်းချင်း တိုင်ကြားမှုများ မရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲနေ့တွင်လည်း မဲမသမာမှုများ သိသိသာသာ မရှိခဲ့ကြောင်း ဟင်္သာတမြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ သိရှိရသည်။ ။

Loading