ဆောင်းပါး

ကလေး ၂ ဦး မူဝါဒနှင့် တရုတ်၏ အနာဂတ် စီးပွားရေး မောင်းနှင်အား

This article has been converted from Zawgyi One to Unicode

ကလေးတယောက်သာ ယူခွင့်ရှိသည့် မူဝါဒကို ပြောင်းလဲလိုက်ကြောင်း တရုတ် ကွန်မြူနစ်ပါတီက ကြေညာခဲ့ပြီး နောက် ရေရှည်တွင် ဘဏ္ဍာရေးနှင့် စီးပွားရေး ဖိအားများကို အစိုးရက မည်ကဲ့သို့ ဖြေရှင်းလိမ့်မည် ဆိုသည်ကို စီးပွားရေး ပညာရှင်နှင့် ရင်းနှီးမြှုပ်နှံသူတချို့က စူးစမ်းနေကြသည်။

နောက်လာမည့် ဆယ်စုနှစ်များ အတွင်းတွင် ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်နိုင်ငံက နည်းပညာ၊ ကျန်းမာရေးနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန် အားထုတ်လိမ့်မည်ဟု ကြေညာချက် ထွက်ပေါ်လာ အပြီးတွင် ကျွမ်းကျင်သူများက ပြောကြသည်။

“အနာဂတ် ဆယ်စုနှစ် ၂ ခု၊ သို့မဟုတ် ၃ ခု အတွင်းမှာ တရုတ်နိုင်ငံကို မောင်းနှင်မှာက လူဦးရေ မဟုတ်ဘူး။ တရုတ်နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဘယ်လောက် အထိ ရှေ့ဆက်ပြီး လုပ်သွားနိုင် မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”ဟု တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်သည့် Primavera Capital Group ကို တည်ထောင်ခဲ့သူ Fred Hu က ပြောသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Peterson Institute for International Economics မှ ပညာရှင်တဦးဖြစ်သည့် နီကိုလပ် အာရ် လာဒီ (Nicholas R. Lardy) က တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်ရန် ၎င်း၏ ကြီးမားသော လုပ်သားအင်အားထုကို မှီခိုသည့် နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီဟု ဆိုသည်။

“မေးစရာ ရှိတာကတော့ တရုတ်နိုင်ငံဟာ ၁၉၈၀ နဲ့ ၉၀ နှစ်တွေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ကာလအထိ ကျနော်တို့ မြင်ခဲ့ရတဲ့ ကုန်ထုတ်လုပ်မှု လျင်လျင်မြန်မြန် တိုးတက်ရေးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေး မျိုးတွေကို အကောင်အထည်ဖော် တော့မှာလား ဆိုတာ ပါပဲ” ဟု သူက ပြောသည်။

ကလေးမွေးဖွားနှုန်း အနည်းငယ် မြင့်တက်လာခြင်းက ကာလတို တခုအတွင်းတွင် စားသုံးမှုကို တိုးမြင့်လာစေနိုင် ပါသည်။ သို့သော်လည်း ဘေဂျင်းမြို့၊ ပီကင်းတက္ကသိုလ်ရှိ China Center for Economic Research မှ ဒါရိုက်တာ Yao Yang က နောက်ထပ် ၂ နှစ် သို့မဟုတ် ၃ နှစ်ခန့်ကြာလျှင် တရုတ်နိုင်ငံသည် (ကမ္ဘာ့ဘဏ်၏ အဆိုအရ) အမျိုးသမီး တဦးလျှင် ပျမ်းမျှ ကလေး ၁ ဒသမ ၄ ဦး ရှိသည့် ဂျပန်နိုင်ငံကဲ့သို့သော အရှေ့အာရှနိုင်ငံများ ကဲ့သို့ ကလေး မွေးဖွားမှုနှုန်း နိမ့်ကျသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားနိုင်သည်ဟု ပြောသည်။

အသက်အရွယ် ကြီးရင့်သူ များပြားသည့် လူဦးရေက တရုတ်နိုင်ငံ၏ စီးပွားရေး အလားအလာများ အတွက် ခြိမ်းခြောက်မှု ဖြစ်လာသည်မှာ လုပ်သားအင်အားထု လျော့ကျသွားခြင်း တခုတည်းကြောင့် မဟုတ်ဘဲ စားသုံးသူများ၏ ဝယ်လိုအား ကျဆင်းသွားခြင်း ကြောင့်လည်း ဖြစ်သည်ဟု Yao Yang က ဆိုသည်။

သူက ၁၉၉၀ နှစ်များအတွင်းတွင် စီးပွားရေး ပြန်လည် နာလန်ထရန် ကြိုးစားခဲ့ရသည့် ဂျပန်နိုင်ငံနှင့် နှိုင်းယှဉ်ပြခဲ့ သည်။ ပြည်သူတို့၏ အသက်အရွယ်ကြောင့် ဝယ်လိုအားတန့်သွားခြင်းက ဂျပန်စီးပွားရေး အပေါ် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။

“လုပ်သားအင်အား လျော့ကျမှုကို ကာမိဖို့ အတွက် အမြဲတမ်း လုပ်နိုင်ပါတယ်။ ပညာရေး အဆင့်အတန်းကို မြှင့်တင်လို့ ရတယ်။ နည်းပညာတိုးတက်မှုကို အရှိန်မြှင့်လို့ ရတယ်။ နောက်ပြီးတော့ စက်ရုပ်တွေလည်း သုံးလို့ ရပါသေးတယ်” ဟု သူက ပြောသည်။

“ဂျပန်ရဲ့ တကယ့်ပြဿနာက ဝယ်လိုအားဘက်မှာ ဖြစ်ပါတယ်။ သူတို့က စက်ရုပ်တွေ အများကြီး သုံးတယ်။ ဒါပေမယ့် ဝယ်လိုအား မရှိဘူး” ဟု Yao Yang က ဆိုသည်။

၁၉၇၉ ခုနှစ်တွင် တအိမ်ထောင်လျှင် ကလေး တယောက်သာ မွေးရမည့် မူဝါဒကို စတင်ခဲ့ချိန်မှစ၍ တရုတ်နိုင်ငံ၏ လူဦးရေတွင် မညီမျှမှုများ တိုးလာခဲ့သည်။ တရုတ်နိုင်ငံ၌ ယမန်နှစ်အထိ အသက် ၆၀ အထက် လူဦးရေက နိုင်ငံ့ လူဦးရေ၏ ၇ ပုံ ၁ ပုံသာ ရှိခဲ့ရာမှ ၂၀၅၀ ခုနှစ် ရောက်သည့် အချိန်တွင် ၃ ပုံ ၁ ပုံရှိလာမည် ဟု ခန့်မှန်းရသည်။ ထို့ကြောင့် အစိုးရ၏ ဘတ်ဂျက်နှင့် သက်ကြီးရွယ်အို နိုင်ငံသားများ အတွက် ဆောင်ရွက်ပေးရသည့် အစီအစဉ်များ တွင် အကျပ်အတည်းများ သိသိသာသာ တွေ့လာရတော့မည် ဖြစ်သည်။

တချိန်တည်းမှာပင် ပြီးခဲ့သည့် နှစ်များအတွင်း တဖြည်းဖြည်း လျော့ပါးလာသည့် လုပ်သားအင်အားထု အရွယ်အစား ကလည်း ဆက်လက် ကျဆင်းသွား ဖွယ်ရာ ရှိနေပြီး တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ သမိုင်းဝင် စီးပွားရေး တိုးတက်မှုကို ရေရှည်တည်အောင် မည်သို့လုပ်မည်နည်း စသည့် မေးခွန်းများ မြင့်တက်လာသည် ဟု စီးပွားရေး ပညာရှင်များက ပြောကြသည်။

အလုပ်လုပ်နိုင်သည့် အရွယ်ရှိသော လူဦးရေ က ၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် စတင် ကျဆင်းခဲ့သည်။ ယမန်နှစ်က လုပ်သားအင်အား စုစုပေါင်း ၉၁၆ သန်းရှိခဲ့ရာ ၂၀၁၃ ခုနှစ်ကနှင့်နှိုင်းစာလျှင် ၃ ဒသမ ၇ သန်း လျော့နည်း သွားခြင်း ဖြစ်သည်ဟု တရုတ်အစိုးရ၏ အဆိုအရ သိရသည်။

ရေရှည်အရ ဆိုလျှင် ကလေးမွေးဖွားနှုန်း တိုးလာခြင်းက လုပ်သားအင်အားထု လျော့ကျလာခြင်းကို အနည်းငယ် ပြန်လည် ကာနိုင်ဖွယ်ရာ ရှိပါသည်။ သို့သော်လည်း ရေတိုမှာမူ ကလေးငယ်များသည် လုပ်သားအင်အား၏ အပြင်ဘက် စာသင်ကျောင်းများတွင်သာ ရှိနေသေးသည့် အတွက် စီးပွားရေး အပေါ် ဖိအားသစ်တခု ဖြစ်လာနိုင် သည်။ ပြည်သူ အားလုံးအတွက် အစိုးရတွင် တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။

“စီးပွားရေး အတွက် အလုပ်လုပ်နိုင်တဲ့ လူဦးရေ လျော့ကျသွားပြီးတော့ အရင်ဆယ်စုနှစ်တွေ အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အလျင်အမြန် တိုးတက်လာခြင်းမှာ အဓိက အကြောင်းဖြစ်ခဲ့တဲ့ လူဦးရေ အားသာချက်က ပြောင်းပြန် ဖြစ်သွားပါလိမ့်မယ်” ဟု Harvard School of Public Health မှ စီးပွားရေးနှင့် လူဦးရေပညာ ပါမောက္ခတဦးဖြစ်သည့် ဒေးဗစ် အီးဘလွန်း (David E. Bloom) က အီးမေးလ်မှ တဆင့် ပြောကြားခဲ့သည်။

“အလယ်အလတ် ကာလတခုမှာတော့ စီးပွားရေးအရ အန္တရာယ်ရှိပါတယ်” ဟုလည်း သူက ဆိုသည်။

မူဝါဒအသစ် ကျင့်သုံးလျှင်ပင် တရုတ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာအောင် ထိန်းသိမ်းထားနိုင်ရန် ခက်ခဲလိမ့်မည် ဟု ကျွမ်းကျင်သူ တချို့က ပြောကြသည်။

“တရုတ်နိုင်ငံက ကြီးမားတဲ့ လူဦးရေဆိုင်ရာ လေဆန်ကို တိုးနေရတာ ပါ။ အခုလို မူဝါဒကို ပြောင်းလဲလိုက်တာက သက်ရောက်မှု ရှိလိမ့်မယ် လို့ ကျနော်မထင်ပါဘူး။ ဒါက ကြိုဆိုရမယ့် ခြေလှမ်းတခုပါ။ ဒါပေမယ့် အရမ်းနောက်ကျ နေပြီလို့ ကျနော် ထင်ပါတယ်” ဟု နယူးယောက်မြို့ရှိ Morgan Stanley Investment Management မှ ဈေးကွက်များ ဆိုင်ရာ အကြီးအကဲ Ruchir Sharma က ပြောသည်။

ထိုကဲ့သို့ သံသယများ ရှိနေသော်လည်း တရုတ် နိုင်ငံသားတချို့က ချက်ချင်း အကျိုးအမြတ် ပြန်လည် ရရှိနိုင်မည့် အကြောင်းတခုကို မြင်ခဲ့ကြသည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကလေးအသုံးအဆောင်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။ ထိုနေ့ ညပိုင်း အထိ စတော့ရှယ်ယာ အရောင်းအဝယ်နှင့် ပတ်သက်၍ ပြည်သူများ တယောက်နှင့် တယောက် မက်ဆေ့ချ်ပေးပို့၍ အကြံပေးကြသည့် စာရင်းတွင် နို့ဖျော်စက်နှင့် ကလေးအတွက် ကားထိုင်ခုံ ထုတ်လုပ်သည့် ကုမ္ပဏီများ ထိပ်ဆုံးက ပါဝင်နေခဲ့ပါသည်။ ။

(International New York Times တွင် ဖော်ပြထားသော Javier Hernandez ၏ Weighing likely effects of ‘one child’ shift ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)

Loading