Health

ဒေါသရဲ့ နောက်ကွယ်မှာ

This article has been converted from Zawgyi One to Unicode

လူရဲ့ အခြေခံတရားထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေ ရှိနေသလို၊ ထိန်းချုပ်ဖို့ကလည်း တော်ရုံနဲ့ မလွယ်ကူ ပါဘူး။ လောဘ ဆိုတဲ့ တပ်မက်မှုကို မျိုသိပ်ရတာက အခြေအနေပေါ်လိုက်ပြီး လုပ်လို့ ရနိုင်ပါသေးတယ်။ စိတ်ကို ထောင်းခနဲ ထစေတဲ့ ဒေါသကို ထိန်းချုပ်ဖို့ ကျတော့ ခက်ပေသား။ လူမှန်ရင် စိတ်လှုပ်ရှားခံစားမှု ရှိတာမို့ ဒေါသထွက် တယ် ဆိုတာက ပုံမှန် ဖြစ်စဉ် တခုပါ။ ဒါပေမယ့် ထစ်ခနဲဆို ဒေါသထွက်နေပြီ ဆိုရင်ဖြင့် ကျန်းမာရေး အတွက် အန္တရာယ် ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တခုခုလား၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ တခုခုလား ဆိုတာ ဆန်းစစ် ရပါလိမ့်မယ်။ ဒေါသထွက်စေတဲ့ အခြေအနေတွေနဲ့ တချို့ဆေးဝါးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း တပုံတပင်ပါ။

အယ်လ်ဇိုင်းမား

အသက်ကြီးလာလို့ သတိမေ့လျော့ လာတတ်တဲ့၊ သူငယ်ပြန်တယ် ဆိုလေ့ရှိကြတဲ့ အယ်လ်ဇိုင်းမား ရောဂါကို အခုတော့ နားယဉ်စ ပြုနေကြပြီ ထင်ပါတယ်။ သတိမေ့လျော့တဲ့ ဖြစ်စဉ်မှာ စိတ်မကျေနပ်တာတွေ ယှဉ်တွဲပါဝင်နေ ပါတယ်။ ဒါကြောင့် ဒေါသ ဖြစ်လွယ်တာကို အနီးကပ် ပြုစုစောင့်ရှောက် နေသူတွေ ကြုံရတာ များပါတယ်။ အမှန်တကယ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မကျေနပ်ဖွယ် မဖြစ်ဘဲ ဒေါသကြီးနေတဲ့ သက်ကြီးရွယ်အို တွေဆိုရင် ဒီဝေဒနာကို စဉ်းစားပေးဖို့ သတိပြုရပါမယ်။

ဆေးတွေကြောင့်လား

တချို့ စိုးရိမ်သောက သက်သာစေတဲ့ ဆေးတွေ၊ အိပ်ဆေးတွေကလည်း ဒီအကျိုးဆက် ရရှိစေပါတယ်။ အထူးသဖြင့် ဒိုင်ယာဇီပင် အုပ်စုဝင် ဆေးတွေကို စိုးရိမ်သောကနဲ့ ပတ်သက်တဲ့ အခြေအနေတွေမှာ သုံးရပါတယ်။ တခုခု စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နာကျင်ပြီး ဖြစ်တဲ့ စိုးရိမ်မှု၊ စိတ်စွဲလွန် ရောဂါတွေမှာ အသုံးများကြပါတယ်။ တချို့ အိပ်မပျော်သူတွေ အတွက်လည်း အသုံးတည့်ပါတယ်။ ဒါပေမယ့် အဲဒီဆေးတွေရဲ့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုး ကတော့ ဒေါသကြီး လာတတ်တာပါ။ အထူးသဖြင့် ပင်ကိုယ်က ရန်လိုတတ်သူတွေ သုံးမိရင် ပိုဆိုးစေပါတယ်။

အော်တစ်ဇင်

ခုနောက်ပိုင်း တွေ့မြင်ကြားသိလာကြတဲ့ အော်တစ်ဇင် ဆိုတဲ့ ဉာဏ်ရည်နိမ့်ကျမှု ဆိုင်ရာ ဝေဒနာရှင်တွေမှာ ဒေါသ ဖြစ်တာက ပုံမှန်ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အာရုံထွေပြားလာချိန်၊ စိတ်ဖိစီးမှု များလာချိန်၊ သူတို့ကို လစ်လျှူရှုရင်၊ ပုံမှန် အနေအထားကနေ အပြောင်းအလဲ တခုခု ကြုံရင်တော့ ဒေါသပေါက်ကွဲ တတ်ကြပါတယ်။ ဆက်ဆံ ပြောဆိုဖို့ ခက်ခဲသူတွေမို့ ဒေါသဖြစ်လာရင် ကိုင်တွယ်ရ ပိုခက်ခဲပါတယ်။ သူတို့ကိုယ်တိုင် ဒေါသထွက်နေ တာကို မသိတာမျိုးပါ။ စိတ်ရှည်လက်ရှည် လေ့ကျင့် ထိန်းချုပ်ရပါတယ်။

အဆီချတဲ့ဆေးတွေ

ကိုလက်စထရော ဆိုတဲ့ ဆိုးတဲ့အဆီတွေ လျော့ကျစေဖို့ Statin ဆိုတဲ့ ဆေးကို တွင်ကျယ်အောင် သုံးနေကြပါတယ်။ စမ်းသပ်လေ့လာချက်တွေ အရတော့ ဒီဆေးက ရန်လိုစိတ်နဲ့ ဆက်စပ်နေတတ် ပြန်ပါတယ်။ နောက်တနည်း အားဖြင့် ကိုလက်စထရော လျော့ကျလာရင် ပျော်ရွှင်မှုဖြစ်စေတဲ့ Serotonin ဟော်မုန်းကပါ လိုက်ပြီးလျော့လာတာပါ။ အဲဒါကြောင့် သည်းခံမှု နည်းပါးပြီး စိတ်ကျဝေဒနာပါ ဖြစ်လာတတ်ပြန်ပါသတဲ့။

စိတ်ကျရောဂါ

စိတ်ကျရောဂါ ခံစားနေရရင် စိတ်က အမြဲ အထစ်အငေါ့ ဖြစ်နေတာပါ။ ရုတ်တရက် ပေါက်ကွဲပစ်လိုက်ဖို့ အလွယ်တကူ ဖြစ်နေတာပါ။ အများအားဖြင့် ဒေါသက အတွင်းမှာ လှည့်ဖြစ်နေတာ ဆိုပေမယ့် အပြင်ကိုလည်း ပေါက်ကွဲ ထွက်လာတတ် ပါတယ်။ စိတ်ကျရောဂါရဲ့ ဒေါသတွေကိုတော့ ဆေးဝါးတွေနဲ့ ကုသလို့ ရနိုင်ပါတယ်။

ဆီးချို

ဆီးချိုသွေးချို ဆိုတဲ့ ခေတ်မီသူတိုင်း ဖြစ်ကြသည် ဆိုရမယ့် ရောဂါ ရှိနေရင်လည်း စိတ်လှုပ်ရှားခံစားမှု ထွေပြားတာ တွေ ဖြစ်တတ်ပါတယ်။ ဒေါသလည်း အပါအဝင်ပေါ့။ နေထိုင်စားသောက်တဲ့ နေထိုင်မှုပုံစံ ပြောင်းရတာ၊ ကိုယ့် ဝေဒနာက ဘာများ ထပ်ဖြစ်လာမလဲ၊ သောက ရောက်ရတာ အစုံတွေ့ကြုံရလို့ပါ။ သွေးတွင်း သကြားဓာတ် ထိန်းသိမ်းပေး နိုင်ရင်တော့ စိတ်ဖိစီးမှု ပြေပျောက်ဖို့လည်း အထောက်အကူ ရပါတယ်။

ဝက်ရုးပြန် ဝေဒနာ

တက်ချက်တတ်တဲ့ ဝက်ရူးပြန် Epilepsy ရှိနေရင်လည်း ဦးနှောက်မှာ ရှုပ်ထွေးကြောက်လန့်မှုတွေ ဖြစ်စေပါတယ်။ အဲဒါကလည်း တခြားသူထက် ဒေါသ ပိုထွက်စေ ပြန်ပါတယ်။ ကိုယ့်အခြေအနေကို ပြန်ဂရုစိုက် နေရတာကြောင့် စိတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေ အမြဲ ဖြစ်နေရလို့ဆိုတာ နားလည်ပေးရ ပါလိမ့်မယ်။

အသည်းပျက်သူ

အသည်း အားနည်းမှုက အမြဲတစေ ဒေါသကြီးနေမှုနဲ့ ဆက်စပ်တယ် လို့ ဆိုပါတယ်။ အသည်းကြွပ်တာ၊ အသည်းရောင်တာတွေကို မကုသဘဲ နေရင် အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ အသည်းပျက်ယွင်း လာတော့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်က ထုတ်ပစ်ဖို့ အလုပ် မလုပ်သလို ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်တော့ ဦးနှောက်မှာ အသည်းကြောင့် အဆိပ်သင့်ရာက အပြုအမူတွေ ထိန်းချုပ်နိုင်စွမ်း မဲ့လာတာက ဒေါသအိုးတွေ ဖြစ်ရပြန် ပါတယ်။

ရာသီကြို

တချို့က ဟာသလို သဘောထားပေမယ့် အမျိုးသမီးတွေ ဓမ္မတာကာလမှာ စိတ်တိုတတ်တာ အမှန်ပါ။ တခြား ဓမ္မတာ လက္ခဏာတွေလိုပဲ ဒေါသပိုကြီးတာလည်း ဖြစ်တတ်ပါတယ်။ ဓမ္မတာကာလမှာ လျော့ကျသွားတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေလိုပဲ ပျော်ရွှင်မှု ဖြစ်စေတဲ့ Serotonin ဟော်မုန်းပါ လျော့ကျသွားတာမို့ သွေးဆုံးကာလ ဆန်ဆန် စိတ်အလို မကျမှုတွေ ဖြစ်လာရတာပါ။

လေဖြတ်

လေဖြတ်တဲ့ အခါ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးပါတယ်။ စိတ်လှုပ်ရှား ခံစားမှုနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေ ထိခိုက်ရင်တော့ စိတ်တို ဒေါသထွက်တာတွေ ဖြစ်လာပါတယ်။ ကိုယ်တပိုင်း သေတာလိုမျိုး ဘဝပြောင်းသွားတာ ကလည်း စိတ်အလို မကျမှုတွေ ဖြစ်စေတာပါ။

သိုင်းရွိုက်ဂလင်း

လည်ပင်းကြီးရောဂါလို့ သိတဲ့ သိုင်းရွိုက်ဂလင်း အလုပ် ပိုလုပ်ရာကနေ ဟော်မုန်းတွေ အများကြီး ထွက်တာကလည်း စိတ်ခံစားမှုတွေ ထွေပြားစေပါတယ်။ စိတ်တင်းကျပ်တာ၊ စိုးရိမ်ပူပန်တာတွေကနေ ဒေါသတွေ ပိုလာတာပေါ့။ ဆေးကုလို့ ရတဲ့ ရောဂါပါ။

ဆိုခဲ့တာတွေကတော့ ပုံမှန်ထက် ဒေါသပိုကြီးတတ်သူတွေ၊ အမြဲတမ်း စိတ်တိုနေသူတွေအတွက် သတိချပ်စရာ ရောဂါတွေ ပါ။ ကိုယ့်ဘာသာ သတိထားမိရင်တော့ ဆရာဝန်နဲ့ ပြသပြီး ရောဂါ တခုခုကြောင့် စိတ်တို ဒေါသထွက် ပိုနေရသလား ဆိုတာ ချင့်ချိန်နိုင်ဖို့ပါ။ ရောဂါဘယကြောင့် ဆိုရင်တော့ ကုသမှုခံယူပေါ့။ အဲသလို မဟုတ်ရင်တော့ အထောက်အကူ ဖြစ်မယ့် အလေ့အကျင့် လေးတွေ လုပ်ကြည့်ပါ။

ဒေါသထွက်လာရင် အသက်ပြင်းပြင်း ရှူပြီး အပြုသဘောဆောင်တဲ့ စကားတွေ ကိုယ့်ဘာသာ ပြောပြီး ဖြေလျော့ပါ။ ကိုယ့်ကို ဖြေလျော့ပေးနိုင်မယ့်သူ တယောက်ယောက်ကို ကိုယ့်ခံစားချက်တွေ ပြောပြပါ။ ကိုယ့်ကိုယ်ကို ကျန်းမာပြီး အလုပ်တွေ လုပ်နေနိုင်သူ တယောက်ဖြစ်စေမယ့် နည်းလမ်းတွေ ရှာဖွေ လုပ်ဆောင်ပါ။ ဟာသလေးတွေ ရှာကြံတွေးဆ ကြည့်ပါ။ ဒေါသတွေ ပြေရာပြေကြောင်း ပေါ့။ ။

Loading