စာအုပ်အမည် – ကင်ဂျုံအန် (သို့မဟုတ်) မြောက်ကိုရီးယားနိုင်ငံ၏ မဟာခေါင်းဆောင်
စာရေးသူ – ဆလိုင်းအောင်မင်းလှိုင်
ထုတ်ဝေသည့်ကာလ – ၂၀၁၄၊ အောက်တိုဘာ၊ ပထမအကြိမ်
စာအုပ်တိုက်အမည် – The book house
တန်ဖိုး – ၁၅၀၀ကျပ်
သိပ်ကောင်းလွန်း၊ အလွန်တရာမှ ပြည့်စုံတဲ့ သမိုင်းမှတ်ချက်တခုကို မကွယ်လွန်မီ အချိန်ထိ ပြည်သူလူထု သိအောင် မြင်အောင် အလင်းပြခဲ့သူ ကတော့ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဘယ်နိုင်ငံက ဘယ်အာဏာရှင် ကတော့ ငါတော့ ဒီပြည်သူတွေကို နှိပ်စက်ရတာ၊ ပြည်သူ့ဘဏ္ဍာ ငါ့ဘဏ္ဍာ လုပ်ရတာ ဝသွားပါပြီ၊ ရိုးအီသွားပြီလို့ ကြားဖူးလို့လဲ။
အဲဒီ အာဏာရှင် နိုင်ငံတွေထဲမှာ မြောက်ကိုရီးယား နိုင်ငံဟာလည်း အပါဝင် ဖြစ်ပါတယ်။ အာဏာရှင် ၃ ဆက် (အဖိုး၊ အဖေ၊ မြေးဖြစ်သူ ကင်ဂျုံအန်) အုပ်ချုပ်နေပြီး ပြည်သူပြည်သားတွေကို အမှောင်ချထားဆဲ တိုင်းပြည် ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ထဲက သတင်းတွေကို ပြင်ပ ကမ္ဘာက မသိအောင် တသွေး၊ တသံ၊ တမိန့်နဲ့ အမှောင်ချ ထားတာပါ။
ကွန်မြူနစ် တော်လှန်ရေးသမား ကင်အီဆွန်း (ကင်ဂျုံအန်ရဲ့အဖိုး) ကို ၁၉၁၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ကင်အီဆွန်းသည် ဂျပန်များကို ကိုရီးယားနိုင်ငံမှ မောင်းထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း လှုပ်ရှားဆောင်ရွက် နေသော လက်နက်ကိုင် အုပ်စု အများအပြားတွင် ပါဝင်ခဲ့သည်။ (စာ-၂)
တချိန်က တိုင်းပြည်အတွက် တော်လှန်ရေး လုပ်ဆောင်ခဲ့ကြပေမယ့် အာဏာလက်ဝယ် ရှိလာတဲ့အခါ အာဏာမှာ ယစ်မူး ပျော်ဝင် သွားတတ်တာကို မမေ့လျော့ဖို့ လိုပါတယ်။
၁၉၄၅ ခုနှစ်တွင် ဂျပန်တို့လက်နက်ချပြီးနောက် အမေရိကန်နှင့် ဆိုဗီယက်တပ်ဖွဲ့များက ကိုရီးယားနိုင်ငံသည် ကွဲပြားခြား နားသော သဘောတရား ရေးရာများ အကြားတွင် နှစ်ခြမ်းကွဲနေကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ထိုအချိန်က ကိုရီးယား ကွန်မြူနစ်များက နိုင်ငံမြောက်ပိုင်းတွင် တပ်စွဲထားကြပြီး ဒီမိုကရေစီဝါဒလိုလားသော တပ်ဖွဲ့များက တောင်ပိုင်းတွင် အခြေစိုက် ထားကြလေသည်။ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) နှင့် ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ဟူ၍ နိုင်ငံနှစ်ခု အဖြစ် ကွဲပြားသွားခဲ့ရသည်။ (စာ-၃)
မြန်မာပြည်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ တပါတီ အာဏာရှင်စနစ် အောက်ရောက်ခဲ့ပုံ၊ ခုနှစ်တို့မှာ သိပ်ကွာခြားမှု မရှိပါဘူး။ မြန်မာပြည်က ပြည်တွင်းစစ်ပါ အဆစ်ပါလိုက်သေးတယ်။ မြန်မာပြည်က အင်္ဂလိပ်လက်အောက်က ၁၉၄၈ မှာ လွတ်လပ်ရေးရ။ နောက် တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ သဘောထား ကွဲလွဲ၊ အိမ်စောင့်အစိုးရဆိုပြီး ၁၉၆၂ ကစလို့ တပါတီအာ ဏာရှင်အောက် ကျရောက်။ ထို့နောက်များမှာတော့ ဥက္ကဋ္ဌကြီး ပြီးတော့ မှူးကြီး ဆက်လက် အုပ်ချုပ်ခဲ့။ မြောက်ကိုရီးယားလည်း ဘာထူးလဲ။ အဖိုး၊ အဖေ၊ မြေးမျိုးဆက် ၃ ဆက် လွှဲပြောင်းယူခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂ အနေအားဖြင့် ကိုရီးယားအား နှစ်ပိုင်းခွဲခြားခဲ့မှုသည် ၁၉၅၀ ပြည့်နှစ်တွင် ကိုရီးယားစစ်ပွဲ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းများ အနက် တခုဖြစ်သည်။ (စာ-၃)
မြောက်ကိုရီးယားသည် ကမ္ဘာကြီး တခုလုံးကို ဦးနှောက်ရှုပ်စေသည့် နိုင်ငံတခု ဖြစ်သည်။ မဟာခေါင်းဆောင်ကြီး ကင်အီဆွန်း၊ သူ၏သားနှင့် အာဏာဆက်ခံသူ ကင်ဂျုံအီနှင့် လက်ရှိ မဟာခေါင်းဆောင် လူငယ် ကင်ဂျုံအန်တို့၏ သားစဉ် မြေးဆက် အာဏာအမွေ ဆက်ခံသည့် စစ်အာဏာရှင်စနစ်များအောက်တွင် မြောက်ကိုရီးယားနိုင်ငံသည် သူ၏ တနိုင်ငံတည်း အထီးကျန် နေထိုင်သည့် ဝါဒ အတိုင်း ဆက်လက် တည်ရှိနေဦးမည်လော သို့တည်းမဟုတ် ပြုပြင် ပြောင်းလဲရေး ကာလတခု ရှိလာပြီး တဖြည်းဖြည်းနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တခု ဖြစ်ပေါ်လာအောင် အားပေးရင်း နိုင်ငံကို ၂၁ ရာစုအတွင်း ခေါ်ဆောင် သွားနိုင်မည်လော ဆိုသည်တို့ကို ပြင်ပ နိုင်ငံများက သိချင်ဇော ပြင်းပြနေကြသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံ၏ မဟာခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံရသော ကင်ဂျုံအန်သည် ကိုရီးယား ပြည်သူများအတွက် ကြီးမားသော အပြောင်းအလဲ များကို ဖော်ဆောင် ပေးလိမ့်မည် ဟူသော မှန်းဆချက်များစွာ ရှိခဲ့သည်။ (စာ-၄)
မြောက်ကိုရီးယား ပြည်သူတွေ ပြောင်းလဲအောင် လုပ် မလုပ်တော့ မသိရသေးဘဲ သူ (ကင်ဂျုံအန်) တက်လာတဲ့ လေးနှစ် အတွင်း ကမ္ဘာက ထိတ်လန့်ရွံရှာဖွယ် ဖြစ်အောင် သူ့မိခင်ဘက်က တော်စပ်သူ ဦးရီးတော်ကို ခွေးစာ ကျွေးပစ်လိုက် ပါတယ်။
ဘာကြောင့် သူဟာ ဒီလို လုပ်ရပ်တွေ လုပ်ခဲ့သလဲဆိုတာ ငယ်ရွယ်စဉ် ပုံရိပ်တွေလေ့လာကြည့် နိုင်ပါတယ်။
သူသည် အဘက်ဘက်က ညံ့ဖျင်းသူဖြစ်သည်။ အတန်းထဲတွင် သူ၏ ပညာရည်အဆင့်မှာ နိမ့်သည်ကို တွေ့ရသည်။ အတန်းတက် ပျက်ကွက်မှု အကြိမ်နှုန်းမှာ သိသိသာသာ များပြားခဲ့သည်။ သတင်းအရင်းမြစ် တခုအရ သူသည် သဘာဝသိပ္ပံ ကဲ့သို့သော ဘာသာရပ်တွင် ကျရှုံးခဲ့ပြီး သချၤာဘာသာရပ်ကိုလည်း အောင်ရုံမျှသာ အောင်ခဲ့သည်။ ကျောင်းနေစဉ် ကင်ဂျုံအန်သည် စာမေးပွဲတခုတွင် စာခိုးချရန် စာရွက်တရွက်ကို လျှို့ဝှက် ယူဆောင်လာခဲ့သည်ကို အခန်းစောင့် ဆရာက ဖမ်းမိခဲ့ဖူးကြောင်း၊ အခြား အဖြစ်အပျက် တခုတွင်လည်း ကာမ သာယာကျေနပ်မှု အတွက် ကြိုးတုပ် ဆက်ဆံသည့် အပြာစာအုပ်၊ မဂ္ဂဇင်းလက်ဝယ် တွေ့ရှိမှု ဖြစ်ခဲ့သေးသည်ဟု ဆိုသည်။ (စာ-၇)
ကိုယ်ကိုယ်တိုင် မှားနေ ညံ့ဖျင်းနေပါရဲ့။ တခြားသူ (တိုင်းသူပြည်သား) ကောင်းဖို့ ဆိုတာ ရေမှာ အရုပ်ရေးသလို ဖြစ်နေမှာ အသေချာ ဖြစ်ပါတယ်။ ပညာရေးညံ့ခဲ့သူ ကြီးစိုးနေသော ကာလ ပညာရေး ညံ့ဖျင်းမည်မှာ မြေကြီးလက်ခတ် မလွဲ။
ကင်အီဆွန်း ကဲ့သို့ပင် သူ၏သား ကင်ဂျုံအီနှင့် ယခုသူ၏မြေး ကင်ဂျုံအန်တို့ကလည်း ယင်းတို့၏ နာမည်ဖြင့် ရုပ်တုများကို စိုက်ထူထားကြသည်မှာ အရေအတွက်အားဖြင့် သူ့အဖိုးထက်ပင် များပြားလေသည်။ ဦးညွှတ် အလေးပြုရန် ပျက်ကွက်သူများအား ပြစ်ဒဏ်အဖြစ် ဒဏ်ငွေသော်လည်းကောင်း ထောင်သွင်း အကျဉ်းချခြင်း သော်လည်း ကျခံကြရန် သတ်မှတ်ထားသည်။ (စာ-၁၄)
လူတဦးတယောက်ရဲ့ စိတ်ဆန္ဒ မပါဘဲ ဇွတ်အတင်းဖိနှိပ် ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ အဓမ္မဖြစ်ပါတယ်။ အဓမ္မဟာ ရေရှည် ခံလေ့ မရှိပါဘူး။ အဲဒီ အဓမ္မကို တွန်းလှန်ချင်စိတ် ကလည်း အရေးကြီးပါတယ်။ ဟစ်တလာ၊ ပိုပေါ့၊ ပီနိုချေး၊ ဆက်ဒမ် အစရှိ တဲ့ အာဏာရှင်တွေရဲ့ ဇာတ်သိမ်းခန်းဟာ သမိုင်း မလှခဲ့ပါဘူး။
၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ကင်ဂျုံအန်အား မြောက်ကိုရီးယားနိုင်ငံ၏ မဟာခေါင်းဆောင်ကြီး အဖြစ် မြောက်ကိုရီး ယား ပါလီမန်ဟုလည်း ခေါ်ဆိုနိုင်သော ၁၂ ကြိမ်မြောက် ပြည်သူ့ထိပ်သီး ညီလာခံ၏ ၅ ကြိမ်မြောက် အစည်းအဝေးပွဲတွင် တရားဝင် ရွေးကောက် တင်မြှောက်ခဲ့ကြလေသည်။ သူ့ဖခင်က သူ၏အာဏာကို ဆက်ခံယူရန် ရွေးချယ် သတ်မှတ်ပြီး ဖြစ်၍ အဆိုပါ ရွေးကောက် တင်မြှောက်ပွဲမှာ ဟန်ပြ အခမ်းအနားတခုနှင့် ပို၍တူနေပေသည်။ (စာ-၂၆)
အဖေက သားကို အာဏာလွှဲတာ ငြင်းဆန်သူ မရှိ၊ ဝေဖန်သူ မရှိ။ ပြည်သူ့ဆန္ဒ မပါဘဲ ဇွတ်အတင်း အဆင့်ဆင့် အာဏာသိမ်း ယူပွဲသာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိက ရာထူးနေရာများ ဖြစ်တဲ့ စစ်သေနာပတိချုပ်၊ ကိုရီးယား အလုပ်သမားပါတီ ပထမ အတွင်းရေးမှူး၊ အမျိုးသား ကာကွယ်ရေး ကော်မတီ ပထမ ဥက္ကဋ္ဌ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ စတဲ့ရာထူးများကို ရယူထားပါတယ်။
သူခေါင်းဆောင် ဖြစ်ခါစ အစောပိုင်းတွင် ကင်ဂျုံအန်က မြောက်ကိုရီးယားသည် နိုင်ငံမှ ထွက်ပြေး၍ ရန်သူ့နိုင်ငံသို့ ဘက်ပြောင်း ခိုလှုံသူများကို ရပ်တန့်သွားအောင် မဖြစ်မနေ တားဆီးသွားမည် ဟု ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။ (စာ-၂၈)
မြောက်ကိုရီးယား နိုင်ငံသားများမှာ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ကို တင်းကျပ်စွာ တားမြစ်ထားခြင်း ခံကြရသည်။ မြို့တော် ပြုံယမ်းသည် ပါတီဝင်များ၊ စစ်တပ်ခေါင်းဆောင်များ (သို့) မြောက်ကိုရီးယား လူ့မလိုင်အလွှာမှ ပုဂ္ဂိုလ်များ အတွက်သာ ဖြစ်နေတတ်သည်။ (စာ-၂၈)
အာဏာရှင် ဆိုသူတိုင်းက ၎င်းတို့ကို မထောက်ခံရင် သူတို့ အာဏာစက်အောက် မခိုလှုံရင် အမိန့်အာဏာတွေနဲ့ သင်းကွပ် ချေမှုန်းပစ်လေ့ ရှိတတ်ကြတယ်။ ပြည်သူတွေ အကြောက်တရား နက်နက်ရှိုင်းရှိုင်း ခေါင်းထဲ ရောက်လေ၊ သူတို့ ကြိုက်လေ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက နိုင်ငံတကာ ဥပဒေများကို လိုက်နာရန် ငြင်းဆိုခဲ့သဖြင့် ပိတ်ဆို့ အရေးယူမှု အမျိုးမျိုးချ မှတ်ခံရသည်။ အကျိုးရလဒ် အဖြစ် နိုင်ငံ့ဘဏ္ဍာရေး အခြေအနေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်။ မြောက်ကိုရီးယား၌ တာတိုရော တာလတ်ရော ပစ်ခတ်နိုင်သည့် ဒုံးပျံများစွာရှိနေပြီဖြစ်ကြောင်း၊ မိမိတို့၏ နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံကိန်းကို လက်လျှော့ ဖျက်သိမ်းမည် မဟုတ်ကြောင်း၊ ထိုသို့ လုပ်ဆောင်အောင် မိမိတို့အား အမေရိကန် ပြည်ထောင်စုက တွန်းအားပေးနေကြာင်း ပြတ်သားစွာ ပြောကြားခဲ့သည်။ (စာ-၄၀)
အိမ်တအိမ်မှာ နေ့ရောညပါ တံခါးပိတ်ထားရင် ဘာဖြစ်တတ်သလဲ၊ တွေးကြည့်ရအောင်။ လေဝင်လေထွက် မရဘဲ မှောင်မည်း နေတတ်ပါတယ်။ လေကောင်းလေသန့် မရနိုင်တဲ့ အပြင်၊ တောက်ပတဲ့ နေရောင်ခြည်ကိုလည်း မြင်ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ အခြားနိုင်ငံတွေနဲ့ ဆက်ဆံထိတွေ့ဖို့ အားမထုတ်ဘဲ ငါပဲ အဆင်ပြေ၊ ငါပဲ ကျန်းမာချမ်းသာ လုပ်နေပြီး ငါတကော ကောနေတဲ့ အာဏာရှင်အောက်က ပြည်သူတွေရဲ့ဘဝကို တွေးမျှော်ရင်လေးရပါတယ်။
အစိုးရအပေါ် အနည်းငယ်မျှသော ဝေဖန်မှု၊ သို့မဟုတ် မဟာခေါင်းဆောင်ကြီးကို ဆန့်ကျင်သော ဝေဖန် ကောက်ချက်ချမှုသည် ပင်လျှင် လူတဦး တယောက်အား (သို့) တချို့သော ဖြစ်ရပ်များတွင် မိသားစုတခုလုံးအား အကျဉ်းစခန်းသို့ အရောက် ပို့နိုင်လေသည်။ ထို အကျဉ်းစခန်းများ၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ (သို့) တချို့သော ဖြစ်ရပ်များတွင် သေဒဏ်အထိ ကျခံနိုင်ပေသည်။ (စာ-၄၂)
ဒီစာအုပ်ကို အညွှန်းရေးဖို့ ဖတ်ရှုနေစဉ် တပတ်အလိုက စာရေးသူ ဆလိုင်းအောင်မင်းလှိုင်ကို သံရုံးနဲ့ မြန်မာစာပေ စိစစ်ရေးရုံးက ယခု ဒီစာအုပ် (ကင်ဂျုံအန်) ကို ဆက်လက် ဖြန့်ချိခြင်း မပြုရန် လာရောက် တားမြစ်တယ်လို့ ဂျာနယ် တစောင်မှာ ဖတ်လိုက်ရပါတယ်။
အာဏာရှင် ဆိုတာ ပြည်သူ့ဘက် မျက်နှာမူဖို့ အားထုတ်လေ့ မရှိပါဘူး။ အဲဒီလိုပဲ သူတို့ အကြောင်းရေးထားတဲ့ စာအုပ်စာတမ်းကို မျက်မုန်းကျိုးလေ့ ရှိတတ်ပါတယ်။ အာဏာရှင်တယောက် ပြိုလဲဖို့ ဆိုတာ ၎င်းကိုထောက်ပံ့ထားတဲ့ ထောက်တိုင်၊ လည်ပတ်စေတဲ့ ယန္တရား စတာတွေ ရပ်သွားမှ ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေရဲ့ လွတ်မြောက်ရေး အပေါ် ထားတဲ့ စိတ်ဓာတ်တွေ စောင့်ကြည့်ရမယ် လို့ ဆိုလိုတာပါ။
အဲဒီလိုပဲ ကင်ဂျုံအန်ဟာ သူ့အဖိုး သူ့အဖေလို အာဏာကိုသေတဲ့ အထိ ထိန်းသိမ်းထားနိုင်မလား ဆိုတာရယ်၊ မြောက်ကိုရီးယား ပြည်သူတွေရဲ့အနာဂတ်ကို စာရေးသူ ဆရာ ဆလိုင်း အောင်မင်းလှိုင် ဆက်လက် မှတ်တမ်းတင်နိုင် ပါစေ လို့ ဆန္ဒ ပြုရင်း။ ။