ဥပမာအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်များ တလျှောက်တွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အလားအလာများလည်း အမြောက်အမြား ရှိနေသည်။ ပြည်တွင်း အတွက် လုံလောက်သော ဓာတ်အား ထောက်ပံ့မှု ပေးရင်း ပိုလျှံသော အရင်းအမြစ်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရေး အတွက် ဟန်ချက်ညီမျှမှုကို ရှာဖွေနိုင်ရေးက အရေးကြီးပါသည်။ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မှု မရှိခြင်းနှင့် ပြည်သူတို့၏ လိုအပ်ချက်ကို ဥပေက္ခာ ပြုထားခြင်းများ ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားသို့ စွမ်းအင်တင်ပို့မှု အပေါ် အမည်းစက် ထင်စေခဲ့သည်။ သို့သော်လည်း တနိုင်ငံလုံး သို့ ဖြန့်ချိမည့် ကွန်ရက်အတွက် ရင်းနှီးမြှုပ်နှံရန်နှင့် ကွန်ရက် ပြင်ပတွင် ပြည့်မြဲစွမ်းအင်ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင် ရန် နိုင်ငံခြားသို့ အရင်းအမြစ် အမြောက်အမြားရောင်းချခြင်းမှ အကျိုးအမြတ် မရရှိနိုင်စရာလည်း မရှိပါ။
နိုင်ငံခြားသို့ စွမ်းအင်တင်ပို့သည့် စီးပွားရေးကို စွန့်လွှတ်မည့်အစား မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း စွမ်းအင် ပေါင်းစည်းရေးတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတခုမှ ပါဝင်သင့်ပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသည် တည်ငြိမ်ပြီး သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် စွမ်းအင်ရရှိခြင်းကြောင့် အကျိုးအမြတ်များ ရရှိခဲ့ကြပြီး ဖြစ်သည်။
နယ်စပ် တလျှောက်ရှိ မြို့များသည်လည်း အလားတူပင် ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကွန်ရက်ပြင်ပမှ ပြည်သူများသည် တရုတ်နိုင်ငံမှ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခဲ့ကြသည်။ ထိုင်းနိုင်ငံ နယ်စပ်တွင်ရှိသော တာချီလိတ်မြို့သည်လည်း ထိုင်းနိုင်ငံမှ ဓာတ်အားလိုင်းနှင့် ၁၉၉၅ ခုနှစ်တွင် ချိတ်ဆက်ခဲ့သည်။ အဆိုပါဒေသတွင် ယခင်က လူဦးရေ ၂ သောင်းခန့်သာ ရှိခဲ့ရာမှ နောက်ပိုင်းတွင် ၁ သိန်း ကျော်အထိ ဖြစ်လာသည်ဟု သိရသည်။
စက်ရုံ အသေးစားလေးများနှင့် အလုပ်ရုံများလည်း တိုးပွား လာခဲ့သည်။ ထိုကဲ့သို့ လျင်မြန်စွာ တိုးတက်လာခဲ့ သော်လည်း ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားက တည်ငြိမ်စွာ ဆက်ပေးနေနိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ကွန်ရက် အတွင်းတွင်မူ ဖြန့်ဖြူးစဉ်အတွင်း ဓာတ်အား တဝက်နီးပါးခန့် ပျောက်ဆုံးသွားသည်ကို မြင်တွေ့ရသည်။ ထိုင်းနိုင်ငံမှ လျှပ်စစ်က မြန်မာနိုင်ငံမှ ရရှိသည့် ဓာတ်အားထက် ဈေးနှုန်းကြီးမြင့်သော်လည်း ဒေသတွင်းမှ အခွန်အခနှုန်းထားများ နည်းသည့်အတွက် သိသိသာသာဖွံ့ဖြိုးလာခဲ့သလို ဝင်ငွေလည်း မြင့်မားလာခဲ့သည်။
အလားတူ အစီအစဉ်များက မြန်မာနိုင်ငံ၏ ထိုင်းနှင့် တရုတ် နယ်စပ်များ တလျှောက်တွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ ဥပဒေများအရ နိုင်ငံခြား တိုင်းပြည်များမှ လျှပ်စစ်ဓာတ်အား ဝယ်ယူခြင်းကို တားမြစ်ထား သော်လည်း ထိုကဲ့သို့သော အစီအစဉ်များကို ခွင့်ပြုထားခြင်းမှာ ဓာတ်အားကွန်ရက်က အစွန်အဖျားဒေသများ အထိ ရောက်မလာနိုင်သေးမီ အချိန်အထိ ကာလတို သို့မဟုတ် အလယ်အလတ် ကာလ တခုအထိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြေရှင်းထားခြင်းဟု ယူဆရပါသည်။
နယ်စပ်ဒေသများတွင် တည်ငြိမ်မှန်ကန်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်းက နိုင်ငံခြားမှ စက်ရုံများကို ဆွဲဆောင် နိုင်ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါသည်။ မြန်မာနိုင်ငံတွင်းတွင် လာရောက် လုပ်ကိုင်ခြင်း အားဖြင့် နိုင်ငံခြား ကုမ္ပဏီများ အတွက် လုပ်ခလစာ အားသာချက်ရရှိနိုင်၍ ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားမှ ကုန်သွယ်ရေး အဓိက ထွက်ပေါက်ဖြစ်သည့် မူဆယ်မှ ဗဟိုစီးပွားရေးဇုန် စီမံကိန်း (CBD) က ဥပမာတခု ဖြစ်ပါသည်။ အဆိုပါ နည်းဗျူဟာက ပြည်တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အခက်အခဲများ လျော့နည်းရေး အတွက် အထောက်အကူ ဖြစ်စေသည်။ အစိုးရ အနေဖြင့်လည်း အဆိုပါဒေသများတွင် တခြား အကြောင်းအရာများ ပေါ်၌ ဦးစားပေးခွင့် ရရှိခဲ့သည်။
သို့သော်လည်း အဆိုပါစနစ်က ပဋိပက္ခများ ကြုံတွေ့ခဲ့ရသည့် ဒေသများတွင် အကျိုးဖြစ်စေခဲ့သည်။ အစိုးရနှင့် ပုဂ္ဂလိက မဟုတ်သည့် တတိယ စွမ်းအင်အရင်းအမြစ်က စွမ်းအင်စီမံကိန်းများ၊ ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အား ဖြန့်ဖြူးရေး လိုင်းများကို တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်များကို ဖယ်ရှားပေးနိုင်ခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများအပေါ် တွင် အားထားရခြင်း အတွက် အချုပ်အခြာအာဏာ ဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရန် အတွက် အိမ်နီးချင်းနိုင်ငံများမှ ရရှိသည့် စွမ်းအင် အရင်းအမြစ်များကို မြန်မာနိုင်ငံ၏ တိုးချဲ့ထားသည့် ကွန်ရက်အတွင်းသို့ ထည့်သွင်းနိုင်ပါသည်။
တာစူထားမှုများ
မြန်မာနိုင်ငံအတွက် သတင်းကောင်းမှာ အားလုံး လွှမ်းခြုံနိုင်သည့် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေး အစီအစဉ်များ ဆောင်ရွက်ရန် လိုအပ်ချက်များ အတွက် ကျယ်ပြန့်သော သဘောတူညီချက် တခု ရှိနေခြင်း ဖြစ်သည်။ အကူအညီပေးမည့် အဖွဲ့အစည်းများလည်း ရှိနေသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၁၉၈၄ ခုနှစ်ကတည်းက ပြင်ဆင်မှု မပြုလုပ်နိုင်ခဲ့သည့် ဥပဒေများနေရာတွင် အစားထိုးမည့် ဥပဒေကြမ်းများ ရေးဆွဲရန်နှင့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိရေး ဥပဒေသစ်တခု ရေးဆွဲရန် မြန်မာနိုင်ငံကို ကူညီပေးနေသည်။ ဓာတ်အားပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရေရှည် စွမ်းအင်စီမံကိန်းများ အတွက် နည်းပညာ အကူအညီပေးမည့် အစီအစဉ်များလည်း အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
Japan Fund for Poverty Reduction က ရေရှည်အတွက် စွမ်းအင် မဟာစီမံကိန်း (Energy Master Plan)၊ ပြည့်မြဲ စွမ်းအင်ဖွံ့ဖြိုးရေး ဗျူဟာ (Renewable Energy Development Strategy) နှင့် မြန်မာနိုင်ငံအတွက် စွမ်းအင် အကျိုးရှိစွာ သုံးစွဲရေး မူဝါဒ (Energy Efficiency Policy for Myanmar) များ တိုးတက်လာရေး အတွက် အထောက်အပံ့များ ပေးခဲ့သည်။ ဓာတ်အား ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ အဆင့်မြင့် တိုးတက်လာရေး အတွက် အမေရိကန်ဒေါ်လာ ၂၁၅ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။ စီမံကိန်း အများအပြားမှာလည်း တည်ဆောက်ဆဲ သို့မဟုတ် ၂၀၁၅ ခုနှစ်အတွင်းတွင် ပြီးစီးရန် စီစဉ်ထားသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် မြန်မာအစိုးရက အမျိုးသားစွမ်းအင် စီမံခန့်ခွဲရေးကော်မတီ (National Energy Management Committee) နှင့် အမျိုးသား စွမ်းအင်ဖွံ့ဖြိုးရေး ကော်မတီ (National Energy Development Committee) တို့ကို ဖွဲ့စည်းခဲ့သည်။ စွမ်းအင်နှင့် သက်ဆိုင်သော ဝန်ကြီးဌာနများ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်လိုက်ခြင်းက ရှေ့ဆက် နိုင်ရေး အတွက် အရေးကြီးသော ခြေလှမ်းတရပ် ဖြစ်သည်။
သို့သော်လည်း အားလုံးကိုတော့ ဖြေရှင်း ပေးနိုင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အရွယ်အစားနှင့် နိုင်ငံရေး ရှုပ်ထွေးမှုများ ကြောင့် လူမှုရေးအရနှင့် နိုင်ငံရေးအရ လက်ခံနိုင်လောက်သည့် လျှပ်စစ် ဓာတ်အား ရရှိရေး မူဝါဒတခု ပေါ်ပေါက်လာရန် တာဝန်ရှိသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ပါသည်။ ယခုအခါတွင် အစိုးရ၊ လွှတ်တော်၊ စွမ်းအင် ကုမ္ပဏီများနှင့် ပြည်သူများက တနိုင်ငံလုံး လျှပ်စစ် ဓာတ်အား ရရှိရေးနှင့် အဆိုပြုထားသည့် သဘော တူညီချက်များ၏ အတိုင်းအတာနှင့် ပတ်သက်၍ ဆွေးနွေး ငြင်းခုံနေရဆဲဖြစ်သည်။
အဆိုပါ စီမံကိန်း များကို အကောင်အထည်ဖော်ရန် လိုအပ်သည့် ဥပဒေများမှာ ယခုအချိန်အထိ အတည်ပြုပြဋ္ဌာန်း နိုင်ခြင်း မရှိသေးပါ။ ထိရောက်သော မူဝါဒတခု ဖြစ်ရန် အတွက် ပိုမိုကောင်းမွန်သည့် အချက်အလက် စုစည်းမှု၊ စွမ်းဆောင်ရည် တည်ဆောက်မှု၊ ပြည်သူတို့၏ ပါဝင်မှုများအပြင် ပညာပေးရေး၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ဝေမျှရေးများကို ကြိုတင် ပြုလုပ်ထားနိုင်ရမည် ဖြစ်သည်။ လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းများမှာ စနစ်တကျ ပေါ်ပေါက်လာရေးက အချိန်ယူရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း လတ်တလော ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် လိုအပ်နေသည်မှာ အစိုးရနှင့် ပုဂ္ဂလိကပိုင်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများ ပေါင်းစည်းထားသော အဖွဲ့အစည်းတခု ဖွဲ့စည်းနိုင်ရေး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ စွမ်းအင်ဗဟိုဌာန (Myanmar International Energy Center) တခု ဖွဲ့စည်းခြင်း ကလည်း အလှူရှင် အဖွဲ့အစည်းများက အဆိုပြုလာသည့် အစီအစဉ် အမျိုးမျိုးနှင့် စွမ်းအင်ကဏ္ဍတွင် စီးပွားရေး အရ အခွင့်အလမ်း ရှာဖွေရယူနိုင်ရန် ဝင်ရောက်လာသည့် အဖွဲ့အစည်းများ အတွက် လမ်းကြောင်း ချမှတ်ပေးနိုင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
အဆိုပါ ဌာနတခုက သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကြားတွင် ဆွေးနွေးပြောဆိုမှုကို ပျိုးထောင်ပေးခြင်း၊ နားလည် သဘောပေါက်မှုကို တည်ဆောက်ပေးခြင်း အားဖြင့် အောင်မြင်သည့် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းများကို အောင်မြင်အောင် မြှင့်တင်ရာတွင် အကူအညီ ပေးနိုင်လိမ့်မည် ဖြစ်သည်။
အခြားသော အရေးပါသည့် ကိစ္စရပ်များနှင့် မူဝါဒဆိုင်ရာ မေးခွန်းများကိုလည်း ကြိုတင် ညှိနှိုင်းဆွေးနွေးပေးနိုင်မည် ဖြစ်သည်။ သက်ဆိုင်ရာ သတင်းများ၊ အပြောင်းအလဲများ၊ အဖြစ်အပျက်များနှင့် တခြားသတင်းအချက်အလက်များကို စောင့်ကြည့် လေ့လာပြီး အစိုးရ တာဝန်ရှိသူများ၊ လေ့လာဆန်းစစ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စာနယ်ဇင်းများ သို့လည်း သတင်းအချက်အလက်များ ဝေမျှပေးမည် ဖြစ်သည်။
အဆိုပါဌာနက အစိုးရ-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းများ၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြား မဟာမိတ်များ တည်ဆောက်ရန် အတွက် လိုအပ်သည့် ယန္တရားများ ရှိလာရန် အပြင်ကမ္ဘာသို့ တံခါးဖွင့်လိုက်ပြီး စွမ်းအင်ကဏ္ဍ ပေါ်ပေါက်လာသည့် အချိန်တွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် အခွင့်အလမ်းများကို နားလည် သဘောပေါက် လာကြအောင် မြှင့်တင်ပေးနိုင် လိမ့်မည် ဖြစ်သည်။
လူသားစွမ်းအင်ကို လမ်းကြောင်းတည့်ပေးခြင်း
မြန်မာနိုင်ငံတွင် ကျယ်ပြန့်၍ လုံလောက်မှု ရှိပြီး ကြာရှည်ခိုင်မြဲမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက တိုင်းပြည်၏ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး အခက်အခဲများကို ဖြေရှင်းရေး အပေါ်တွင် မူတည်နေသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံ သူတို့၏ စိတ်ဝင်စားမှု၊ ဆန္ဒနှင့် အရင်းအမြစ်များ ရှားပါးမည့် အသွင်လည်း မရှိပါ။ ရှေ့ဆက် သွားရမည့် လမ်းကြောင်းက နည်းပညာဆိုင်ရာနှင့် ဖွဲ့စည်းမှုဆိုင်ရာ စိုးရိမ်စရာ မှန်သမျှကို ဖြေရှင်းနိုင်ရေးထက် မူဝါဒ အမျိုးမျိုးကို တစည်းတလုံးတည်း ဖြစ်အောင် ပေါင်းစည်းနိုင်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အပေါ်တွင် မေးခွန်း ထုတ်စရာများ ပိုရှိလာမည့် အသွင်ရှိပါသည်။
တိုင်းပြည်၏ ရေရှည် ရည်ရွယ်ချက်များနှင့် ရေတို လိုအပ်ချက်များကို ပြည့်မီနိုင်ရန် စီမံကိန်းတခု ဖော်ဆောင်ရေး အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက သက်ဆိုင်သူတွေက အစိုးရနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ မူတည်နေပါတယ်။
လက်ရှိ စတင်ဆောင်ရွက်နေပြီ ဖြစ်သော အစီအစဉ်များ (ကွန်ရက်ငယ်များ၊ အိမ်တွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေး၊ နယ်စပ်ဖြတ်ကျော်၍ ဓာတ်အား ရယူခြင်းများ သို့မဟုတ် နိုင်ငံတကာ စွမ်းအင်ဗဟိုဌာန (Myanmar International Energy Center) ဖွဲ့စည်းခြင်း စသည်တို့က ခေတ်မမီတော့သော ဓာတ်အားကွန်ရက်တခုကို အဆင့်မြှင့် ပြင်ဆင်နိုင်ရာတွင် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။
လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုကို တိုးချဲ့နိုင်ခြင်းက မြန်မာနိုင်ငံ၏ ချမ်းသာသော မြို့ပြနှင့် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသတို့ ကြားက ကွာဟမှုကို လျှော့ချပေးနိုင်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကို အကျိုးရှိစေမည့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်သည်။
နောက်ဆုံး ရလဒ်က မြန်မာနိုင်ငံမှ ပြည်သူအများစု အတွက် လျှပ်စစ်ဓာတ်အား ရရှိနိုင်ရုံ သက်သက်သာ မဟုတ်ပါ၊ ပြည်သူလူထု၏ ဆန္ဒက ပိုမိုကိုယ်စားပြု ပါဝင်သည့် နိုင်ငံတခုကိုလည်း ဖန်တီးနိုင်မည် ဖြစ်သည်။ ကောင်းမွန်သော အစိုးရတခု အတွက် အမှောင်ထုမှ လွတ်မြောက်နိုင်ရန် အလင်းရောင်ကို ဖန်တီးပေးခြင်းထက် ပို၍အခြေခံကျသည့် ဆောင်ရွက်ချက် မရှိနိုင်ပါ။ ။
(Foreign Affairs မဂဇင်းပါ Keith Rabin နှှု့် Christina Madden တို့၏ Out of Darkness Myanmar’s Quest to (Em) Power its Citizens ဆောင်းပါးကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)