Culture

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး စိန်ခေါ်မှုများ တွေ့ကြုံနေရတဲ့ ပုဂံဒေသ

This article has been converted from Zawgyi One to Unicode

အုံ့ဆိုင်းနေသည့် အပင်များအကြား ရေညှိများတက်နေသည့် ရှေးဟောင်းစေတီတော်၏ မျက်နှာစာ၌ “Restaurant” ဟူသည့် ဆိုင်းဘုတ် ချိတ်ဆွဲထားသော မြင်ကွင်းက မျက်စိထဲသို့ မသက်မသာ ဝင်လာသည်။

အလားတူပင် “ဟိုတယ်စီမံကိန်း ရှိသဖြင့် ဖြတ်သန်းသွားလာခွင့် မပြု” ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ချိတ်ဆွဲ ထားသည့် ခြံဝန်းကျယ်ကြီး အတွင်းမှလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင် စက်ယန္တရားကြီးများ မောင်းနှင်နေသည့် အသံများကို ဆူညံစွာ ကြားနေရသည်။
အဆိုပါ မြင်ကွင်းနှင့် အသံများသည် မြို့ပြ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ မဟုတ်ဘဲ ကမ္ဘာတွင်သာမက မြန်မာလူမျိုးတို့၏ တန်ဖိုးထားသော အမွေအနှစ် တခုဖြစ်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် အတွင်း တွေ့ရှိနေရသော မြင်ကွင်း အခြေအနေများပင် ဖြစ်သည်။

“အပင်ကြီးတွေ စိုက်လိုက်၊ ပြီးရင် မြေကြီးတွေ တူးတယ်။ လုပ်ချင်ရာတွေ လုပ်နေတာ။ ဒီနေရာက အရင်တုန်းက အနော်ရထာမင်း အပါအဝင် မင်းမျိုးမင်းနွယ်တွေကို မြှုပ်နှံခဲ့တဲ့ နေရာတဲ့။ ဒါပေမယ့် သူတို့က တန်ဖိုးမထားကြဘူး။ အခုတော့ ဟိုတယ်ဇုန် ဖြစ်သွားပြီလေ။ ဒီဒေသမှာက လုပ်ငန်းတိုင်းမှာ ခရိုနီတွေ ကြီးစိုးနေတာ။ ဘယ်သူက ရောင်းစားလိုက်လဲ မသိဘူး။ ဒီလိုတွေ ဖြစ်နေတာကို ကျနော်တို့ ဒေသခံတွေက မခံနိုင်ကြဘူးဗျ” ဟု ပုဂံဒေသခံ တဦးက ဧက ၁၀၀ ခန့် ကျယ်ဝန်းသည့် ဟိုတယ်စီမံကိန်းကြီးကို လက်ညှိုးထိုးညွှန်ပြရင်း ပြောဆိုခြင်း ဖြစ်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဇုန်အတွင်း၌ နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ရန် အတွက် အပြိုင်အဆိုင် ပြင်ဆင်ထားသော ခေတ်မီစားသောက်ဆိုင်များ၊ ဈေးဆိုင်ခန်းပေါင်းများစွာ၊ ကုန်စည်များနှင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များကို တင်ဆောင်၍ ဖြတ်သန်းသွားလာနေသည့် ကားကြီး ကားငယ်များစွာကို ဇုန်အတွင်း၌ တွေ့ရှိခဲ့ရသည်။

“ဒီမှာကြည့်၊ ဟိုတယ်တွေက လုပ်နေတဲ့ ကိစ္စတွေ။ ရှေးဟောင်းစေတီတွေမှာ အလှဆင် မီးသီးတွေ တပ်တယ်။ နိုင်ငံခြားသား ဧည့်သည်တွေ အတွက် ဖျော်ဖြေပွဲတွေ လုပ်ပေးနေတယ်။ ဟိုတယ်တွေထဲမှာ ရှေးယဉ်ကျေးမှု အနုပညာလက်ရာ စေတီပုထိုးတွေ၊ ဘုရားတွေ၊ ခြေတော်ရာတွေ ရောက်နေတယ်။ ဒါတွေကို ဒီလိုအချိန်မှ မထိန်းသိမ်းရင် ပုဂံရဲ့ နောင်ကာလမှာ ဖြစ်လာမယ့် အကျိုးဆက်ကို မတွေးရဲဘူး” ဟု ပုဂံမြို့ဒေသခံလည်းဖြစ်၊ ပုဂံချစ်သူများအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်နေသူ ဦးမင်းနိုင်က မှတ်တမ်းတင် ဓာတ်ပုံ အထောက်အထား များကို ပြသလျက် ပြောဆိုသည်။

ပုဂံမြို့ဒေသခံများစွာဖြင့် ဖွဲ့စည်းထားသည့် ပုဂံချစ်သူအသင်းသည် ၂၀၀၅  ခုနှစ်မှ စတင်၍ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် သာယာလှပရေး၊ ရှေးဟောင်း အမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့် လူမှုရေးနှင့် ပရဟိတလုပ်ငန်း များကို ပုဂံဒေသတွင်း၌ လုပ်ဆောင်နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။

“ကျနော်တို့တွေက အစိုးရ တာဝန်ရှိသူတွေကို တိုင်တယ်။ အကြောင်းကြားတယ်။ အထောက်အထားတွေ ပြတယ်၊ ဒါပေမယ့် အရေးမယူဘူး။ ရှေးဟောင်း အမွေအနှစ်တွေ ဆိုတာ ပျက်စီးသွားရင် အလျော်အစားလုပ်လို့ မရဘူး။ အခုက ထိန်းသိမ်းမှု လုပ်ရတော့မယ့် အနေအထားပါ” ဟု ဦးမင်းနိုင်က ဆိုသည်။

ပုဂံမြို့ရှိ ဟိုတယ်များအတွင်း၌ ရှိနေသည့် ရှေးဟောင်း အမွေအနှစ်များကို ခရီးသွားဧည့်သည်များ၊ ဒေသခံများ ဝင်ရောက် ကြည့်ရှုခွင့် မရသည့် အတွက် ပုဂံချစ်သူများ အသင်းက ဟိုတယ်များ၌ ဝန်ထမ်းအချို့ကို လစာပေး ခန့်ထားကာ ဓာတ်ပုံများ ရိုက်ခိုင်းပြီး အထောက်အထားများ ပြသနိုင်ရန် သက်သေအဖြစ် သိမ်းဆည်းထားကြောင်း ဦးမင်းနိုင်က ပြောသည်။

ပုဂံချစ်သူများ အသင်းက ပြသသည့် ဓာတ်ပုံများထဲ၌ ဟိုတယ်များ အတွင်းရှိ အဆောက်အအုံများသည် ဘုရားများ၊ စေတီပုထိုးများ အနီးတဝိုက်တွင် တည်ဆောက်ထားသည်ကို လည်းကောင်း၊ ရှေးဟောင်းလက်ရာ ဘုရားများ၊ စေတီပုထိုးများနှင့် ခြေတော်ရာများသည် ဟိုတယ်ဧရိယာ အတွင်းနှင့် ရေကူးကန်များ အနီးတွင် တည်ရှိနေခြင်း၊ စေတီပုထိုးများ၌ အလှမီးသီးများ တပ်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

“ရှေးသုဦးစီးဌာနက မစစ်ဆေးဘဲ ဆောက်လုပ်ခွင့် ပြုထားတဲ့ လက်ခံတချို့ ကျနော့်ဆီမှာ ရှိတယ်။ ရှေးဟောင်း စေတီတွေနဲ့ ၇ ပေ ဒါမှမဟုတ် ၅ ပေတောင် မကွာတဲ့ နေရာမှာ အဆောက်အအုံတွေ ဆောက်နေတာတွေကို ဘာကြောင့် ခွင့်ပြုသလဲ၊ အဓိပ္ပာယ်ဖော်လို့ မရဘူး။ ဟိုတယ်တွေထဲမှာ ရေကူးကန်တွေ လုပ်တယ်၊ ညစာစားပွဲတွေ လုပ်တယ်။ ဒီမှာဘာသာရေးအရ ဆုံးရှုံးမှုတွေ ဖြစ်နေတယ်” ဟု ပုဂံချစ်သူအသင်း နာယကဖြစ်သူ ဦးချင်းဘိုက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် သိသိသာသာ ဖွံ့ဖြိုး တိုးတက် လာခဲ့ရာ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားဧည့်သည် ဝင်ရောက်နှုန်း တိုးတက်လာခဲ့သည်။ သို့ဖြစ်ရာ ၁၉၉၄ ခုနှစ် ကတည်းက ရှေးဟောင်း ယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ်ထားသည့် ရှေးဟောင်းအမွေအနှစ်များစွာ တည်ရှိနေသည့် ပုဂံဒေသသည်လည်း ခရီးသွားဧည့်သည် ဝင်ရောက်မှု အများဆုံး နေရာတခုတွင် အပါအဝင် ဖြစ်လာသည်။

ပုဂံဒေသခံများစွာက မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် တခုဖြစ်သည့် ရှေးဟောင်းအမွေအနှစ်ဇုန် နယ်မြေတွင် ဟိုတယ်များ တိုးချဲ့ဆောက်လုပ်လာခြင်းနှင့် တိုးချဲ့များပြားလာသော ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်း အမွေအနှစ်များ ထိခိုက်ပျက်စီး လာမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ရှေးဟောင်းဇုန် အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်များကို ဇုန်ဧရိယာပြင်ပသို့ ပြောင်းရွှေ့ပေးရန် ပုဂံဒေသခံများက ယနေ့အချိန်ထိ တောင်းဆိုနေသော်လည်း အစိုးရပိုင်းက တုံ့ပြန်မှု မရှိသေးကြောင်း ၎င်းတို့က ပြောဆိုကြသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ပုဂံမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ဒုညွှန်ကြားရေးမှူးချူပ် ဦးသိန်းလွင်က “ဒါတွေက အရင်အစိုးရ လက်ထက်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေ။ အဲဒီအချိန်က ဥပဒေတွေက မထွက်သေးတော့ ဟိုတယ်တွေက အဲဒီလို ဖြစ်သွားတာ။ ဒီဘက်ခေတ်မှာ လုပ်ခဲ့တဲ့ကိစ္စတွေ မဟုတ်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ဒုညွန်ချုပ် ဦးသိန်းလွင်က “ရှေးဟောင်းဇုန်ထဲမှာတော့ ဟိုတယ်အသစ်တွေ၊ ရှိပြီးသား ဟိုတယ်တွေ ထပ်မံတိုးချဲ့တာတွေ ခွင့်မပြုတော့ဘူး။ ပြန်ပြင်ချင်တယ် ဆိုရင်တောင် ခွင့်ပြုချက် တင်ရမယ်။ စစ်ဆေးမယ်။ ပြီးတော့ မည်သူမဆို ဟိုတယ်တွေထဲမှာ ရှိနေတဲ့ စေတီ၊ ဘုရားတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ဖူးမျှော်ခွင့် ရှိပါတယ်။ မဝင်ရဘူးလို့ ဘယ်သူ့ကိုမှ ပိတ်ပင် မထားသလို ဟိုတယ်တွေလည်း တံခါးပိတ် မထားပါဘူး။ အခုနောက်ပိုင်းမှာ ရှိနေတာက ခြံခတ်ထားတာတွေ ခွင့်မပြုဘဲ လုပ်နေတာတွေ ဘုရားတွေကို ခြံခတ်တာတွေ ရှိနေလို့ အဲဒါတွေကိုတော့ တားမြစ်နေတယ်။ အရေအတွက် ဘယ်လောက်ဆိုတာ မသိသေးဘူး။ ဒါတွေကိုတော့ အရေးယူဖို့ လုပ်နေတယ်” ဟု ဒေသခံများ၏ ဝေဖန်ပြောဆိုနေမှုများအပေါ် ပြန်လည်ရှင်းပြသည်။

အစိုးရက ပြဋ္ဌာန်းလိုက်သည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၃ တွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်တွင် သို့မဟုတ် ရှေးဟောင်းနေရာ တည်ရှိရာဇုန် အတွင်းတွင် အဆောက်အအုံကို တည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်း၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံကို ပြင်ဆင်ခြင်း သို့မဟုတ် ယင်း၏ ဝင်းခြံနယ်နိမိတ်   တိုးချဲ့ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟု ပြဋ္ဌာန်းပါရှိသည်။

သို့သော် ဇုန်အတွင်း၌ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အနီး ကပ်လျက် ဆောက်လုပ်ထားသည့် ဟိုတယ်များ၊ စေတီတော်များ ဟိုတယ်ဝန်းများ အတွင်း ရောက်ရှိနေသည့် အခြေအနေများ၊ စက်ယန္တရားကြီးများ အသုံးပြုလျက် တည်ဆောက်နေသည့် ဟိုတယ်စီမံကိန်းများ စသည့် အခြေအနေများသည် စစ်အစိုးရ လက်ထက်က ခွင့်ပြုခဲ့သည့် ကိစ္စများ ဖြစ်သည်ဟု လက်ရှိအစိုးရက ပြောဆိုနေမှုအပါ် ဒေသခံများက ပြစ်တင်ဝေဖန် နေကြသည်။

“ဘယ်သူဖြစ်ဖြစ် ပြောစရာရှိရင်တော့ ဦးသန်းရွှေဖြစ်ဖြစ် ဦးသိန်းစိန်ဖြစ်ဖြစ် ကျနော်တို့ ပြောရမှာပါပဲ။ ဒီ အမွေအနှစ်တွေ ဆိုတာ ပျက်စီးသွားရင် အလျော်အစားလုပ်လို့ မရဘူး” ဟု ဒေသခံတဦး ဖြစ်သလို၊ ပုဂံချစ်သူများ အသင်း၏ ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းသည် ကောင်းမွန်သော်လည်း တဘက်တွင် ရှေးဟောင်းမြို့တော် တခု၏ ရေရှည်တည်တံ့မှုနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာများ ထိခိုက်လာနိုင်သည့် အတွက် အစိုးရ အနေဖြင့် တာဝန်ယူမှု အပြည့်ဖြင့် စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်သင့်ပြီ ဖြစ်သည်ဟု ပညာရှင်များနှင့် ဒေသခံ ပြည်သူများစွာက ထောက်ပြ ပြောဆိုနေကြသည်။

“ပုဂံကိုသွားတော့ အမွေအနှစ်တွေကို ထိခိုက်လာနိုင်တဲ့ ကိစ္စတွေ ၂ ခု တွေ့ခဲ့တယ်။ တခုက စေတီတွေ ဟိုတယ်ထဲ ရောက်နေတာ ၂ ခုလောက် မြင်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ကတည်းက လုပ်ထားတဲ့ ကိစ္စဆိုတော့ ဒီအတိုင်း ခဏဆက်ထားထားတယ်။ တနေ့ သူတို့ ရွေ့ရမယ် ပေါ့။ ဒါလည်း အများသဘောတူမှ ဖြစ်မှာပေါ့။ နောက်တခုကတော့ မီးပုံးပျံတွေ ရှေးဟောင်းစေတီတော်တွေနားမှာ ကပ်ပြီး ပျံနေတာတွေပေါ့။ ဓာတ်ပုံတွေလည်း ရိုက်ထားတယ်။ ကြောက်တာက ရှေးဟောင်းစေတီတွေဆိုတော့ ထိခိုက်သွားမှာ စိုးရိမ်တယ်။ ဒါကြောင့် မပျံနဲ့လို့တော့ ပြောထားတယ်” ဟု အစိုးရက ဦးဆောင်ပြုလုပ်သည့် ပုဂံရှေးဟောင်းဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေး အတွက် ဆွေးနွေးပွဲသို့ တက်ရောက်အကြံပေးခဲ့သူ မြန်မာနိုင်ငံ ဗိသုကာအသင်း နာယက ဒေါက်တာကျော်လတ်က ဧရာဝတီကို ပြောဆိုသည်။
ထို့အခြေအနေများကြောင့် ပုဂံဒေသအား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းနိုင်ရန် သဘာဝ ပတ်ဝန်းကျင်စနစ်၊ ရေဆိုးထုတ်မှု စနစ်၊ ဟိုတယ်တည်ဆောက်မှု စနစ် စသည့် အခြေအနေများစွာ ပါဝင်သော Master Plan ရေးဆွဲနေပြီ ဖြစ်သည်။

လတ်တလောတွင် ပုဂံမြို့ရှိ မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) မှာ ယူနက်စကို၏ ၂၀၁၅ ခုနှစ် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပြီဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနမှ ရရှိထားသည့် သတင်းအချက်အလက်များ အရ ပုဂံမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း နိုင်ရန် အတွက် နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည့် သရပါတံခါး၊ လောကနန္ဒ စေတီတော် အနီးတဝိုက်တွင် ကားဖြတ်သန်းခွင့် ပိတ်ပင်ခြင်း၊ သတင်းအချက်အလက် စင်တာများ ဖွင့်လှစ်ခြင်း၊ ဇုန်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ပုဂံရှေးဟောင်းဇုန်ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အတွက် ဆွေးနွေးပွဲတခုကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ဒေသခံ အဖွဲ့အစည်းများဖြင့် ပြုလုပ်ခဲ့ကြောင်း ဦးမင်းနိုင်က ပြောသည်။
ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ၁၉၉၄ ခုနှစ် စစ်အစိုးရ လက်ထက်က ပထမအကြိမ် အဖြစ် ယူနက်စကိုသို့ တင်သွင်းခဲ့ဖူးသော်လည်း စံသတ်မှတ်ချက်များနဲ့ မညီသဖြင့် ပယ်ချခံခဲ့ရသည်။

မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေး ကြိုးပမ်းနေမှုများ အချည်းနှီး မဖြစ်စေရန် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာများအား ရေရှည်တည်တံ့ရေးနှင့် ပတ်သက်၍ အစိုးရ အနေဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေဆုံး အချိန်ကာလပင် ဖြစ်နေသည်။    ။

Loading