Health

သားသမီး မွေးဖွားပြီးနောက် သတိထားရမည့် လိင်ဆက်ဆံရေးဆိုင်ရာ သိမှတ်ဖွယ်ရာ

This article has been converted from Zawgyi One to Unicode

အိမ်ထောင်သည် အများစုက ကလေးမွေးပြီးလို့ ၁ လလောက် ကြာပြီးတဲ့အချိန်မှာ လိင်ဆက်ဆံမှု ပြန်စ တတ်ကြပါတယ်။ တချို့ကတော့ ပုံမှန်လိင်ဆက်ဆံမှုကို ပြန်ရဖို့ ၂ လကနေ ၃ လလောက်အထိ အချိန်ယူ ကြရပါတယ်။ အောက်မှာ ဖော်ပြထားတာတွေက ကလေးမွေးဖွားပြီးနောက်ပိုင်း လိင်ဆက်ဆံတဲ့ နေရာမှာ သိထားရမယ့်အချက်တွေ ဖြစ်ပါတယ်။

ကလေးမွေးဖွားထားတဲ့ အမျိုးသမီးတယောက်ဟာ စိတ်ရောကိုယ်ပါ ပုံမှန်အနေအထားပြန်ရဖို့ အချိန် အနည်း ငယ် လိုပါတယ်။ အမျိုးသမီး အများစုက ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ သူတို့ကိုယ်ခန္ဓာရဲ့အသွင် အပြင် အတွက် စိုးရိမ်ကြပါတယ်။ မိခင်အသစ်စက်စက်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် လိင်ကိစ္စနဲ့ ပတ်သက်လို့ တွန့်ဆုတ် တာ စိတ်မဝင်စားတာတွေ ရှိနေနိုင်ပါတယ်။ များသောအားဖြင့်တော့ ချုပ်ရိုးတွေ သို့မဟုတ် ခွဲစိတ် ထားခြင်းကြောင့် နာကျင်မှုခံစားရလို့ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပြန်လည်မပြုလုပ်မီ ဒဏ်ရာတွေ ပျောက်ကင်းအောင် ကုသရမှာ ဖြစ်ပါတယ်။

ကလေးမွေးပြီး နောက်ပိုင်း လိင်ဆက်ဆံမှုပြုတဲ့ နေရာမှာ တခါတရံ ကလေးကလည်း အနှောင့်အယှက် ဖြစ်တတ် ပါတယ်။ အဲဒီထဲမှာ စိတ်ရောက်နေတုန်း ကလေးက ထပြီးငိုတာတွေလည်းရှိပါတယ်။ ဒါဆိုရင်တော့ ကလေးကိုပဲ ဂရုစိုက်ရမှာဖြစ်ပြီးတော့ ကိုယ့်ရဲ့စိတ်ဆန္ဒတွေကို နောက်ကိုပို့လိုက်ပါ။ ကလေးမွေးပြီးတဲ့နောက် တချို့အမျိုးသမီးတွေအတွက် လိင်ဆက်ဆံမှုက သက်သောင့်သက်သာမရှိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ် ရတဲ့ အဓိကအကြောင်းတခုကတော့ စိတ်ပါပဲ။ သူတို့ရဲ့ စိတ်အခြေအနေက အာရုံကြောစနစ်ကို လွှမ်းမိုးထား တာကြောင့် သဘာဝချောဆီ ထုတ်လုပ်မှုအပေါ် သက်ရောက်ခြင်းတွေ ရှိလာပါတယ်။ ကလေးမွေးဖွားခြင်းက အမျိုးသမီး တွေအပေါ်မှာသာ သက်ရောက်တာ မဟုတ်ပါဘူး။ ကလေးရပြီးနောက်မှာ လိင်ကိစ္စအပေါ် စိတ်ဝင် စား မှု လျော့ကျသွားတဲ့ အမျိုးသားတချို့လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးဖွားချိန်မှာ အမျိုးသမီးတွေ ခံစားရတဲ့ နာကျင်မှုကို မြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်မပါတာမျိုးက ကြာရှည်ရှိနေမှာ တော့ မဟုတ်ပါဘူး။

အမျိုးသမီး အင်္ဂါအတွင်းမှာ သဘာဝချောဆီ ထုတ်ပေးနိုင်မှုက ကိုယ်ခန္ဓာရဲ့ Oestrogen လို့ ခေါ်တဲ့ ဟော်မုန်းအဆင့်ပေါ်မှာ အဓိက မူတည်နေပါ တယ်။ ကလေးမွေးဖွားပြီး နောက်ပိုင်းမှာ Oestrogen အဆင့်က နိမ့်နေပါတယ်။ အထူးသဖြင့် ကလေးကို မိခင်နို့ တိုက်တယ်ဆိုရင် ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အချိန်မှာ အမျိုးသမီးဘက်က စိတ်ပါလက်ပါ ရှိတယ်ဆိုရင်တောင် သူ့ရဲ့အင်္ဂါမှာ သဘာဝတရားအရ ချောမွေ့မှု ဖြစ်လာမှာမဟုတ်ပါဘူး။

ရေကို အခြေခံတဲ့ ဂျယ်(ချောဆီ)ကို အသုံးပြုတာက ကလေးမွေးဖွားပြီးနောက်ပိုင်း လိင်ဆက်ဆံမှု မှာ အထောက်အကူ ဖြစ်စေပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ခန္ဓာမှာ ဟော်မုန်းထုတ်လုပ်မှု တည်ငြိမ်သွားပြီး အားလုံး ပုံမှန်ပြန်ဖြစ်တဲ့အချိန်အထိ အသုံးပြုသင့်ပါတယ်။ ဒီနေရာမှာ သိထားဖို့အရေးကြီးတာက ကလေးမွေးပြီး နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ လိင်စိတ်က သိသိသာသာ လျော့နည်းသွားတတ်တယ် ဆိုတာပါပဲ။ လိင်ဆက်ဆံချင်စိတ် လုံးဝမရှိတော့တာတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မဟုတ်ပါဘူး။ ဒီလိုဖြစ်တာက ကာလအပိုင်းအခြားတခုအထိသာ ဖြစ်ပါတယ်။

ဆေးဝါး ကုသမှုခံယူနေရလို့လည်း အမျိုးသမီးအင်္ဂါ ခြောက်သွေ့မှု ဖြစ်နိုင်ပါတယ်။ တချို့ဆေးဝါးတွေက ကိုယ်ခန္ဓာက အကျိအချွဲ ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။  ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ နေထိုင်မှု အစီအစဉ်တွေ ပြောင်းလဲသွားရခြင်းကလည်း လိင်ဆက်ဆံမှုကို ထိခိုက်စေပါတယ်။ ၂၄ နာရီပတ်လုံး ကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ရတာကြောင့် အမျိုးသမီးတွေ စိတ်ရောကိုယ်ပါ ပင်ပန်းကြရလို့ ဖြစ်ပါတယ်။

Loading