အမေရိကန်နှင့် ပြင်သစ်တို့ လက်တွဲ၍ ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် အခြေစိုက်နေသည့် ISIS ၏ ပစ်မှတ်များအား လေကြောင်းစစ်ဆင်ရေးဖြင့် အရှိန်မြှင့် တိုက်ခိုက်သွားရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်နှင့် တွေ့ဆုံအပြီး အိမ်ဖြူတော် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောဆိုလိုက်သည်။
ပြင်သစ်နိုင်ငံ သမ္မတ ဖရန်စစ် ဟော်လန်နှင့် အိမ်ဖြူတော် ဘဲဥပုံ ခန်းမတွင် ၂ ဦးတည်း တွေ့ဆုံကာ အကြမ်းဖက် သမားများအား တိုက်ဖျက်ချေမှုန်းရေးကိစ္စ အရေးတကြီး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အစ္စလမ်မစ် အစွန်းရောက် ISIS အကြမ်းဖက်သမားများအား အမေရိကန်နှင့် မဟာမိတ်များက အမြစ်ဖြုတ် ချေမှုန်း တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက လွန်ခဲ့သည့် ရက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတက်ရောက်စဉ် ပြောဆိုခဲ့သေးသည်။
သို့သော် သမ္မတ အိုဘားမားက ရုရှား တိုက်လေယာဉ်အား နိုဝင်ဘာ ၂၄ ရက်နေ့တွင် တူရကီက ပစ်ချမှုနှင့် ပတ်သက်၍ တူရကီအနေဖြင့် မိမိလေကြောင်း ပိုင်နက်အား ကာကွယ်ရန် အခွင့်အရေးရှိကြောင်း ရုရှားကို ဝေဖန်ပြောဆိုသည်။
အမေရိကန်နှင့် ပြင်သစ် ခေါင်းဆောင် ၂ ဦးလုံးက ရုရှားသည် ဆီးရီးယားရှိ ISISများအား တိုက်ခိုက်မှုတွင် အလယ်အလတ် ဆီးရီးယားသူပုန်များကိုပါ ဗုံးကြဲတိုက်ခိုက်ခြင်းသည် ဆီးရီးယား သမ္မတ အာဆတ် အစိုးရအား ပိုမိုအားကောင်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။
ရုရှားတိုက်လေယာဉ် Su – 24 ကို တူရကီ နိုင်ငံက လေကြောင်းပိုင်နက်အား ခြိမ်းခြောက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် တူရကီ လေပိုင်နက်မှ ၅ မိနစ်အတွင်း ထွက်သွားရန် သတိပေးမှု ၁၀ ကြိမ်ကျော် ကြိုတင်သတိပေး ပြီးနောက် ပစ်ချလိုက်ခြင်းဟု တူရကီဘက်က ဆိုသည်။
ဘရပ်ဆဲလ်ရှိ နေတိုးအရာရှိများကလည်း အဆိုပါ ရုရှားစစ်လေယာဉ်သည် ပစ်ချမခံရမီက တူရကီ လေပိုင်နက်ထဲသို့ ဝင်ရောက်သွားခဲ့သည်ဟု ပြောဆိုသည်။ ဥရောပ သမဂ္ဂ (EU) ဥက္ကဋ္ဌ ဒေါ်နယ် တပ်ခ် (Donald Tusk) က အဆိုပါ ကိစ္စကို EU အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ခေါင်းအေးအေး စဉ်းစားဆုံးဖြတ်ရန် လိုကြောင်းပြောဆိုသည်။
ရုရှားသမ္မတ ပူတင်ကမူ ၎င်းတို့တွင် မှတ်တမ်း ရှိကြောင်း၊ အဆိုပါ ရုရှားတိုက်လေယာဉ် Su – 24 သည် တူရကီ လေပိုင်နက်ကို ခြိမ်းခြောက်ခြင်းမကြောင်း၊ ဆီးရီးယား- တူရကီနယ်စပ်၊ ဆီးရီးယား ပိုင်နက်တွင် လေယာဉ်ပစ်ချခံရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ရုရှားတိုက်လေယာဉ် လေသူရဲ ၂ ဦးလုံး ခုန်ထွက် လွတ်မြောက် သွားကြသော်လည်း မြေပြင်မှ လက်နက်ကိုင်များက ပစ်ခတ်မှုကြောင့် တဦးသည် လေထဲတွင်ရှိစဉ် အသက်ဆုံးရှုံးခဲ့ရပြီး ကျန်တဦးလည်း မြေပြင်သို့လေထီးဖြင့် မြေပြင်ပေါ်ဆင်းသက်ပြီးနောက် လက်နက်ကိုင်များ၏ ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဗီဒီယိုမှတ်တမ်းများလည်း ထွက်ပေါ်လာသည်။
သမ္မတ ပူတင်က ၎င်းတို့၏ လေယာဉ်သည် တူရကီကို ခြိမ်းခြောက်သည့် အနေအထားမရှိဘဲ ပစ်ချခဲ့ခြင်းသာဖြစ်ပြီး တူရကီအား မိတ်ဆွေ နိုင်ငံအဖြစ် အမြဲလေးစားခဲ့သော်လည်း ဝမ်းနည်းဖွယ် ဖြစ်ရပ်ကြောင့် ဆက်ဆံရေး ထိခိုက်မည်ဟု သတိပေးခဲ့သေးသည်။
သမ္မတ ပူတင်က ယင်းသို့ သတိပေး ပြောကြားခဲ့ပြီးနောက် တူရကီ နိုင်ငံအား အကြမ်းဖက်သမား တိုက်ဖျက်ချေမှုန်းရေး စစ်ပွဲတွင် ပူပေါင်းရန် တောင်းဆိုလိုက်ကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြသည်။
သမ္မတ ပူတင်က ယခုကဲ့သို့တောင်းဆိုမှုသည် အကြမ်းဖက်သမားများအား အားပေးအားမြောက် ပြုသည့် နိုင်ငံ ၄၀ ကျော် အနက် တူရကီအား ထည့်သွင်းထားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပြီး တူရကီ၏ အကြမ်းဖက်သမား ဆန့်ကျင်ရေး စစ်ပွဲအပေါ် ၎င်းတို့၏ ရပ်တည်ချက်ကို စစ်ဆေး စမ်းသပ်လိုက်ခြင်းလည်းဖြစ်သည်ဟု သုံးသပ်ဝေဖန်နေကြသည်။
ဆီးရီးယားရှိ ISIS အကြမ်းဖက်သမားများအား တိုက်ပွဲဝင်နေသော ရုရှားတိုက်လေယာဉ် ပစ်ချခံရပြီးနောက် ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က တူရကီနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ခရီးစဉ်ကို ပယ်ဖျက်လိုက်သည်။
ထို့အပြင် ရုရှားနိုင်ငံသားများအားလည်း တူရကီသို့ သွားရောက် လည်ပတ်ခြင်း မပြုရန် ရုရှား တောင်ပိုင်း မြို့တော် ဆိုချီမြို့ရောက်ခိုက် သတင်းသမားအား ပြောဆိုလိုက်သည်။ ရုရှားခရီးသွား အေဂျင်စီများကလည်း ထိုကဲ့သို့ပင် တိုက်တွန်းထားသည်။
ထို့အပြင် ရုရှားမှ တူရကီသို့ ပျံသန်းမည့် လေယာဉ်များကိုလည်း တားမြစ်လိမ့်မည်ဟု သုံးသပ်ပြောဆိုမှုများလည်း ပျံ့နှံနေသည်။
သို့သော် တူရကီဘက်က ရုရှား နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်သည် ယခုထိ စီစဉ်ထားသည့်အတိုင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသည်။
လေယာဉ် ပစ်ချမှုနှင့် ပတ်သက်ပြီး တူရကီ နိုင်ငံဘက်ကလည်း ရုရှားနိုင်ငံအား လေယာဉ်ပစ်ချမှု ကိစ္စနှင့် ပတ်သက်၍ အမြင်ရှင်းလင်း စေရန် ကြိုးပမ်းနေဆဲဖြစ်သည်။
့ကုလသမဂ္ဂကလည်း ရုရှားနှင့် တူရကီအကြား လေယာဉ်ပစ်ချမှု ကိစ္စ အငြင်းပွားမှုမှသည် ရှုပ်ထွေးသည့် စစ်ပွဲတခုဆီသို့ ဦးတည်သွားမည်ကို စိုးရိမ်မိကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။
အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း ရုရှားနှင့် တူရကီတို့အနေဖြင့် ငြိမ်းချမ်းစွာ စေ့စပ် ဆွေးနွေးရန် လိုအပ်ကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ မတိုးပွားစေလိုကြောင်း သတိပေးပြောဆိုလိုက်သည်။
ဆော်ဒီအာရေဗျ နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်း ဒေသရှိ အာဏာရှင် နိုင်ငံများအနေဖြင့် အကြမ်းဖက်သမားများအား တနည်းမဟုတ်တနည်း ထောက်ပံ့ပေးလျှက် ရှိသည်ဟူသည့် ခန့်မှန်းချက်များစွာလည်း ယခုရက်ပိုင်း ဆက်တိုက် ပေါ်ထွက်လာနေချိန်တွင် ယခုကဲ့သို့ ISIS အကြမ်းဖက်သမားများအား တိုက်စစ်ဆင်နေသည့် ရုရှား လေယာဉ်ကို တူရကီက ပစ်ချမှုသည် တိုက်ဆိုင်မှုတခုထက် ပိုလွန်နေကြောင်းလည်း သုံးသပ်ဝေဖန်နေကြသည်။
သို့သော် တူရကီနိုင်ငံအား အလယ်အလတ်ကျသော အစ္စလမ်နိုင်ငံဟု အများက သဘောထား ကြသည်။
ရုရှားနိုင်ငံသည် ယခုအခါ ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ထိမ်းချုပ် ဗိုလ်ကျနေသည့် ISIS အဓိက အခြေချ စခန်းစိုက်ရာနေရာများကို ပြင်သစ်နိုင်ငံနှင့်အတူ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်။
ပြင်သစ်နိုင်ငံ၏ အနုမြူစွမ်းအင်သုံး မဟာဗျူဟာမြောက် ချားလ်ဒီဂေါလ် လေယာဉ်တင် သင်္ဘောကြီးနှင့်တကွ တိုက်လေယာဉ် မြောက်များစွာတို့သည် ရုရှား ရေတပ်၊ လေတပ်တို့နှင့် အနီးကပ် ပူးပေါင်း၍ အကြမ်းဖက်သမားများအား ထိုးစစ်ဆင်နေသည်။
သို့သော် ပြင်သစ် သမ္မတနှင့် အမေရိကန် သမ္မတတို့၏ တွေ့ဆုံမှုနောက်ပိုင်း ပြင်သစ်၏ ခြေလှမ်းသည် အမေရိကန် နှင့် ပိုမို နီးကပ်စွာ IS ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်သွားမည့် သဘော ရှိသည်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွမ်းကလည်း အကြမ်းဖက်သမားများကို တိုက်ခိုက်နေသည့် ပြင်သစ်နိုင်ငံအား လိုအပ်သည့် စစ်ရေး အကူအညီများ ပေးရန် ကတိပြုလိုက်ပြီး လေကြောင်း တိုက်ခိုက်ရေး စစ်ပွဲတွင် ပါဝင်ရေး မကြာခင် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းက အကောင်အထည် ဖော်သွားမည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
ပါရီတိုက်ခိုက်မှုအပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတကာ လုံခြုံရေးကို ဆက်တိုက် ခြိမ်းခြောက်လာနေသည့် အကြမ်းဖက်သမားများအား ကုလအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ပူးပေါင်း လက်တွဲတိုက်ပွဲ ဝင်ရန် တောင်းဆိုထားသည်။
ISIS အဖွဲ့က တရုတ်နိုင်ငံသား ဓားစာခံ ၂ ဦးကို သတ်ဖြတ်လိုက်ကြောင်း ကြေညာပြီးနောက်ပိုင်း တရုတ်နိုင်ငံကလည်း အကြမ်းဖက်ဝါဒအား ချေမှုန်းသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ISIS အဖွဲ့အား တိုက်ခိုက်ချေမှုန်းသည့် စစ်ပွဲတွင် ပူးပေါင်းပါဝင်ရေးသည့် တရုတ်နိုင်ငံအတွက် ကြိးမားသည့် စမ်းသပ်မှုတခု ဖြစ်မည်ဟု ဂါးဒီးယန်းသတင်းစာက သုံးသပ်သည်။
ပါရီ တိုက်ခိုက်မှု၏ နောက်ဆက်တွဲ သံသယရှိသူများအား ဥရောပ နိုင်ငံတချို့တွင် ခြေရာခံ ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေရာ ဘယ်လ်ဂျီယမ်တွင် လုံခြုံရေး သတိပေးချက် အမြင့်ဆုံး ထားရှိပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားက စီးနင်းဖမ်းဆီးမှုများလည်း ပြုလုပ်နေသည်။ ယခုနောက်ဆုံး အကြမ်းဖက်သမားဟု သံသယ ရှိသူ စုစုပေါင်း ၂၀ ကျော် ဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားသည်။
ဥရောပ နိုင်ငံများနှင့် အနောက်နိုင်ငံများတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှု သတိပေး လှုံ့ဆော်မှုများနှင့် လုံခြုံရေး သတိပေးချက်များ ဆက်တိုက်ထုတ်ပြန်လျှက် ရှိပြီး နယ်စပ်ဖြတ်ကျော်မှုများကို ပိတ်ပင်မှု မရှိသော်လည်း လုံခြုံရေး တင်းကြပ်မှုများ၊ စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်လျှက် ရှိသည်။
လက်ရှိအခြေအနေတွင် ISIS အကြမ်းဖက်သမားများအား ချေမှုန်းရေး စစ်ပွဲတွင် နိုင်ငံပေါင်းစုံ ပါဝင်မှုသည် ကမ္ဘာ့သမိုင်းတွင် အကျယ်ပြန့်ဆုံးနှင့် အပြင်းထန်ဆုံး တိုက်ပွဲများဖြစ်လာနေပြီဟု နိုင်ငံတကာ ပညာရှင်များက သုံးသပ်နေကြသည်။
လွန်ခဲ့သည့် ရက်ပိုင်းကပင် အမေရိကန်ပြည်ထောင်စုက ကမ္ဘာတဝှမ်းတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအား အကြမ်းဖက် တိုက်ခိုက်မှု အလားအလာနှင့် ပတ်သက်၍ အထူးသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။