ကတ္တရာလမ်းအတိုင်း ဆိုင်ကယ်နှင့် ၁၅မိနစ်ခန့် စီးနင်းကာ ထင်းရှူးပင်များ၊ စိမ်းလန်းနေသည့် လယ်ယာခင်းများနှင့် တိတ်ဆိတ် ငြိမ် သက်သော တောအုပ်ကို ဖြတ်ကျော်ပြီး ဟိုခိုက် ကျေးရွာ အုပ်စု ကုန်းပြပ် ကျေးရွာကို ရောက်ခဲ့သည်။
ထိုနေရာသည် ရှမ်းပြည်နယ် တောင်ပိုင်း သမိုင်းဝင် အထင်ကရ မြို့ဖြစ်သည့် ပင်လုံမြို့နှင့် လွိုင်လင်မြို့ကြားတွင် တည်ရှိသည်။
ဟိုခိုက်ကျေးရွာ၏ အဝင်ဝတွင် အနာကြီးရောဂါကု ဂေဟာ ဆိုသည့် ဆိုင်ဘုတ် တပ်ထားပြီး ဆိုင်ကယ်နှင့် ၃မိုင်ခန့် ထပ်ဝင်သွားသည့်အခါ “စိန်ဂျိုးဇက် ကိုတိုလင်းဂို အနာကြီးရောဂါကု ဆေးရုံ ဟိုခိုက်” ဆိုသည့် ဆိုင်းဘုတ်ကို ထပ်မံတွေ့ရသည်။
ကုန်းပြပ် ရွာထဲသို့ ဝင်လိုက်သည့်အခါ အိမ်တိုင်းနီးပါး တံခါးပိတ်ထားကြပြီး ကလေးငယ် ၅ဦးသာ လမ်းပေါ်တွင် ဆော့ကစား နေကြ သည်။
ထိုရွာသည် ရှမ်း၊ ပအို့ဝ်၊ ပလောင် လူမျိုးများ လာရောက်ဆေးကုသည့် နေရာဖြစ်ပြီး အားလုံးသည် မြန်မာစကား မပြောတတ်ကြပေ။
ရွာထဲသို့ ရောက်သွားသည့်အခါ ပြောင်းဖူး ချိုးနေသည့် အသက် ၄၀ ကျော် ရှမ်းအမျိုးသမီး ဒေါ်ဆာ ဆိုသူက “ကျမတို့ ရွာကလူတွေ အားလုံးနီးပါး ရောဂါသည်တွေပါ။ ရွာမှာ လူတွေမရှိတာက မြို့တွေတက်ပြီး စားဖို့အတွက် သွားတောင်းစား နေရတယ်”ဟု ရှမ်း ဘာသာ စကားဖြင့် ပြောပြသည်။
ထိုကျေးရွာတွင် အိမ်ခြေ ၅၇ လုံးရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိကာ ၁၀၀ ကျော်သည် အနာကြီးရောဂါဝေဒနာ ခံစားနေရသည့် လူနာများဖြစ်ကြောင်း၊ အသက်ကြီးပိုင်းက ပို၍များကြောင်း၊ ခြေလက်တွေ မရှိတော့သည့်အတွက် မည်သည့် အလုပ်မျှ မလုပ်နိုင်ကြသဖြင့် မိသားစု စားဝတ်နေရေး အတွက် တောင်းရမ်းစားနေရကြောင်း၊ ထိုနေရာသို့ လာရောက် ကြည့်ရှု ကူညီသူများ မရှိသလောက် နည်း ပါး ကြောင်းလည်း ဒေါ်ဆာ က ပြောသည်။
ဝေဒနာရှင်များသည် တောင်ကြီး၊ ပင်လုံ၊ လွိုင်လင် နှင့် နမ့်စန် မြို့များသို့ အဓိကထားကာ သွားရောက် တောင်းစားနေကြရကြောင်း သိရသည်။
“တလသွားပြီး ရွာကို ရက် ၂၀ ပြန်လာနေရတယ်။ ခြံလိုက်ရင်တော့ တရက် ကျပ်၂၀၀၀ ရတယ်။ သွားေ တာင်းစားတဲ့သူ အများစုက ခြံ မလုပ်နိုင်ကြဘူး။ လုပ်ကျွေးတဲ့ကလေးတွေ မရှိရင်တော့ လုပ်ကိုင်စားသောက်ဖို့ ခက်တယ်။ တောင်းစားရင် တရက်ကို ၄၀၀၀၊ ၅၀၀၀ ရတယ်”ဟု ဒေါ်ဆာက ဆက်ပြောသည်။
ဒေါ်ဆာ သည် လက်ရှိတွင် ရောဂါအခြေအနေ သက်သာလာသော်လည်း ခြေ၊ လက်များ မကောင်းတော့သဖြင့် အလုပ်လုပ်ရန် ခက်ခဲနေကြောင်း၊ သူသည် ရောဂါသည်အချင်းချင်း အိမ်ထောင်ကျပြီး သမီး ၂ဦး ထွန်းကားခဲ့ကြောင်း၊ သို့သော် ကလေးများထံတွင် ရောဂါ ကူးစက်မှု မရှိကြောင်းကိုလည်း ပြောပြသည်။
ရွာထဲသို့ ဆက်ပြီး လမ်းလျှောက်သွားသည့်အခါ အိမ်ရှေ့တွင် ခြေအိတ်ဝတ်ထားသည် ခပ်ပိန်ပိန် အသက် ၅၀ကျော် အမျိုးသား တဦးဖြစ်သည့် ဦးလုံးမွန်း ဆိုသူကိုလည်း တွေ့ရသည်။
ဦးလုံးမွန်းက“ကျနော်တို့ တောင်းစားရတဲ့ ဘဝက စိတ်အားငယ်ပါတယ်။ အလုပ်တခုတော့ လုပ်ချင်တယ်။ ဘာမှ လုပ်ကိုင် စားသောက် လို့မှ မရတာ။ ဒီလိုပဲ တောင်းလိုက် စားလိုက်နဲ့ တလပြီး တလ၊ တနှစ်ပြီး တနှစ် ကုန်ဆုံးသွားပြီ။ အခုဆိုရင် ကျနော် နှစ်ပေါင်း ၇ နှစ်ကျော် ရှိပြီ”ဟု ပြောဆိုသည်။
ကုန်းပြပ် ကျေးရွာတွင်နေထိုင်သည့် ရောဂါဝေဒနာရှင်များသည် ယခင်က စိန်ဂျိုးဇက် ကိုတိုလင်းဂို အနာကြီးရောဂါကု ဆေးရုံ ဟိုခိုက် ကျေးရွာတွင် နေထိုင်ကြသည့် သူများဖြစ်ပြီး သာသနာပြု ဘုန်းတော်ကြီးက ကျွေးမွေးခဲ့ကြောင်း၊ အိမ်ထောင်ပြုသည့် နောက်ပိုင်းတွင် သာသနာပြု ကျောင်းမှ ထောက်ပံ့သည့် ငွေကြေး မလုံလောက်သဖြင့် ရွာခွဲနေကာ မိမိဘာသာ ငွေရှာမှု ပြုလုပ်ကြကြောင်း ကိုလည်း ဦးလုံးမွန်းက ထပ်မံပြောပြသည်။
“ဆေးခန်း ပြချင်ရင်တော့ သာသနာပြုကျောင်း သွားပြတယ်။ ရောဂါ အရမ်းပြင်းရင်တော့ လွိုင်လင်သွားပြတယ်။ ခြေအိတ်ကတော့ အမြဲ ဝတ်ရတယ်။ မဝတ်ရင် သဲတွေ ခဲတွေက အနာထဲကို ဝင်တယ်”ဟု သူက ဆိုသည်။
ဆက်လက်ပြီး ဦးလုံးမွန်းက“ကျနော်တို့ ဘဝက သူများတွေရဲ့ ဘဝနဲ့ မတူဘူးလေ။ ဖြစ်လာတော့လည်း မတတ်နိုင်ဘူး။ သူများ သွားတိုင်း ကိုယ်လည်း သွားချင်တယ်”ဟုလည်း ပြောဆိုသည်။
ထိုနည်းတူ တောင်ကြီးတွင် တောင်းရမ်းစားသောက်နေသူ တဦးဖြစ်သည့် ဒေါ်လှအောင်ကလည်း “ဘာမှမရှိတော့ လာတောင်းစား တာ။ ခြံလည်း မရှိ၊ သူများလိုလည်း မလုပ်နိုင်ဘူးလေ။ ကျမ မြန်မာစကား မတတ်ဘူး။ ယောကျာ် မကောင်းဘူး။ အရက်သောက် တယ်။ ကျမ သူများဆီမှာ အလုပ်လုပ်ချင်တယ်”ဟု ပြောသည်။
တောင်းရမ်း စားသောက်သည့်အခါတွင် တောင်ပေါ်တောထဲတွင် သွားရောက် အိပ်ရကြောင်းကိုလည်း ပြောပြသည်။
ထိုနေရာရှိ ကျေးရွာများကို လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်တွင် အီတလီ သာသနာပြု ဘုန်းတော်ကြီး ပဲရီးဂိုး ဦးစီး တည်ဆောက် ခဲ့ သည်ဟု သိရသည်။
ယခင်က ထိုနေရာတွင် အနာကြီးရောဂါသည်များအတွက် ဆေးကုသရန် ဆေးရုံတရုံ တည်ရှိခဲ့ပြီး ၂၀၀၂ ခုနစ်တွင် အစိုးရ၏ တနိုင်ငံ လုံး အနာကြီးရောဂါ ပပျောက်ရေး စီမံကိန်းကြောင့် ဆေးရုံကို ဖျက်သိမ်းလိုက်ရသည်။
လွန်ခဲ့သော နှစ်များစွာက ဝေဒနာရှင်များ စားဝတ်နေရေးအတွက် ထိုနေရာတွင် အသက်မွေးဝမ်းကျောင်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သော် လည်း ၂၀၀၂ ခုနစ်မှ စတင်၍ ပိတ်လိုက်ရကြောင်းလည်း သိရသည်။
ထိုကျေးရွာ၌ အနာကြီးရောဂါ သည်များ အတွက်နေထိုင်ရာ နေရာ ၅ခု ခန့်ခွဲခြား သပ်မှတ်ထားသည်။ သာသနာပြု ဆရာတော်များ၏ စကားကိုနားထောင်သည့် သူများ၊ အိမ်ထောင်မပြုသည့် သူများကို အဝါရောင်ခြယ်ထားသည့် အုတ်အိမ်များတွင် ထားရှိသည်။ အိမ်ထောင်ပြုသူများကိုမူ ရွာအပိုင်း ၃ပိုင်း ခွဲ၍ ထားကြသည်။
ရွာ အမှတ်(၁)တွင် အိမ်ထောင်စု ၂၅ စု၊ ရွာ အမှတ်(၂) တွင် အိမ်ထောင်စု ၄၅ စု နှင့် ရွာ အမှတ်(၃) တွင် အိမ်ထောင်စု ၂၅ စု ဆိုပြီး ခွဲကာ သာသနာပြု ကျောင်း၏ ထောက်ပံ့မှုဖြင့် နေကြသည်။
ထို့အပြင် ဆရာတော်၏ စကားနားမထောင်သူ၊ ရောဂါသည်ဖြစ်ပြီး ဆေးပုံမှန်မသောက်သည့် သူများ၊ အရက်သောက်သည့် သူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် အိမ်ထောင်ရေး ဖောက်ပြန်သူများကို ပြည်နင်ဒဏ်အဖြစ် ကုန်းပြပ်ကျေးရွာတွင် နေခိုင်းကြောင်း ဟိုခိုက်ကျေးရွာ အနာကြီး ဂေဟာတွင် တာဝန် ထမ်ေးဆာင်နေသော ဖာသာ အဲဖရက် က ပြောပြသည်။
“ကုန်းပြပ်ကတော့ ကျနော်တို့ လုံးဝမကြည့်တော့ဘူး။ သူတို့ ဘာ သူတို့နေတယ်။ သူတို့ဘာသာ သူတို့ဆေးတွေ ပိုရင် ရောင်းစား တယ်။ စည်းကမ်းဖောက်ပြန်တယ်။ အရက်သေစာ မသောက်စားရဘူးဆိုရင်လည်း သောက်တယ်။ ကျနော်တို့လည်း မထိန်းချင်ဘူး။ ဒါပေမယ့် လူနာကို ကြည့်သူမရှိရင်တော့ ကျနော်တို့ ပြန်ခေါ်ထားပါတယ်”ဟု ဖာသာ အဲဖရက် က ဆိုသည်။
အနာကြီးရောဂါကု ဆေးရုံကို ၁၉၃၈ ခုနစ်တွင် အီတလီ သာသနာပြု ဘုန်းတော်ကြီး ပဲရီးဂိုး က စတင်တည်ထောင်ခဲ့ပြီး ယခင်က ပြည်ပ အကူအညီများစွာဖြင့် ဆေးရုံကို ရပ်တည်ခဲ့ကြောင်း၊ အစိုးရ၏ ထောက်ပံ့မှုကို ယခုထိ မရရှိသေးကြောင်းလည်း သိရသည်။
“ကျနော့် သာသာနာပြု လက်အောက်မှာနေရင်တော့ အလုပ်လုပ်ရမယ်။ လုပ်နိုင်တဲ့ဟာ လုပ်ရမယ်။ မလုပ်နိုင်တာတော့ မလုပ်နဲ့ပေါ့။ အခုကျနော့်ဆီမှာ အိမ်ထောင်မကျတဲ့ လူနာပေါင်းက ၈၀ ရှိတယ်။ အဲ့ဒီလူတွေကိုတော့ ကျနော်က ဆေးကုသပေးတယ်။ သူတို့ အိမ်ထောင်ကျရင်တော့ ရွာပြောင်းပေါ့။ အိမ်ထောင် မကျရင်တော့ ဒီမှာ သေတဲ့အထိနေပေါ့”ဟု ဖာသာ အဲဖရက်က ပြောပြသည်။
သာသနာပြု လက်အောက်တွင် နေထိုင်သည့် အနာကြီး ရောဂါသည်များကို တလလျှင် ဆန် ၂ကြိမ် ထုတ်ပေးကြောင်း၊ ဟင်းသီး ဟင်းရွက်များကို ထုတ်ပေးကြောင်း၊ သာသနာပြုကျောင်းရှိ နွားများကို ကျောင်းပေးခြင်း၊ မြက်ပေါက်ပေးခြင်း တို့ပြုလုပ်ပါက ငွေကြေး အနည်းငယ် ပေးကြောင်းလည်း သိရသည်။
သာသနာပြုကျောင်းတွင် ရောဂါဝေဒနာ ပြင်းထန်သည့် သူနှင့် မပြင်းထန်သည့်သူ ရောထားရကြောင်း၊ ရောဂါသည်များသည် ဆေး သောက်ပြီးပါက မည်သည့်အန္တရာယ်မှ မရှိကြောင်း၊ ရောဂါဝေဒနာကို စောစီးစွာသိပြီး စောစီးစွာကုသပါက အမြန်ပျောက်ကင်းနိုင်ပြီး ဝေဒနာရင့်ပြီးမှ ရောက်လာပါက မပျောက်နိုင်ကြောင်းကိုလည်း ဘုန်းတော်ကြီးက ရှင်းပြသည်။
“ဘယ်လို အခြေအနေမှာ စဖြစ်လဲဆိုတာလည်း ကျနော်တို့မသိဘူး။ တချို့လူနာတွေက ဒီမှာ ၂နှစ်အနည်းဆုံးနေရမယ်။ ၂နှစ်မပြည့် ဘဲနဲ့ ပြန်ထွက်သွားရင် ကျနော်တို့ လက်မခံတော့ဘူး။ အဲ့ဒီမှာ သူတို့က ကုန်းပြပ် ဆိုတဲ့ နေရာကို သွားရတယ်”ဟုလည်း သူက ဆက်လက် ပြောဆိုသည်။
ထိုနေရာတွင် နေထိုင်သည့် ဝေဒနာရှင်များ ဘဝ ရပ်တည်ချက်အတွက် အသက်မွေးဝမ်းကျောင်းများ ပြုလုပ်ပေးစေလိုကြောင်း၊ လက်ရှိတွင် အစိုးရက လွိုင်လင်ခရိုင် ဟိုခိုက်ကျေးရွာရှိ ဝေဒနာရှင်များကို လျစ်လျူရှုထားကြောင်းလည်း ဝေဒနာရှင်များက ပြော သည်။
“အစိုးရက အနာကြီးရောဂါ ဖြစ်တဲ့သူနဲ့ ပတ်သက်ပြီး ဂရုစိုက်မှု မရှိပါဘူး။ ထွေအုပ်နဲ့ ပြောထားတဲ့ ခြေတု လက်တု လုပ်ပေးဖို့ ကိစ္စလည်း တနှစ်ပြည့်သွားတယ်၊ ဘာအကူအညီမှ မပေးဘူး။ အစိုးရအနေနဲ့ ကျနော်တို့ အနာကြီးရောဂါ ဂေဟာကို အသိအမှတ်မပြုသလိုဖြစ်နေတာ”ဟုလည်း ဖာသာ အဲဖရက် က ပြောဆိုသည်။ ။