ဆောင်းပါး

မောင်သစ်လွင် (လူထု) ပြောပြတဲ့ လူထုဒေါ်အမာ အမှတ်တရများ

This article has been converted from Zawgyi One to Unicode

အမေမာလို့ အမြတ်တနိုး ခေါ်ကြတဲ့ လူထုဒေါ်အမာ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ နီးလာပြီဆိုတော့ အမေမာ အမှတ်တရ စာတွေ၊ ကဗျာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်နေရပါပြီ။ လူထုဒေါ်အမာကို ၁၉၁၅ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဆိုရင် မွေးနေ့နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲကို မန္တလေးမြို့မှာ စည်စည်ကားကား၊ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားကြဖို့ စာပေအသိုင်းအဝိုင်း တခုလုံးက အားခဲထားကြပါတယ်။

နှစ် ၁၀၀ ပြည့်ပွဲရောက်ခါနီးမှာ အမေမာရဲ့ အမှတ်တရပုံရိပ်တွေကို စာဖတ်သူတွေနဲ့ ပြန်လည်ထိတွေ့ပေးနိုင်ဖို့အတွက် လူထုဒေါ်အမာနဲ့ နှစ်ပေါင်းများစွာ အနီးကပ် လက်တွဲအလုပ်လုပ်ခဲ့တဲ့ လူထုသတင်းစာတိုက်ရဲ့ အယ်ဒီတာဖြစ်ခဲ့သူ ဆရာကြီး မောင်သစ်လွင် (လူထု) ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ မောင်သစ်လွင် (လူထု) ပြောတဲ့အထဲမှာ လူထုဒေါ်အမာနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်စေမယ့် အတိတ်ပုံရိပ်တွေ အများကြီးပါပါတယ်။

ဆရာကြီး မောင်သစ်လွင် (လူထု) သတင်းစာ အယ်ဒီတာ အိမ်ကို ရောက်ရောက်ချင်း အမေမာ အမှတ်တရ အမေးအဖြေ လုပ်ချင်လို့ဆိုပြီး ပြောလိုက်တော့ အသက် ၈၂ နှစ် ဖြစ်ပြီ ဖြစ်တဲ့ မောင်သစ်လွင် (လူထု) က သူ့အမှတ်ရချက်တွေကို တောက်လျှောက် တဆက်တည်း ပြောချသွားပါတော့တယ်။ ဆရာကြီး မောင်သစ်လွင် (လူထု) ပြောပြချက်တွေကို ပြန်လည်စီစဉ် တင်ပြလိုက်ပါတယ်။

လူထုဒေါ်အမာနဲ့ မောင်သစ်လွင် (လူထု) ပထမဆုံးတွေ့ဆုံမှု

မောင်သစ်လွင် (လူထု) က လူထုဒေါ်အမာနဲ့ ပထမဆုံး တွေ့ဆုံပုံကို ပြောပြပါတယ်။

“၁၉၅၇ ဇန်နဝါရီလထဲမှာ ဆရာကြီးနေတဲ့ ချောက်မြို့ကနေ အလုပ်လုပ်ချင်တယ်ဆိုပြီး လူထုတိုက်ကို စာရေးလိုက်တယ်။ ဒေါ်အမာက လာခဲ့ပါဆိုတဲ့ စာလေး လှမ်းပို့လိုက်တယ်။ ဒါနဲ့ မန္တလေးကိုလာတယ်။ တွေ့တဲ့နေ့မှာ မေးခွန်းတွေ အများကြီး မေးပါတယ်။ အလုပ်ခွင်ထဲက စားပွဲပေါ်မှာမေးပါတယ်။ အဲ့ဒီတုန်းက သူ့အမျိုးသား လူထုဦးလှဟာ ထောင်ကျနေတယ် ဆိုတာ ဘဘ မသိခဲ့ဘူး။ စကားပြောက သိပ်ယဉ်ကျေးတယ်။ သိပ်သိမ်မွေ့တာပဲ။ အသက် ၂၀ ကျော် လူငယ်လေးကို အသက် ၄၀ လောက် အမျိုးသမီးကြီးက လေးလေးစားစားကို ပြန်ပြောခဲ့တာ”။

“မေးခွန်းတွေ အများကြီးထဲမှာ မေးခွန်းတခုကို ဒေါ်ဒေါ် (လူထုဒေါ်အမာ) က အရေးအကြီးဆုံး မေးခွန်းလေးတခု မေးတယ်။ ‘နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အဆက်သွယ်ရှိလား၊ ရှိရင် မပေးဝံ့ဘူး’ တဲ့။ ဘဘက လိမ်လိုက်တယ်။ ‘ကင်းရှင်းပါတယ်’ ဆိုပြီးတော့ပေါ့။ တကယ်က အဲ့ဒီအချိန်မှာ ဘဘ အစ်ကိုအရင်းက နိုင်ငံရေးသမားစစ်စစ်ကြီး၊ တောခိုသွားခဲ့တာ။ နောက်ပိုင်းမှာ အယ်ဒီတာဖြစ်ပြီးမှ ကျနော့်အစ်ကိုက ဒီလိုပါဆိုပြီး ဒေါ်ဒေါ်ကို ပြန်ပြောတော့ ‘မောင်သစ်လွင် မင်းက သိပ်လူလည်လုပ်တာပဲ’ ဆိုပြီး ဒေါ်ဒေါ်က ရယ်လိုက်တာ ဆိုတာလေ”။

ပြောနေတဲ့အချိန်မှာ ဆရာကြီးရဲ့ အသံဟာ တက်ကြွနေတယ်။ ပြီးတော့ အင်တာဗျူး ဖြေနေရင်း အရွှန်းကလည်း ဖောက်လိုက်ပါ သေးတယ်။

“မောင်သစ်လွင်လို့ပဲ ရေးပါနော်၊ ဒါမှ ဘဘကို အသက်မကြီးဘူးထင်ကြမှာ”။

လူထုသတင်းစာကို ၁၉၄၆ ဧပြီလ ၁၉ ရက်နေ့က စထုတ်ပြီး ၁၉၅၉ မတ်လ ၁၂ ရက်နေ့မှာ အစိုးရက ပိတ်ခိုင်းပါတယ်။ မောင်သစ်လွင် (လူထု) က ၁၉၅၇ ခုနှစ်မှာမှ လူထုတိုက်မှာ စအလုပ်ဝင်တာဖြစ်လို့ ၂ နှစ်လုပ်ခဲ့ရတယ်။ နေ့ပိုင်း အယ်ဒီတာအနေနဲ့ပါ။ သတင်းစာပိတ်လိုက်ပေမယ့် လူထုဒေါ်အမာရော၊ လူထုဦးလှရောက ဘယ်မှမသွားခိုင်းဘဲ လူထုတိုက်မှာပဲ ဆက်နေစေခဲ့တယ်။ ၁၉၆၀ မေလ ၁၀ ရက်ကျတော့ သတင်းစာ ပြန်ထုတ်ခွင့်ရခဲ့ပြန်တယ်။ ဒီအချိန်မှာကျတော့ ညပိုင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရတယ်။

အမှတ်တရ (၁)

လူထုသတင်းစာတိုက်မှာ အယ်ဒီတာတဦးဖြစ်လာဖို့ လူထုဒေါ်အမာကအနီးကပ် သင်ကြားပေးခဲ့ပါတယ်။ သင်ပေးတယ် ဆိုပေမယ့် အခြေခံကအစ လုပ်တတ်အောင် လမ်းညွှန်ပေးခြင်းသာဖြစ်ပြီး စာရေးတဲ့အခါမှာတော့ ဘယ်လို စာမျိုးရေးပါ၊ ဘယ်လိုဟာမျိုးတော့ မရေးနဲ့၊ ဘယ်လိုပုံစံ ရေးပါဆိုတာမျိုး ဘယ်တော့မှ ဝင်စွက်ဖက်တာမျိုး တခါမျှမရှိခဲ့ပါဘူးလို့ မောင်သစ်လွင် (လူထု) ကပြောပါတယ်။

“ဒေါ်ဒေါ်ဟာ ဘဘကို အလုပ်သင်ပေးတယ်ဆိုတာ ခိုင်းတာ၊ဘယ်လိုရေးရတယ်၊ ဘယ်လိုလုပ်ရတယ် ပြောတာမျိုး မဟုတ်ဘူး။ အယ်ဒီတာ တယောက်အနေနဲ့ သတင်းထောက်တွေ ပေးလိုက်တဲ့ သတင်းရှည်တွေ၊ ဖောင်းပွနေတဲ့စာတွေကို တိုတိုကျစ်ကျစ်ဖြစ်အောင် ချုံ့ခိုင်းတယ်။ လိုရင်းပွိုင့်ကို ထုတ်ခိုင်းတယ်။ နိုင်ငံတကာ သတင်းစာလိပ်ကြီးတွေကို ညတိုင်းဖတ်ခိုင်းတယ်။ ဘာသာတွေပြန်ခိုင်းတယ်။ အဲဒီတော့ ကြိုးစားပြီး ပြန်ရတယ်။ နောက်ပိုင်း ဘယ်လောက်အထိ ဖြစ်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကိုတောင် ဘာသာပြန်နိုင်တဲ့အဆင့် ရောက်တယ်။ မောင်သစ်လွင် ဘွဲ့တောင် မရဖူးပါဘူးဗျာ။ ဒေါ်ဒေါ့်ကျေးဇူးကြောင့်သာ အဲ့ဒီလိုတွေ ဘာသာပြန်နိုင်ခဲ့တာပါ”

လူထုသတင်းစာရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ လူထုသတင်းစာဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး စတဲ့သတင်းတွေကိုပဲ တောက်လျှောက် ရှေ့တန်းတင်ရေးခဲ့တယ်။ သူတို့ရပ်တည်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်လိုစာမျိုးဖြစ်ဖြစ် မောင်သစ်လွင် (လူထု) ကို လွတ်လွတ်လပ်လပ်နဲ့ ရေးခွင့်တွေပေးခဲ့တယ်။

အမှတ်တရ (၂)

ညပိုင်းဆိုရင် ရေဒီယိုသတင်းတွေကို လိုက်နားထောင်ရတယ်။ ၁၉၆၁ မှာ လူထုဒေါ်အမာက လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများ စတဲ့ နိုင်ငံတကာ ဝေဖန်ရေးဆောင်းပါးတွေ ရေးနေပြီဆိုတော့ သူကလည်း ရေဒီယိုနားထောင်တယ်။ ရေဒီယိုသတင်းနားထောင်ရင်း ဆရာကြီးနဲ့ အမေမာတို့ရဲ့ နောက်ထပ်အမှတ်ရစရာ ရှေးဟောင်းနှောင်းဖြစ် ဖြစ်ရပ်တခုကို ယခုလို ထပ်ပြောပြပါတယ်။

“ရေဒီယို နားထောင်ရင်း တညကျတော့ ဘဘအစ်ကို တိုက်ပွဲမှာ ကျသွားတဲ့သတင်းကြီး တက်လာပါရော၊ တက်လာတော့ ဒေါ်ဒေါ်ရော၊ ဘဘရော နှစ်ယောက်သား တယောက်နဲ့ တယောက် မျက်လုံးချင်းဆုံပြီး ခနတိတ်ဆိတ် ငေးငိုင်သွားကြတာ၊ ဒါပေမယ့် ခနလေး ငေးငိုင်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့ သတင်းအလုပ်ပဲ ဆက်လုပ်ခဲ့ကြတာ”

အမှတ်တရ (၃)

“ဘဘက အယ်ဒီတာဆိုတော့ သတင်းရေးရတာ နည်းတယ်။ တည်းဖြတ်ရတယ်။ ဒေါ်ဒေါ်ကလည်း ရေးပြီးရင် ဘဘလက်ထဲ အပ်ရတယ်။ အပ်ရင်းနဲ့ ဘာပြောလဲဆိုတော့ ‘ရော့ … မောင်သစ်လွင်တဲ့၊ မင်းက ဖြတ်တာတောက်တာ ရဲတယ်၊ ရော့မင်းကြိုက်သလိုလုပ်’ ဆိုပြီးပြောပြီးပေးတယ်၊ ဆရာသမား တယောက်ကနေ ကိုယ့်တပည့်တယောက်ကို အဲဒီလိုပြောပြီး အပ်တယ်ဆိုတာ ရှားတယ်လေ”။

လူထုဒေါ်အမာရဲ့ လူသိနည်းတဲ့အချက်

လူထုဒေါ်အမာဟာ ဂီတကိုလည်း ချစ်မြတ်နိုးတယ်၊ ဂီတနဲ့ လူထုဒေါ်အမာ ဆက်စပ်ပြီး အမှတ်တရ ဖြစ်ရပ်တခုလည်း ရှိတယ်ဆိုပြီး ဆရာကြီးက ခုလိုပြန်ပြောပြတယ်။

“ဒေါ်ဒေါ်ကလေ ဂီတလည်း ဝါသနာပါတယ်။ ပြည်သူချစ်သော အနုပညာရှင်များ စာအုပ်ရေးဖို့ အင်တာဗျူးလုပ်တော့ တချို့သီချင်းတွေ စာသားလေးတွေ လိုက်ဆိုတယ်၊ သိပ်ချစ်စရာကောင်းပါတယ်။ သူဝါသနာပါသလို ဂီတ ဝါသနာပါသူကိုလည်း မြေတောင်မြှောက်ပေးတဲ့ အကြောင်းလေးပြောချင်တယ်။ ဘဘက ပတ္တလားတီး သင်ချင်တယ်ဆိုတော့ ပတ္တလားတီးတဲ့ဆရာကြီးတဦးနဲ့ ချိတ်ပေးဖူးတယ်။ တနေ့ကို ၂ နာရီအချိန်ပေး သင်ခိုင်းတယ်၊ အယ်ဒီတာတယောက်ကို အလုပ်ချိန်ထဲက အချိန်ဖဲ့ပေးတာနော်။ ဒေါ်ဒေါ်က ခွင့်ပြုလို့ သီးသန့်သင်ခဲ့ရတာ။ တပည့် တယောက်အတွက် အချိန်ကို အလုပ်ချိန်ထဲက ဘယ်သူက ထုတ်ပေးမှာလဲ၊ အဲ့ဒါလေးကတော့ တကယ့်အမှတ်တရပါပဲ”။

သတင်းစာဆရာဖြစ်ဖို့ လူထုဒေါ်အမာကို တွန်းအားပေးခဲ့တဲ့စာအုပ်

“ဒေါ်ဒေါ် ငယ်ငယ်တုန်းက ကျောင်းသူဘဝကတည်းက ဝတ္ထုတိုလေးတွေကို လှမဉ္ဇူ၊ ခင်လဝင်း ဆိုတဲ့နာမည်တွေနဲ့ ရေးပါတယ်။ အဲဒီလိုရေးရင်းနဲ့ ဒေါ်ဒေါ့်ရဲ့ ဆရာဖြစ်သူ ဆရာကြီး ဦးရာဇတ်က မောရစ်ကောလစ်ရေးသားတဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သော မှုခင်းများစာအုပ်ကို ဘာသာပြန်ရေးဖို့ တိုက်တွန်းခဲ့တယ်။ အဲဒီစာအုပ်မှာ သတင်းဖော်ပြတဲ့ပုံစံတွေ အများကြီးပါတာကြောင့် ဘာသာပြန်ရင်း ကနေတဆင့် ဒေါ်ဒေါ့်မှာ သတင်းစာဆရာ ပိုးဝင်သွားတာ၊ ဆရာကြီး ဦးရာဇတ်ကျေးဇူးကြောင့်သာ သူသတင်းစာဆရာဖြစ်တယ်လို့ သူ့ကိုယ်သူ အမြဲပြောလေ့ရှိတယ်။ စာနယ်ဇင်းသမားဖြစ်ဖို့ ဒီစာအုပ်က ဒေါ်ဒေါ့်ကို လှုံ့ဆော်ပေးခဲ့တာ”။

လူထုဒေါ်အမာရဲ့ လေးစားစရာကောင်းတဲ့အချက်

ဒီမေးခွန်းကို မေးလိုက်တော့ ဆရာကြီး မောင်သစ်လွင် (လူထု) က အာမေဋိတ်သံပြုပြီး ဖြေတယ်။

“ဟာ … သိပ်ကိုဇွဲရှိတယ်။ ယုံကြည်ချက်ကို ဘယ်တော့မှ အလံမလှဲစတမ်းဆိုတဲ့ အမျိုးသမီး၊ ဘဘ လူထုတိုက် စရောက်တဲ့အချိန်မှာ ဦးဦး (လူထုဦးလှ) က ထောင်ထဲမှာ (အဲဒီအချိန်မှာ လူထုဦးလှက အယ်ဒီတာ၊ ဒေါ်အမာက အယ်ဒီတာ အဖွဲ့ဝင်ပါ)။ ကလေးတွေက ကျောင်းနေအရွယ်တွေ ပုစိနောက်တွေ၊ ဒီကလေးတွေရဲ့ တာဝန်ကလည်း ယူရသေးတယ်။ သတင်းစာကြီး တစောင်လုံးရဲ့ တာဝန်ကလည်း ရှိသေးတယ်။ လူထုဂျာနယ်ကြီး တာဝန်ကလည်း ရှိသေးတယ်။ ခင်ပွန်းတယောက်လုံး ထောင်ထဲရောက်နေတာတောင် သူ့ရဲ့ယုံကြည်ချက်ကို အယိမ်းအယိုင် မခံဘဲနဲ့ တောက်လျှောက် လုပ်သွားတာ။ တကယ်ကို ချီးကျူးလေ့စားစရာကောင်းတဲ့ အမျိုးသမီးပါပဲ”။

လူထုဒေါ်အမာ ကလောင်အမည် ဘာကြေင့် အခုချိန်အထိ စွဲစွဲမြဲမြဲ ထင်ကျန်နေရတာလဲ

“သူတသက်လုံးလုပ်ခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာ ဘဝတွေတလျှောက်လုံးမှာ သူရဲ့ရပ်တည်ချက်က ပြည်သူ့ဘက်မှာပဲ အမြဲတမ်း ရှိနေခဲ့တယ်။ ဒါကြောင့် ပြည်သူက မမေ့နိုင်ခဲ့ဘူး။ ယဉ်ကျေးမှုဆိုင်ရာ တွေမှာဆိုရင်လည်း သဘင်တို့ ဘာတို့လို ယဉ်ကျေးမှုတွေ ရေးခဲ့တယ်။ စာနယ်ဇင်းသမား တယောက်အနေနဲ့ဆိုရင် ကိုယ် အထုထောင်း ခံပြီးတော့ကို ပြည့်သူ့ဘက်မှာနေပြီး ရေးခဲ့တယ်။ ဒီလိုမျိုး ပြည်သူ့ဘက်က ပါခဲ့လို့ အခု နှစ်တရာပြည့်တဲ့အထိ ပြည်သူက သူ့ကိုမမေ့နိုင် ဖြစ်နေကြသေးတာလို့ ဘဘကမြင်တယ်”

ကမ္ဘာနဲ့ချီကြည့်မယ်ဆိုရင်လည်း တကမ္ဘာလုံးမှာ ခံနေရတဲ့သူတွေဘက်က လွတ်မြောက်ရေးတွေပဲ တလျှောက်လုံး ရေးခဲ့တယ်။ လူထုသတင်းစာမှာတုန်းက ရေးခဲ့တဲ့ နိုင်ငံတကာရေးရာ လက်ငင်းပြသနာတွေနဲ့ ပတ်သက်တဲ့ စာတွေကို သက်ဆိုင်ရာနိုင်ငံတွေက ဂျာနယ်၊ သတင်းစာတိုက်တွေမှာ ဘာသာပြန်ပြီး ပြန်သုံးကြတဲ့အထိပါပဲ။

လူထု ဒေါ်အမာသာ အသက်ရှိနေမယ်ဦးမယ် ဆိုရင်

“အင်မတန်ကို တက်ကြွလန်းဆန်းနေမယ်လို့ မြင်တယ်။ အစိုးရခေတ် အဆက်ဆက်မှာ လူထုတိုက်ဟာ အထုအထောင်း ခံခဲ့ရတယ်။ ဖဆပလအစိုးရ ဦးနုခေတ်၊ အိမ်စောင့်အစိုးရ ဦးနေဝင်းခေတ်၊ ဗိုလ်ချုပ်နေဝင်းခေတ်၊ စစ်အစိုးရခေတ် အစရှိသဖြင့် ဆက်တိုက်ပဲ၊ မျက်စိဒေါက်ထောက် ကြည့်ခံရတယ်။ ဦးလေး (လူထုဦးလှ)၊ ဒေါ်ဒေါ်၊ ညီပုလေး (လူထုဒေါ်အမာ၏ သား) တို့ တောက်လျှောက် ဖမ်းဆီးခံရတယ်။ ဒါကြောင့်ခုချိန်မှာ ဒေါ်ဒေါ်ရှိနေသေးရင် တော်တော်ကို ဝမ်းသာနေရှာမှာ” လို့ ဆရာကြီးက ပြောပါတယ်။

လူတယောက်ဟာ သူအသက်ရှင်နေရတဲ့ လူ့သက်တမ်းအတွင်း နာမည်တလုံးကျန်ရှိအောင် ကောင်းမွန်ဖြူစင်စွာ ထိန်းနိုင်ဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ ကွယ်လွန်ပြီးတဲ့ အချိန်မှာလည်း လူအများရဲ့ ရင်ထဲမှာ နာမည်တလုံးကို နှစ်ရှည်လများ မမေ့မလျော့ စွဲကျန်ထင်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှပါတယ်။

အမေမာလို့ တလေးတစားခေါ်ကြတဲ့ လူထုဒေါ်အမာကတော့ သူအသက်ရှင်စဉ် အချိန်မှာရော၊ သူကွယ်လွန်ပြီး ချိန်မှာပါ သူ့ရဲ့နာမည်ကို တောက်လျှောက် ထိန်းသိမ်းသွားခဲ့ပါတယ်။ အမေမာ အသက်ရှင်စဉ်အတွင်း လုပ်ခဲ့လုပ်ရပ်တွေ၊ ရပ်တည်ချက်တွေ၊ ရေးထားခဲ့တဲ့စာတွေကြောင့် “လူထုဒေါ်အမာ” ဆိုတဲ့ အမည်ဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ ကျောက်သားပမာ စွဲမြဲထင်ကျန်ခဲ့နေခဲ့ပါတယ်။

Loading