ပြီးခဲ့တဲ့နှစ်တုန်းဆီက သမိုင်းဝင် ၈၈ အရေးတော်ပုံ ပြကွက်တွေ ပါဝင်နောက်ခံထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးနေတယ်၊ မကြာခင် ရုံတင်ပြသတော့မယ် လို့ သတင်းတွေကနေ သိရတဲ့အခါ အမှန်အတိုင်းပြောရရင် ကျမ တော်တော် စိတ်ဝင်စားပါတယ်။
ကျမတို့ တတွေဟာ နိုင်ငံရေးနောက်ခံ ရုပ်ရှင် မပြောနဲ့၊ ရိပ်ရိပ်လေးပါရင်တောင် ဆင်ဆာဖြတ် တောက်တဲ့ခေတ်မှာ ကြီးပြင်းလာကြရတာ မဟုတ်လား။ ဆင်ဆာဖြတ်တောက်ခြင်းဟာ ကျမတို့ကို တကယ့်ပြင်ပက လူတွေကို၊ ခေတ်ကို ထင်ဟပ်တဲ့ အနုပညာအစစ်တွေနဲ့ တဖြည်းဖြည်း အလှမ်းဝေး လာစေခဲ့ပါတယ်။ ဘယ်ဇာတ်ရုပ်ဆိုရင် ဘယ်လို စရိုက်မျိုး ရှိရမယ် ဆိုတာ ပုံသေ ဖြစ်လာခဲ့ပြီ။ ရုပ်ရှင် ထဲက တရားသူကြီးတွေဟာ တရားမျှတတယ်၊ ရဲတွေဟာ တာဝန်သိပ်သိတယ်။ ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတယ်၊ ငွေပုံပေးတောင် ယူမှာ မဟုတ်ဘူး။ စစ်သား ဆိုရင် စိတ်ထားမြင့်မြတ်သူ၊ စွန့်လွှတ်စွန့်စားသူ စတဲ့စတဲ့ ပုံသေကားကျ ဇာတ်ကောင်စရိုက်တွေနဲ့ပဲ ကျမတို့ ရင်းနှီးခဲ့ရတာ ကြာပြီ။
ဟော … ဆင်ဆာ လွတ်ပြန်ပါပြီ ဆိုတော့လည်း ကျမတို့ မျှော်လင့်ကြပြန်တာပါပဲ။ ဘယ်လို ဇာတ်မျိုးတွေ ရိုက်ပြလိမ့် မလဲ ရယ်လို့။ ဒါပေမယ့် ဆင်ဆာလွတ်ပြီးနောက် ထွက်လာတဲ့ ဗီဒီယိုဇာတ်ကား တချို့မှာတော့ ကျမတို့ မျှော်လင့်ကြ သလို မဟုတ်ပါဘဲ နမ်းခန်းလို၊ အိမ်ထောင်ရှင်တွေရဲ့ အတွင်းကျကျ ဇာတ်ဝင်ခန်းလိုမျိုးကိုပဲ ထည့်ရိုက် လာတာ တွေ့ကြ ရတဲ့အခါ ဆင်ဆာလွတ်ဖို့ အရေးဆိုဖူးသူတွေကိုတောင် အားနာစရာ ဖြစ်မိတယ်။ ကျမတို့ တကယ် ကြည့်ချင်တဲ့ ရုပ်ရှင်တွေ ဖြစ်မလာခဲ့ဘူးဆိုပါတော့။
အခုလထဲ ရုံတင်ပြသလာတဲ့ “ကောင်းကျိုး ကိုယ်၌ တည်စေမင်း” ဟာ သတင်းစကားတွေ ကြားရတာနဲ့တင် မျှော်လင့်စေပြန်တဲ့ ရုပ်ရှင်ပါ။ နိုဝင်ဘာ တတိယပတ်ထဲမှာ ကြည့်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ ဇော်မြင့်ဦးရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ဇေပါ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ တချိန်က ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သူ၊ ထောင်ကျရာက လွတ်မြောက်ပြီးနောက် မိတ်ဆွေ အငြိမ်းစား ထောင်မှူးရဲ့ ရွာမှာ လိုအပ်နေတဲ့ နေရာတနေရာစာ ကွက်လပ်ဖြည့်ဖို့ ရောက်လာသူ ဘသိန်းအဖြစ် ခန့်စည်သူ၊ ယုံကြည် လက်ထပ်မိတဲ့ ခင်ပွန်းက နယ်စပ်တနေရာမှာ ရောင်းစားခံရရာက လွတ်မြောက်၊ ရွာပြန်ရောက်ပြီး တရုတ် ကုမ္ပဏီက ကျောက်ထုတ်လုပ်ရာမှာ လုပ်သားတဦးအဖြစ် လုပ်ကိုင်နေတဲ့ မဗေဒါအဖြစ် ခိုင်သင်းကြည်၊ ယဉ်ယဉ်လေး ရူးနေရှာသူ ရွာသူလေး အိချော အဖြစ် အိချောပို၊ အငြိမ်းစားထောင်မှူး အဖြစ် ရွာပြန်ရောက်လာပြီးခါမှ တရွာလုံး ပျက်စီးခြင်း ဆိုက်နေတာကို မရှုရက်နိုင် ဖြစ်နေသူ ဦးအောင်သန်းအဖြစ် အရိုင်း၊ အိချောရဲ့ အစ်ကို၊ လူက ဆိုးမိုက်တာ မဟုတ်ပါဘဲ သွေးဆိုးသူ ဖိုးချက်အဖြစ် ဘုန်းသျှံတို့နဲ့ အတူ ဇာတ်ပို့ဇာတ်ရံပေါင်း များစွာနဲ့ အုန်းချောနယ်သူ နယ်သားများ ပါဝင်သရုပ်ဆောင်ထားတာပါ။
ဇာတ်ကားကို ၈၈ အရေးအတော်ပုံ မြင်ကွင်းများနဲ့ စဖွင့်ပါတယ်။ ရုပ်ရှင်၊ ရုပ်သေပုံရိပ်များကြားမှာ ဘသိန်းရဲ့ တော်လှန်းရေး လှုပ်ရှားမှု၊ စစ်ကြောရေး ရောက်ရပုံ၊ နောက် ထောင်ကျပုံတွေ ရိပ်ခနဲရိပ်ခနဲ ထည့်သွင်းပြသပါတယ်။ ဒီဇာတ်ဝင်ခန်းတွေ ကြည့်ရတဲ့အခါ သမိုင်းကို တကယ်နောက်ခံထားတဲ့ ရုပ်ရှင် ကြည့်ရတော့မှာပါလားလို့ ကျမ ထင်တယ်။ ဒီလို ထင်မြင်စေတဲ့ ရုပ်ရှင်ပိုစတာကိုကြည့်ပြီး ကျမ ဘာသာတောင် ဇာတ်လမ်းကို ကြိုတွေးလိုက်ပါသေး တယ်။
သို့သော်လည်း ရုပ်ရှင်အဖွင့် ဒီဇာတ်ဝင်ခန်းဟာ ၈၈ နဲ့ ပတ်သက်လို့ ဇာတ်ကားတခုလုံးရဲ့ တခုတည်းသော ကိုယ်စားပြုမှု ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးတဲ့ အချိန်မှာ လုံးလုံးလျားလျား မလွတ်လပ်သေးတာကြောင့် ဖြစ်ပါလိမ့်မယ် လို့ မြန်မာ ရုပ်ရှင်ကြည့်နေကျ ပရိသတ်တယောက်ပီပီ ဖြေတွေး တွေးပေးလိုက်တော့လည်း စိတ်ချမ်းသာပါတယ်။
နောက်ထပ် နောက်ထပ် ဇာတ်ဝင်ခန်းတွေကတော့ တမျိုးပြောင်းခဲ့ပါပြီ။ ရွာလူကြီးဖြစ်နေတဲ့ ဦးအောင်သန်း ရွာစဉ်တလျှောက် လမ်းလျှောက်နေရင်း မြင်ရတဲ့ မြင်ကွင်းတွေနဲ့ ရွာရဲ့ လူနေမှုဘဝကို ဆက်လက်ပုံဖော်ပါတယ်။ ကလေးတွေဟာ ကျောင်းချိန်မှာ ကျောင်းမတက်သေးဘဲ လူကြီးတွေဆီက ကူးစက်လာတဲ့ ပိုက်ဆံကြေး ကစားနေကြတာတွေ၊ အမျိုးသမီးတွေက နှစ်လုံး၊ သုံးလုံးထိုးတဲ့ ကိစ္စမှာ ပျော်မွေ့နေတာတွေ၊ အမျိုးသားတွေက သောက်စား မူးယစ်နေတာ၊ ရန်ဖြစ်နေတာတွေ စတာ စတာတွေနဲ့ ရွာကို လှည့်ပတ်ပြပါတယ်။
ရွာရဲ့ အနီးဝန်းကျင်မှာတော့ တရုတ်ကုမ္ပဏီရဲ့ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းရှိပါတယ်။ ရွာသူရွာသား တော်တော်များများက အဲဒီက အလုပ်သမားတွေပါ။ အဲဒီအထဲမှာ မဗေဒါလည်း ပါပါတယ်။ လုပ်သားတွေကို အဆမတန် ခိုင်းစေရာမှာ၊ အနိုင်ကျင့်ရာမှာတော့ “ကြက်တူရွေးက တော်တော် မယ်ဖော်က ကဲကဲ” ဆိုသလို တရုတ်လူမျိုး မန်နေဂျာ ကျင်းလိက နည်းနည်း မြန်မာလူမျိုး ဝန်ထမ်းတွေက များများပါပဲ။
မြန်မာဝန်ထမ်း ဇာတ်ဆောင်ရဲ့ အိုဗာ နည်းနည်းဖြစ်တဲ့ အမူအရာကြောင့် နင်းပြားလုပ်သားတွေရဲ့ ဘဝပြကွက်က ပိုပြီး ဇာတ်နာပါတယ်။ မဗေဒါဟာ အလုပ်ပြုတ်မှာ ကြောက်လို့ ငြိမ်ခံတတ်တဲ့ လုပ်သားတွေ ကြားထဲမှာတော့ တစ်မူ ထူးသူပါပဲ။ ကြီးကြပ်သူ မြန်မာဝန်ထမ်းသာမက တရုတ်မန်နေဂျာကိုပါ မမှုသူ၊ မဟုတ်မခံသူ ပါ။ တရက်မှာတော့ လုပ်သားတဦး လက်မှာ ထိခိုက်ဒဏ်ရာရတဲ့ အခါ အလုပ်က တာဝန်မယူတော့ ရွာပြန်ဆေးကုဖို့ ခေါ်လာရင်း လမ်းမှာ ရွာကိုလာတဲ့ ဘသိန်းနဲ့ ဆုံပါတယ်။
မဗေဒါဟာ ဘသိန်းကို ထောင်ထွက်လူဆိုး တယောက်လို့ ထင်တယ်။ တဖြည်းဖြည်း ကျခါမှ ဒီလူဟာ လူဆိုး တယောက် မဟုတ်ဘဲ စိတ်ထား ကောင်းမွန်သူ ဖြစ်ကြောင်း မဗေဒါ သိလာတယ်။ ဘသိန်းဟာ ရွာက လူတွေကို စာဖတ်ပါ၊ စာဖတ်ပါ မကြာမကြာ ပြောလေ့ရှိသူပါပဲ။ စာကြည့်တိုက်လေး ဖွင့်ဖို့ရာ စိတ်အားထက်သန်သူ ပါပဲ။ နယ်စပ်မှာ ရောင်းစားခံရလို့ မဗေဒါနဲ့ အတူ ထွက်ပြေးလာရာက လမ်းမှာ သေဆုံးခဲ့ရတဲ့ သမီးလေးအတွက် ကြေကွဲ ရလွန်းလို့ လူတွေနဲ့ ဝေးဝေးမှာ နေနေသူ ဦးဘဝေကိုလည်း သူ့နဲ့အတူ ပူးပေါင်းအောင် စည်းရုံးနိုင်ခဲ့ပါတယ်။
ဘသိန်းဟာ အရူးမလေး အိချောနဲ့လည်း ရင်းရင်းနှီးနှီး ရှိလာတယ်။ သူတို့ ရင်းနှီးပုံကို မြင်တဲ့သူ၊ သံသယဖြစ်တဲ့ သူလည်း ရှိပေါ့။ ဘသိန်းအပေါ် ယုံကြည်ခင်မင်လာတဲ့ မဗေဒါကလည်း သူတို့နှစ်ဦး မုန့်အတူစား ရယ်မောနေတာကို မြင်ဖူးပေါ့။
တဖက်မှာတော့ မဗေဒါ အလုပ်လုပ်ရာ တရုတ် ကုမ္ပဏီကလည်း လုပ်သားတွေ အပေါ် အနိုင်ကျင့်တုန်းပဲ။ ရွာသားတွေ ကတော့ ရွေးစရာ လမ်းမရှိလို့ ဇွတ်မှိတ်လုပ်နေရတယ် ပေါ့လေ။ တရက်မှာတော့ ငွေအတွက် သူ့ခန္ဓာကို တရုတ် မန်နေဂျာဆီ ပေးလိုက်ရရှာတဲ့ ငွေမှုန့်ကို တရုတ်မန်နေဂျာ ရုံးခန်းအထိ မဗေဒါလိုက်ခေါ်တယ်၊ ပြစ်တင်စွပ်စွဲတယ်။ နောက်ဆုံးတော့ ငွေမှုန်ဟာ လောကကို အရှုံးပေး စွန့်ခွာ သွားတယ်။ ဘသိန်းကတော့ ငွေမှုန် သေရတာဟာ တရုတ် မန်နေဂျာကြောင့် ဘဝပျက်ရလို့ ဆိုတာထက် မဗေဒါရဲ့ ပုံစံမဟုတ်တဲ့ ဖြေရှင်းပုံကြောင့်လို့ ဆိုတယ်။ မဗေဒါဟာ အလုပ်ကိုလည်း စွန့်လွှတ်လိုက်ပြီ။
ဒီကြားထဲ အရူးမလေး အိချောတယောက် သားအိမ်ထဲ အလုံးဖြစ်ရာမှာ ကိုယ်ဝန်လို့ အရပ် လက်သည်က ပြောတာကြောင့် ဘသိန်းဟာ သံသယဒဏ်ကို ခံရပါတယ်။ အိချောရော ဘသိန်းပါ ဖိုးချက်ရဲ့ အရိုက်အနှက်ကို ခံရပါတယ်။ ရောဂါအမှန် ပေါ်လို့ သံသယကင်းခံရတဲ့ အချိန်မှာတောင် အိချောဟာ အစ်ကိုကို ကြောက်သွားတော့ တာပဲ။
ရွာမှာတော့ စာကြည့်တိုက်လေး တခုဖွင့်ဖို့ ပြင်ဆင်နေပြီ။ လိုအပ်တဲ့ ကျောက်အတွက် ကျောက်ထုတ်လုပ်ငန်းက သွားသယ်ယူတဲ့ မဗေဒါဟာ တရုတ်ကုမ္ပဏီရဲ့ ဖမ်းဆီးခြင်းကိုခံရတယ်။ ရွာသားတွေရယ် ဘသိန်းရယ် လိုက်သွားပြီး တောင်းဆိုခါမှ လွှတ်ပေးတာပါ။ စာကြည့်တိုက်လေးလည်း ဖွင့်နိုင်ခဲ့တယ်ဆိုပါတော့။ ဖွင့်ပွဲနေ့မှာပဲ ဘသိန်းကို ဓားနဲ့ လာပေါက်တဲ့ တချိန်က တရုတ်ကုမ္ပဏီက မြန်မာဝန်ထမ်းဟောင်း နောက်ကို ဖိုးချက်က ဓားနဲ့လိုက်၊ ဖိုးချက်ရဲ့ ဓားကိုင်မျက်နှာ ခက်ထန်ထန်ကို အကြောက်လွန်ရာက အိချောတယောက် အသက်ဆုံးပါးခဲ့ရ ပါတယ်။
ဇာတ်က ဒီမှာတင် မဆုံးသေးပါဘူး။ တရုတ် ကုမ္ပဏီက ကျောက်တောင်ကို မိုင်းခွဲဖို့ ကြံတဲ့အခါ တရွာလုံး လိုက်သွားကြပြီး ကန့်ကွက်တယ်။ နောက်ဆုံးတော့ ခွဲလိုက်တာပါပဲ။ ကျောက်တောင်ပြို၊ မြေတွေအက်၊ တောင်ပေါ် ရေကန်က ရေတွေ ဒလဟော ပြိုကျ၊ လူတွေလည်း အရှိန်နဲ့ လွင့်မျောပါ ပေါ့။ နောက်ဆုံး ဇာတ်ဝင်ခန်းကတော့ သချႋုင်းမြေပါပဲ။ ထပ်မံဆုံးပါးသူက ဘယ်သူ ဆိုတာတော့ ကျမ မပြောလိုတော့ပါဘူး။
ရုပ်ရှင်ကြည့် ပရိသတ် တယောက်အနေနဲ့ ဒီရုပ်ရှင်အပေါ် မြင်တဲ့ အမြင်ကို ပြောပါဆိုရင် “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟာ အထင်နဲ့ အမြင်လွဲခဲ့ရတဲ့ ရုပ်ရှင်လို့ ဆိုပါရစေ။ သမိုင်းဝင် ဖြစ်ရပ်တွေကို နောက်ခံထားမယ့် ရုပ်ရှင်လို့ ထင်ခဲ့တယ်။ လွဲပါတယ်။ နောက်ထပ် ပြောစရာတခုကတော့ ရုပ်ရှင်မှာ ပြောချင်တာတွေကို ပြုံအုံထည့် လိုက်တာပါ။ ဥပမာ ပညာပေးလိုတာ၊ လူတွေ ကြားချင်တဲ့ နိုင်ငံရေးစကားမျိုး ပြောတာ စတာတွေပါ။ ဒီအပြောကိုပဲ တခြားသော အနုပညာမြောက် ပုံမျိုးနဲ့ ပြောလည်း ရရဲ့နဲ့ ထပ်ခါထပ်ခါ အတုံးလိုက် အတစ်လိုက် ပြောတာမျိုးပါ။
ကျမ အစ်မ တယောက် ပြောတဲ့စကားနဲ့ပဲ ပြောရရင် “ကြက်သားကို ပြမယ် ဆိုပါတော့၊ ဒီအတိုင်း အတုံးလိုက် ပြမလား၊ လှလှပပ ပြင်ဆင်ချက်ပြုတ်ပြီး ပြမလား” ဆိုတာပါပဲ။
ကျမ ကြည့်ခဲ့ရတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ကတော့ ကြက်သားကို အတုံးလိုက် ချပြခဲ့တာပါ။ ရည်ရွယ်ချက် ကောင်းပါလျက်နဲ့ အနုပညာ မြောက်အောင်၊ လိုရင်းရောက်အောင် မပြနိုင်ခဲ့တာ နှမြောစရာပါပဲ။ ရိုက်ချက်တွေဟာ သမားရိုးကျများ ပါတယ်။ လှပပြီး ပြောစရာရိုက်ချက်မျိုး မခံစားခဲ့ရပါဘူး။ တချို့ဇာတ်ဝင်ခန်းတွေမှာ ဇာတ်ကောင်တွေ ရဲ့ အသံမြှင့် စကားပြောသံနဲ့ နားဆူလှပါတယ်။
အဓိကဇာတ်ဆောင်တွေရဲ့ အမူအရာဟာ ပုံမှန်ထက် နည်းနည်းစီ ပိုနေကြပါတယ်။ ကွက်တိဖြစ်တဲ့ ဇာတ်ဝင်ခန်းလည်း ရှိပါတယ်။ ဥပမာ ကြိုးဆွဲချ သတ်သေတဲ့ ငွေမှုန့်အနားမှာ ဘသိန်းနဲ့ မဗေဒါ စကားပြောစဉ် အမူအရာတွေကို စိတ်တိုင်း မကျလှပေမယ့် ငွေမှုန့်ခြေထောက်ကို ဖက်လို့ မဗေဒါ မျက်ရည်ကျတဲ့ အမူအရာကတော့ သိပ်ကောင်းပါတယ်။
အဓိက ပြောချင်တဲ့ တချက် ရှိပါသေးတယ်။ အဲဒါကတော့ ဇာတ်ရဲ့ အရှိန်ကို လုံးဝမထိန်းတာ၊ မကစားတာပါ။ ဒီနေရာမှာ တက်၊ ဒီနေရာမှာ ခဏ ခပ်ပြေပြေ စသဖြင့်မဟုတ်ဘဲ အတက်အကျက ဆွဲဆောင်မှု နည်းပါတယ်။ ဇာတ်ကို ရပ်သင့်တဲ့ နေရာ ရှိပါရဲ့နဲ့ မရပ်ပါဘူး။ ပြန်ဆက်ပါတယ်။ အဲဒီတော့ ဘာဖြစ်တုံးဆို နောက်ဆုံးခန်း မတိုင်ခင် ရှေ့တခန်းက ရေကန်ပြိုကျပုံ၊ လူတွေ မျောပါပုံကို အထူးပြုလုပ် ချက်တွေသုံးတာ သိပ်အားနည်းတာကို မြင်ရတော့ တာပဲ။ ဒီလိုပြကွက်မျိုးကို မနိုင်နင်းပါဘဲ မပြသင့်ပါဘူး။
“ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်မှာ ကျေနပ်လောက်စရာရယ်လို့ ၈၈ အရေးတော်ပုံ မြင်ကွင်းတွေကို ဇာတ်ကားဖွင့်ဖွင့်ချင်း နာကျင်စဖွယ် မြင်ရတာပါ။ ဒီလိုမြင်ကွင်းတွေ၊ တကယ့် ရုပ်သံ မှတ်တမ်းတွေကို ရုပ်ရှင်ရုံမှာ ပထမဆုံး ကြည့်ခွင့်ရတာတခုသာ ကျမလို ပရိသတ်တယောက်အတွက် ဖြေနိုင်စရာ ရှိရတယ်။ အားထုတ်မှု အတွက်တော့ ကျေးဇူးတင်ရပါတယ်။