နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိခဲ့ ကြသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပေးမဲပေးနိုင်ခဲ့သောကြောင့် အကောင်းမြင်မှုများ ထွက်ပေါ်လာခဲ့ရသည်။
သန်းနှင့်ချီသော မြန်မာနိုင်ငံသားများက ခြိမ်းခြောက်မှု၊ ကြောက်ရွံမှုကင်းစွာဖြင့် လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခဲ့ကြပြီး အဓိက အတိုက်အခံ NLD ပါတီက လွှတ်တော်တွင် နေရာအများစု အနိုင်ရရှိခဲ့ကာ၂၀၁၆ ခုနှစ်တွင် အစိုးရတခု ဖွဲ့စည်းရန် အခွင့်အရေး ရရှိသွားခဲ့သည်။
သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း ရွေးကောက်ပွဲရလဒ်ကို လေးစား လက်ခံသွားမည်ဟု ကတိပြုခဲ့ကြသည်။
ရွေးကောက်ပွဲနှင့် နောက်နှစ်အစောပိုင်း လွှတ်တော်အသစ် မစတင်မီ ကြားကာလတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ မြင့်တက်လာမည်မှာလည်း မုချဖြစ်ပါသည်။ မဲဆန္ဒရှင်အများစုက စစ်တပ် ကျောထောက်နောက်ခံ ပေးထားသော အစိုးရ၏ ရိုးသားမှုအပေါ် သံသယရှိခဲ့ပြီး စစ်မှန်၍ ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံရေးအာဏာ လွဲပြောင်းမှုကို အနီးကပ် စောင့်ကြည့် သွားလိမ့်မည် ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း စစ်တပ်မှ အတည်ပြုလက်ခံခြင်း မရှိခဲ့သည့် အတိတ်ကဖြစ်ရပ်ကြောင့် ယခုရွေးကောက်ပွဲတွင် ယခုကဲ့သို့ သံသယများ ထားရှိခဲ့ကြခြင်း ဖြစ်သည်။
အမှန်တကယ်တွင်လည်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်မြင့်မားခဲ့ပြီး အကောင်းမြင်မှုများ ရှိခဲ့သော်လည်း သတိထားစောင့်ကြည့်ရန် လိုအပ်သည်။ အာဏာအပြည့်အ၀ လွှဲပြောင်းပေးပြီးသည့် အချိန်အထိ မြန်မာ နိုင်ငံသား အများစုက လက်ရှိအစိုးရအပေါ် သံသယရှိနေလိမ့်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အာဏာလွှဲပြောင်းသည့် လုပ်ငန်းစဉ် ရှည်လျားမှုအပေါ် ဝေဖန်ခဲ့သည်။
“ဒါက တော်တော်လေးကို မယုံနိုင်စရာဘဲ။ ရွေးကောက်ပွဲ ကျင်းပပြီးတော့ အစိုးရသစ် ဖွဲ့တဲ့ကြားကာလမှာ ဒီလို အချိန်ကွာဟမှုမျိုးက ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိပါဘူး။ သေချာတာကတော့ ဒါကို ကျမတို့အားလုံး စိုးရိမ်သင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၅ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က ၎င်းတို့နှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကို သဘောတူခဲ့သော်လည်း သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က တွေ့ဆုံနိုင်မည့် နေ့ရက်ကို အတည်မပြုရသေးပေ။
နိုဝင်ဘာလ ၁၆ ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် စိုးရိမ်မှုများကို ပြေလျော့စေရန် သမ္မတ ဦးသိန်းစိန် ကြိုးစားခဲ့သည်။
သမ္မတဦးသိန်းစိန်က ၎င်းတို့အနေဖြင့် နောက်အစိုးအသစ်သို့ စနစ်တကျ အာဏာလွှဲ ပြောင်းပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ “ကျနော်တို့က ချောချောမောမောနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ သေချာအောင်ပြုလုပ်သွားပါမယ်” ဟု သူက ပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ချီးကျူးခဲ့ကြသည်။ ထို့အပြင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် ဗိုလ်ချုပ်ဟောင်း ၂ ဦးဖြစ်သော သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တို့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ကြသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အား ဂုဏ်ပြုစကားပြောခဲ့သည်။
အိုဘားမားအစိုးရက မြန်မာနိုင်ငံအား ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတခုအဖြစ် ကြိုတင် ဂုဏ်ယူခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။ သို့သော်လည်း အမေရိကန်က ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ဆက်လက် အားပေးနိုင်ရန် အတွက် လက်ရှိ မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးစားခဲ့သည်။
အရေးကြီးသည်မှာ နော်ဝေနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပါအဝင် တခြားနိုင်ငံများက စစ်အစိုးရ လက်ထက်က ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ အားလုံးနီးပါးကို ပယ်ဖျက်ပေးခဲ့သော်လည်း အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရ နှင့် ပတ်သက်သူများကို ဦးတည်သည့် အရေးယူပိတ်ဆို့မှု တချို့ကို ဆက်လက်ထားရှိခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် တာဝန်ရှိသူတဦး ဖြစ်သော ဒန်နီယယ် ရပ်ဆဲလ် (Daniel Russel) က အမေရိကန်နိုင်ငံမှ ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အားလုံးကို ပယ်ဖျက်ပေးရန် အလွန် စောနေသေးကြောင်း ပြောခဲ့သည်။
“ပြုပြင်ပြောင်းလဲရေးတွေ ဒီထက်ပိုပြီး ရှေ့ဆက်သွားမယ်ဆိုရင် လေးစားလောက်တဲ့ ယုံကြရလောက်တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ဖြစ်လာမယ်ဆိုရင် ထောက်ခံမှုတွေ များလာပြီးတော့ အမေရိကန်အစိုးရအတွက် အတားအဆီးတွေ လျော့နည်း သွားပါလိမ့်မယ်။ မြန်မာအစိုးရသစ်ကို တက်တက်ကြွကြွ ကူညီပေးဖို့အတွက် တခြားနိုင်ငံတွေကလည်း ကျနော်တို့ရဲ့ မူဝါဒနဲ့ ချိန်ညှိလုပ်ဆောင်ကြမယ်လို့ မျှော်လင့်မိပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် က ပြောသည်။
အရေးကြီးသည့် ယခုအချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်မှန်သည့် အာဏာလွဲပြောင်းရေးနှင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသားများက မဲပေးရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်များ လွှတ်တော်တွင်းသို့ ရောက်ရှိရေး သေချာစေရန် ကူညီရင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေသင့်ပါသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Send Burma Due Credit, But Keep up The Pressure ကို စုမွန်ဖြိုး ဘာသာပြန်ဆိုသည်။