ကြာပွတ်သံ တရွှမ်းရွှမ်း၊ ခြေကျင်းသံ တခြွင်းခြွင်းနှင့်
လူလူချင်း ကျွန်ပြုနေကြရာ အရိုင်းကမ္ဘာဟူ၍ အရိုင်းခေတ်က ရှိခဲ့ဖူး၏။
လူ့သမိုင်း အရိုင်းစိတ် ဝင်လာလျှင် ကြာပွတ်သံ၊ ခြေကျင်းသံ
ကြားရစမြဲတည်း။
(ကဗျာဆရာတင်မိုး-) အရိုင်းကမ္ဘာမှ ကြာပွတ်သံ ကဗျာ၊
သစ်ရွက်ကြွေလေး ပေါ်မှာရေးတဲ့ မှတ်တမ်းများ ကဗျာစာအုပ်မှ …။
စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ခေတ်အဆက်ဆက် တိုင်းမှာ လူတွေဟာ တယောက်နဲ့တယောက် သာကြောင်း မာကြောင်း ပြောဖို့ တယောက်အပူ တယောက်ငြှိမ်းဖို့၊ အားပေးဖို့၊ တွေ့ဆုံဖို့ဆိုတာ မလွယ်တဲ့ ကိစ္စတခုပါပဲ။ အကြောင်းအမျိုးမျိုး ကြီးစွာ ရှိနေတဲ့ သဘောဖြစ်ပါတယ်။
ကိုယ် လေးစားအားကျ၊ ကိုယ်ကြည်ညို အားထားလို့ မွေးနေ့ပွဲတခု လုပ်တာတောင် ကြောက်လန့်အားကြီး မျက်စိဒေါက် ထောက်ကြည့် ခေါ်ယူ စစ်ဆေး ဖမ်းဆီးမှုတွေအထိ ရှိခဲ့တဲ့ စစ်အာဏာရှင် အမိုးအောက်က သက္ကရာဇ်များပါပဲ။
အဲဒီကာလ များမှာ မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာက သူ့မွေးနေ့ကို အကြောင်းပြုပြီး အထက်အောက် မြန်ပြည်တခွင် စာပေသမားများ ဆုံစည်းဖို့ မျိုးစေ့ ချပေးခဲ့ပါတယ်။ မန္တလေးမြို့ တောင် ဘက်မှာ ရှိတဲ့ အမရပူရမြို့နယ် တောင်သမန်အင်းစောင်းက စာရေးဆရာ ဆရာတော်ဦးပညာ သီတင်းသုံးရာဖြစ်တဲ့ တောင်လေးလုံး ကျောင်းတိုက်မှာ ကျင်းပ ပြုလုပ်ပါတယ်။ ၂၀၀၅ ခုနှစ် နောက်ပိုင်း စစ်အာဏာရှင်များ ပိုက်စိပ်တိုက် ရန်လိုမှုတွေကြောင့် နေရာတွေ ရွှေ့ပြောင်း လုပ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
သက်ကြီးစာပေပညာရှင်တွေ၊ ကဗျာဆရာတွေ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ၊ ကာတွန်းဆရာတွေ ဇာတ်သဘင် ပညာ ရှင်တွေ နိုင်ငံရေး နယ်ပယ်က လူငယ်လူလတ် လူကြီးတွေ အစရှိသဖြင့် အမေမာ့မွေးနေ့ကို ဂါရဝပြု တက်ရောက်ကြရင်း အတွေ့အကြုံတွေ ဖလှယ်ကြ၊ ကျန်းမာရေးတွေ မေးကြနဲ့ တောင်သမန်ဟာ အထူး သက်ဝင်နေတတ်ပါတယ်။
အမေ လူထုဒေါ်အမာဟာ အသက် ၇၀ ကျော် အရွယ်ကစလို့ ဒီလိုစိတ်ကူးကို စခဲ့တာမို့ ခုဆိုရင် နှစ် ၃၀ တိုင်လာခဲ့ပြီဖြစ်ပါ တယ်။ မန္တလေးမြို့က နယ်ခံ စာရေးဆရာတွေ ဟာလည်း ဒီလိုရက်မျိုး ရောက်ရင် အင်မတန် ပင်ပန်းကြရပါတယ်။ အနယ် နယ်အရပ်ရပ်က တက်ရောက်လာတဲ့ စာပေသမားများကို ဧည့်ခံတာဝန်ယူ လိုက်လံ ပို့ဆောင် ပေးတတ်ကြပါတယ်။ မန္တလေးမြို့ရဲ့ ချစ်စရာ ဓလေ့တခုပါပဲ။
အနယ်နယ် အရပ်ရပ်က စာပေသမားတွေဟာ နိုဝင်ဘာ ၂၉ ရက် မတိုင်ခင် ကြိုတင် ရောက်ရှိနေကြပြီး ၂၈ ရက်နေ့ ညနေ က စလို့ တောင်သမန်အင်းစောင်းမှာ ရောက်ရှိနေကြပါတယ်။ နာမည်ကျော် ဦးပိန်တံတားပေါ်မှာ လမ်းလျှောက်ကြရင်း အတွေ့ကြုံတွေ ဖလှယ်ကြ၊ ကဗျာတွေ ရွတ်ဆိုကြနဲ့ တောင်သမန်ဟာ အသက် ဝင်နေပါတယ်။
ဦးပိန် တံတာကြီးသာ စကားပြောတတ်ရင် ဘာများ ပြောမလဲလို့ တွေးကြည့်ဖူးပါတယ်။ တနှစ်တခါ ရောက်လာစမြဲ ရဲဘော် ရဲဘက်တွေ ဘာကြောင့် မတက်ရောက်နိုင်၊ မလာရောက်နိုင်တော့ သူကို မျှော်ရတာ မောလှပါပြီ လို့များပြောလေမလား။ တက်ရောက်လာတဲ့ သူ့ရဲ့ သားတွေ သမီးတွေကိုလည်း ရန်သူမျိုးငါးပါး ရန်မှ ကင်းဝေးကြဖို့ ဆုတောင်းပေး နေမလား။
ဒီနှစ်ကတော့ သိပ်ကို ထူးခြားပြောင်းလဲတဲ့ အမေမာရဲ့ မွေးနေ့ ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၁၉၁၅ နိုဝင်ဘာ ၂၉ မှာ မွေးတဲ့ အမေလူထုဒေါ်အမာ သက်ရှိထင်ရှား ရှိမယ်ဆိုရင် အသက် ၁၀၀ ပြည့်တဲ့နှစ် ဖြစ်တာက တကြောင်း၊ မကြာသေးခင်ကမှ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရထားတော့ ဒီမိုကရေစီ နည်းကျ အစိုးရသစ်တရပ်ကို ပိုင်ဆိုင်ရတော့မယ့်နှစ် ဖြစ်နေလို့ပါပဲ။
နယ်ပယ်အသီးသီးက တက်ရောက်လာတဲ့ ပရိသတ်ကလည်း ခါတိုင်းနှစ်တွေထက် လူပိုများပါတယ်။ လူထု မိသားစုနဲ့ တကွ မန္တလေးမြို့ခံ စာရေးဆရာတွေဟာ ခါတိုင်းနှစ်များထက် ပိုမိုအပင်ပန်းခံပြီး အစီအစဉ်များ ပြုလုပ်ထားတာ တွေလည်း တွေ့ရပါတယ်။
နိုဝင်ဘာ၂၆ ရက်ကစလို့ ၂၉ ရက်အထိ အစီအစဉ်များစွာနဲ့ ခမ်းခမ်းနားနား ပြုလုပ်ထားတာ တွေ့ရပါတယ်။ “ပြည်သူချစ်သော လူထု ဒေါ်အမာနှင့် အနုပညာသည်များ” သရုပ်ပြ ဟောပြောမှု၊ စာတမ်းဖတ်ပွဲ အစီအစဉ်များ၊ ရာပြည့် မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံ၊ စာအုပ်၊ လက်ရေးမူပြခန်း၊ ဈေးရောင်းပွဲ၊ မြို့မတေးဂီတ အဖွဲ့နဲ့ မြန်မာဂီတ သီချင်းများ ဖျော်ဖြေခြင်း အစရှိတဲ့ အစီအစဉ်များ ပါဝင်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်မနက်မှာတော့ ဆရာတော် ဦးပညာ (အမရပူရ) ရဲ့ တောင်လေးလုံး ကျောင်းတိုက် ဝင်းအတွင်းက သူဌေး ဘုရားရင်ပြင်မှာ နံနက် (၉ ) နာရီအချိန် သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းပြီး တက်ရောက်လာတဲ့ ဧည့်ပရိသတ်များကို နေ့လယ်စာနဲ့ ဧည့်ခံကျွေးမွေးခြင်း၊ အမှတ်တရစကားများ ပြောကြားခြင်းတို့ ပြုလုပ်ခဲ့သလို၊ ကျောက်ဆည်မြို့က တက်ရောက်လာတဲ့ အောင်ဆန်းဇာနည် ဆင်အဖွဲ့ကလည်း ဖျော်ဖြေ ကပြခဲ့ပါတယ်။
သူဌေးဘုရား ရင်ပြင်မှာတော့ စာရေးဆရာကြီး မြသန်းတင့်၊ ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ကဗျာဆရာကြည်အောင် အစရှိတဲ့ အမှတ်တရ ကျောက်စာတိုင် များကို တွေ့ရမှာဖြစ်သလို ဘုရားနားမှာလည်း ခေတ်ပေါ် အနုပညာသမားများ ဖြစ်တဲ့ ကဗျာဆရာ မောင်ချောနွယ်၊ လှသန်း၊ ညိုမင်းထက်တို့ ကျောက်စာတိုင်လေးများ စိုက်ထူထားတာ တွေ့ရမှာဖြစ်ပါတယ်။
သက်ရှိ ထင်ရှား ရှိစဉ်မှာလည်း စစ်အုပ်ချုပ်ရေး ကာလတွေမှာ ဖိအားအမျိုးမျိုး၊ ခြိမ်းခြောက်မှု အမျိုးမျိုးကို မမှုဘဲ တိုင်းပြည် အတွက်၊ လူမျိုးအတွက် ကိုယ်ယုံကြည်ရာကို စိုက်လိုက်မတ်တတ် ပြည်သူ့အကျိုး ရှေးရှုတဲ့ အနုပညာ သမားတွေကို လေးစား မြတ်နိုး တန်ဖိုးထားမှုကို တွေ့ရပါတယ်။
အဲဒီလို ချစ်ခင်မြတ်နိုး လေးစားဖို့ဆိုတာ အမိန့်ပေးလို့မရပါဘူး။ အတင်းအဓမ္မ ခိုင်းရင်လည်း မတတ်သာလို့ လုပ်ရတာပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူလူထု ရင်ထဲရှိပြီးသား ရုပ်ပုံလွှာများကိုလည်း ဘယ်လိုဖိအားမျိုးနဲ့မှ ဖယ်ထုတ်လို့ မရဘူး ဆိုတာလည်း သမိုင်းအဆက်ဆက် ပြသခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီလိုပဲ စာရေးဆရာမကြီး အမေလူထုဒေါ်အမာ မွေးနေ့နဲ့ ရာပြည့်ပွဲ တက်ရောက်လာသူ အလွှာပေါင်းစုံက ပြည်သူတွေဟာ တစုံတယောက် တိုက်တွန်း ဖိအားပေးလို့ မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ အရင်းခံပြီး လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူကို အကျိုးပြုရင် ပြည်သူက ပြန်လည် အကျိုးပြုတတ်တဲ့ သင်ခန်းစာ၊ ပြည်သူကို နှိပ်စက်ရင် ပြည်သူက ဖယ်ကြဉ်တာ ခံရတတ်ပါကြောင်း အမေမာ့ ရာပြည့်ပွဲမှာ ရခဲ့တဲ့ အတွေးတစပါပဲ။