ကလေးငယ်တွေ အရွယ်ရောက်လာပြီး သိတတ်နားလည်နိုင်တဲ့ အချိန်မှာ လိင်ကိစ္စနဲ့ ပတ်သက်လို့ သူတို့ အသက်အရွယ် အရ ဆီလျှော်တဲ့ အတိုင်းအတာအလိုက် စတင်ပြီးပြောဆိုဆွေးနွေးတာ၊ နောက်ပိုင်းမှာလည်း အလျှင်းသင့်သလို ဆက် လက်ဆွေးနွေးသွားတာက အကောင်းဆုံး ပညာပေးခြင်း ဖြစ်ပါတယ်။ ဒါမှလည်း လူပျို၊ အပျို ဖြစ်လာတဲ့ အချိန်ရောက်မှ အပ်နဲ့ထွင်းရမဲ့ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတယ်ဆိုသလို တခါထဲနဲ့ အကြီးအကျယ်ပြောရမယ့် အဖြစ်တွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် နောက်ကျသွားပါပြီ။ အသိပညာပေးမှုကို ဘယ်အချိန်မှာ စတင်သင့်သလဲဆိုတော့ ကလေးတွေ ဘ၀ အတွေ့အကြုံတခုခု ဥပမာ ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက် ဒါမှ မဟုတ်ကလေးငယ် တယောက်ကို သူတို့ က မြင်တွေ့လာတဲ့ အချိန်မျိုးမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေကို လိင်မှုကိစ္စနဲ့ ပတ်သက်လို့ အသိပညာပေးခြင်း အတွက် အကြံဉာဏ် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်ကလေး ဘဝတုန်းက လူကြီး မိဘတွေဘယ်လိုသင်ကြားပေးခဲ့သလဲဆိုတာ စဉ်းစားပါ။ ကိုယ့်ရဲ့ ကလေးကို အလားတူ သို့မဟုတ် ကွဲပြားခြားနားတဲ့ အတွေ့အကြုံ ရစေချင်သလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
(၂) ကလေးရဲ့ အသက်အရွယ်နဲ့ ဆီလျော်တဲ့ အဖြေတွေကိုပေးပါ။ သူတို့ အသက်အရွယ်အရ နားလည်နိုင်မယ့် နည်းလမ်း တွေနဲ့ ရှင်းပြရမှာ ဖြစ်ပါတယ်။ သူတို့ မမေးတဲ့ မေးခွန်းတွေကို ဖြေစရာမလိုပါဘူး။ သူတို့ကို အချက်အလက်တွေနဲ့ ဝန်မပိ ပါစေနဲ့။ သူတို့ ဘာကိုမှ နားမလည်နိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်။
(၃) အပြန်အလှန်ပြောဆိုကြတဲ့ ဆွေးနွေးမှုတခုဖြစ်ဖို့ ကြိုးစားပါ။ ကလေးငယ်တွေက လိင်ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလာပြီဆိုရင် သူတို့ကိုလည်း ညင်ညင်သာသာနည်းလမ်းနဲ့ မေးခွန်းတွေပြန်မေးပါ။ အဲဒီလို နည်းနဲ့ သူတို့ ဘယ်လောက် သိထားပြီးပြီလဲ၊ ဒါတွေကို သူတို့ ဘယ်ကနေသိလာသလဲ ဆိုတာရှာဖွေရမှာ ဖြစ်ပါတယ်။ ဒါမှလည်း သူတို့ နားလည်ထား တာတွေမှားယွင်းနေမယ်ဆိုရင် အစကထဲက ပြင်ဆင်တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။ အေးအေးဆေးဆေး အချိန်ယူဆွေး နွေးခြင်းက ကိုယ့်အတွက်လည်း စဉ်းစားချိန်ရနိုင်ပါ တယ်။
ကလေးတွေ အမှန်တကယ် သိချင်တာဘာလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့လည်း အရေးကြီးပါတယ်။ တခါတလေ သူတို့က ကလေး ငယ်လေးတွေ ဘယ်ကလာသလဲလို့ မေးတာက တကယ်တော့ ကလေးမွေးစားတယ် ဆိုတဲ့ အဓိပ္ပါယ်ကို သိချင်လို့ မေးတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
(၄) ရိုးသားပါ။ မိဘတွေက သူတို့ကို အမှန်အတိုင်းမပြောတာမျိုးကို ကလေးတွေက ရိပ်မိတတ်တာတွေရှိပါတယ်။ အဲဒါ ဆိုရင် နောက်ပိုင်းမှာ သူတို့က လူကြီးတွေပြောတာကို လက်ခံနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ တကယ်လို့ ဘာဖြေရမှန်း မသိ ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အရမ်းကောင်းတဲ့ မေးခွန်းဖြစ်နေလို့ အပြည့် အစုံမသိတဲ့ အကြောင်းပြောလိုက်ပါ။ ဒါမှလည်း အဖြေရဖို့ အတူတူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
(၅) ကိုယ်တိုင် စာဖတ်ပါ။ ကလေးတွေကိုလည်း ဖတ်ခိုင်းပါ။ မိဘတွေ အတွက်ရော ကလေးတွေ အတွက်ပါ အသက် အရွယ် အလိုက် ဖတ်ရှုနိုင်တဲ့ လိင်နဲ့ ပတ်သက်တဲ့၊ မျိုးဆက်ပွားမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ အဲဒီ နည်းလမ်းကလည်း ၂ဦး ၂ဖက် မျက်နှာပူစရာ ကိစ္စတွေကို ကျော်လွှားနိုင်ပါတယ်။
(၆) တကယ်လို့ ကလေးက လိင်ကိစ္စနဲ့ ပတ်သက်လို့ မေးမလာခဲ့ဘူးဆိုရင် မိဘဖက်က စပြီးဆွေးနွေးရပါမယ်။ တချို့က လေးတွေဟာ ပင်ကိုယ်ကိုက ရှက်တတ်တဲ့ အတွက် ဘယ်အကြောင်း အရာကို ဖြစ်စေ မေးခွန်းများများ မမေးတတ်ပါဘူး။ ကိုယ့်ကလေးက အဲဒီလိုဖြစ်နေဆိုရင် မိဘက စပြီး ဆွေးနွေးရပါမယ်။ သူဘယ်လောက်သိထားသလဲ။ ကျောင်းမှာ ဘာတွေ သင်ပေးသလဲ ဆိုတာကို စမေးပါ။ သဘာဝအရ တွေ့ရတတ်တာတွေကို ဥပမာ အဖြစ်အသုံးပြုပါ။ မြို့ ကြီးတွေမှာတောင်မှ တိရိစ္ဆာန်တွေ မိတ်လိုက်နေတာကို အနီးအနားမှာ မြင်တွေ့ရနိုင်ပါတယ်။ တိရိစ္ဆာန်တွေရဲ့ မျိုးဆက်ပွားမှုကနေ စတင်ရှင်းပြ တာက လူတွေနဲ့ ပတ်သက်လို့ ပညာပေးဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။
(၇) စိတ်အေးအေးထားပါ။ ဒီကိစ္စကို ရှင်းပြဖို့က အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ကလေးက လူကြားထဲမှာ မေး လာတာမျိုး (ဥပမာ ဘဏ်မှာ ငွေထုတ်ဖို့ တန်းစီနေတဲ့ အချိန်မျိုး) ဖြစ်တတ်ပါတယ်။ စိတ်မဆိုးပါနဲ့။ မဖြစ်မနေဖြေရမယ် လို့ လည်း မယူဆပါနဲ့။ “ကားထဲရောက်မှပြောကြတာပေါ့။” ဒါမှမဟုတ်“ ပြီးမှပြောတာကြပေါ့။” လို့ ပြန်ဖြေတာက ပိုကောင်းပါ တယ်။ လွတ်လပ်တဲ့ နေရာရောက်လို့ ကလေးက ထပ်မေးလာပြီဆိုရင် ဒီကိစ္စမျိုးဟာ နေရာတိုင်းမှာ ပြောလို့ မကောင်းဘူး ဆိုတာကိုပါ ကလေးကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။
ကလေးကို လိင်ပညာပေးတဲ့ နေရာမှာ ကားမောင်းရင်းနဲ့ ပြောတာက အတော်လေး အဆင်ပြေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂ ယောက်လုံး ရှေ့ကိုပဲ ကြည့်နေကြမှာ ဖြစ်တဲ့ အတွက် မျက်နှာ ပူရတာ သက်သာလို့ဖြစ်ပါတယ်။ ပန်းခြံထဲက ခုံတန်းမှာလို ဘေးချင်း ကပ်ထိုင်ပြီးတော့ ပြောရင် ဒီလောက် အဆင်ပြေမှာ မဟုတ်ပါဘူး။
(၈) လိင်မှုကိစ္စဆိုင်ရာ ပညာပေးတယ်ဆိုတာ တကြိမ်ထဲနဲ့ မပြီးပါဘူး။ အလျှင်းသင့်သလို ဆက်လက်ရှင်းပြ ပြောပြနေ ရဦးမယ် ဆိုတာမမေ့ပါနဲ့။ တချို့ကိစ္စတွေက ကလေးတွေအတွက် တကြိမ်ထဲနဲ့ နားလည်သဘောပေါက် နိုင်မှာ မဟုတ် ပါဘူး။
Source: http://www.aboutkidshealth.ca