နဖူးမှာ၊ ဒါမှမဟုတ် မျက်လုံးနှစ်လုံးအကြားမှာ နာကျင်ဖူးပါသလား။ အပေါ်သွားတွေ ကိုက်ဖူးပါသလား။ မျက်နှာမှာ တင်းကျပ်ကျပ်ကြီး ခံစားနေရပြီး နှာရည်ယိုတာ၊ နှာစေးတာ ဖြစ်ဖူးပါသလား။ အဲဒီလို လက္ခဏာတွေနဲ့ မကြာခဏ ဆေးခန်းပြရတတ် သူဆိုရင်တော့ ထိပ်ကပ်နာလို့ ခေါ်တဲ့ နှာခေါင်းလိုဏ်တွေ ရောင်ရမ်းတဲ့ ဝေဒနာကို စဉ်းစားဖို့ လိုလာပါပြီ။
နှာခေါင်းလိုဏ် (Sinus) ဆိုတာ
ဦးခေါင်းခွံထဲက လေခိုနေတဲ့ နေရာတွေ ပေါ့။ အများအားဖြင့် နဖူးအောက် မျက်လုံးအပေါ်ဘက်မှာ နှစ်ခု၊ ပါးတဘက် တချက်မှာ နှစ်ခု၊ နှာခေါင်းရိုးအောက်မှာ တခု၊ နှာခေါင်းနောက် ဦးနှောက် အောက်ပိုင်းမှာတခု စသဖြင့် ၄ ခု ရှိတတ် ပါတယ်။ တချို့ကတော့ နှာခေါင်း လိုဏ်တွေကို လက်ဗွေနဲ့ ခိုင်နှိုင်းကြပါတယ်။ တယောက်နဲ့ တယောက် လုံးဝ မတူညီ လို့ပါပဲ။ တချို့ဆိုရင် နဖူးအောက်က လိုဏ်တွေ မပါတတ်သလို တချို့ ကျတော့လည်း တခုပဲ ပါတတ်ပါသတဲ့။
ထိပ်ကပ်နာ
နှာခေါင်းလိုဏ်တွေက အမြှေးတွေကို ဖြတ်ပြီး ချွဲ (နှပ်ချေး) တွေ ထွက်အောင် ဆံပင်မွေးနဲ့ တူတဲ့ Cilia တွေက ပို့ဆောင် ပေးပါတယ်။ နှာခေါင်းလိုဏ်တွေ အားလုံးက နှာခေါင်းနဲ့ တဆက်တည်း ဖြစ်နေပြီး လေနဲ့ နှပ်တွေ အဝင်အထွက် လုပ်စေတာပေါ့။ ဓာတ်မတည့်တာ၊ ရောဂါပိုး ဝင်ရောက်ကူးစက်တာတွေ ဖြစ်ရင်တော့ နှာခေါင်းလိုဏ် တွေမှာ ရှိတဲ့ တစ်ရှူးတွေ ရောင်ရမ်း၊ နီရဲပြီး ဖောင်းလာကြပါတယ်။ အဲဒီအခြေအနေကို ထိပ်ကပ်နာ Sinusitis ခေါ်တာပါပဲ။
အအေးမိခြင်းက အစ
အထူးသဖြင့် နှာခေါင်းလိုဏ်တွေ ရောင်စေတာက အအေးမိတာ၊ ဓာတ်မတည့်တာနဲ့ အမှုန်လိုမျိုးတွေ ဝင်တာကနေ စတာပါ။ အဲဒီမှာ နှာခေါင်း လိုဏ်ထဲက တစ်ရှူးတွေ ဖောင်းလာတာပါပဲ။
လက္ခဏာ ပေါင်းရယ်စုံ
နှာခေါင်း လိုဏ်တွေ ရောင်တဲ့အခါ လက္ခဏာက စုံလေရဲ့။ အများစုက နှာစေးတယ်၊ နာတဲ့ တင်းတဲ့ ဝေဒနာကို မျက်နှာပေါ်က နေရာတခုခု ဒါမှမဟုတ် အများ ခံစားရတယ်။ နှပ်တွေ ထွက်တာကတော့ ထုံးစံပေါ့။ အဝါ၊ အစိမ်း၊ အရောင် ကလည်း အစုံပါပဲ။ တခြား ပူးတွဲဖြစ်တတ် တာတွေက မောပန်းနွမ်းလျတာ၊ အနံ့နဲ့ အရသာ အာရုံခံနိုင်စွမ်း လျော့လာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ခံတွင်းအနံ့တွေ ဆိုးတာ၊ ခေါင်းကိုက်တာ၊ အထူးသဖြင့် ခေါင်း အောက်စိုက်ချိန်မှာ ပိုပြီး နာတတ်တာ စတာတွေနဲ့ အတူ အဖျားပါ ဝင်လာတတ်ပါတယ်။
နာတာရှည် ထိပ်ကပ်နာ
နှာခေါင်းလိုဏ်တွေ ရောင်ရမ်းတာ ၃ လထက် ပိုကြာရင်တော့ နာတာရှည် ထိပ်ကပ်နာ အဖြစ် သတ်မှတ်ပါတယ်။ နှာခေါင်း လိုဏ်တွေမှာ ဘက်တီးရီးယား ပိုးတွေ အိုးအိမ်တည်ပြီး ပိတ်ဆို့ နေတတ် ပါတယ်။ ဒါပေမယ့် အဲဒီ ရောဂါပိုးတွေကြောင့် တခုတည်းကတော့ နာတာရှည် ထိပ်ကပ်နာ ဖြစ်စေတာ မဟုတ်ပါဘူး။ ဓာတ်မတည့်တာ၊ နှာခေါင်းထဲက အသားပို Polyp ၊ ကိုယ်ခံအား ချို့ငဲ့မှုနဲ့ သွားရောဂါတွေ ကလည်း နာတာရှည် ထိပ်ကပ်နာ ဖြစ်စေပါ တယ်။
နှာခေါင်းအသားပို Polyp ဖြစ်ရတာကလည်း မကြာခဏ နှာခေါင်းလိုဏ်တွေ ရောင်တဲ့အခါ လိုဏ်ထဲက အမြှေးက ရောင်ပြီး ထူလာ၊ ဖောင်းလာလို့ ဖြစ်ရတာပါ။ အဲဒီကနေ စပျစ်သီးလို အဖုလေး ဖြစ်လာတာပေါ့။ လိုဏ်ထဲကနေ နှာခေါင်း လေဝင်ပေါက်ထဲ တိုးထွက်ပြီး တဝက်တပျက် ဒါမှမဟုတ် လုံးဝ ပိတ်နေတတ် ပါတယ်။
ထိပ်ကပ်နာ ကုထုံးတွေ
နှာပိတ်နေတာကို ပွင့်အောင် နှာခေါင်းထဲထည့်တဲ့ Nasal decongestant တွေ အသုံးများ လာကြပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့ အချိန်တွေနဲ့ ခရီးသွားနေချိန်တွေမှာ အသုံးတည့့် ပါတယ်။ တခု သတိထားရမှာက ရက်ရှည် အသုံးပြုဖို့် မသင့်လျော်ဘူး ဆိုတာပါ။ အဲဒီ ဆေးတွေက ကြာကြာသုံးရင် နှာခေါင်းထဲမှာ ရောင်ရမ်းပြီး ပြန်ပိတ်သွားစေလို့ ပါ။
နာတာရှည် ထိပ်ကပ်နာတွေမှာ လုံးဝ မသုံးသင့်ပါဘူး။ Decongestant ကို စားဆေးအနေနဲ့ သုံးကြတာတွေ ရှိပေမယ့် ဘေးထွက် ဆိုးကျိုးတော့ အတော်များပါတယ်။ ဆရာဝန်၊ အထူးသဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုတွေနဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ တချို့နာတာရှည် ထိက်ကပ်နာ ဖြစ်လေ့ရှိတဲ့ အထဲမှာ နှာခေါင်းရိုးအောက် နှာခေါင်း နှစ်ပေါက် အလယ်က Septum တဘက်ဘက်ကို ယိုင်နေတာနဲ့ တခြားကုသလို့ ရတဲ့ အကြောင်းတွေလည်း ပါဝင် နေတတ်ပါတယ်။
ထိပ်ကပ်နာ ဖြစ်စေတဲ့ အအေးမိတာက ဗိုင်းရပ်စ် ပိုးတွေမို့ ပဋိဇီဝဆေးတွေက အလုပ် မဖြစ်လှပါဘူး။ အအေးမိရာက ထိပ်ကပ်နာ ဖြစ်သွားတတ် ပေမယ့် ပုံမှန်ဆိုရင်တော့ အလိုလို ပျောက်သွားတတ်တာပါ။ ပဋိဇီဝဆေးတွေက ဗိုင်းရပ်စ်ကို မသတ်သလို နှာစေးတာလည်း မပျောက်ပါဘူး။ အအေးမိလို့ ဖြစ်တဲ့ ထိပ်ကပ်နာက တပတ်ကနေ နှစ်ပတ် အထိ ကြာတတ်ပါတယ်။
ဓာတ်မတည့်လို့ ဖြစ်ရတဲ့ ထိပ်ကပ်နာတွေကိုတော့ ဆားရည်သန့် Saline နဲ့ ဆေးပေး၊ ကျင်းပေးတာ လုပ်ရင် သက်သာလေ့ ရှိပါတယ်။ ဘာမီတွန်လို Antihistamine အုပ်စုဝင် ဆေးတွေ သုံးတာကလည်း နှာချေ၊ နှာရည်ယိုတာ တွေ သက်သာစေပါတယ်။ နာတာရှည် ထိပ်ကပ်နာ အတွက်တော့ တချို့လည်း ခွဲစိတ်ကုသမှုတွေ လုပ်ပေမယ့် တချို့လည်း သိပ်အားမပေးတာ တွေ့ရပါတယ်။
နောက်ဆက်တွဲ
နှာခေါင်းလိုဏ်တွေနဲ့ ဦးနှောက်မှာ အရိုးလွှာ ခြားနေပါတယ်။ ဒါပေမယ့် ရောဂါပိုးတွေက အဲဒီ အရိုးကို ဖြတ်သန်းပြီး ဦးနှောက် အမြှေး ရောင်တာ ဖြစ်တတ်ပါတယ်။ အဲဒါက အသက် အန္တရာယ်ပါ။ အဲဒီလိုပဲ မျက်လုံးကို ရောက်ပြီး မျက်စိ ကွယ်တာမျိုးလည်း တွေ့ရတတ်ပါ သတဲ့။ မပြင်းထန်လှတဲ့ နောက်ဆက်တွဲ ဝေဒနာတွေ အဖြစ် ရင်ကျပ်ပန်းနာနဲ့ အနံ့၊ အရသာ မခံစားရတာတွေ ဖြစ်လေ့ ရှိပါသေးတယ်။
ကာကွယ်ရေး
အထက်မှာ အကျဉ်းရုံး ဖော်ပြခဲ့တာ ကြည့်ရင် သာမန် အအေးမိတာက စလို့ အသက်အန္တရာယ် အထိပါ ကြောက်ရတဲ့ ထိပ်ကပ်နာ အတွက် အထောက်အကူ အဖြစ် ကာကွယ်နိုင်စရာ နည်းလမ်းလေးတွေတော့ ရှိပါတယ်။ နှာခေါင်း လိုဏ်တွေ အရမ်း ခြောက်မေနေအောင် ဆားရည်သန့်နဲ့ ဆေးပေးတာမျိုး၊ အရမ်းခြောက်သွေ့လွန်းတဲ့ နေရာမှာ ကြာကြာ မနေတာမျိုး၊ မီးခိုးနဲ့ ဓာတုပစ္စည်းတွေရဲ့ အနံ့အသက်တွေ ရှောင်ကျဉ်တာမျိုးတွေ လုပ်ပေးရင်ဖြင့် အတန် အသင့် ကာကွယ်ရာ ရောက်ပါတယ်။
ထိပ်ကပ်နာ ဆိုင်ရာ အခြေခံလေးတွေ သိထားရင်ဖြင့် နှာခေါင်း ကျန်းမာရေးတွေကောင်းလို့ အရေးအကြောင်းဆို နှာစေးနေတတ်တဲ့ အလေ့အထတွေ လျော့နည်းလေ မလား မျှော်လင့်ရတာပါပဲ။ ။