အာဆီယံနိုင်ငံတွေ အချင်းချင်းကြား လွတ်လပ်စွာ ကူးလူးဆက်ဆံမှုတွေ ဖြစ်လာမယ့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) က အခုနှစ် ဒီဇင်ဘာလ ကုန်ပြီ ဆိုတာနဲ့ စတင် အသက်ဝင်ပါပြီ။
ဒေသတွင်း နိုင်ငံတွေအားလုံး ဖွံ့ဖြိုးတိုးတက် စေရန်နဲ့ ဆင်းရဲနွမ်းပါးမှု၊ လူမှုစီးပွား ကွာခြားမှု နည်းပါးစေရန် ရည်ရွယ်ချက်နဲ့ AEC ကို ၂၀၁၅ ခုနှစ်မှာ အကောင်အထည် ဖော်ဖို့ အာဆီယံ ခေါင်းဆောင်တွေဟာ ၂၀ဝ၇ ခုနှစ်မှာ သဘောတူ လက်မှတ် ထိုးခဲ့ကြတာပါ။ မြန်မာနိုင်ငံကလည်း AEC Blue Print ကို ၂၀ဝ၇ ခုနှစ် စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (လက်ရှိသမ္မတ) က လက်မှတ် ရေးထိုးခဲ့ပါတယ်။
သဘောတူညီချက်တွေ အရ AEC စတင် အသက်ဝင်ပြီ ဆိုတာနဲ အာဆီယံနိုင်ငံတွေ အချင်းချင်းကြားမှာ ကုန်စည်၊ ဝန်ဆောင်မှု၊ ငွေကြေးအရင်းအနှီး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်လုပ်သားတွေဟာ တနိုင်ငံနဲ့ တနိုင်ငံကြား လွတ်လပ်စွာ စီးဝင်လာကြ တော့မှာပါ။ ဒီလို လွတ်လပ်စွာ စီးဝင်တဲ့ နေရာမှာ အတားအဆီးတွေ ဖြစ်တဲ့ အကောက်ခွန်တွေ ဖယ်ရှား ရမှာ ဖြစ်သလို အကောက်ခွန် မဟုတ်တဲ့ အတားအဆီးတွေလည်း ဖယ်ရှားကြရမှာပါ။
နိုင်ငံတွေ အချင်းချင်းကြား ကုန်သွယ်ရေးမှာ အကြွင်းမဲ့ ကုန်သွယ်မှု လွတ်လပ်တဲ့ နယ်မြေဖြစ်လာဖို့ အကောက်ခွန် နှုန်းထားတွေကို သုညရာခိုင်နှုန်းထိ လျှော့ချဖို့ ခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အာဆီယံကို ဝင်တာလည်း နောက်ကျ၊ ဖွံ့ဖြိုးမှုလည်း နောက်ကျတဲ့ CLMV ၄ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံတွေကို အကောက်ခွန်နှုန်းထားတွေ တဖြည်းဖြည်းချင်းလျှော့ချဖို့ ၂၀၁၈ ခုနှစ်အထိ အချိန်ဆန့် ပေးခဲ့တာ တွေ့ရပါတယ်။
အာဆီယံ ကနဦး ၆ နိုင်ငံကတော့ သူတို့ အချင်းချင်းကြား အကောက်ခွန်နှုန်းကို ၂၀၁၀ ခုနှစ် ကတည်းက သုညရာခိုင်နှုန်း အထိ လျှော့ချသဘော တူခဲ့တာပါ။ မြန်မာ အပါအဝင် CLMV ၄ နိုင်ငံ ကတော့ ၂၀၁၅ ခုနှစ်မှာ ၉၃ ရာခိုင်နှုန်းအထိ အကောက်ခွန် လျှော့ချရမှာ ဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ်မှာတော့ အကောက်ခွန်လုံးဝ ကောက်ခံခြင်း ရှိရတော့မှာ မဟုတ်ဘဲ သုညရာခိုင်နှုန်းအထိ လျှော့ချပြီး ဖြစ်ရမှာပါ။ အခု မြန်မာနိုင်ငံက အကောက်ခွန်နဲ့ ပတ်သက်ပြီး ၉၄ ရာခိုင်နှုန်းလောက် လျှော့ချပြီး ဖြစ်တယ် လို့ သက်ဆိုင်ရာဌာနတွေက သိရပါတယ်။
ဒီလို အကောက်ခွန် လျှော့ချမှုတွေနဲ့ ပတ်သက်ပြီး ခရီးရောက်သွားပေမယ့် ဒါနဲ့ထပ်တူ စတင် အသက်ဝင် စီးဝင်လာ တော့မယ့် ကုန်စည်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားတွေ အတွက် ကိုယ့်နိုင်ငံက လုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်ဖို့က အသင့် မဖြစ်သေးသလို တခြား အာဆီယံနိုင်ငံတွေဆီကို ကိုယ့်နိုင်ငံက သွားပြီး ထိုးဖောက် စီးဝင်ဖို့ ဆိုတဲ့ အရည်အချင်းကလည်း ခရီး မရောက်သေးပါဘူး။
တကယ်တော့ အာဆီယံ စီးပွားရေး အသိုက် အဝန်း (AEC) ဟာ အခွင့်အရေးရော၊ စိန်ခေါ်မှုရော ဒွန်တွဲနေတဲ့ ဒေသတွင်း တခုတည်း ပေါင်းစည်း လိုက်တဲ့ ဈေးကွက်ကြီးပါ။ လွတ်လွတ်လပ်လပ် ဖြစ်တော့မယ် လူဦးရေ သန်း ၆၀ဝ ရှိတဲ့ အာဆီယံရဲ့ ဒေသတွင်း ဈေးကွက်ကြီးမှာ လုပ်ငန်းစုံ ယှဉ်ပြိုင် နေရာလုကြမှာ အမှန်ပါ။ ဒီအခြေအနေမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းက အစ ဝန်ဆောင်မှုလုပ်ငန်း အဆုံး ရေခံမြေခံ အားနည်းလွန်းသေးတဲ့ မြန်မာနိုင်ငံ အတွက်တော့ AEC ဟာ အခွင့်အရေးထက် စိန်ခေါ်မှုက များပါတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ဆိုပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက “လက်ရှိ အခြေအနေ ပြောမယ် ဆိုရင်တော့ အခွင့်အရေးထက် စိန်ခေါ်မှုက ပိုများတယ်။ Free Flow ဖြစ်ပြီ ဆိုရင် ကျနော်တို့ဆီကို စီးဝင်တာတွေက ပိုများပါမယ်။ ဒါကြောင့်မို့ ပြည်ပပို့ကုန် မြှင့်တင်ဖို့ကလည်း အခက်အခဲ ရှိနေဦးမှာပဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ သူများဆီကို ပို့နိုင်ဖို့ ပို့ကုန်ဆိုတာ နိုင်ငံရဲ့ တွင်းထွက် သယံဇာတပစ္စည်းတွေ ဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်စိမ်း၊ သစ်နဲ့ လယ်ယာပို့ကုန် ရေထွက်ကုန်တွေသာ အဓိကများပြီး ဒါတွေကိုလည်း တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် တင်ပို့နိုင်မှု ရှားပါတယ်။ ပြည်တွင်းမှာ သုံးစွဲနေသမျှ ပစ္စည်းစုံကို သူများနိုင်ငံက သွင်းနေရတာပါ။ သွင်းကုန် များများလာသလို ပို့ကုန်က အခုအထိ မတိုးတက်နိုင် သေးပါဘူး။ ဒီလို အခြေအနေမှာ AEC ကပါ စပြီ ဆိုတော့ အကောက်အခွန်မဲ့ ဝင်လာမယ့်ဟာတွေကို ပြည်တွင်းလုပ်ငန်းတွေ ယှဉ်နိုင်ဖို့ ခက်မှာ ဖြစ်သလို ပို့ကုန် မြှင့်တင်ဖို့ပါ ပိုခက်လာမှာပါ။
မြန်မာနိုင်ငံက အခုလိုအချိန်မှာ အစစအရာရာ နောက်ကျပြီး အရှိန်ယူဆဲ ဖြစ်တာမို့ AEC စပြီဆိုရင် ကိုယ့်နိုင်ငံက အရင်လွှမ်းမိုးခံရမယ့် အခြေအနေ များပါတယ် လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။
သူက “မြန်မာက တခြားအိတ်စပို့ ထွက်ဖို့ အပြင်ကို ပို့ဖို့က နဂိုကတည်းက ဆန်ရှင်တွေ ရှိတော့ ဝိုင်းကြဉ်ခံရတာရော ဆိုတော့ ဈေးကွက် မရှိဘူး။ ဈေးကွက် မရှိတော့ ပစ္စည်းများများ မထုတ်နိုင်ဘူး။ နည်းနည်းလေးထုတ်တော့ ဈေးကြီးရော။ များများထုတ်ပြီး ပေါပေါ မရောင်းနိုင်ဘူး။ နည်းနည်းလေး ထုတ်ပြီး ဈေးကြီးတော့ ဒေသတွင်းမှာ မယှဉ်နိုင်ဘူး။ ဒီလို economy of scale လည်း မယှဉ်နိုင်တဲ့ အတွက် မြန်မာ့ထုတ်ကုန်တွေက မယှဉ်နိုင်တဲ့ အပိုင်းလေးတွေ ရှိတယ်။ နောက်တော့ ဈေးကွက်ကလည်း မရှိ၊ အရင်းအနှီးကလည်း မရှိ၊ နည်းပညာကလည်း မရှိ။ ဒီတော့ ဒေသတွင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့အတွက် မြန်မာနိုင်ငံက လွှမ်းမိုးခံရမယ့် အခြေအနေမှာ ဆိုက်ရောက်နိုင် ပါတယ်” လို့ ပြောပါတယ်။
ထုတ်လုပ်မှုမှာ များများနဲ့ ပေါပေါ မထုတ်လုပ် နိုင်သေးသလို လုပ်ငန်းလည်း အားမကောင်းသေးတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ ပြိုလဲသွားမယ့် အခြေအနေတွေ ရှိတယ် လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ဟာ အသေးစားနဲ အလတ်စားလုပ်ငန်း SME တွေ ဖြစ်ပြီး ဒီအထဲက အနည်းစု လုပ်ငန်းတွေလောက်သာ တောင့်တင်းခိုင်မာမှု ရှိပြီး အများစုဟာ ငွေကြေးအရင်းအနှီး၊ နည်းပညာ လိုအပ်ချက်တွေနဲ့ ရှေ့မတက်နိုင်တဲ့ မိရိုးဖလာ လုပ်ငန်းတွေများတယ်လို့ SME ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွေမှာ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။ အရင်းအနှီး လိုအပ်ချက်ဟာ မြန်မာနိုင်ငံရဲ့ SME တွေမှာ ထိပ်ဆုံးက ပြဿနာ ဖြစ်နေပေမယ့် အတိုးနှုန်းသက်သာစွာနဲ့ ချေးနိုင်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ ဒီမှာ မရှိတာကလည်း စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
ဒါနဲ့ ပတ်သက်ပြီး လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “ဘဏ်တွေနဲ့ ပတ်သက်ပြီးလည်း မယှဉ်နိုင်ဘူး။ အတိုးနှုန်းက ဒီမှာ ၁၃ ရာနှုန်း ပေးရတယ်။ ဟိုမှာ အဲဒီလောက် မရှိဘူး။ SME တွေကတော့ တော်တော်ထိခိုက်မှာ ပေါ့။ တချို့တွေက ပိတ်သွားရမယ့် သဘော ရှိတာပေါ့။ နဂိုကတည်းက SME ကို အစိုးရက ထိထိရောက်ရောက် ကူညီမှု အားနည်းတယ်။ ဟောပြောပွဲလေး ဘာလေးနဲ့ပဲ ကူညီသွားတာ ဖြစ်နေတယ်။ အားနည်းတော့ SME တွေ ဒီဘက်က မတိုးတက်ဘူး။ ငွေက အခု ၈ ကျပ်ခွဲ နဲ့တော့ ချေးပေးနေတာပဲ။ သူများနိုင်ငံတွေလို ၂ ကျပ် ၃ ကျပ်တိုးတော့ မဟုတ်သေးဘူး” လို့ ပြောပါ တယ်။
လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ ထိခိုက်မှုတွေ ရှိလာနိုင်ပေမယ့် စားသုံးသူ ပြည်သူတွေအတွက်တော့ AEC ဟာ အကျိုးရှိစေမယ် လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။ အခွန် မပေးဆောင်ရဘဲ ဝင်လာမယ့် ကုန်စည်တွေ ဝန်ဆောင်မှုတွေဟာ စားသုံးသူတွေ အတွက် ယှဉ်ပြိုင်မှုကတဆင့် ဈေးနှုန်းသက်သာမှုကိုလည်း ဖြစ်စေမယ်လို့ ဆိုပါတယ်။
AEC ကတော့ စတင် အသက်ဝင်ပါတော့မယ်။ အခုမှ ချက်ချင်း ထပေါ်လာတာလည်း မဟုတ်ပါဘူး။ အရင်ကတည်းက ဘယ်အချိန်မှာ ဘယ်အနေအထား ဖော်ဆောင်ပြီး ဖြစ်ရမယ်ဆိုတဲ့ အချက်တွေနဲ့ နှစ်တွေ အစောကြီးကတည်းက သဘောတူခဲ့တာ ပါ။ ဒါကို အစိုးရပိုင်းရဲ့ အကောင်အထည်ဖော်မှု၊ သက်ဆိုင်လာရမယ့် လုပ်ငန်းအသီးသီးရဲ့ ပြင်ဆင် ထားနိုင်မှုတွေနဲ့ စောင့်ရင်း ရောက်လာပါပြီ။
ဒါပေမယ့် လုပ်ငန်းရှင်တွေ တညီတညာတည်း ပြောကြတာက မြန်မာနိုင်ငံက လုပ်ငန်းတွေ အများစုဟာ AEC မှာ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့ စကားပါ။ AEC နဲ့ ပတ်သက်ပြီး ရမယ့် အခွင့်အရေးဆိုတာကို ပြောဖို့ထက် ဒီက လုပ်ငန်းတွေ အများစုဟာ ကိုယ့်ရှိနေတဲ့ ဈေးကွက်ကလေး နေရာ မပေးရရေးကိုတောင် ကာကွယ်ဖို့ အနိုင်နိုင် ဖြစ်နေရတဲ့ အနေအထားလို့ ပြောရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် AEC က ရှေ့နှစ်ကူးလို့ ၂၀၁၆ ဇန်နဝါရီ ၁ ရက် ဆိုတာနဲ့ စပါပြီ။ လူဦးရေ သန်း ၆၀ဝ ရှိတဲ့ အာဆီယံရဲ့ ဈေးကွက်မှာ မြန်မာနိုင်ငံအတွက်တော့ အခွင့်အရေးထက် စိန်ခေါ်မှုတွေက များနေပါတယ်။ ။