ရသစာအုပ်ကောင်း တအုပ် ဖတ်လိုက်ရလျှင် ကျမ၏ စိတ်က နူးညံ့သွားတတ်သည်။ ရိုင်းနေသည့် စိတ်၊ မာကျောနေသည့် စိတ်တို့ကို ရသဝတ္ထုတို့က နူးညံ့ပျော့ပြောင်းအောင် စွမ်းနိုင်သည်။ သုတစာပေသည် ဦးနှောက်အတွက် အာဟာရဆိုရလျှင် ရသစာပေက နှလုံးသားအတွက် အာဟာရ ဖြစ်မည်။ ကျမတို့ နှလုံးသားများ အာဟာရ ပြည့်ဝရန် ရသစာပေနှင့် ကင်းကွာ၍ မဖြစ်နိုင်ပါ။
“လူငယ်တွေ စာဖတ်နည်းလာတယ်”၊ “စာအုပ်ဈေးကွက် ပျက်နေတယ်”၊ “ရသ စာပေတွေ၊ ရသဝတ္ထုတွေကို လူတွေက မဖတ်ချင်တော့ဘူး၊ ထုတ်ဝေသူတွေကလည်း မထုတ်ချင်ကြတော့ဘူး” စသည်ဖြင့် ရသစာပေ မှေးမှိန်လာနေသော ခေတ်တွင် ကျမတို့က ရသစာပေကိုမှ ဖက်တွယ်ထားချင်သော စာရေးဆရာများ ဖြစ်လာကြရသည်။ ကျမတို့ ဆိုသည့် အထဲတွင် စာရေးဆရာမ ခင်သန္တာလည်း ပါသည်။
ခင်သန္တာ၏ ဝတ္ထုတိုများကို ကျမ များများစားစား မဖတ်ဖူးခဲ့။ သို့သော် ဖတ်မိသမျှကို နှစ်သက်သည်။ အမှန်ဆိုရလျှင် ခင်သန္တာကို သူ့စာများထက် လူကို ပိုရင်းနှီးကျွမ်းဝင်သည်။ သူက ကျမတို့ မိန်းမချင်း ငေးကြည့်လောက်အောင် လှသည်၊ ထူးခြားသည်၊ နောက်မှ သူက မယ်ဆု အခါခါရခဲ့ဖူးသူ၊ လက်ရှိတွင် အားကစားခန်းမ ဖွင့်ထားသူဟု သိရသသည်။ အခုတော့ သူ၏ မဂ္ဂဇင်း ဝတ္ထုရှည် ၅ ပုဒ် စုစည်းထားသည့် စာအုပ်တအုပ် ထွက်လာသည်။
“ဆောင်းခိုငှက်၏ သိုက်မြုံတမ်းချင်း” နှင့် မဂ္ဂဇင်းဝတ္ထုရှည်များ စုစည်းမှုဟု အမည်ရသော ထိုစာအုပ် ကျမလက်ထဲ ရောက်သည်နှင့် ရသဝတ္တုများတွေ့လျှင် ငမ်းငမ်းတက် ဖတ်လေ့ရှိသော ကျမ လက်က မချတမ်း ဖတ်ဖြစ်သည်။ တထိုင်တည်းနှင့် ဖတ်ပြီးသွားသည်ဟု မဆိုနိုင်သော်လည်း ဖတ်နေချိန်တွင် ဘာအလုပ်မှ ထ မလုပ်ချင်အောင် သူ့ဝတ္ထုများက ကျမအတွက် ဆွဲဆောင်မှု ရှိနေသည်။ ကျမ သူ့ဝတ္ထုများကို အစဉ်အတိုင်းဖတ်သည်။ သူ့ဝတ္ထုများထဲတွင် ကျမ သူ့စိတ်ကိုပါ မြင်လိုက်ရသည်။ ခင်သန္တာသည် လူလှသလို စိတ်လည်းလှသည်ဟု ကျမ သိလိုက်ရသည်၊ ထို့ကြောင့် သူ့စာများ ကလည်း လှသည်။
စာအုပ်တအုပ်ကို ဖတ်လျှင် အမှာစာမှ နေ၍ စတင်ဖတ်လေ့ရှိသော ကျမသည် အခုခင်သန္တာ့ စာအုပ်ကျတော့ ဘယ်လိုဖြစ်သည် မသိ၊ ဝတ္ထုဖတ်ချင်ဇောဖြင့် အမှာစာကို မမြင်ဘဲ ဝတ္ထုရှည် ၅ ပုဒ်စလုံးကို တောက်လျှောက် ဖတ်လိုက်ကာ ကျမဘာသာ ဝတ္ထုများကို သုံးသပ်နေမိသည်။ ပြီးတော့ စာအုပ်ကို အစမှ ပြန်လှန်ရာ ဘွားကနဲ တွေ့လိုက်ရသည်က စာရေးဆရာမ မစန္ဒာ၏ အမှာ။ တော်တော် ညံ့ဖျဉ်းသည့် ကျမပါလား။ စာရေးဆရာမ မစန္ဒာက ခင်သန္တာ့ကို “ဒီလက်ကလေး မခေပါလား” တဲ့လေ။ ဆရာမလိုလူက မခေပါလားဟု ရေးထားမှတော့ ကျမက ဘယ်လို ကောင်းသည် ဘယ်ညာ ကောင်းသည်ဟု ဝင်ရေးလျှင် ကျမ မြင်းထိန်းငတာ ဖြစ်ချေရော့မည်။ မတတ်နိုင် ရေးစရာရှိတာ တော့ ရေးရပါလိမ့်မည်။
ဆရာမ မစန္ဒာက ခင်သန္တာ၏ ဝတ္ထုရှည် ငါးပုဒ်ကို ဆရာကြီး ပီမိုးနင်း၏ စကားအား ယူ၍ ဟင်းငါးခွက်ဟု တင်စားသည်။ ကျမ မငြင်းလိုပါ။ သူ့ဝတ္ထုရှည် ငါးပုဒ်သည် ရသငါးမျိုးကို ပေးစွမ်းနိုင်သည်ပဲ။
ပထမဆုံးသူ၏ “၉၆ မှတ်တမ်း” ဆိုသော ဝတ္ထုရှည်သည် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်၊ ဆေးမှားသောက်မိ သောကြောင့် အသက်အန္တရာယ် ကြုံတွေ့ရသည့် မိခင်ကို ကယ်တင်ရာတွင် အဓိက နေရာမှ ပါဝင်ခဲ့သော အသက် ၂၀ ကျော်အရွယ် သမီးတယောက်၏ ပင်ပန်းမောလျ ရသော အဖြစ်အပျက်ကို သူ့ကလောင်စွမ်းဖြင့် ချယ်သထားသည်။
သူ့စာအုပ်၏ ရေးသူဖတ်သူ ဆွေးနွေးပွဲတွင် ဆရာမဂျူးက ထိုဝတ္ထု အကြောင်းပြောရာ ဝမ်းနည်းမှုများဖြင့် အသံတုန်နေ သည်ဟု ကျမ ထင်သည်။ ဆရာမ ဂျူးက “ခင်သန္တာကတော့ သူ့အမေ အသက်ကို ကယ်လိုက်နိုင်တယ်၊ ကျမကတော့ ကျမ အမေ အသက်ကို မကယ်ခဲ့နိုင်ဘူး” ဟု ပြောခဲ့သဖြင့် ဤဝတ္ထု မဖတ်ခင်ကတည်းက သူ့အမေ အသက်ကို ကယ်လိုက် နိုင်ကြောင်း ကျမ သိသိကြီးဖြင့် သူ့အရေးအသား ဆွဲခေါ်မှုကြောင့် ဆုံးသည်အထိ ဖတ်ဖြစ်သည်။
ဝတ္ထုထဲက ဆရာမ ပိစိနှင့် သူ့အဖေတို့ ဆီးမသွားနိုင်သော မိခင်ကို ဆီးသွားနိုင်အောင် ဝိုင်းဝန်းကူညီကြပုံ၊ နောက်ဆုံး ဆီးသွားနိုင်သွားသဖြင့် ဆရာမပိစိ ငိုရာ ဆရာမဂျူးက သူပါ လိုက်ပါ ငိုမိသည်ဟု ဆိုသည်။ ကျမလည်း ထိုနည်း လည်းကောင်း မျက်ရည်ဝဲရပါသည်။ သို့သော် ထိုနေရာထက် ကျမပို၍ သဘောကျမိသော နေရာရှိသည်။ အဲဒါကတော့ ကျမ ပြုံးမိရသည့် အဖြစ်အပျက်။
စာရေးသူ၏ ဇာတ်ကောင် “ကျွန်မ” (ကျမကတော့ ခင်သန္တာပဲဟု အတတ်သိသည်) က အသက် ၂၀ ကျော် အရွယ် ကလေးနှင့် သူ့မိခင် မှားသောက်မိ၍ ဓာတ်မတည့် ဖြစ်ရသော နာမည်ကြီး မြန်မာဆေးတိုက်ကြီး ကို တရားစွဲမည် တဲ့၊ နောက်တခါ ဆေးဖိုး အတွက် လိုအပ်လာသောကြောင့် သူ့အဖေ ဝယ်ပေးထားသည့် ရွှေကြိုး ဘတ်ကြိုးများကို သွားရောင်းရာ ဆိုင်က မယုံသင်္ကာဖြစ် သောကြောင့် ဆိုင်ရှင်များကို အသရေဖျက်မှုဖြင့် တရားစွဲမည် ဟု စိတ်လိုက်မာန်ပါ ပြောခဲ့သေးသည်..၊ ကျမ မပြုံးဘဲ မနေနိုင်။ အဲဒါကတော့ မတရားဘူးထင်လျှင် တုန့်ပြန်ချင်သော သူ့စိတ်။ ကျမလည်း ထိုအရွယ်က အဲဒီလို စိတ်မျိုး ရှိခဲ့ဖူးသဖြင့် ပြုံးမိခြင်း ဖြစ်သည်။
ဒုတိယတပုဒ် “နတ်စောင့်သော တရားများ” ကတော့ နယ်မြို့တမြို့တွင် ဖြစ်ပွားခဲ့သော အမှုအခင်း တခု အကြောင်း။ စက်ရုံတရုံမှ ပစ္စည်းများ ဂိုထောင်လိုက် နီးပါး ပျောက်ဆုံးမှု၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ခင်သန္တာက အဖြေမပေးဘဲ ရေးပြခဲ့သည်။ ဤဝတ္ထုတွင် ခင်သန္တာ၏ လေ့လာမှုအားကို ကျမ မချီးကျူးဘဲ မနေနိုင်။ တရားရုံးတွင် တရား ရင်ဆိုင်သည်ကို သူ အသေးစိတ် ရေးပြခဲ့သည်။
တချိန်က တရားလို ဖြစ်ခဲ့သော စက်ရုံမှူးကိုယ်တိုင် ၁၀ ကျော်အကြာ ရာထူးတိုးပြီး နောက်တမြို့တွင် ဆီဘောက်ဆာလိုက် ပျောက်ဆုံးမှုကို သွားရောက် စစ်ဆေးရသည်။ ထိုအခါ တရားခံ ဘယ်သူလဲ သိသည့်တိုင် အရေးယူ၍ မဖြစ်သည့် အခြေအနေ တရပ်ကို ခင်သန္တာက အဖြေဖော်မပြဘဲ ရေးပြခဲ့သည်။ ခင်သန္တာသည် ဝတ္ထုရှည်များကို တကယ့် အဖြစ် အပျက်များ အပေါ် အခြေခံ၍ ရေးခြင်းဖြစ်ကြောင်း သူ၏ ရေးသူဖတ်သူ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ သူ့ ဝတ္ထုများထဲမှ ရိုးသားသည့် ဇာတ်ကောင်များ၊ ပြည်သူပိုင်ပိုင်ပစ္စည်း အလွဲသုံးစားပြုပြီး ပြောင်ပြောင်ပင် ချမ်းသာနေကြ သူများ ကျမတို့ ပတ်ဝန်းကျင်များတွင်လည်း ရှိနေပါသည်။
ဝတ္ထုစာအုပ် ခေါင်းစဉ်ဖြစ်သော “ဆောင်းခိုငှက်၏ သိုက်မြုံတမ်းချင်း” ကတော့ ညှိမရနိုင်သည့် ချစ်သူနှစ်ဦး အကြောင်း ဖြစ်သည်။ သူ့ဇာတ်ကောင် မောင်က ရည်ရွယ်ချက်ကြီးသူ၊ အလုပ်ကို ဦးစားပေးသူ၊ ချစ်သူကို ချစ်သော်လည်း စိတ်ကူး မယဉ်တတ်သူ။ သူ့အမျိုးသမီး ဇာတ်ကောင် “ချော” ကတော့ စိတ်ကူးယဉ်သူ၊ အလုပ် ကြိုးစားသော်လည်း ချစ်သူ “မောင်” ၏ ချစ်သူဆန်သော စကားများ၊ အချော့အမြှူများကို မက်မော တန်ဖိုးထားသူ။ သူတို့နှစ်ယောက်က ချစ်သူများဟု ဆိုသော် လည်း ပြဒါးတလမ်း သံတလမ်း၊ နီးသော်လည်း မျဉ်းပြိုင်များသဖွယ် ဆုံဖို့ ခက်သည်။
ထိုဝတ္ထုကို ဖတ်ရင်း ခင်သန္တာ၏ ချစ်သူ မောင်ကို ကျမ တော်တော် မုန်းလာသည်။ အတ္တကြီးသူဟု ထင်မြင်သည်။ ဒီတော့ ချောက မောင်ခေါ်ရာ နိုင်ငံရပ်ခြားသို့ မလိုက်ဘဲ ချောဖခင် ပျော်မွေ့သည့် အိမ်ကြီးကို ကြည့်မရသည့် မောင့်ကို “ချောကို မျှော်မနေပါနဲ့တော့၊ ဒီရပ်ကွက်၊ ဒီအိမ်ကြီး ရှိရာ အရပ်မှာပဲ ချောနေတော့မယ်” ဟု အီးမေးလ်ပို့ လိုက်သဖြင့် ကျမ သက်ပြင်း ချမိသည်။ ချောအတွက် ဒီလိုယောက်ျားမျိုးနှင့် ကွေကွင်းခြင်းက ပေါင်းသင်းပြီး တသက်လုံး စိတ်ဆင်းရဲရတာ ထက် စာလျှင် အသက်ရှူ ပိုချောင်သည် မဟုတ်လား။
ဤဝတ္ထု အကြောင်း ထပ်ပြောစရာ ရှိတာက ဇာတ်ကောင် ချောသည် NGO ဝန်ထမ်းတဦး ဖြစ်သောကြောင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နိုင်သည့် ဒေသများသို့ သွားရောက်ကာ ဟောပြောရသည်။ မုန်တိုင်း၊ ငလျင် ဘေးဒဏ်နှင့် ထိုဘေးဒဏ်များကို ဘယ်လို ကြံ့ကြံ့ခံမလဲ ဆိုတာ ခင်သန္တာ့ ဝတ္ထုထဲတွင် တွေ့ရသည်။ စိတ်ဝင်စားဖွယ်ရာ ဗဟုသုတ များကိုလည်း စာရေးဆရာမ ခင်သန္တာက စာဖတ်သူကို မျှချင်ပုံရသည်။
မျှော်လင့်ခြင်း ဟင်းလင်းပြင်ကတော့ ကျမ အကြိုက်ဆုံး ဖြစ်သည်။ ဆရာမ မစန္ဒာ၏ အမှာတွင်လည်း ညွှန်းထားပြီး ဖြစ်သည်။ စိတ်ပျက်စရာများ ကြားမှ သားဖြစ်သူ မျိုးညွန့်၏ စရိုက်ကို ကျမ ပြုံးမိသည်။ အိမ်တွင် ရှိရှိသမျှ ဘီရို၊ သရက်ပင်၊ ရေတွင်းပါ မကျန် ရောင်းစားသော ဖခင်ကို အံမတုနိုင်သည့် မိခင်နှင့် သားသမီးများ၊ နောက်ဆုံးတော့ မျိုးညွန့်က မိခင်နှင့် တိုင်ပင်ကာ အိမ်အလုံးလိုက်ကြီးပါ ရောင်းစားလိုက်ဖို့ ကြံစည်ခြင်းနှင့် အဆုံးသတ်သည်။ မျိုးညွန့်က မလေးရှားတွင် အိုဗာစတေး နေထိုင် အလုပ် လုပ်ပြီး လူမျိုးရေး ပဋိပက္ခများကြောင့် မဖြစ်မနေ မြန်မာပြည် ပြန်လာရသူ။ စစခြင်း အဖွင့် ညီဖြစ်သူ တိုးညွန့်က မျိုးညွန့်ကို လာကြိုသည့် အခန်းတွင်လည်း ကျမ ပြုံးရပြန်သည်။
“သူ့ထုံးစံအတိုင်း သစ်လွင်တောက်ပြောင်သော အဝတ်အစားတို့ကို ဝတ်၍ ဆိုက်ရောက် အပေါက်မှ ခေါင်းမော့ထွက်လာ ပုံမှာ ပညာတော်သင်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများထက်ပင် ဝင့်ကြွားနေသေးသည်” စာ – ၁၅၀
တကယ်က မျိုးညွန့်တို့လို အိုဗာစတေး နေထိုင်သူများကို ဟိုနိုင်ငံက သူတို့ စားရိတ်ဖြင့် ပြန်ပို့ပေးခြင်း ဖြစ်၏။ အစ်ကို ဖြစ်သူကို ငေါ့တော့တော့ မြင်သော တိုးညွန့်က လေဆိပ်အပြင် ကားထွက်ငှားဖို့ လုပ်တော့ မျိုးညွန့်က တက္ကစီ မငှားဘူးလားဟု ဆိုသည်၊ အမြင်ကတ်နေသော တိုးညွန့်က လိုင်းကားနှင့် ပြန်မည်ဟု ဆိုရာ ဝမရှိဘဲ ဝိလုပ်ချင်သူတို့ကို ကတ်တီးကတ်ဖဲ့ အနိုင်ယူသည့်ဟန် မျက်လုံးထဲ မြင်လာသည်။
တကယ်တော့ တိုးညွန့်က တက္ကစီ ငှားပါသည်။ အမြင်ကတ်သော်လည်း သူ့အစ်ကိုကို ချစ်ကြောင်း ပေါ်လွင်သည်။ ညီအစ်ကို မောင်နှမများသည် သူစိမ်းဆန်ချင် ဆန်နေမည် ဖြစ်သော်လည်း သွေးကြောင့်ပဲလား မသိ၊ အရေးကြုံလာလျှင် တယောက်အပေါ် တယောက် ထားသော မေတ္တာကို ပြမြဲ ဖြစ်သည် မဟုတ်လား။ ဖခင်ဖြစ်သူ၏ မိသားစု တာဝန် မကျေပုံ၊ အိမ်ထောင်ဦးစီး ဆိုသော ခေါင်းစဉ်အောက်တွင် အမေ အပါအဝင် အိမ်ရှိလူကုန်ကို အနိုင်ကျင့်ပုံ တို့ကို တွေ့ရတော့ ယောက်ျားတယောက်၏ သေးသိမ်မှုကို စိတ်ပျက်ရသည်။ ဒါကလည်း စာရေးသူ၏ လက်စွမ်းကြောင့်ပင်၊ ကျမကိုယ်တိုင် ဝတ္ထုထဲက အမေ ဖြစ်သွားလိုက်၊ သမီး ဖြစ်သူ နွယ်နွယ် ဖြစ်သွားလိုက် …။
နောက်ဆုံး ဝတ္ထုရှည်ဖြစ်သော “ကျွန်မနှင့် ကျွန်မ၏ လောင်ဖက်များ” ကလည်း ခင်သန္တာ၏ တကယ့် အတွေ့အကြုံပင် ဖြစ်သည်။ အိမ်အကူများစွာနှင့် ကြုံတွေ့ခဲ့ရာမှ သင်ခန်းစာ မျိုးစုံ ရခဲ့ပုံကို ရေးထားခြင်း ဖြစ်သည်။ ခင်သန္တာသည် အိမ်ရှင်မတိုင်း ကြုံတွေ့ရနိုင်သည့် မဆန်းလှသော အဖြစ်အပျက်ကို ရေးထားခြင်းပင် ဖြစ်သော်လည်း ထူးခြားအောင် ရေးနိုင်သည် ဟု ဆိုရမည်။
စာရေးဆရာမ ခင်သန္တာ၏ ဝတ္ထုများထဲတွင် သူကိုယ်တိုင် မြင်တွေ့ကြုံခဲ့ရသော၊ သူလေ့လာ မှတ်သားထားသော ဗဟုသုတ များ ပါဝင်နေသည်ကို သတိထားမိသည်။ သို့သော် သူက သုတကို သုတလို အတုံးလိုက် အတစ်လိုက် မပေးဘဲ ကျမတို့ စာဖတ်သူများ အတွက် အဆင်ချောစေရန် ရသဖြင့် နှောပေးသည်။ သို့အတွက် ခင်သန္တာကို ကျမ ကျေးဇူးတင်မိသည်။ ဥပမာ ဆိုရလျှင် ဝက်သားကို ဘာအရသာမှ မပါဘဲ ဒီအတိုင်း ပြုတ်ကျွေးခြင်း မဟုတ်ဘဲ ဆား၊ သကြား၊ ပဲငံပြာရည်၊ တရုတ်မဆလာတို့ဖြင့် ဝက်သားနီချက်ကလေး ချက်ကျွေးခြင်းနှင့် တူသည်ဟု ကျမ ညွှန်းချင်ပါသည်။ ထိုဝက်သားနီချက် ကောင်းမကောင်း ကတော့ စားကြည့်သူ ပရိသတ်က ဆုံးဖြတ်ပါလိမ့်မည်။ ။
စာအုပ် အမည် – ဆောင်းခိုငှက်၏ သိုက်မြုံတမ်းချင်း
စာရေးသူ – ခင်သန္တာ
ထုတ်ဝေသူ – လင်းလွန်းခင်စာပေတိုက်
ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ၊ ပထမအကြိမ်
တန်ဖိုး – ၂၅၀၀ ကျပ်