အမှောင်ထုထဲကနေ အလင်းတန်းလေး ခပ်ပျပျ မြင်ရသလို ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အစိုးရတရပ် ဖွဲ့စည်းနိုင်တဲ့ အနေအထားဆီ ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အာဏာလွှဲ ပြောင်းရေး အဆင်ပြေ ချောမွေ့ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေသလို တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာက အစိုးရ သစ် အတွက် အခက်တွေ့စေမလားလို့ တွေးထင်တာတွေ ရှိလာနေပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)ကို လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် NCAမှာ ပါဝင် လက်မှတ်မထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးတင်းမာ မှုတွေ ဖြစ်နေတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်မဖြစ်သေးတာကို သက်သေပြနေပါတယ်။ ဒါအပြင် လက်မှတ်ရေး ထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးတဲ့ အဖွဲ့တွေကြား သွေးခွဲလိုက်သလို ဖြစ်သွားစေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲတွေဖြစ်တဲ့အခါတိုင်း ဘယ်အဖွဲ့အစည်း၊ ဘယ်လက်နက်ကိုင်ကပဲ တိုက်တိုက် အဓိက ထိခိုက် ခံစားရတာက အပြစ်မဲ့တဲ့ ပြည်သူတွေပါ။ လောလောဆယ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြားက တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးရှောင်ပြည်သူ တသောင်းနီးပါး ရှိနေပါပြီ။ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး တောင်ကြီးမြို့ပေါ်ထိ တိမ်းရှောင်နေရတဲ့ ပြည် သူတွေ ရှိလာနေသလို ဆောင်းရာသီဖြစ်တဲ့အတွက် သူတို့အတွက် လုံလောက်တဲ့ အမိုးအကာ၊ စောင်၊ အနွေးထည်တွေလို အပ်နေပါတယ်။
ရှမ်းပြည်နယ်မှာသာမက ကချင်ပြည်နယ် မိုးညှင်းဒေသဘက်မှာလည်း အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) တို့ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တခုကတော့ ရှမ်းပြည်နယ် ထဲက လဲချားမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေး နှစ် ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ဒါကြောင့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ယူနီဆက်က ကြေညာချက်တရပ် ထုတ်ပြန်ပြီး ကလေးငယ်တွေရှိနေတဲ့ ဘယ်နေရာမှာမဆို လက်နက်ကိုင် တိုက်ခိုက်ခြင်းက ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကြောင့် ကလေးငယ် ၁၀ ဦး သေဆုံးခဲ့ရပြီး၊ ၁၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ ယူနီဆက်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါတင် မကသေးပါဘူး ကျောင်းနေအရွယ် ကလေးငယ်တွေမှာ စာသင်ကြားခွင့် ဆုံးရှုံးရသလို ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး စိတ် ဒဏ်ရာတွေပါ ရလာပါတယ်။
တဖက်က ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်အတွက် အားတက်သရော ကြိုးပမ်းနေပါတယ်လို့ဆိုပြီး တကယ့်မြေပြင် မှာ တိုက်ပွဲဖြစ်နေတာက မီးစတဖက်၊ ရေမှုတ်တဖက် ကျင့်သုံးနေသလားလို့ စဉ်းစားစရာပါ။ ဖြစ်သင့်တာက အားလုံး ပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီးမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။
စာချုပ်မှာ လက်မှတ်ရေးထိုးတာထက် ပိုပြီးအရေးကြီးတဲ့အရာကတော့ ယုံကြည်မှုပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ တပ်မတော်ကြား ယုံကြည်မှု နက်ရှိုင်းလေလေ ငြိမ်းချမ်းရေးနဲ့ နီးလေလေပါပဲ။ ဒေါ်လာ ဘီလီယံနဲ့ချီပြီး အကုန်ခံပေမယ့် ယုံကြည်မှု မတည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။
တကယ်တော့ ကျမတို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ အနှစ် ၆၀ ကျော် ကြာခဲ့ပြီမို့ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေက ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဝေးစေခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သေးသမျှ နိုင်ငံရေး တည်ငြိမ်မှုနဲ့ မနီးစပ်မှာကို သတိပြုမိဖို့ လိုပါတယ်။ တိုင်းရင်းသားတွေနဲ့ တပ်မတော်ကြား၊ တိုင်းရင်းသားတွေနဲ့ လူများစု ဗမာလူမျိုးတွေကြား နား လည်မှု တည်ဆောက်နိုင်မှသာ တိုင်းရင်းသားတွေ လိုလား တောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ နီးစပ်နိုင်မှာပါ။
အကျိုးစီးပွားပေါ် အခြေခံနေသမျှ ပြည်နယ်က ထွက်တဲ့ သယံဇာတတွေကို ပြည်နယ်အစိုးရက စီမံခန့်ခွဲခွင့် မရသမျှ၊ တိုင်းရင်းတွေ လက်မခံတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေသမျှ အပစ်အခတ်ရပ်စဲရေးက လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေမှာပါ။ ကချင်ပြည်နယ်က မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ကရင်ပြည်နယ်က သံလွင်ရေကာ တာ စီမံကိန်းတွေဟာ ဒေသခံတွေ လက်မခံတဲ့ စီမံကိန်းတွေဖြစ်လို့ ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခတွေကို လက် ယပ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေဟာ သူတို့ရဲ့ စိုက်ခင်းတွေ၊ မြေယာတွေကိုထားပြီး ထွက်ပြေးခဲ့ရတာပါ။ လာမယ့်နှစ်အတွက် ရိက္ခာဖူလုံနိုင်ဖို့ သူတို့စိုက်ပျိုးထားတဲ့ သီးနှံတွေ ရိတ်သိမ်းနိုင်မှ ဖြစ်မှာမို့ အိမ်ပြန်ချင်သူတွေ အများ ကြီးရှိပါတယ်။ မြေယာတွေကို စွန့်ခွာခဲ့ရတဲ့ တိုက်ပွဲဖြစ်ဒေသတွေမှာ သူတို့ရဲ့ မြေယာတွေကို တခြားသူတွေက ဝင် ရောက်လုပ်ကိုင်လို့ အခက်တွေ့ရတာတွေရှိသလို စိုက်ခင်း၊ ကျွဲ၊ နွားနဲ့ လယ်ယာသုံး ကိရိယာတွေ ပျက်စီးပျောက်ဆုံးတာ တွေတောင် ရှိပါတယ်။
အဲဒီလို ထိခိုက်ခံစားရတဲ့ ပြည်သူတွေအတွက် သူတို့ဘဝတွေ အဆင်ပြေပြေ လည်ပတ်နိုင်အောင်၊ သူတို့လယ်၊ သူတို့ယာ မှာ ပြန်ထွန်ယက်နိုင်အောင်၊ သူတို့တွေ ထမင်း၀၀စားပြီး ကျန်းကျန်းမာမာ နေထိုင်နိုင်အောင် မစွမ်းဆောင်နိုင်သေးသရွေ့ ကာလပတ်လုံး ငြိမ်းချမ်းရေးဟာ စကားလုံးသက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။
တိုင်းရင်းသား အားလုံးရဲ့ တန်းတူရည်တူရှိမှုကို အာမခံနိုင်မှ၊ စကားလုံးတွေထက် ပိုလွန်တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်နိုင်မှ တဖက်နဲ့တဖက် ယုံကြည်မှု အပြန်အလှန် တည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရ ပီပြင်လာမှာပါ။
ပြည်တွင်းစစ် ချုပ်ငြိမ်း၊ အမြောက်သံ၊ ဗုံးသံတွေ ကင်းဝေးပြီး ခိုင်မာတဲ့ ယုံကြည်မှုနဲ့ သီဆိုတဲ့ ပျော်ရွှင်မှုတေးသံတွေ လွင့်ပျံ့နေတဲ့ နေ့ရက်တွေကို ငြိမ်းချမ်းရေး ဆာလောင်နေတဲ့ နိုင်ငံသားတွေက မျှော်လင့်နေကြပါကြောင်း။