“လူတိုင်းလူတိုင်းက ကိုယ့်ဘေးမှာ ရှိတဲ့ အမှိုုက်တစစီကို နေ့တိုင်းကောက်သွားမယ်ဆိုရင်၊ သန်း ၇ ထောင် ပြည့်တော့မယ့် ကျနော်တို့ ကမ္ဘာကြီးက အမှိုက်ကင်းစင်သွားမှာပဲ”။ အခုလို ပြောကြားခဲ့တဲ့ သူကတော့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့က Klean Foundation ကို တည်ထောင်ထားတဲ့ ပီတာစမစ်ဆိုတဲ့ ဒတ်ချ်လူမျိုးတဦးပဲ ဖြစ်ပါတယ်။
ပီတာစမစ်ဟာ အနုပညာရှင်၊ ဓာတ်ပုံဆရာ တဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလကတည်းက စတင်ခဲ့တဲ့ တနိုင်တပိုင် အမှိုက်ကောက်တဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် နာမည်ရလာတဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ တကိုယ်တော် အမှိုက်ကောက် တဲ့ လှုံံ့ဆော်မှု စတင်ခဲ့တဲ့ အချိန်က စက်ဘီးတစီး၊ အမှိုက်ကောက်တံတခုနဲ့ အမ်စတာဒမ်မြို့ပေါ်က အမှိုက်ပလတ်စတစ် တွေ အများကြီးထွက်တဲ့ နေရာတွေမှာ ရတတ်သမျှ အမှိုက်တွေကို စုပြီး ပြန်လည်အသုံးချဖို့ စီစဉ်ခဲ့သူပါ။
ပီတာစမစ်ကို ပြီးခဲ့တဲ့လက နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ Hollands Branding Agency တို့ ပူးပေါင်း လုပ်တဲ့ တောင်အမေရိက က သတင်းစာဆရာ ၇ဦးကို ဖိတ်ကြားခဲ့တဲ့ သတင်းမီဒီယာလေ့လာရေးခရီးစဉ်မှာ အမ်စတာဒမ်မြို့ က သူ့ရုံးခန်းထဲမှာ တွေ့ခဲ့ရတာပါ။
သီတင်းတပတ်တာ ကြာမြင့်တဲ့ နယ်သာလန်နိုင်ငံရဲ့ လက်ရှိ အမှိုက်ကနေ တဆင့် ပြန်လည် အသုံးပြုထုတ်လုပ်တဲ့ စီးပွား ရေးလုပ်ငန်းတွေ၊ အမှိုက်စီမံခန့်ခွဲပုံတွေကို စက်ရုံပေါင်း ၂၀ကျော်နဲ့ အခြား ထင်ရှားတဲ့လုပ်ငန်းတွေကို လေ့လာရာမှာ သိခဲ့ရပါတယ်။
ပထမဆုံး လေ့လာရေးခရီးစဉ်မှာပဲ ပီတာစမစ်ကို တွေ့ခဲ့ရတာဖြစ်ပြီး သူရဲ့နာမည်ကျော် Plastic Madonna ဆိုတဲ့စည်းရုံး လှုံ့ဆော်မှုလုပ်ငန်းကို ရှင်းပြခဲ့ပါတယ်။ နယ်သာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စွန့်ပစ်ပစ္စည်းကနေ စွမ်းအင်ထုတ်လုပ်ခြင်း၊ လူ့အသိုင်းအဝိုင်းမှာ ပြန်လည်သုံးလို့ရတဲ့ အသုံးအဆောင်တွေကို ထုတ်လုပ်ခြင်းနဲ့ အောင်မြင်နေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။
ပီတာဟာ သူ့ရဲ့ အမှိုက်တွေကို ပြန်လည်အသုံးပြုလို့ရမယ့် အရာတွေကို ပြန်လည်ခွဲပြီး သင့်လျော်တဲ့ စွန့်ပစ်ပစ္စည်းပြန် လည် ထုတ်လုပ်တဲ့ စက်ရုံတွေကို သွင်းပေးပါတယ်။ သူ့ရဲ့ခံယူချက်ကတော့ အခုချိန်ကတည်းက ကမ္ဘာကြီးပေါ်မှာ လူ သားတွေကို ဘေးဖြစ်စေနိုင်မယ့် ပလတ်စတစ်နဲ့ အခြား အမှိုက်ထွက်တွေကို ကောင်းကောင်းမွန်မွန် စွန့်ပစ်ခြင်းမရှိဘူး ဆိုရင် နောင်လာမယ့် ကိုယ့်သားသမီးခေတ်ကျရင် ပလတ်စတစ်စွပ်ပြုတ်တွေ သောက်နေရမယ်လို့ ဆိုခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာဆိုရင် နှစ်တိုင်း အနည်းဆုံး တန် ၈သန်းကျော်ရှိတဲ့ အမှိှုက်တွေဟာ တူးမြောင်းတွေကနေတဆင့် ပင်လယ်၊ သမုဒ္ဒရာထဲကို ရောက်ရှိသွားပြီး၊ ဒီသမုဒ္ဒရာတွေမှာ ကျင်လည်ကျက်စားနေတဲ့ သတ္တဝါတွေကို အများကြီး ဒုက္ခပေးနေတယ်လို့ ပီတာက ပြောခဲ့ပါတယ်။
သူဖွင့်ပြတဲ့ မှတ်တမ်းရုပ်ရှင်လေးတခုမှာဆိုရင် သမုဒ္ဒရာထဲက ကျွန်းတွေမှာ ကျင်လည်ကျက်စားနေတဲ့ ပင်လယ်ပျော် စင် ရော်ကလေးတွေကို အနီးကပ်လေ့လာပြီး သူတို့သေဆုံးတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်အသေထဲကနေ ထွက်လာတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကို အသေးစိတ် အချိန်ယူလေ့လာ ရိုက်ကူးထားတာကို သနားစဖွယ် မြင်ခဲ့ရပါတယ်။
ရင်ကွဲနေတဲ့ စင်ရော်တကောင်ရဲ့ဝမ်းဗိုက်က ထွက်လာတဲ့ အရာတွေမှာတော့ ပလတ်စတစ်တစ်မီးခြစ်တွေ၊ ပလတ်စတစ် အိတ်အစတွေ၊ ခွက်အစတွေနဲ့ အခြား ပလတ်စတစ် အခြေခံ ပစ္စည်းမျိုးစုံကို မြင်တွေ့ရမှာပါ။ အရိုးကျနေတဲ့ စင်ရော်တ ကောင်ရဲ့ရုပ်ကြွင်းပေါ်မှာတော့ မပျက်စီးတဲ့ ပလတ်စတစ်ပစ္စည်းတွေက ဖရိုဖရဲ။ ဒါတွေဟာ ဘယ်သူတွေရဲ့ လက်ချက် တွေလဲ။ ပီတာစမစ်က လက်ရှိ ကမ္ဘာကြီးပေါ်က လူသားတွေရဲ့ လုပ်ရပ်တွေကို မီးမောင်းထိုးပြသွားပါတယ်။
နယ်သာလန်နိုင်ငံမှာ ပီတာစမစ်လို သဘာဝပတ်ဝန်းကျင်ကို အလေးထားဆောင်ရွက်နေတဲ့သူတွေ အများကြီးတွေ့ရပါ တယ်။ တနိုင်တပိုင် ဒါမှမဟုတ် အဖွဲ့လိုက် ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲလာအောင် လူသားတွေရဲ့ပြုမူမှုတွေကို ပြောင်းလဲလာအောင် ဆောင်ရွက်နေကြတာမျိုးပေါ့။
အစိုးရက အားပေးတဲ့ recycle business တွေဟာ နယ်သာလန်နိုင်ငံမှာ အခု အခြေကျနေကြပါပြီ။ ဥပမာအားဖြင့် ကျမ တို့လို ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံ၊ လူ့အဖွဲ့အစည်းကလာတဲ့ သတင်းစာဆရာတွေအတွက်ကတော့ ဒါတွေက မြင်တာနဲ့ အား ကျစရာပါပဲ။ အစိုးရရဲ့ ပေါ်လစီကောင်းတာကြောင့် စွန့်ပစ်ပစ္စည်းတိုင်းကနေ ပြန်လည်အသုံးပြုလို့ရမယ့် အရာတွေထုတ်တဲ့ စက်ရုံတွေဟာ နည်းပညာကော ငွေရေးကြေးရေးအရပါ ကောင်းကောင်း အဆင်ပြေတာကို တွေ့ခွင့်ရခဲ့ပါတယ်။
ဥပမာအားဖြင့် ကျမတို့ လေ့လာခွင့်ရခဲ့တဲ့ စွန့်ပစ်သားရေဆိုဖာတွေကနေ အမျိုးသား အမျိုးသမီးသုံး အိတ်တွေ ပြန်ထုတ်တဲ့ XOFA ဆိုတဲ့ တနိုင်တပိုင် လုပ်ငန်းခွင်မှာဆိုရင် ဦးစီးနေသူက အမျိုးသမီးပါ။ သူက နှစ်စဉ် နယ်သာလန်နိုင်ငံကနေ ထွက်တဲ့ စွန့်ပစ်ဆိုဖာ လုံးရေ သုံးရာကျော်ကနေ အိတ်ဒီဇိုင်းပေါင်းများစွာကို ထုတ်လုပ်ဖြန့်ချိနေသူပါ။
အန်းလို့ အမည်ရတဲ့ ဒီအမျိုးသမီးက သူကိုယ်တိုင် ဒီဇိုင်းထွင်ပြီး အမျိုးသားကိုင် အိတ်သေးလေးတွေ၊ အမျိုးသမီးကိုင် ဖက်ရှင်ကျတဲ့ အိတ်ပေါင်းများစွာကို ချုပ်လုပ်ပါတယ်။ သူ ချုပ်လုပ်တဲ့ အိတ်တွေကိုလည်း သီးသန့် ဈေးကွက်တခုအနေ နဲ့ ကောင်းကောင်းရပ်တည် နေနိုင်တယ်လို့ သူက ပြောပါတယ်။
“ကျမဆီကို စည်ပင်ကနေ စွန့်ပစ် ဆိုဖာတွေ လာပို့ပေးလေ့ရှိပါတယ်။ ဒီသားရေဆိုဖာတွေက မီးရှို့ဖျက်ဆီးပစ်ဖို့လည်း သိပ်ခက်ခဲတယ်။ ဒီတော့ ကျမ ဒီကနေ ဒီဇိုင်းလှတဲ့ အိတ်လေးတွေ ဖန်တီးဖြစ်တယ်’ လို့အန်းက ပြောပါတယ်။ သူရဲ့ ဆိုဖာကနေထုတ်တဲ့ အိတ်တွေက ဈေးတော့ ကြီးလှပါတယ်။
ဥပမာအားဖြင့် နာမည်ကျော် Gucci, Coach, Prada အစရှိတဲ့ နာမည်ကျော် အိတ်တွေနဲ့ ဈေးက မတိမ်းမယိမ်းရှိ လှပါ တယ်။ အနည်းဆုံး သားရေစတွေ ထွက်နေတဲ့ ဘေးလွယ်တဲ့ အိတ်လေးတလုံးဈေးက ယူရို ၁၇၀ [ မြန်မာငွေ နှစ်သိန်း လေးသောင်းခန့်] ရှိပါတယ်။ ဒါပေမယ့် သူက သူ့မှာ ဖောက်သည်တွေ ရှိပြီးသားလို့ ပြောပါတယ်။
နောက် ကျမတို့တွေ လေ့လာခွင့်ရခဲ့တဲ့ နေရာတွေထဲမှာ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ ရုပ်ရှင်ရိုက်ကူး ရေးလုပ်ငန်း၊ အမှိုက်ကနေ သဘာဝဓာတ်ငွေ့ထုတ်တဲ့လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ကို အလေးထား တည်ဆောက် ပြထားတဲ့ ဘတ်စ်ကားဂိတ်မျိုးတွေ၊ ပြီးတော့ ဒီလို recycle စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့ပေးတဲ့ ING Bank၊ ကားတာယာဟောင်းတွေကို ပြန်လည် ကြိတ်ပြီး ထွက်လာတဲ့ ကုန်ကြမ်းကို အဲဒီလုပ်ငန်းမှာပဲ ပြန်အသုံးပြု ထုတ်တဲ့ ကာဘွန် အစရှိတာတွေ ပါပါတယ်။
ဒီထဲမှာ ကျမစိတ်ဝင်စားခဲ့ရတဲ့ recycling စက်ရုံတွေဆိုရင် ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်အဟောင်းတွေကို အဆင့် ဆင့် ပြန်ကြိတ်ထုတ်ပြီး ပလတ်စတစ်၊ အလူမီနီယံ၊ စတာတွေပြန်ခွဲပြီး လိုအပ်တဲ့ လုပ်ငန်းတွေကို ပြန်သွင်းတဲ့ လုပ်ငန်း တွေပါ။ ကျမတို့ အမြင်မှာ ကြီးမားမာကျောလှတဲ့ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်ကြီးတွေကနေ နောက်ဆုံးအဆင့် အမှုန်အဖြစ် ပြန်ထွက်လာတဲ့ အခါနည်းပညာရဲ့အင်အားကြီးမားမှုကို မြင်တွေ့ လေ့လာခဲ့ရပါတယ်။
နယ်သာလန်နိုင်ငံမှာဆိုရင် လျှပ်စစ်နဲ့ လျှပ်စစ်ပစ္စည်းစွန့်ပစ်ရာကနေထွက်တဲ့ ပမာဏဟာ တနှစ်ကို တန်ချိန် လေးသိန်း ကျော်ရှိပါတယ်။
ဒီစက်ရုံတွေက ပြန်လည်ထွက်ရှိလာတဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ မူလက ထုတ်လုပ်တဲ့ လုပ်ငန်းပိုင်းကို ပြန်လည် အ ထောက်အကူပေးသလို အခြားလိုအပ်တဲ့ လုပ်ငန်းတွေမှာလည်း အသုံးဝင်တာကို တွေ့ရပါတယ်။ ဒီပြန်လည်ထုတ်လုပ် ထားတဲ့ကုန်ကြမ်းရဲ့ တန်ဖိုးကတော့ မူလ ကုန်ကြမ်းပစည်းထက်ပိုများနေတာကတော့ အားလုံးလက်ရှိမှာ ဖြေရှင်းနေရတဲ့ကိစ္စတခုလည်းဖြစ်ပါတယ်။
ထပ်ပြီးတော့ မျက်စိရှေ့မှာတင် နည်းပညာရဲ့အင်အားတခုကတော့ ကျမတို့နိုင်ငံမှာ လက်ရှိထိသုံးနေကြတဲ့ နှစ်ပေါင်း လေးငါးဆယ်ကျော်က သဘောၤကြီးတွေလိုမျိုး၊ ပင်လယ်ထဲ နှစ်ပေါင်းများစွာသွားလာပြီး အလုပ်အကျွေးပြုခဲ့တဲ့ တန်ချိန် လေးငါးရာရှိတဲ့ သဘောၤကြီးတွေကို နှစ်ရက်တည်းနဲ့ အပိုင်းပိုင်းအစစ ဖြစ်အောင် ချေဖျက်ပြီး အသုံးပြုလို့ရတဲ့အပိုင်း မှန်သမျှကို recycle လုပ်တဲ့ လုပ်ငန်းကတော့ တကယ့်ကို မျက်စိမမှိတ်နိုင်လောက်အောင် လေ့လာခဲ့ရတဲ့ အပိုင်းပါပဲ။
သဘောၤကြီးတခုလုံးက သံကိုယ်ထည်၊ အတွင်းက စက်ပစ္စည်းများ၊ ပရိဘောဂများနဲ့ အသုံးပြုလို့ရတဲ့ အပိုင်းတွေကို အဆင့်ဆင့်ခွဲခြားပြီး ဟက်တာ၂၅၀ကျယ်တဲ့ မြေကွက်လပ်မှာ ဒီသဘောၤတွေကို ဖျက်တဲ့လုပ်ငန်းကို RDM Kampen လုပ်ငန်းက လုပ်ပါတယ်။ ကျမတို့ လေ့လာခွင့်ရခဲ့တဲ့ စက်ရုံတွေဟာ အမ်စတာဒမ်မြို့ကြီး တခုထဲမှာမဟုတ်ပါဘူး။ နယ် သာလန် တနိုင်ငံလုံးမှာရှိတဲ့ အခြားမြို့အသီးသီးမှာ အခြေချလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဒီလိုလုပ်ငန်းကြီးတွေအပြင် သူတို့က အိမ်သာသုံးစက္ကူတွေ၊ မွေ့ရာတွေ၊ အခြား ရုံးသုံးစက္ကူတွေကိုလည်း အလွတ်မပေး ကြပါဘူး။ အသုံးပြုပြီးသားပစ္စည်းတွေကို ပြန်အသုံးချလို့ရအောင် ပြန်လည် ကြိတ်ပြီး ကုန်ကြမ်းပြန်ထုတ်ကြပါတယ်။ မူလ ကုန်ပစ္စည်းပြန်ထုတ်တဲ့နေရာမှာ အသုံးပြုနိုင်သလို အခြားနေရာမှာလည်း ပြန်အသုံးပြုနိုင်တာကြောင့် အလဟဿ ဘာမှ စွန့်ပစ်တာမျိုးမရှိတော့တဲ့ နည်းပညာတွေဟာ တကယ်တော့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံတွေအတွက် က တော့ တကယ့်ရတနာတွေပဲလို့ဆိုရမှာပါ။
နောက်ဆုံးလေ့လာရတဲ့ စက်ရုံမှာဆိုရင် နေ့တိုင်း စွန့်ပစ်တဲ့ အဝတ်အထည်တွေကို ပြန်လည် သန့်စင်ပြီး ပြန်လည်ဝတ် ဆင်လို့ရတဲ့ အဝတ်တွေကို အခြား ဖွံ့ဖြိုးမှုနည်းပြီး ဆင်းရဲတဲ့နိုင်ငံတွေကို ဈေးအသက်သာဆုံးနဲ့ ပြန်ရောင်းချတဲ့လုပ်ငန်း ပါပဲ။ ဥပမာအားဖြင့် ပြန်လည်ဝတ်ဆင်လို့ရသေးတဲ့ အဝတ်တွေကို ဖိအားနဲ့ ပြန်ဖိပြီး ကျစ်လစ်နေအောင် ထုတ်ပိုးကာ တကီလိုကို ယူရို တဒသမငါးလောက်နဲ့ ဥပမာ အာဖရိကနိုင်ငံတွေကို ပြန်ရောင်းပေးနေတာမျိုးပေါ့။ ကျမတို့ဆီမှာတော့ လေဘေးထည်ဆိုပြီး လမ်းဘေးမှာ ဈေးချိုချိုနဲ့ ရောင်းပေးနေတဲ့ အဝတ်တွေရဲ့လားရာလမ်းပေါ့။
ဒီ ပထမကမ္ဘာရဲ့တိုးတက်နေမှုတွေကို လေ့လာပြီးတော့ ကျမတို့ရဲ့ဖ့ွံဖြိုးမှုက နောက်ကျနေတဲ့ စတုတ္ထကမ္ဘာက လက် ရှိ အနေအထားကို ပြန်မြင်မိပါတယ်။ စီးပွားရေးမြို့တော်လို့ခေါ်တဲ့ ရန်ကုန်မြို့ကြီးမှာ တနေ့ကို အမှိုက်တန်ချိန်၁၄၀၀ နေ့စဉ်ထွက်နေပြီး ဒီအမှိုက်တွေကို စနစ်တကျ ခွဲခြမ်းပြီး အသုံးပြုလို့ရတဲ့ ကုန်ကြမ်းတွေ ပြန်ထုတ်လို့ရတဲ့ နည်းပညာ မရှိခင် ဘာတွေလုပ်နေကြလဲဆိုတာ သိချင်လာပါတယ်။
လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကော်မတီဝင် ဦးခင်လှိုင်ကတော့ ဒီအမှိုက်တွေကို လက်ရှိမှာ အဓိက လှိုင်သာယာမြို့နယ်က ထိန်ပင်နဲ့ ထားဝယ်ချောင်စတဲ့ နှစ်နေရာမှာ နေ့စဉ်စုပုံထားပြီး အမှိုက်ကနေ သဘာ၀ ဓာတ် ငွေ့တွေ ထွက်ရှိအောင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဒီစက်ရုံကနေ အမှိုက်က ဓာတ်ငွေ့ထုတ်တဲ့လုပ်ငန်းကို ဂျပန်နိုင်ငံက ကူညီထောက်ပံ့မှုနဲ့ ရေရှည်ပုံမှန်လည်ပတ်နိုင်အောင်ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။ လတ်တလော စီးပွားရေးမြို့တော်မှာ အမှိုက်တွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်နေပေမယ့် အားနည်းချက်တွေကတော့ ရှိနေတုန်းပဲလို့ဆိုပါတယ်။ ဦးခင်လှိုင်အဆိုအရတော့ အမှိုက်တွေ့ပြီဆိုရင် သူ့ကို ခေါ်ဖို့ မမေ့ပါနဲ့၊ စည်ပင်က လာသိမ်းဖို့ အသင့်ပါလို့တော့ ကတိကဝတ်တွေ ပေးနေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တဦးဖြစ်တဲ့ ဦးဝင်းမျိုးသူကတော့ အိမ်ရှင်မတွေဟာ မီးဖိုချောင်က ထွက် လာတဲ့ စွန့်ပစ်ပစည်းတွေကို ဘယ်နေရာမှာ ဘယ်လို ပြန်အသုံးချမယ်ဆိုတာ သိနေတဲ့အတွက် မြန်မာနိင်ငံမှာ နယ်သာ လန် လိုတော့ စက်ရုံဆောက်ပြီး ပြန်ထုတ်နိုင်မယ့် အနေအထားဝေးနေဆဲ ကာလမှာ အဆင်ပြေနေတုန်းပဲလို့ဆိုပါတယ်။
‘လူတော်တော်များများက ဒီစွန့်ပစ်ပစ္စည်းကို ဘယ်လို စနစ်တကျအသုံးဝင်အောင် လုပ်ရမလဲဆိုတဲ့ အသိက နည်းနေ တုန်းပဲ၊ ကျနော်တို့ကလည်း ဒီစွန့်ပစ်ပစ္စည်းကနေ ဘယ်လိုစွမ်းအင်ပိုထုတ်မလဲဆိုတာကို အစိုးရကို တွန်းအားပေးလုပ် နေရတုန်းပါပဲ” လို့ သူက ပြောပါတယ်။
မည်သို့ပင် ဖြစ်ပါစေ၊ ကျမတို့ လူသားတွေအနေနဲ့ကတော့ ပထမကမ္ဘာမှာဖြစ်စေ၊ စတုတ္ထကမ္ဘာမှာ နေပါစေ၊ တဦး တယောက်တိုင်းရဲ့အသိစိတ်မှာ စနစ်တကျနဲ့ အမှိုက်ပစ်တတ်တဲ့ အကျင့်ကလေးတွေ ကူးစက်လာဖို့က အများကြီးလို နေပါတယ်။
ဒီတော့ ပီတာစမစ်ပြောသလို၊ သင့်ဘေးက အမှိုက်တစကို အခုပဲ ကောက်လိုက်ပါ၊ လူသားသန်းခုနှစ်ထောင်က တခုစီကောက်ရင်ကို သင်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ပူးပေါင်းဆောင်ရွက်ရာ ရောက်သွားပါလိမ့်မယ်။