ကိုလိုနီခေတ် လက်ကျန် သမိုင်းလက်စလက်န များစွာရှိနေတဲ့ ပြင်ဦးလွင်မြို့လေးကို မန္တလေးမြို့မှာ နေတဲ့ စာရေးသူအနေနဲ့ အိမ်ဦးနဲ့ ကြမ်းပြင်ပမာ အခေါက်ခေါက်အခါခါ ရောက်ဖူးပေးမယ့် ယခုနောက်ဆုံးသွားခဲ့တဲ့ အခေါက်က တော့ မသွားခင်ကပင် စိတ်လှုပ်ရှားနေမိပါတယ်။ ရန်ကုန်က Travels and Tours ပိုင်ရှင် မိတ်ဆွေတဦးရဲ့ စီစဉ်ပေးမှုနဲ့ မေ မြို့ခေါ် ပြင်ဦးလွင်မြို့ကို ရောက်ဖြစ်ခဲ့တာပါ။ အမှန်အတိုင်းပြောရရင် အခေါက်ခေါက်ရောက်ဖူးနေတဲ့ စာရေးသူအဖို့ ပြင်ဦး လွင်ခရီးစဉ်ကို သွားဖို့ရာ ထူးထူးခြားခြား ရင်မခုန်မိပါဘူး။ စိတ်မလှုပ်ရှားမိပါဘူး။ ဒါပေမယ့်….။
ပြင်ဦးလွင်ရောက်ရင် တည်းခိုနေထိုင်ဖို့ မိတ်ဆွေ စီစဉ်ပေးတဲ့နေရာက Aureum Resort @ Governor’s House Pyin Oo Lwin ဖြစ်နေပါတယ်။ တည်းခိုရမယ့်နေရာကို သိလိုက်ရတဲ့အခါမှာတော့ စိတ်လှုပ်ရှားမိသွားပါတယ်။ ကြယ်လေး ပွင့်ရှိတဲ့ Aureum Resort @ Governor’s House Pyin Oo Lwin ဟိုတယ်အကောင်းစားကြီးမှာ တည်းခိုခွင့်ရလို့ စိတ် လှုပ်ရှားတာမဟုတ်ပါဘူး။ နာမည်သားကြားဖူးပြီး တခေါက်တခါမှာ မရောက်ဖြစ်သေးဖူးတဲ့ ပြင်ဦးလွင်မြို့ရဲ့ ကိုလိုနီခေတ် အစိုးရတွေအဆက်ဆက် ရုံးထိုင်၊ နေထိုင်ခဲ့တဲ့ Governor’s House ခေါ် အစိုးရစံအိမ်တော်ကို သွားရောက်လေ့လာဖို့ အခွင့်အရေးရတော့မှာမို့ ဖြစ်ပါတယ်။
Governor’s House ဟာ ပြင်ဦးလွင် လားရှိုးကားလမ်းဘေး စစ်တက္ကသိုလ်အနီးမှာ တည်ရှိပါတယ်။ Governor’s House တည်ရှိတဲ့ တောင်ကုန်းနေရာတခုလုံးကို မြန်မာနိုင်ငံသား သူဌေးကြီး ဦးတေဇတို့ ထူးကုမ္ပဏီက စီမံခန့်ခွဲ လုပ်ကိုင်ခွင့် ရ ထားပါတယ်။ ထူးကုမ္ပဏီက Governor’s House တည်ရှိတဲ့ တောင်ကုန်းလေးတဝိုက်မှာ ကို Aureum Resort အမည်နဲ့ ဘန်ဂလိုတွေဆောက်လုပ်ကာ ဟိုတယ်အဖြစ်ဖွင့်ထားတဲ့အပြင် ပင်မအဆောက်အအုံ Governor’s House ကိုလည်း အတွင်းပိုင်း မွမ်းမံကာ ဟိုတယ်ခန်းအဖြစ် ပြင်ဆင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
Governor’s House ဟာ တောင်ဘက်ကို မျက်နှာမူဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်ပြီး အနောက်ဘက် အခြမ်း ဟာ ကိုလိုနီခေတ် မျက်နှာဖြူအရာရှိများနေထိုင်တဲ့နေရာဖြစ်ကာ အရှေ့ဘက်အခြမ်းကတော့ ရုံးခန်းနေရာပဲ ဖြစ်ပါတယ်။ လက်ရှိအဆောက်အအုံဟာ အသစ်ပြန်လည် မွမ်းမံ ဆောက်လုပ်ထားတာဖြစ်ပေမယ့် နဂိုအတိုင်း အဟောင်းပုံစံ ဖြစ်နေလို့ ကိုလိုနီခေတ်အငွေ့အသက်တွေ မြင်ရတွေ့ရ ခံစားရပါတယ်။
စာရေးသူဟာ ပြင်ဦးလွင်ကို ရောက်တုန်း Governor’s House ကို နှစ်ကြိမ်သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ပထမ အကြိမ်ကတော့ ညနေမှောင်ရီပျိုးစအချိန်ဖြစ်ပါတယ်။ နေရောင် ပျောက်လုလုဖြစ်နေတဲ့အချိန်မှာ အဲဒီစံအိမ်တော်ကြီးကို သွားလေ့လာရတာဟာ စိတ်ထဲမှာတော့ တမျိုး ခံစားမိပါတယ်။ ဆောင်းရာသီအစဖြစ်နေပေမယ့် ပြင်ဦးလွင်ရဲ့ အအေးက လည်း သိသိသာသာ ခံစားနေရပါပြီ။ စံအိမ်တော်အပြင်ဘက်မှာရော အတွင်းမှာပါ လူတစုံတယောက်မှ မတွေ့ရဘဲ တိတ် ဆိတ်နေပါတယ်။ တိတ်ဆိတ်နေခြင်းကိုက စိုးရွံ့ခြင်းခံစားမှုကို ပိုဖြစ်စေပါတယ်။
စာရေးသူနဲ့အတူ သူငယ်ချင်းအချို့လည်း အဆောက်အအုံကို လေ့လာဖို့ လိုက်ပါလာပြီး သူတို့မျက်နှာပေါ်မှာလည်း တစုံ တရာ စိုးထိတ်မှုရှိနေတာကို အထင်းသား မြင်တွေနေ့ရပါတယ်။ ကိုလိုနီခေတ်က နေရာတစ်ခုကို လာရောက် လေ့လာ တာမို့ ကိုလိုနီခေတ်သမိုင်းထဲက တစုံတခုကို စိုးရိမ်မိနေတာလည်းဖြစ်နိုင်သလို ဒီလိုနေရာမျိုးတွေဟာ သူရဲခြောက်လန့် တတ်တယ်ဆိုတဲ့ ကြားဖူးနာဝနဲ့ ထိတ်လန့်နေတာလည်းဖြစ်နိုင်ပါတယ်။
စံအိမ်တော်ရှေ့ကွက်လပ်မှာ ရှေးဟောင်းကားနှစ်စီးကို ယှဉ်လျက် ကပ်ရပ်ထားပါတယ်။ လူတစုံတယောက်များ ရှိနေမ လားဆိုပြီး အသံပေးပေမယ့် ထူးခြားမလာပါဘူး။ ဒါနဲ့ပဲ စံအိမ်တော်ရှေ့မှာ မိတ်ဆွေအချို့ဟာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အဆောက်အအုံပြင်ပကို ဟိုကြည့်ဒီကြည့် လုပ်နေမိကြပါတယ်။ အဆောက်အအုံအတွင်းကို ဝင်နိုင်တဲ့တံခါးတွေကို ကြည့် တဲ့အခါမှာလည်း သော့တွေနဲ့ ပိတ်ထားတာကြောင့် အချိန်ငါးမိနစ်လောက်ကြာတဲ့အခါ အမှောင်ရိပ်သန်းလာကာ အအေး ပိုလာတာမို့ ခေတ္တတည်းခိုရာ အခန်းကို ခြေဦးလှည့်ပြန်ခဲ့ကြပါတော့တယ်။
ပြန်ခါနီးမှာ အတူပါလာတဲ့ သူငယ်ချင်းတဦးဟာ အဆောက်အအုံရဲ့ မှန်ပြတင်းတံခါးကနေ အတွင်းကို လှမ်းကြည့်လိုက် တဲ့အခါ အမှောင်ထဲမှာ လူအချို့ထိုင်နေတာကို ရိုးတိုးရိပ်တိတ်တွေ့လိုက်ရပြီး အနည်းငယ် ထိတ်လန့်တကြား ဖြစ် သွား ပါတယ်။ မိတ်ဆွေလည်း မြန်မြန်နောက်ပြန်ဆုတ်ကာ စိုးရိမ်စိတ်နဲ့ အချင်းချင်းလက်တို့ကာ မြန်မြန်သွက်သွက် ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ်။ အဲဒီ စံအိမ်တော်အတွင်းရှိနေသူတွေက ဘယ်သူတွေလဲ၊ ဘာတွေလဲဆိုတဲ့ သိချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့ပါတော့တယ်။
ပထမနေ့ စံအိမ်တော်လေ့လာရေးခရီးကတော့ ဘာမှသိပ်မလေ့လာခဲ့ရဘဲ အပြင်ဘက်ကသာ ကြည့်ရုံကြည့်ခဲ့ရပါတယ်။ ထူးထူးခြားခြားလေ့လာခွင့်မရတာရယ်၊ မြင်တွေလိုက်ရတဲ့ အမှောင်ထဲက စံအိမ်တော်အတွင်း ရိုးတိုးရိပ်တိတ်တွေက စာ ရေးသူကို နောက်ထပ်တခေါက် ပြန်လာဖို့ ဖိတ်ခေါ်နေသလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် နောက်တနေ့ လင်းလင်းချင်းချင်း ရှိနေချိန်မှာ စံအိမ်တော်ကို နောက်တခေါက်သွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Governor’s House ခေါ် စံအိမ်တော်ကို နောက်တနေ့ နေ့လယ်ခင်းဘက်မှာ ထပ်မံရောက်ရှိခဲ့ပါတယ်။ ဒီတခေါက်မှာတော့ လူအချို့ ရှိနေပါပြီ။ Aureum Resort Hotel အမှတ်တံဆိပ်ပါတဲ့ စပို့ရှပ်ဝတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းတွေဖြစ်ပါတယ်။ စာ ရေးသူတို့လည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြရင်း စံအိမ်တော်ကို စိတ်ဝင်စားလို့ လာရောက်လေ့လာကြတာဖြစ် ကြောင်း၊ အတွင်းသို့ ဝင်ခွင့်ပြုစေလိုကြောင်း ရှင်းပြပါတယ်။
လုံခြုံရေးဝန်ထမ်းတစ်ဦးက ဖော်ရွေစွာ ပြန်လည်နှုတ်ဆက်ရင်း ဟိုတယ်ဧည့်ကြိုကောင်တာကို သော့ဖွင့်ပေးဖို့ လှမ်း အကြောင်းကြားပါတယ်။ မကြာခင်မှာ တိုက်ပုံနီညိုရောင်ဝတ်ထားတဲ့ နောက်ထပ်ဟိုတယ်ဝန်ထမ်းတဦး ရောက်လာပါ တယ်။ သော့ယူဖို့ ခဏစောင့်ပေးရန် ပြောပါတယ်။ သိပ်မကြာလိုက်ပါ သော့တွဲတခုယူပြီး ရောက်လာကာ ယခု ဝင်ရောက် ရမယ့် အခန်းအတွင်းထဲရောက်တဲ့အခါ ဓာတ်ပုံမရိုက်ဖို့ အသိပေးပါတယ်။
စံအိမ်တော်ရုံးခန်းဘက်က တံခါးဖွင့်ဖွင့်ချင်း အဆောက်အအုံထဲမှာ လူအစစ်နဲ့ ချွတ်စွတ်တူတဲ့ နိုင်ငံခြားသားစစ်သားနှစ်ဦး စစ်ဝတ်စုံအပြည့်နဲ့ သေနတ်ကိုင်ထားဟန် ရပ်နေတာကို မြင်လိုက်ရပါတယ်။ “ ဒါတွေက ဘာတွေလဲ” လို့ စာရေးသူက စပ်စုလိုက်ပါတယ်။ ဝန်ထမ်းက “ ဒါတွေက နိုင်ငံခြားက မှာထားတဲ့ စစ်သားအရုပ်တွေပါ။ အတွင်းဘက် အခန်းမှာလည်း ရှိသေးတယ်။ တကယ့်လူတွေအတိုင်းပဲ။ ဆီလီကွန်နဲ့လုပ်ထားတာ” လို့ ပြန်ရှင်းပြပါတယ်။ စစ်သားအရုပ်တွေဟာ တကယ့် လူအရပ်အမောင်းအတိုင်းပါပဲ။ မျက်နှာနဲ့လက်တွေကို ကိုင်ကြည့်တဲ့အခါ လူ့အသားအရေလိုပဲ ပျော့တွဲတွဲဖြစ်နေပါတယ်။ အမှန်လူစစ်စစ်တွေပမာ အသက်ဝင်လှပါတယ်။
ဒါနဲ့ အတွင်းခန်းဘက်ကို ဝင်ကြည့်လိုက်တဲ့အခါ စာရေးသူ အံ့သြမင်သက်သွားမိပါတော့တယ်။ မတ်တပ်ရပ်လျက် လူပုံ တွေ၊ ထိုင်နေတဲ့လူပုံတွေ နှစ်ဆယ်ခန့် တကယ့် လူအစစ်အတိုင်း မြင်တွေ့လိုက်ရလို့ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် Governor’s House ခေါ် စံအိမ်တော်မှာ တာဝန်ကျခဲ့တဲ့ နေထိုင်ခဲ့တဲ့ ဘုရင်ခံတွေ၊ ဘုရင်ခံမိသားစုတွေ၊ မျက်နှာဖြူအရာရှိ တွေကို ဆီလီကွန်အရုပ်တွေပြုလုပ်ထားတာဖြစ်ပါတယ်။
ပထမရက်က မှန်ပြတင်းတံခါးကနေ အမှောင်ထဲမှာ ဝိုးတိုးဝါးတားမြင်တွေခဲ့ရတဲ့ဟာတွေက ဘာတွေလဲဆိုတာ အခုမှ အဖြေထွက်လာတာဖြစ်ပါတယ်။ ဆီလီကွန် အရုပ်ကြီးတွေကိုး။ မဆီမဆိုင် အရုပ်တွေကို တခုခုထင်ပြီး ပထမနေ့က စိုးရိမ် ခဲ့ကြတာပါ။ စစ်ဝတ်စစ်စားနဲ့ ဗိုလ်ချုပ်အောင်ဆန်းအရုပ်နှစ်ခုကလည်း တကယ်မာန်အပြည့် ဟန်အပြည့်နဲ့ မတ်တပ်ရပ် နေတာကို တွေ့ရပါတယ်။ တိုက်ပုံဝတ်ထားတဲ့ မြန်မာအမျိုးသားအရုပ်ကို တွေ့လိုက်ရတဲ့အခါ မြင်ဖူးသလိုလိုရှိတယ်လို့ စိတ်ထဲခံစားမိပါတယ်။ သေချာကြည့်တဲ့အခါ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ အရုပ်ဖြစ်နေပါတယ်။ ဦးတေဇရဲ့ဘေးနားမှာရှိတဲ့ အရုပ်ကိုတော့ ဝန်ထမ်းက “ ဒါက ဦးတေဇ အဖေပုံလေ” လို့ ရှင်းပြပါတယ်။
စာရေးသူက ဒီအရုပ်တွေကို ဘာလုပ်ဖို့လဲလို့ မေးတဲ့အခါ ဟိုတယ်ဝန်ထမ်း ” ပြတိုက်လုပ်ဖို့ စုထားတာ။ အရုပ်တရုပ်ကို သိန်း ၈၀ လောက် တန်ကြေးရှိတယ်။ မကြာခင် ဒီမှာ Museum ဖွင့်မှာ။ ပြီးတော့ ဟိုဘက်အခန်းမှာ ကော်ဖီရှော့ဖွင့်မှာ” လို့ တခြားအခန်းဘက် လက်ညှိုးညွှန်ပြရင်း ပြန်ဖြေပါတယ်။ အဲဒီဘက်အခန်းမှာ သစ်သားစည်ပိုင်းတွေကို ထိုင်ခုံတွေ စားပွဲခုံ တွေ ဖန်တီးအလှဆင်ထားတာကို တွေ့ရပြီး ကော်ဖီဆိုင်ဖွင့်ဖို့ အသင့်ရှိနေတဲ့ပုံပေါ်ပါတယ်။ စံအိမ်တော်ရုံးခန်းအပေါ်ထပ် ကို စာရေးသူက မေးငေါ့ပြီး အပေါ်မှာရော ဘာတွေရှိလဲလို့ မေးတဲ့အခါ “ဘာမှမရှိဘူး။ ဟောလ်ကြီး “ လို့ ဝန်ထမ်းက ပြောပါတယ်။
ရုံးခန်းဘက် လေ့လာကြည့်ပြီးတဲ့အခါ လူနေထိုင်ခဲ့တဲ့ စံအိမ်တော်ဘက်အခြမ်းကို ဆက်လက်လေ့လာဖို့ ကူးလာခဲ့ပါတယ်။ အောက်ထပ် ဝင်ဝင်ချင်းမှာလည်း မျက်နှာဖြူ ဆီလီကွန်လူရုပ်တွေ တွေ့ရပြီး ဒီအရုပ်တွေကတော့ သက်တမ်း ၅နှစ်ခန့် ကြာ ပြီလို့ သိရပါတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်၊ မန္တလေးမြို့ကို သိမ်းယူရာမှာ ဦးဆောင်ခဲ့သူ ဗိုလ်ချုပ် ပရင်ဒါဂတ်၊ အင်္ဂလိပ် အရာရှိ ဗိုလ်မှူးကြီး မေ(ဗိုလ်မှူးကြီး မေကို အစွဲပြုပြီး မေမြို့လို့ ခေါ်တွင်ပါတယ်)၊ ကာနယ်စလေဒင်တို့ရဲ့ ဆီလီကွန် အရုပ် တွေဖြစ်ပါတယ်။ ဒီအရုပ်တွေကိုတော့ ဓာတ်ပုံရိုက်ခွင့်ပြုပါတယ်။ အခန်းနံရံတွေပေါ်မှာလည်း ရှေးကိုလိုနီခေတ်က Governor’s House ဓာတ်ပုံတွေ ၊ မျက်နှာဖြူအရာရှိတွေ၊ ဝန်ထမ်းတွေရဲ့ ဓာတ်ပုံအဟောင်းတွေကို ချိတ်ဆွဲပြသထားပါ တယ်။
ဒီဘက် အဆောက်အအုံဘက်မှာ ဝန်ထမ်းအချို့သန့်ရှင်းရေးလုပ်နေတာတွေ့လို့ မေးကြည့်တော့ မနက်ဖြန် အရေးကြီး ဗီအိုင်ပီတွေ လာတည်းမှာမို့ ရှင်းလင်းနေတာလို့ လိုက်လံရှင်းပြတဲ့ ဟိုတယ်ဝန်ထမ်းက ပျူငှာစွာ ပြန်ဖြေပါတယ်။ ဒီ အ ဆောင်က တည်းလို့ရပါတယ်။ ဈေးနှုန်းက တရက် ဒေါ်လာ ၂၁၆၀ ဖြစ်ပြီး လူ၁၄ ဦး တည်းခိုခွင့်ရတာဖြစ်ပါတယ်။ မြန်မာ ငွေနဲ့ဆို တရက် ကျပ် ၂၅ သိန်းကျော် ကျသင့်တာပါ။ အဆောက်အအုံထဲမှာ အသေးစား ရေကူးကန်လေးတခုပါပြီး ရေကူး ကန်ဘေးမှာ နိုင်ငံခြား အရက်မျိုးစုံပါတဲ့ ဘားကောင်တာ တခုရှိပါတယ်။ ဟိုတယ်အဆောင်တခုလုံးနီးပါးကို ခေတ်မီ ပစ္စည်းတွေနဲ့ ကိုလိုနီပုံစံအတိုင်း ပြင်ဆင်မွမ်းမံထားတာဖြစ်ပါတယ်။
စံအိမ်တော်အပြန်လမ်းမှာတော့ နေရောင်ဟာ စံအိမ်တော်ကို ကျော်ပြီး အနောက်ဘက်ကို ကျစပြုနေပါပြီ။ စာရေးသူအဖို့ Governor’s House ခေါ် စံအိမ်တော်က အပြန်လမ်းမှာ အတွေးစတွေ များစွာ ပါလာပါတယ်။ ထူးကုမ္ပဏီဟာ Governor’s House ကို ဘယ်လောက်ကာလအထိ စီမံခွင့်၊ ငှားရမ်းခွင့် ရခဲ့သလဲ။ အစိုးရကို ငှားရမ်းခ ဘယ်လောက်ပေးသွင်းရသလဲ။
နောင် အနာဂတ်ကာလ ပြတိုက်ဖြစ်နေချိန်မှာ စံအိမ်တော်သို့ ပြည်သူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်လေ့လာ ခွင့် ရ လာမလား။ စံအိမ်တော်ဟာ နောင်မှာ ဘယ်လောက်အထိ အသက်ပြန်ဝင်လာမှာလဲ။ စသဖြင့်…။