ပိတ်ကားပေါ်က ဆေးရောင်စုံ ပန်းချီတွေနဲ့ ကွဲပြားခြားနားတဲ့ စတီးပြား ပြောင်လက်လက်အပေါ် အလင်းအမှောင်တွေကို အချိုးချလို့ ထူးထူးခြားခြား ခြယ်မှုန်းထားတဲ့ ပန်းချီလက်ရာ ပြပွဲတခုကို မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ပန်းချီ ကြည်ဝင်းဟာ သူ့ရဲ့ တခြားသော ဆေးရောင်စုံပန်းချီကားချပ်တွေ ရေးဆွဲပုံနဲ့ မတူတဲ့ ရေးဆွဲနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ပါကစ္စတန်က ပညာရေး လွတ်လပ်ခွင့် လှုပ်ရှားသူ ကျောင်းသူ မာလာလာ အစရှိတဲ့ အာရှတိုက်သူ အာရှတိုက်သား နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ၁၆ ယောက်တို့ရဲ့ ပုံတူတွေကို စတီးပြားပေါ်မှာ ဖန်တီးရေးဆွဲထားပါတယ်။
ဒီပန်းချီကားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ တိုက်ဆိုင်ပြီး မန္တလေးမြို့ မြို့မအသင်းတိုက်မှာ ပြသခဲ့ပါတယ်။
“ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးတွေအတွက် လှုပ်ရှားခဲ့သူတွေကို ဂုဏ်ပြု မှတ်တမ်းတင်ချင်လို့ ဒီနေ့ကို ရွေးချယ်ပြသပါတယ်။ ပြီးတော့ ကျနော်တို့ အာရှဒေသကနေ နိုဗဲလ်ငြိမ်းချမ်းရေးဆု ရခဲ့သူတွေကိုတစု တစည်းတည်း မှတ်တမ်းတင် ဂုဏ်ပြုချင်လို့ သူတို့ပုံတွေကိုပဲ ရွေးပြီး ဆွဲခဲ့တာပါ” လို့ ပန်းချီ ကြည်ဝင်းက ပြောပြပါတယ်။
ပန်းချီဆရာကြီး ဦးသုခဆီမှာ ပန်းချီပညာ သင်ယူခဲ့တဲ့ ပန်းချီကြည်ဝင်းက သူငယ်ချင်းဖြစ်သူရဲ့ သတ္တုပြား ရင်ထိုး တံဆိပ်လေးကို တွေ့ခဲ့ရာက အခုလို စတီးပြားပေါ် ပုံတွေဆွဲဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။
စတီးပြားပေါ် ပုံတွေပေါ်လာအောင် ဆေးတွေနဲ့ ခြယ်သဖို့ လွယ်ကူတယ်လို့ ထင်ရပေမယ့် ပြောင်ချောနေတဲ့ မျက်နှာပြင်ပေါ် ဆေးတွေ ရေရှည်ထင်ကျန်နေအောင် လုပ်ဖို့ အဆင့်တွေ အများကြီး ဖြတ်ကျော်ပြီး ရေးခြယ်ရတာဟာ လက်ဝင် လှတယ်လို့ ပန်းချီဆရာက ဆိုပါတယ်။
ပထမဆုံးအနေနဲ့ စတီးပြား ပြောင်ချောချောပေါ်မှာ ကိုယ်လိုချင်တဲ့ ပုံတူကိုကပ်ဖို့ ကွန်ပြူတာနဲ့ ဒီဇိုင်းကို အရင်ဆွဲရပြီး ပလတ်စတစ်သားနဲ့ စတစ်ကာဖောက်ပြီး ကပ်ရတယ်လို့ သူက ပြောပါတယ်။
“အမြင်မှာတော့ စတစ်ကာ ဖောက်ပြီး ကပ်လိုက်တာ လွယ်လွယ်လေးပဲ။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ အလင်းအမှောင်တွေ ရဖို့ စဉ်းစားလုပ်ရတာ တော်တော် ခေါင်းစားသလို ဒီစတစ်ကာကြီးကို စတီးပြားပေါ် အချိုးကျ ကပ်ဖို့ မရွဲ့မစောင်းဖို့က တော်တော် လက်ဝင်တယ်” လို့ သူက ပြောပါတယ်။
စတီးပြားပေါ် လိုချင်တဲ့ပုံကိုကပ်ပြီးလို့ မလိုအပ်တဲ့ အပိုင်းအစတွေ ဖယ်ထုတ်ပြီး ပန်းချီဆရာ လိုချင်တဲ့ အနေအထား ရပြီဆိုရင်တော့ အက်ဆစ်ရေတွေကို စတီးပြားပေါ် ဖြည်းဖြည်းချင်း လောင်းချပါတယ်။ အက်ဆစ်ရဲ့ အစွမ်းကြောင့် စတစ်ကာ မကပ်ထားတဲ့ စတီးပြား မျက်နှာပြင်ဟာ ကြမ်းရှရှ ဖြစ်သွားပြီး ဆေးခြယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အက်စစ်တွေကို သန့်စင်၊ စတီးပြားကို ခြောက်သွေ့စေပြီး မှုတ်ဆေးအနက်ရောင်ကို အသုံးပြုလို့ အရောင်တွေ ဖြည့်စွက်ပါတယ်။ အဲဒီနောက် ကပ်ထားတဲ့ စတစ်ကာအပိုင်းအစတွေကို ဂရုတစိုက် ခွာယူပြီး သန့်စင်လိုက်ချိန်မှာတော့ လှပတဲ့ အဖြူအမည်း ပုံတူပန်းချီကားတချပ်ကို တွေ့ရတော့တာပါပဲ။
စတီးပြားပေါ်က ပုံတူတွေဟာ တွေ့နေ မြင်နေကျ အဖြူအမည်း ပုံတူတွေနဲ့ မတူ၊ ပြောင်ပြောင်လက်လက်တပိုင်း၊ မှုန်မည်းမည်းတပိုင်းနဲ့မို့ ကြည့်ရသူတွေကို ထူးခြားတဲ့အမြင် ပေးစွမ်းနေပါတယ်။
သူရေးဆွဲထားတဲ့ ပုံတူပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ မာလာလာ၊ တရုတ်နိုင်ငံသား လူ့အခွင့်အရေးသမား လျူရှောက်ဘို စသူတွေဟာ ကမ္ဘာက သံမဏိ လူသားတွေရယ်လို့ အမွှမ်းတင် လေးစားကြသူတွေမို့ သံမဏိပြားကိုမှ တမင်ရွေးလို့ ပိတ်ကားအဖြစ် အသုံးပြုလေသလားလို့ ထင်စရာပါ။
သေသပ်ခမ်းနားတဲ့ လက်ရာအကြောင်း ပြောမိတော့ ပန်းချီဆရာက သူ့လက်ရာတွေကို အားရကျေနပ်မိပေမယ့် ဒီပုံတူတွေဟာ သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး သံမဏိပြားပေါ် ရေးဆွဲခြင်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
“ပုံတွေလုပ်ရတာ အားရပေမယ့် တအားလက်ဝင်တာရယ် ကုန်ကျစရိတ် များတာရယ်ကြောင့် နောင်ကျရင် ဒီလို ထပ်ဆွဲဖြစ်ဖို့ ကျနော့်ကိုယ် ကျနော် အာမမခံရဲဘူး။ ဒါတွေက ကျနော့်ရဲ့ စတီးပြားပေါ် ရေးတဲ့ပုံတူတွေလည်း ဖြစ်ချင်ဖြစ်သွားမယ်” လို့ ပန်းချီ ကြည်ဝင်းက ဆိုပါတယ်။
ဒီစတီးပြားပေါ်က ပုံတူတွေကို ရန်ကုန်မြို့ လောကနတ် ပန်းချီပြခန်းမှာလည်း နိုဝင်ဘာလအတွင်းက ပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပန်းချီကား စုဆောင်းသူတွေအတွက်လည်း ပုံတူကားတချပ်ကို အမေရိကန် ဒေါ်လာ ၄၅၀၀ နဲ့ ရောင်းချပေးမယ် လို့လည်း သိရပါတယ်။