ဆောင်းပါး

People of 2015

This article has been converted from Zawgyi One to Unicode

၂၀၁၅ ခုနှစ်သည် မြန်မာပြည်အတွက် အရေးကြီးသောနှစ် ဖြစ်သည်။ ဒီမိုကရေစီ တည်ဆောက်ရေးတွင် အခြေခံအကျဆုံး အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ပြည်တွင်းပြည်ပရှိ မြန်မာ မဲဆန္ဒရှင် အများအပြားက ကြိုက် နှစ်သက်ရာ ပါတီကိုယ်စားလှယ်များအား လွတ်လပ်စွာ မဲပေးရွေးချယ်နိုင် ခဲ့ကြသည်။ ထိုသို့ အရေးပါသောနှစ်အတွင်း ထူးခြားထင်ရှားပြီး လူအများ စိတ်ဝင်တစားဖြစ်ကြသူ ပုဂ္ဂိုလ်များ အား ဧရာဝတီသတင်းအဖွဲ့မှ ရွေးချယ်ဖော်ပြအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်

People of 2015 ၂၀၁၅ ခုနှစ်မှာ အရေးကြီးဆုံး ဖြစ်ရပ်က ရွေးကောက်ပွဲဆိုရင် ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်နဲ့ ပြည်သူ က ထောက်ခံတင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေး အပါဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ခေါင်းဆောင်ကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အစိုးရကို ခေါင်းဆောင် မယ့် သမ္မတရာထူးဖြစ်ခွင့် ပိတ်ပင်ထားတာကြောင့် “သမ္မတအထက်” မှာ သူ ရှိနေမယ်လို့ဆိုခဲ့ပါတယ်။ အစိုးရသစ် အကူးအပြောင်းကာလ တည်ငြိမ်ချောမွေ့စေရေး၊ ထွက်ရတော့မယ့် သမ္မတဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီး အများမမျှော်လင့်ထားတဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဦးသန်းရွှေ မြေး နေရွှေသွေးအောင်ကို အရင် လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် တိုင်းပြည် ခေါင်းဆောင်အဖြစ် အားလုံးလက်ခံဖို့ တိုက်တွန်းလိုက်တယ်လို့ဆိုတာ ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး ဥပဒေကြောင်းအရ လမ်းပွင့်သွားနိုင်မလားလို့ မျှော်လင့်စရာ ပိုတိုးလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် ပထမဆုံးလုပ်မယ့် အလုပ်တွေထဲမှာ တိုင်းရင်းသားဒေသတွေမှာ ရေရှည်တည်မြဲမယ့် ငြိမ်းချမ်းမှု တည်ဆောက်ရေးပါ။ ဒီအရေးမှာ ဦးသိန်းစိန် အစိုးရလက်ထက် အကောင် အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့၊ ကျန် လက်မှတ်မထိုးတဲ့ အဖွဲ့ တွေနဲ့ အပစ်ရပ်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ကိုးကန့်၊ ကချင်၊ ရှမ်း အပါအဝင် တိုင်းရင်းသားတွေနဲ့  တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ ဒေါ်အောင် ဆန်းစုကြည်က တစုံတရာ မှတ်ချက်မပေးခဲ့လို့ တိုင်းရင်းသားတွေဘက်က ဒေါ်အောင်ဆန်းစု ကြည်အပေါ် အမြင်မကြည်လင်မှုတွေ ရှိခဲ့ပါတယ်။ တနိုင်ငံလုံး အပစ် ရပ်စဲရေးစာချုပ် တိုင်းရင်းသား ၈ ဖွဲ့နဲ့ အစိုးရအကြား ချုပ်ဆိုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့နဲ့ စာချုပ် ချုပ်ဆိုတာက တနိုင်ငံလုံး အပစ်ရပ်စဲရေးလို့ မဆိုနိုင်ဘူးလို့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် သဘော ထားပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ကျောင်းသားသပိတ်နဲ့ ကင်းကင်း နေတဲ့အတွက် အဝေဖန်ခံရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေ ရွေးကောက်ခံပါတီ ကိုယ်စားလှယ်ဖြစ်သွားသူတွေ ပါဝင်တာမို့ အောက်ခြေလူထုနဲ့ ပိုပြီးနီးစပ်ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုတဲ့ မျှော်လင့် ချက်တွေ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

39

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနဲ့ အလားတူ အာဏာရှိတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပါ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာတဲ့ အစိုးရသစ်နဲ့ ဘယ်လိုအလုပ်ပူးပေါင်း လုပ်ဆောင်မလဲဆိုတဲ့တာဝန် လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပခုံးပေါ် ကျလို့လာပါတယ်။ တပ်ချုပ် အနေနဲ့ ဦးသိန်းစိန်အစိုးရနဲ့ နီးစပ်ခဲ့ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်တဲ့ ပါတီကို မဲထည့်ကြဖို့ ဆော်ဩခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကိုလက်ခံပြီး အစိုးရသစ်နဲ့ အလုပ်တွဲလုပ်မယ်လို့ ဆိုပါတယ်။ နယ်စပ်အရေးမှာတော့ ကိုးကန့်မှာ စစ်ပြန်ဖြစ်ပြီး တရုတ်နဲ့ ဆက်ဆံရေး တင်းမာခဲ့တယ်။ ဒါပေမယ့် စက်တင် ဘာလထဲ အစ္စရေးနိုင်ငံ လေနဲ့ ရေတပ် စစ်စခန်းတွေနဲ့ စစ်လက်နက်စက်ရုံတွေကို သွားရောက်ခဲ့ပြီး အစ္စရေး ထုတ် ကမ်းခြေစောင့်စပိဒ်ဘုတ်တွေဝယ်ဖို့ ပြောနိုင်ခဲ့တယ်။ အစိုးရသစ် နဲ့ အဆင်ပြေရင် သက်ပြည့်အငြိမ်းစား မသွားခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပင်တဂွန်ရောက်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ ရှေ့နှစ်မှာ အသက် ၆၀ ပြည့်မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနား ယူ မယူကလည်း အများစိတ်ဝင် စားတဲ့အကြောင်းတရပ်ပါ။ သူ့ရှေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သက်တမ်းတိုးတဲ့ အစဉ်အလာကလည်း ရှိထားဖူးပါတယ်။ လက်ရှိ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနာဂတ် တိုင်းပြည်ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံဖို့ တိုက် တွန်းချက်အပေါ် တပ်ချုပ်အနေနဲ့ ဘာမှသဘောထားအမြင် မပြောပါဘူး။ သူနဲ့ မနီးစပ်တဲ့ သူရဦးရွှေမန်းရဲ့ကြားဝင်မှုကို သဘောမတွေ့သော်လည်း သူ့ဆရာဟောင်းရဲ့ လိုအင်ဆန္ဒကို မျက်နှာလွဲခဲပစ် ဥပေက္ခာပြုမှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။

ဦးဆက်အောင်

38

စစ်ဘက်အသိုင်းအဝိုင်းက ရှားရှားပါးပါးပြုပြင်ပြောင်းလဲ ရေးအကောင်အထည်ဖော်တဲ့ ခေတ်ပညာတတ် တွေထဲမှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင် ခေါ် ဝင်စတန် ဆက် အောင်ကို စီးပွားရေးပညာရှင် အသိုင်း အဝိုင်းက အမှတ်ပေး ကြတယ်။ ငွေကြေးနဲ့ ဘဏ်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ် ကျွမ်းကျင်တာ ကြောင့် အရပ်ဘက်တပိုင်း စစ်သား တပိုင်း ဦးသိန်းစိန်အစိုးရလက်ထက် ဗဟိုဘဏ်ရဲ့ငွေကြေးနဲ့ ဘဏ်စနစ် ပြုပြင် ပြောင်းလဲရေးမှာ အရေးပါသူ ဖြစ်လာ တယ်။ နိုင်ငံခြားငွေကြေး လဲလှယ်ခွင့်နဲ့ ဘဏ်တွေအပေါ် တင်းကျပ်ထား တာတွေ ဖြေလျှော့ပေးတယ်ဆိုပေမယ့် ဗဟို ဘဏ် အုပ်ချုပ်ရေးမှာ ရှေးရိုးစွဲတွေကို မလွန်ဆန်နိုင်ဘဲ ပြုပြင် ပြောင်းလဲရေး သိပ်ခရီးမတွင်ဘူးလို့ ဝေဖန်တာတွေ ရှိပါတယ်။ အစိုးရလိုငွေကို ရိုက်နှိပ်ထုတ်ပေး နေရဆဲဖြစ်ပြီး နိုင်ငံခြားအရန်ငွေတွေကို သွင်းကုန်အတွက် ပုဂ္ဂလိကတွေ လိုရင် ရောင်းပေးနေတာကို ထောက်ပြဝေဖန်ကြပါ တယ်။ သူရဦးရွှေမန်းကို ပါတီတွင်း အာဏာသိမ်းမှုဂယက်ကြောင့် ဘဏ်တွေဆီက အပ်နှံငွေတွေ ပြန်ထုတ်ယူ ကြမှုကို ပြန်ငြိမ် အောင် အာမခံကိုင်တွယ်နိုင်ခဲ့မှုကတော့ ဦးဆက်အောင် အတွက် အမှတ်ရစရာဖြစ်တယ်။ အစိုးရအဖွဲ့ကို စီးပွားရေး ပညာရပ်ဆိုင်ရာ အထောက်အကူပေးနေတဲ့ Myanmar Development Resource Institute ရဲ့ တည်ထောင်သူ တဦးလည်းဖြစ်တဲ့ ဦးဆက်အောင်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အစိုးရသစ်ကလည်း ထည့်သွင်း စဉ်းစားမယ်ဆိုလည်း အကျိုးနည်းစရာမရှိပါ။

ဦးတင်အေး (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ)

37

နိုင်ငံအပြောင်းအလဲကို အဆုံးအဖြတ်ပေးလိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံးရဲ့အာရုံ စူးစိုက်ခံရပြီး ဝေဖန်မှု၊ ချီးကျူးမှုတွေကို အဆင့်ဆင့်ရရှိခဲ့သူကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပဲ ဖြစ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ဥက္ကဋ္ဌ ဦးတင်အေး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးခဲ့လိမ့်မယ်လို့ အများစုက မယုံကြည်ခဲ့ကြပါဘူး။ သူ့အပေါ် ဒီလိုမယုံကြည်မှုတွေကို မခံမရပ်နိုင်ဖြစ်ခဲ့ကြောင်း မီဒီယာတွေကို ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ မဲစာရင်း အကြိမ်ကြိမ်လွဲမှားမှု၊ ရွေးကောက်ပွဲ ပညာပေးရေးများ မထိ ရောက်မှုတွေကြောင့် ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ဦးတင်အေး ဟာ အကြီးအကျယ် ဝေဖန်ထိုးနှက်ခံခဲ့ရပါတယ်။ မဲရလဒ် အလှည့် အပြောင်းဟာ သူဦးဆောင်တဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာ သမတ်ကျမှုအပေါ် မူတည်တာ ကြောင့် နိုင်ငံတကာ အတိုင်း အတာအထိ ကြီးမားတဲ့ဖိအားတွေကို ဦးတင်အေးတို့အဖွဲ့ ခံခဲ့ရ ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲမှုနဲ့ မဲရေတွက်မှုတွေမှာ ပွင့်လင်းမြင်သာမှု၊ အတတ်နိုင်ဆုံး မျှတအောင် ဆောင်ရွက်ခဲ့မှုတွေ ကြောင့် ချီးကျူးခံရမှုများနဲ့ သူ့ရဲ့ ရွေးကောက်ပွဲဥက္ကဋ္ဌရာထူးကို အဆုံးသတ်ပြနိုင်ခဲ့ပါတယ်။

သူရဦးရွှေမန်း

36

နိုင်ငံရေးမှာ အကောင်းဆုံး အရှုံးသမားက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးသူ၊ တပ်မတော်ရဲ့ အမြင်စောင်းတာခံရသူ ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းဟာ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံ မှာ ပါတီတွင်း အာဏာအသိမ်းခံခဲ့ ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဦးဌေးဦးတို့က ပူးပေါင်းလုပ် ဆောင်ခဲ့ကြတာပါ။ အစိုးရဝန်ကြီးတွေကို ရာထူးမှ အနားပေး၊ တပ်မတော်မှာ အငြိမ်းစားယူတော့မယ် ဗိုလ်ချုပ်တွေကို အနား ပေးပြီး ကြံ့ခိုင်ရေးဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်မှာ ပြန်လည်ထည့် သွင်းကာ ဦးရွှေမန်းနဲ့ နောက်လိုက်တွေ ကို ရှင်းထုတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲမှာမဲအပြတ်အသတ်နဲ့ ရှုံးပါတယ်။ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးရွှေမန်းလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ရှုံးနိမ့် ခဲ့ပေမယ့်လည်း ဦးရွှေမန်းဟာ စိတ်ဓာတ်မကျဘဲ သူ့အရှုံးကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ လွှတ်တော်သစ်ပေါ်ပေါက်ရေး တွေ့ဆုံသဘော တူ ထုတ်ပြန်ပါတယ်။ ပိုပြီးအံ့အားသင့်စရာက ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေး သံတမန်အဖြစ် တိတ်တဆိတ် ဆောင်ရွက်ပေးခဲ့ခြင်းပါ။ ဦးသန်းရွှေမြေး နေရွှေသွေးအောင်ကို ဒေါ်အောင်ဆန်းစုကြည်အိမ် လာလည်စေပြီး ဦးသန်းရွှေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းသွားခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်ကို အနာဂတ် မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် အားလုံးလက်ခံရမယ်ဆိုတဲ့ ဦးသန်းရွှေရဲ့ နှုတ်ထွက်စကားကို သယ် ဆောင်ယူခဲ့ပါတယ်။ သမ္မတလုပ်ချင်တယ်ဆိုခဲ့တဲ့ သူရဦးရွှေမန်းရဲ့ နိုင်ငံရေးအနာဂတ်ဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ကရုဏာပေါ် မူတည် နေပြီး ကြံ့ခိုင်ရေးပါတီကို ပြန်ဦးဆောင်လာနိုင်မလားဆိုတဲ့ မေးခွန်းကလည်း ဦးရွှေမန်းကို စောင့်ကြိုနေပါတယ်။

အရှင် ဉာဏိဿရ

35

ဗုဒ္ဓစာပေ သင်ကြားရေး၊ ပြည်တွင်းပြည်ပ သာသနာပြု လုပ်ငန်းတွေမှာ ဩဇာကြီးမားတဲ့ ဆရာတော်တပါး ဖြစ်တဲ့ သီတဂူဆရာတော် အရှင် ဉာဏိဿရဟာ မဘသ (အမျိုး ဘာသာ သာသနာ ပြန့်ပွားရေးအဖွဲ့) လှုပ်ရှားမှုများကို နိုင်ငံရေးနဲ့ မပတ်သက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သီတဂူဆရာ တော် နိုင်ငံတကာ အတွေ့ အကြုံလည်းများပြီး အမြင်ကျယ်တာမို့ ရွေးကောက်ပွဲလို နိုင်ငံရေးအလှုပ် အယမ်းများတဲ့ ဒီနှစ်ထဲမှာ အငြင်းပွား ဖွယ် ဝေဖန်ခံ နေရတဲ့ မဘသ လှုပ်ရှားမှုတွေကို ဘယ်လိုသဘော ထားသလဲ စိတ်ဝင်စားခဲ့ကြပါတယ်။

သုဝဏ္ဏ အားကစားကွင်းမှာ မဘသက ဦးစီး ကျင်းပပြီး သံဃာထောင်ချီ ြွကရောက်တဲ့ မျိုးစောင့် ဥပဒေအောင်ပွဲ ကို အင်းစိန်ရွာမ ဆရာတော် ဖိတ် ကြားချက်အရ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါ တယ်။ မဘသကို နိုင်ငံရေး မှာ ဝင်မပါဖို့ဟန့်ခဲ့ပေမယ့် အီရန်နိုင်ငံက ဘာသာရေး ခေါင်းဆောင်တွေကို အားကျအတုယူဖို့ တိုက်တွန်းခဲ့လို့ နိုင်ငံရေးမှာ ဘာသာရေးဩဇာ ကင်းလွတ်စေချင်သူများအကြား ဝေဖန်ဆွေးနွေးစရာ ဖြစ်ခဲ့ရပါတယ်။ မျိုးစောင့် ဥပဒေ၊ လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာတွေနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် ဝေဖန်ခံနေရတဲ့ မဘသရဲ့ လှုပ်ရှား မှု အားကောင်းခြင်း၊ မကောင်းခြင်းဟာ သီတဂူဆရာ တော်တို့လို ဩဇာအာဏာကြီးမားတဲ့ ရဟန်းတော် တွေရဲ့ ထောက်ခံမှု၊ မထောက်ခံမှုလည်း ပါဝင်ခဲ့တာ ကြောင့် သီတဂူဆရာတော်ဟာ မီဒီယာများနဲ့ လူ့ အခွင့်အရေး လှုပ်ရှားသူများရဲ့ အာရုံစိုက်ခြင်းကို အထူးခံခဲ့ရတာ ဖြစ်ပါတယ်။

ဝေဠုကျော်

33

နိုင်ငံအတွင်း ဘေးအန္တရာယ် ကျရောက်ရာနေရာတိုင်း မှာ ကူညီကယ်ဆယ်ရေးအတွက် ရှေ့ဆုံးက ရောက် ရောက်နေ တတ်တဲ့ ဝေဠုကျော်ဟာ ပရဟိတမင်းသားအဖြစ် ပြည်သူ လူထုရဲ့အသိအမှတ်ပြု ဂုဏ်ပြုခြင်းခံထား ရပါတယ်။ ရုပ်ရှင် သရုပ်ဆောင်တဦးလည်းဖြစ်တဲ့ ဝေဠုကျော်ဟာ ဝေဠုကျော် ဖောင်ဒေးရှင်း တည်ထောင်ကာ လူထုအကျိုးပြုလုပ်ငန်းတွေ ကို တစိုက်မတ်မတ် လုပ်ဆောင်နေသူပါ။ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့ တဲ့ ကိုးကန့်ဒေသ တိုက်ပွဲများ အတွင်း ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင်စခန်းတွေကို သွား ရောက်ခဲ့တာ၊ ဇွန်လအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုတွေ မှာလည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တာတွေက သူ့ကို ပိုထင်ရှားစေခဲ့ပါတယ်။ သွေးလှူဒါန်းခြင်း၊ နာရေး ကူညီမှု စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အမြဲတမ်း ရှေ့က ပါဝင်နေခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း တွေ့ရတတ် ပေမယ့် ပါတီနိုင်ငံရေးလှုပ်ရှားမှု တွေမှာ ဝင်ရောက်ရောနှော ပါဝင်ခြင်း မတွေ့ရတာက သူ့ရဲ့ပရဟိတ သက်သက် စိတ်ရင်းကို ပိုမိုပီပြင်စေခဲ့ပါတယ်။

ဦးကျော်သူ (နာရေးကူညီမှုအသင်း)

29

ရုပ်ရှင်မင်းသား ကျော်သူရဲ့ ဦးဆောင်မှုဖြင့် ပေါ်ပေါက်လာတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင် ခဲ့တာ လာမယ့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၆ တိုင်ခဲ့ပါပြီ။ ပြည်တွင်း၊ ပြည်ပ အလှူ ငွေနဲ့သာ ရပ်တည်နေရတဲ့ နာရေးကူညီမှု အသင်းရဲ့ ကွန်ရက်ဖြန့်ကြက်မှုကလည်း မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ ပျံ့နှံ့လို့နေပါပြီ။ အာရှတိုက်ရဲ့ နိုဘယ်ဆု အဖြစ် တင်စားခေါ်ဝေါ်ကြတဲ့ ရေမွန်မက် ဆေးဆေးဆု Ramon Magsaysay Award  ကို အခု ၂၀၁၅ ခုနှစ်အတွက် ၅ ဦး ရွေးချယ် ချီးမြှင့်လိုက်တဲ့ အထဲမှာ ဦးကျော်သူလည်း ပါဝင်ပါတယ်။

ရုပ်ရှင်လုပ်ငန်း ၇ နှစ်ကြာ ရပ်နားထားခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်စ ပိုင်းလောက်မှာ ရုပ်ရှင်ပြန်လည်ရိုက်ကူးပါတယ်။ ပထမဆုံးအနေနဲ့ မင်းသိင်္ခ ရေးသားခဲ့တဲ့ ဆားပုလင်းနှင်းမောင်နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဝတ္ထုမှာ သုဘရာဇာအလုပ်လုပ်တဲ့ ပရော်ဖက် ဆာ ဒေါက်တာဆိတ်ဖွားနေရာကနေ ပါဝင်သရုပ်ဆောင်တယ်။ အဲဒီ ရုပ်ရှင်ဇာတ်ကားအပြင် ဂျပန်ခေတ်က တောင်သူလယ်သမားတွေရဲ့ ဘဝပုံရိပ်ကို ပုံဖော်ရိုက်ကူးထားတဲ့ “ငဘ” ဇာတ်ကားနဲ့ “ဝိညာဉ်စိမ်း” ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပါတယ်။

ဦးဇော်ဇော်

32

ဘောလုံးလောက ဖွံ့ဖြိုးရေးမှာ သဘောကျသူ များတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မက်စ် မြန်မာ ဦးဇော်ဇော် ဟာ ဒီနှစ်ထဲ အာဆီယံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းရပါတယ်။ နယူးဇီလန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၅ (U-၂၀) ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ လူငယ်ဘောလုံးအသင်း ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရဖို့အတွက် ဦးဇော်ဇော်ဟာ အပင်ပန်းခံခဲ့သူ ဖြစ်တယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကို ၃ နှစ်ဆက်တိုက် တာဝန်ယူဆောင်ရွက်နေတဲ့ ဦးဇော်ဇော် လက်ထက်မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ အာဆီယံအကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါ တယ်။

ဦးဇော်ဇော်ဟာ ခရိုနီလို့ သတ်မှတ်ခံရတဲ့သူတွေထဲမှာ NLD  ကို ဗြောင်ထောက်ခံပါတယ်။ ရေဘေးကယ်ဆယ် ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း ပါဝင်ကူညီခဲ့ပါ တယ်။ ဒါတွေအပြင် ရန်ကင်းကလေး ဆေးရုံမှ နှလုံးခွဲစိတ်ကုသမယ့် ကလေးငယ်တွေ၊ တခြားကုသမှုတွေအတွက် ဆေးကုသ စရိတ်တွေ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ ပေါ်ထွက်လာတဲ့ ခရိုနီသူဌေးတွေ အနက် ဦးဇော်ဇော်ဟာ အစိုးရသစ်တက်လာချိန်မှာ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာ စံချိန်စံညွှန်းမီ ပြုပြင်ပြောင်းလဲ လုပ်ဆောင်လိုသူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ဧပြီလမှာ နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Novotel Hotel  ကို ရန်ကုန်မြို့မှာ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

ဒေါက်တာ ကျော်သူ

31
ဒေါက်တာ ကျော်သူဟာ “ပေါင်းကူး” အဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်ပြီး ပေါင်းကူးအဖွဲ့ဟာ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေ အားကောင်းလာအောင် ကူညီထောက်ပံ့မှုတွေ၊ စွမ်း ဆောင်ရည် မြှင့်တင်ပေးတာတွေကို အဓိကထား လုပ်ဆောင် နေပါတယ်။ ဒေါက်တာကျော်သူ ဦးဆောင်တဲ့ ပေါင်းကူးအဖွဲ့ ဟာ အမျိုးသားပညာရေး ဥပဒေကို ဒီမိုကရေစီနည်းလမ်းကျကျ ပေါ်ထွက်လာဖို့၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြား အမြန် ဆုံး ငြိမ်းချမ်းရေးရရှိဖို့၊ လယ်မြေသိမ်း တောင်သူ တွေရဲ့ဘဝ အမှန်အတိုင်းဖြစ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်နိုင်ဖို့ စတဲ့လှုပ်ရှားမှုတွေမှာ တစိုက်မတ် မတ် လုပ်ဆောင်နေပါတယ်။

ဒီနှစ်ထဲမှာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်တဲ့ အစိုးရ၊ လွှတ်တော်၊ NNER  နဲ့ ကျောင်းသား ကိုယ်စားလှယ်များရဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဒေါက်တာ ကျော်သူဟာ Morderator   အဖြစ် ဆောင်ရွက်တာကအစ အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို ရွေးကောက်ပွဲ ပညာပေးရေး၊ စောင့်ကြည့်လေ့လာရေးတို့ အတွက် ထိရောက်တဲ့ အထောက်အပံ့တွေ ပေးတဲ့အထိ တက်ြွကစွာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

ဦးချစ်ခိုင်

34

မြန်မာ့ ထိပ်တန်းစီးပွားရေးသမားတွေဟာ ဘယ်အဆက်အသွယ်နဲ့ ဘယ်ခလုတ်ကို ဘယ်လိုနှိပ်ရမလဲဆိုတာ သိဖို့လိုပါတယ်။ စီးပွားရေးသမားကြီးများထဲ မြန်မာ့နိုင်ငံရေး အရွေ့ကို လူလုံးမပြဘဲ နိုင်ငံရေးအရွေ့ကို အကောင်းဘက် ရောက်အောင် ကြိုးစားရွှေ့နေသူက ဧဒင် ဦးချစ်ခိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ တို့ တွေ့ဆုံပွဲ ဖြစ်မြောက်ရေး နောက်ကွယ်က ဝိုင်းဝန်းစီစဉ်ပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ လူမှုရေး၊ နိုင်ငံရေးအရ ခင်မင် ရင်းနှီးမှုမပြတ်သူ ဖြစ်ပါတယ်။ တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း များဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဦးရွှေမန်း၊ ဦးသိန်းစိန်တို့နဲ့လည်း ရင်းနှီးပါတယ်။ ဧဒင်အုပ်စုကို တည်ထောင်ခဲ့တဲ့ ဦးချစ်ခိုင်ဟာ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုမှာ အင်းစိန် မြို့နယ်က ပါဝင်လှုပ်ရှားခဲ့ပြီး ဧဒင်လို့ လူသိများတဲ့ စားသောက်ဆိုင်လေးကို ဖွင့်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပတ်သက်ခဲ့လို့ အင်းစိန်အကျဉ်းထောင် ခဏဝင်ခဲ့ရ ပါတယ်။ အကျဉ်းထောင်က ပြန်ထွက်လာပြီး စီးပွားရေးကို ဇောက်ချ လုပ်ခဲ့ပြီး ထိပ်တန်း စီးပွားရေးသမားတဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးကို အစဉ်မပြတ် စောင့် ကြည့် လေ့လာနေခဲ့ပြီး ပြန်လည်ပွင့်လင်းလာတဲ့ နိုင်ငံရေးအကူးအပြောင်းကာလမှာ NLD ကို ထောက်ပံ့ကူညီမှုတွေ လည်း လုပ်ခဲ့ပါတယ်။

ဒေါ်သန်းမြင့်အောင်

30

ပရဟိတလုပ်ငန်းလို့ ဆိုတာနဲ့ ဒေါ်သန်းမြင့်အောင်ကို ပထမဆုံး ပြေးမြင်တတ်ကြတယ်။ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ HIV ပိုး ကူးစက်ခံ မိဘမဲ့ကလေးများဂေဟာ၊ “အောင်” ဖောင်ဒေးရှင်း လူမှုဝန်းကျင် နှင့် ပရဟိတသင်တန်းကျောင်းကို တည်ထောင်ခဲ့သူပါ။ နာရေးကူညီမှုအသင်း၊ အောင်မြေ ပညာဒါနကျောင်း၊ အနာကြီးရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့် ရောဂါသည် မိသားစုများဘဝ ရှင်သန် ရပ်တည် ရေး၊ စိတ်ရောဂါ အထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ်ရှာဖွေရေး စတဲ့ ပရဟိတလုပ်ငန်းတွေ လည်း လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါတယ်။

တဖက်ကလည်း စာရေးဆရာမတဦး ဖြစ်ပါတယ်။ ၂၀ဝ၂ ခုနှစ်က “သဏ္ဌာန်မဲ့ထုထည်” ဝတ္ထုတို ပေါင်းချုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာတွေ့ရှိရတဲ့ အဖြစ် အပျက်တွေကို စာပေနဲ့ သရုပ်ဖော်ရေးသားနေသလို စာသင်ကျောင်းတွေနဲ့ စာပေဟောပြောပွဲများမှ တဆင့် ပရဟိတစိတ် ထွန်းကား ရေး၊ စာရိတ္တကောင်းမွန်ရေး၊ ဘဝကို တန်ဖိုးရှိစွာအသုံးချရေး တိုက်တွန်းဟောပြောနေပါတယ်။

လက်တလောမှာတော့ ဒေါ်သန်းမြင့်အောင်က စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေရဲ့ အသက်ကြီးလာတဲ့နောက် ဘဝ နေဝင်ချိန်မှာ ခိုကိုးရာမဲ့ခဲ့သည်ဖြစ်စေ၊ လုပ်ဆောင်ခဲ့ဖူးတဲ့ အနုပညာလုပ်ရပ် တွေကို သတိတရရှိစေဖို့ဖြစ်စေ စတဲ့ရည်ရွယ်ချက်တွေနဲ့ “အနုပညာ ဆည်းဆာ” ဘိုးဘွားရိပ်သာတခုကိုလည်း အခြားသော အနုပညာ ရှင်တွေနဲ့အတူ တည်ထောင်နေပါတယ်။

MVoter 2015 Application

28

ပွင့်လင်းလာနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးနဲ့အတူ မိုဘိုင်းဆက်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ် ခေတ်မှာ အိုင်တီသမား လူငယ်တွေ အပြိုင်းအရိုင်း ပေါ်ထွက်လာနေပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီကာလတွေမှာ ရွေး ကောက်ခံ အထောက်အကူပြု MVoter Appli-cation က ပြောစမှတ်ပြုစရာ ဖြစ်ခဲ့ပါတယ်။

MVoter Appli-cation ကို တက္ကသိုလ်ကျောင်း သား ၅ ယောက်ရဲ့ Pop Stack  လူငယ်အဖွဲ့က တီထွင် ထားတာဖြစ်ပါတယ်။ မြတ်မင်းစိုး၊ ဖြိုးမင်းသူ၊ အောင်ကျော်ပိုင်၊ ရဲမင်းထွဋ်နဲ့ ကောင်းမြတ်လွင်တို့ရဲ့ အဖွဲ့ဟာ ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလ အတွင်းက ရန်ကုန်အခြေစိုက် အိုင်တီသမားများ ဆုံရပ် “ဖန်တီးရာ” မှာပြုလုပ်ခဲ့တဲ့ “မဲပေးစို့”  Hack Challenge  နည်းပညာပြိုင်ပွဲမှာ ပထမဆု ရခဲ့ပါ တယ်။ အဲဒီပြိုင်ပွဲမှာ လူငယ် နည်းပညာသမား ၁၀ဝ ခန့်ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်က အချက်အလက် တွေအပေါ် အခြေခံပြီး မဲဆန္ဒရှင်တွေအတွက် ဖုန်းကပဲဖြစ်ဖြစ် ကွန်ပျူတာကနေပဲဖြစ်ဖြစ် အလွယ်ကူဆုံး ကြည့်ရှုနိုင်တဲ့ Application  တွေကို တီထွင်ဖန်တီးပေးကြရတာ ဖြစ်ပါတယ်။

MVoter 2015 Application  ဟာ အခမဲ့ Application  တခုဖြစ်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဝက်ဘ်ဆိုဒ် (http://www.uec-myanmar.org)  က အချက်အလက် တော်တော် များများကို ပိုမိုလွယ်ကူ မြန်ဆန်အောင် လုပ်ထားတာ ဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေ မဲစာရင်း ဘယ်လို စစ်ရမယ်၊ ကိုယ်သိချင်တဲ့ မဲဆန္ဒနယ်မြေမှာ ဝင် ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် ပယ်မဲမဖြစ် အောင် ဘယ်လိုမဲပေးရမယ် စတဲ့ မဲအသိပညာပေး သတင်းအချက်အလက်တွေကိုပါ မြန်မြန် ဆန်ဆန် ရှာဖွေနိုင်ပါတယ်။

အထူးသဖြင့် နိုင်ငံရပ်ခြားမှာရှိတဲ့ မဲဆန္ဒရှင်တွေ အတွက် တော်တော်အသုံးဝင်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဖြစ်စဉ်တွေအကြောင်း သတင်းရေး သားကြတဲ့ သတင်းသမား တော်တော်များများလည်း ဒီ MVoter 2015 Application  ကို အသုံးပြုပြီး ရွေးကောက်ခံအမတ်လောင်းတွေအကြောင်း ရှာဖွေ ခဲ့ကြပါတယ်။

ဒေါက်တာ သိန်းလွင်

24

ဒေါက်တာသိန်းလွင်ဟာ မသန်စွမ်းကလေးငယ် များ တန်းတူပညာသင်ခွင့် ရရှိရေး၊ တိုင်းရင်းသား ကလေးငယ် များ ဘာသာစကားသင်ကြားခွင့်၊ ပညာ ရေးအသုံးစရိတ် တိုးမြှင့်ရေး စတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တို့ကို တစိုက်မတ်မတ် လုပ် ဆောင်ခဲ့ပါတယ်။ NLD ပါတီရဲ့ ပညာရေးကဏ္ဍ တာဝန်ခံဖြစ်ခဲ့ပေမယ့် ကျောင်းသားများ သပိတ်မှောက် တောင်းဆိုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ပါတီ ခွင့်ပြုချက်မယူဘဲ တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပါတီကနေ ထုတ်ပယ်ခံရပါတယ်။

ဒါပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်း စည်းထားတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာကွန်ရက် NNER မှာ ဒေါက်တာ သိန်းလွင် ဆက်လက် ပါဝင်ပြီးတော့ အစိုးရက လုပ်ဆောင်နေတဲ့ ပညာရေးစနစ်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြနေပါတယ်။  ဒေါက်တာသိန်းလွင်ဟာ မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု တိုက်တွန်းမှုနဲ့ လှုပ်ရှားမှုတွေကို ပိုမိုအားစိုက် ဆောင်ရွက်လာခဲ့သလို အစိုးရပိုင်း အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ၊ တိုက်တွန်းမှုများ ပိုမိုပြုလုပ်လာတာ ယနေ့အချိန်အထိ ဖြစ်ပါတယ်။

ဒေါ်ဝင်းဝင်းတင့်

22
ငါးပွက်ရာငါးစာချတဲ့ စီးပွားရေးသမားတွေထဲမှာ ဒေါ်ဝင်းဝင်းတင့် မပါဘူး။ ထိပ်တန်း စီးပွားရေး အများစုလို ဘဏ်၊ လေကြောင်းလိုင်း၊ ဟိုတယ်၊ အိမ်ခြံမြေ၊ ကျောက်စိမ်းတွင်း စတဲ့ လုပ်ငန်းစုံမလုပ်ဘဲ လက်လီအရောင်း လုပ်ငန်းဖြစ်သည့် City Mart Holdings ကိုသာ တစိုက် မတ်မတ် ကြီးထွားအောင်လုပ်ခဲ့သူပါ။ အခုဆို အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ City Mart Holdings ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ဟာ City Mart စူပါမားကက် ၂၂ ခု၊ Ocean   စူပါဈေးဝယ်စင်တာ ၇ ခုနဲ့ City Express  လူသုံးကုန် ပစ္စည်းဆိုင် ၅၂ ဆိုင်နှင့် လုပ်ငန်း ခွဲပေါင်း ၁၀ဝ ကျော်ကို ဦးစီးနေပါတယ်။ အလုပ်သမား ၅၅၀ဝ ကို စီမံခန့်ခွဲနေရပြီး ၅ နှစ်အတွင်း အရောင်း တိုးတက်မှုပမာဏ ၂၅ ရာခိုင်နှုန်း က ၃၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စုစုပေါင်း အရောင်းပမာဏ အမေရိကန် ဒေါ်လာ သန်း ၂၀ဝ နီးပါး အထိရောက်ခဲ့ပြီး ဖြစ်တာမို့ နာမည်ကျော် စီးပွားရေး Forbes  မဂ္ဂဇင်းက ၎င်းတို့ နှစ်စဉ်ဖော်ပြပေးနေကျ အာရှက ဩဇာအရှိဆုံး အမျိုးသမီးလုပ်ငန်းရှင် ၅၀ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ “ကျမတို့ ငွေသုံးတဲ့နေရာမှာ သတိထားရပါမယ်။ ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိနေပြီဖြစ်တဲ့ အတွက် ကိုယ်နဲ့မသက်ဆိုင်တဲ့ နေရာအသစ်တွေရဲ့ ဆွဲဆောင်တာကိုလည်း အလွယ်တကူခံရနိုင်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းက တခြားလုပ်ငန်းနဲ့ ပေါင်းလိုက်လို့ အကျိုးမဖြစ်ရင် အဲဒါကိုမလုပ်သင့်ပါဘူး။ အကျိုး အမြတ်တခုတည်းကို ကြည့်ပြီးတော့ စီပွားရေးတခုထဲကို မဝင်သင့်ပါဘူး။ ရေရှည်ကိုလည်း ကြည့်ရပါ မယ်။ အဲဒီလိုမှမဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်” လို့ ဒေါ်ဝင်းဝင်းတင့်က အကြံပြုပါတယ်။

ဦးခင်လှိုင်

25

စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးခင်လှိုင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဖြစ်မလာ ခင်အထိ မီဒီယာတချို့ကလွဲရင် ဘယ်သူက မှ သတိမထားမိခဲ့ပါဘူး။YCDC  ကော်မတီဝင် ဖြစ်လာပြီး နောက်ပိုင်း မြို့တော်စည်ပင်သာယာရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သူရဲ့ လုပ်ဆောင်ချက်၊ အပြောအဆို တွေကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သူပါ။ ၂၀၁၅ ခုနှစ်ထဲမှာ စည်ပင်သာယာရေး ဥပဒေ အပြောင်း အလဲကြောင့် အရပ်သားတချို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။ အဲဒီမှာ ကော်မတီဝင် ၇ အဖြစ် ဦးခင်လှိုင် ပါဝင် လာပြီး “စည်ပင်နဲ့ ပတ်သက် လာရင် ဦးခင်လှိုင်ကို သတိရပါ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အလုပ်စလုပ်ပါတယ်။

သူရဲ့ ဆောင်ရွက်ချက်တချို့ကို ကြည့်လျှင် အေရှားဝေါလ်က သိမ်းယူထားသည့် စည်ပင်ပိုင် ပန်းခြံကို အများ ပြည်သူလက်ထဲသို့ ပြန်ထည့်နိုင်ခဲ့ခြင်း၊ ဗိုလ်တထောင်ဘုရားအနီး အများပိုင်အပန်းဖြေ နေရာဧရိယာ မြေနေရာ ကို ဈေးနှုန်းသက်သာစွာ ငှားရမ်းထားသည့်ကိစ္စ အများသိအောင် ဖော်ထုတ်ခြင်း၊ ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းရန် ထုတ်ဖော်ပြောဆိုခြင်း၊ စည်ပင် ရေပုပ်စုပ်ဌာနကို ပုဂ္ဂလိက လက်သို့ မရောက်ရှိအောင် လုပ်ဆောင်ခဲ့ခြင်းနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် စည်ပင်သာယာရေး ကိစ္စများတွင် ၎င်းထံသို့ ဖုန်းဆက်၊ စာပို့ရုံဖြင့် အဆင်ပြေ အောင် ဆောင်ရွက်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ ဦးခင်လှိုင်ဟာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း ဘိုကလေးမြို့ ကနေ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မနိုင်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကြည့်မြင်တိုင်မြို့နယ်ကနေ ဝင်ပြိုင်ခဲ့ပေမယ့် မနိုင်ခဲ့ပါဘူး။

ဇောတိက သင်္ကန်းတိုက် ပိုင်ရှင်လည်းဖြစ်သူ ဦးခင်လှိုင် အလုပ်သမားတွေနဲ့ ဆက်ဆံရေးမှာတော့ နာမည် ကောင်း မထွက်ခဲ့ပါဘူး။ အလုပ်သမားတွေရဲ့ ၁၀ တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်တွေကို အလုပ်ထွက် ရင် ပြန်မပေးဘဲ သိမ်းထားလို့ မီဒီယာတွေက ဖော်ပြခံခဲ့ရသူပါ။ သူပိုင်တဲ့ ဇောတိကအပြည် ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်အောက်မှာ ဇောတိက သင်္ကန်းတိုက်၊ Myanmar Big Shop Super Mart ၊Tab Book Store ၊ T bit Solution  စတဲ့ ကုမ္ပဏီတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။

ဒေါက်တာ ထွန်းလွင်နှင့် ဦးမောင်မောင်သန်း

သဘာဝဘေးအန္တရာယ်တွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ မိုးလေ ဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထွန်းလွင်ရဲ့ အခန်းကဏ္ဍဟာ ကျယ် ကျယ်ပြန့်ပြန့် ဆက်လက်ပါဝင် နေပါတယ်။ ပြည်သူလူထု အများစုဟာ အစိုးရ မိုး/ဇလ က ထုတ်ပြန်ချက်တွေထက် နေ့နေ့ညည အခါမရွေး အရေးကြီးရင်ကြီးသလို မြေပုံတွေ၊ ဇယားတွေနဲ့ ရေးသားဖော်ပြနေတဲ့ ဒေါက်တာထွန်းလွင်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကိုပဲ ဝိုင်းဝန်းအာရုံ စိုက်ခဲ့ကြပါတယ်။ အင်တာနက် သုံးစွဲသူတွေသာမက မီဒီယာများကပါ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေသဝနဲ့ ရာသီဥတုခန့်မှန်းသုံးသပ်ချက်များကို ထပ်ဆင့်ကူးယူဖော်ပြခြင်း၊ ကိုးကားခြင်း များ  ပြုလုပ်ခဲ့ကြပါတယ်။  ဒီနှစ်ထဲမှာ  မောင်ထွန်းလွင်  (မိုးလေဝသ)  ကလောင်အမည်နဲ့ “ကျနော်နှင့် နာဂစ် – ပန်းနဲ့ပေါက်တာလည်း နာချင်တယ်” စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါ တယ်။
၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မကြုံစဖူး ရေကြီးမှု၊ မြေပြိုမှုများဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု များနဲ့ သက်ဆိုင်ကြောင်း ထောက်ပြခဲ့ကြတဲ့ ပညာရှင်တွေထဲမှာ လူသိများတဲ့ ပညာရှင်တဦးကတော့ သစ်တော ပညာရှင် ဦးမောင်မောင်သန်း ဖြစ်ပါတယ်။ မြေပြိုမှု၊ ရာသီဥတုဖောက်ပြန်မှု၊ သစ်တောများကို အလွန်အကျွံ ခုတ်ယူမှုတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ လေ့လာရှာဖွေချက်တွေ၊ အကြံပေးချက်တွေကို ဇယားတွေ၊ ဂြိုဟ်တု မြေပုံတွေနဲ့တကွ သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ အဆက်မပြတ်တင်ပြခဲ့ပါတယ်။ အငြိမ်းစား သစ်တောပညာရှင်တဦး ဖြစ်တဲ့ ဦးမောင်မောင်သန်းရဲ့ လေ့လာတင်ပြချက်များ၊ အကြံပြုချက်များ အရာထင်ခဲ့ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက ဦးမောင်မောင်သန်းရဲ့ အကြံပြုချက်များကို ရယူပြီး သဘာဝ ဘေးအန္တရာယ် အသိပညာပေးမှု တွေ ထုတ်ပြန်နိုင်ခဲ့ ပါတယ်။ ကလောင်အမည် “မောင်ကို” ဖြင့် စာများ လည်း ရေးသားနေပြီး သစ်တောရေးရာ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများနဲ့ ပတ်သက်လို့ မီဒီယာများကို ဖြေကြားပေးနေပါတယ်။

လှမြတ်ထွန်း

ko Hla Myat Tun

၂၀၁၅ ခုနှစ်ဟာ LGBT အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွေ၊ အသိပညာပေး လုပ်ငန်းတွေကို လူမှု အသိုင်းအဝိုင်းထဲမှာ များများ ပြားပြား ချပြနိုင်ခဲ့တဲ့ နှစ်တနှစ်ဖြစ်ပြီး ဒီလိုဆွေးနွေးပွဲတွေ၊ အသိပညာပေး လုပ်ငန်းတွေနဲ့အတူ လူထုရှေ့ကို ထွက်လာကြသူတွေထဲမှာ LGBT အခွင့်အရေး တက်ြွကလှုပ်ရှားသူ တဦးဖြစ် တဲ့ လှမြတ်ထွန်းလည်း အပါ အဝင် ဖြစ်ပါတယ်။

လှမြတ်ထွန်းဟာ Colors Rainbow LGBT rights organiza-tion ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး LGBT  အသိုင်းအဝိုင်းရဲ့ လူနေမှုဘဝ ပုံစံတွေကို ထင်ဟပ်ပြသတဲ့ &Proud LGBT  ရုပ်ရှင်ပွဲတော်၊ &Proud LGBT ဓာတ်ပုံပြပွဲ စတာတွေကို တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော့ စီစဉ်ပေးနိုင်ခဲ့ပါတယ်။LGBT  ချစ်သူတွေ အပေါ် မြန်မာ့လူမှု အသိုင်းအဝိုင်းရဲ့ လွဲမှားနေတဲ့ အယူအဆတွေကို အနည်းနဲ့အများ ပြောင်းလဲစေခဲ့တယ်လို့ ဆိုကြပါတယ်။

လူ့အခွင့်အရေးနေ့၊ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့၊ ချစ်သူများနေ့ စတဲ့အထိမ်းအမှတ်နေ့တွေလို မျိုးမှာလည်း LGBT  ချစ်သူ တွေအတွက် ပွဲလမ်းသဘင်လိုမျိုးတွေ ကျင်းပပြီး လူထုအသိပညာပေး လုပ်ငန်း တွေကို အစပြုပေးနိုင်ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ပြီးတော့လည်း အခြေခံပညာ သင်ရိုး ညွှန်းတမ်းတွေမှာ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ၂၀၁၆ ခုနှစ်ကစပြီး ပါလာနိုင်အောင် ကြိုးစားဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း နှစ်စဉ်နှစ်တိုင်း ကုလသမဂ္ဂကို တင်ပြရတဲ့ မြန်မာနိုင်ငံရဲ့ UPR အစီရင်ခံစာမှာ LGBT  အရေးကိစ္စကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပေးနိုင်ခဲ့ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြု သွားရောက်ဆွေးနွေးပေးနိုင်ခဲ့ပါတယ်။

ခင်နှင်းကြည်သာ

21

တကိုယ်တော် ပရဟိတသမားများ ကွန်ရက် တည်ထောင် သူ မခင်နှင်းကြည်သာဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ဖြစ်ပွား ခဲ့တဲ့ သဘာဝဘေးအန္တရာယ် အရေး၊ စစ်ဘေးရှောင် ပြည်သူ များ အရေးကိစ္စတွေမှာ ပါဝင်ကူညီခဲ့တဲ့ လူငယ်ပရဟိတ သမားတဦးဖြစ်ပါတယ်။ ယခုနှစ်အတွင်း ရေစတင်လွှမ်းမိုး တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း ကိုယ်တိုင်သွားရောက် လှူဒါန်းမှု တွေ ပြုလုပ်သလို ဧရာဝတီတိုင်း ဟင်္သာတမြို့ ရေဘေး သင့် ဒေသများသို့ ဆန်အိတ်များ၊ ဆေးနှင့် စားစရာများ လှူဒါန်းခြင်း၊ ပဲခူးတိုင်းအတွင်းရှိ သာယာဝတီမြို့မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆန်အိတ်များ လှူဒါန်းခြင်း စတာတွေကို ဆောက်ရွက်ခဲ့ပါတယ်။
၂၀၁၄ ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့တဲ့ မခင်နှင်းကြည်သာဟာ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင် အနောက် ဘက်ရှိ တောင်တန်းဒေသ ဖွံ့ဖြိုးရေး ကို အဓိကလုပ်ဆောင်ခဲ့ပြီး အဲဒီဒေသမှာ ရှိတဲ့ ကျေးရွာများ ဖွံ့ဖြိုးရေး အပါအဝင် ကလေးငယ်များ ကျောင်းပညာသင်ကြား နိုင်ဖို့ ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာ မောင်မောင်သိမ်း

17

အရင် မြန်မာ့အာမခံလုပ်ငန်း မန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာ မောင်မောင်သိမ်းဟာ လက်ရှိအစိုးရ လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာခဲ့သူပါ။ အာဆီယံ ၁၀ နိုင်ငံလုံးမှာ မြန်မာတနိုင်ငံ တည်းသာ မရှိသေးတဲ့ စတော့အိတ်ချိန်းကိုဖွင့်ဖို့ မလွယ်ဘူးလို့ပြောနေသူတွေ အများကြီးရှိခဲ့တဲ့ကြားကနေ မဖြစ်ဖြစ်အောင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ တိုကျို စတော့အိတ်ချိန်း၊ ဂျပန်Daiwa  ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး နည်ပညာနဲ့ အရင်းအနှီး ဖက်စပ်စနစ်နဲ့ ရန်ကုန်စတော့အိတ်ချိန်းကို တည်ထောင်နိုင်အောင် ကြိုးစားခဲ့တာပါ။ စတော့ရှယ်ယာ ဝယ်ယူလိုသူတွေနဲ့ ရောင်းချမယ့် အများပိုင်ကုမ္ပဏီတွေကြား အရောင်း အဝယ် လုပ်ပေးကြမယ့် ဝန်ဆောင်မှုကုမ္ပဏီတွေကိုလည်း ဒီနှစ်ထဲမှာပဲ လိုင်စင်ခေါ်ယူခဲ့ပါတယ်။ ဒီလ ၉ ရက်နေ့မှာတော့ ရန်ကုန်စတော့အိတ်ချိန်းကို အောင်အောင်မြင်မြင်နဲ့ ဖွင့်နိုင်ခဲ့ ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ရွှေ၊ ကား၊ ဒေါ်လာ၊ အိမ်ခြံမြေ စတာ တွေပဲ ရှိရာကနေ အခုဆိုရင် စတော့ ရှယ်ယာတွေမှာ ဝင်ရောက်ရင်းနှီး မြှုပ်နှံလို့ရမယ့် အခွင့်အရေး ပေါ်လာတယ်လို့ ပြောရမှာပါ။ အသစ်စက် စက်ဖွင့်လိုက်တဲ့ စတော့အိတ်ချိန်းအပေါ် စိတ်ဝင်စား မှုတွေကတော့ မြင့်တက်နေကြပါတယ်။ စတော့ရှယ်ယာ အရောင်းအဝယ်တွေနဲ့ အများပိုင် ကုမ္ပဏီဆိုင်ရာ ငွေကြေးရှာဖွေမှုဈေးကွက် အလေ့အထတွေလည်း မထွန်း ကားသေးတဲ့ မြန်မာနိုင်ငံမှာ စတော့ဈေးကွက် ဘယ်လောက်အောင်မြင်မလဲ ဆိုတာကတော့ နောက်အစိုးရ သစ်ရဲ့ မူဝါဒ၊ နည်းဗျူဟာ၊ လုပ်နည်းလုပ်ဟန်နဲ့ ဒါတွေကို အကောင်အထည်ဖော်မယ့် ဘဏ္ဍာရေးဝန်ကြီးဌာန သစ်ရဲ့ တာဝန်ပေါ်မှာ မူတည်နေပါတယ်။

မောင်မိုးပွင့် (ရေကြည်)

18

ဖေ့စ်ဘုတ်စာမျက်နှာထက်ကနေ လူထုနားလည်လွယ်တဲ့ ကာရန်စနစ်၊ စာကြောင်းရေ အနည်း ငယ်မျှသာ အသုံးပြုပြီး စာချိုးကောင်းတာကြောင့် လူသိများထင်ရှားလာတဲ့ ကဗျာဆရာတဦး ဖြစ်ပါတယ်။ နိုင်ငံရေးကဗျာအတိုများကို ရေးဖွဲ့လေ့ရှိပြီး ဒီမိုကရေစီ လိုလားသူများကို ထောက်ခံရေးသားခြင်း၊ လက်ရှိ အုပ်ချုပ်ရေးပိုင်းများမှ အားနည်းချက်ကို ထောက်ပြဝေဖန် ရေးသားခြင်းတို့ကြောင့် Like လုပ်သူ၊ Share သူ များပြားလာပါတယ်။

အောက်တိုဘာလအတွင်း ၎င်း၏ဖေ့စ်ဘုတ်မှာ ရေးသားခဲ့တဲ့ နိုင်ငံရေးကဗျာတွေကို စုစည်းပြီး စနိုက်ပါ ကဗျာများ – ၁ အမည်နဲ့ ဂျာနယ်လစ်စာပေ ထုတ်ဝေရေး (Journalist Publishing) က ဖြန့်ချိထားရှိပါတယ်။ လူသိအများဆုံးနဲ့ ရေပန်းအစားဆုံး ကဗျာတပုဒ်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ကို ရည်ညွှန်းထားဟန်ရှိတဲ့ ဖရဲသီးကဗျာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလတလျှောက် ကဗျာအပုဒ်ရေပေါင်း ၂၀ဝ ကျော်ရေးပြီး သွားပြီလို့ သိရပါတယ်။ အမတ်မင်းများ ပြည်သူ့လစာစားပြီး ပြည်သူ့အတွက် ဆွေးနွေးအကြံပြုကြဖို့ ထောက်ပြထားတဲ့ ကဗျာတွေလည်း တွေ့ရတတ်ပါတယ်။ ခုနောက်ပိုင်း ရွေးကောက်ပွဲအပြီး အခြား ထောက်ပြစရာ ပြုပြင်သင့် တဲ့ကိစ္စရပ်များကိုလည်း ကဗျာရေးဖွဲ့လာတာ တွေ့ရပါတယ်။ နိုဝင်ဘာ ၂၄ နေ့က သူ့ဖေ့စ်ဘုတ်မှာ တင်ထား တာက ဒီလိုပါ။ ကဗျာခေါင်းစဉ်က “ပလူပျံတဲ့ အလှူခံများ” ဖြစ်ပါတယ်။

မဖြိုးဖြိုးအောင်

16

ပညာရေးဥပေဒေကြမ်း ပြန်လည်ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံတဝန်း တောင်းဆိုဆန္ဒပြ နေကြတဲ့ ကျောင်းသား သပိတ် စစ်ကြောင်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို ရောက်ရှိနေ ချိန် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ အရုပ်ဆိုးအကျဉ်းတန်တဲ့ ဖြစ်ရပ်တခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြတောင်းဆိုနေကြတဲ့ ကျောင်းသားများကို အာဏာပိုင်များက ညှိနှိုင်းမှုမပြုဘဲ ရဲအင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခံခဲ့ကာ သပိတ်မှောက် ကျောင်းသား များနဲ့ ဝန်းရံသူ ၁၀ဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သပိတ်ဦးဆောင်သူတဦးဖြစ်တဲ့ မဖြိုးဖြိုး အောင်ကို အာဏာပိုင်များက တရားခံတဦးသဖွယ် လက်ကိုကြိုးဖြင့် တုပ်နှောင်ထားတဲ့ ဓာတ်ပုံများက လူမှုကွန်ရက် စာမျက်နှာများပေါ်မှာ ပလူပျံထွက်ပေါ်ခဲ့ပါတယ်။ ဓာတ်ပုံကို မြင်ရသူတိုင်း စိတ်ထိခိုက်ကာ သနားနေခဲ့ကြသော် လည်း မကြာခင် ဖမ်းဆီးခံကျောင်းသား များနဲ့ ဝန်းရံသူများကို လက်ပံတန်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ ရာမှာ ဖြိုးဖြိုးအောင် က ၎င်း၏ဦးခေါင်းကို ထူမတ်ထားပြီး စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဖီဆန်ရဲဝံ့သော မျက်လုံး များ၊ ခြေလှမ်းများဖြင့် စစ်ဆေးမှုကို ခံယူခဲ့သူတဦးအဖြစ်လည်း တွေ့ခဲ့ရပါတယ်။ သူ့ရဲ့အနစ်နာခံ ဆောင်ရွက်မှုတွေကြောင့် မဖြိုးဖြိုးအောင်ကို အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား မိသားစုများ စုပေါင်းတည်ထောင်ထားတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ၂၀၁၅ ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။

မျက်ဝန်းမှာ အားမာန်များ ပြည့်နေသော်လည်း အသားဖြူလွလွ ပိန်ပိန်သေးသေး ဖြစ်နေတဲ့ ငယ်ရွယ်တဲ့ ဖြိုးဖြိုးအောင်ဟာ ပညာရေးဥပေဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုရဲ့ ဦးဆောင်ပါဝင်သူတွေထဲမှာ ပေါ်လွင်နေပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ဦးဆောင် ကော်မတီ ၁၅ ဦးထဲ စိတ်ရော ကိုယ်ပါနှစ်ကာ လုပ်ဆောင်ခဲ့တာကြောင့် ယခုအချိန်အထိ သာယာဝတီ အကျဉ်း ထောင်မှာ ဖမ်းဆီးခံထားရပြီး စစ်ဆေးမှုခံယူနေရဆဲ ဖြစ်ပါတယ်။

ဖုန်ကြားရှင်

19

မေ့လောက်တဲ့ အချိန်မှ ပြင်း ထန်တဲ့ တိုက်ပွဲတွေနဲ့အတူ မြန်မာ့ နိုင်ငံရေးထဲကို  အတင်း ပြန်လည် တိုးလျှိုဝင် လာတဲ့ ကိုးကန့်ဘုရင် ဖုန် ကြားရှင်ဟာ ၂၀၁၅ ခုနှစ်မှာ အစိုးရ က အောင်မြင်စွာ အပြီးသတ်နိုင်ဖို့ မျှော်လင့် ထားတဲ့ တနိုင်ငံလုံး ငြိမ်း ချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး အိပ်မက်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ဖုန်ကြားရှင်က ၂၀ဝ၉ ခုနှစ်မှာ ပဏာမ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့် တပ်တွေအဖြစ် ပြောင်းလဲ ဖို့ပြောရမှာ ငြင်းဆိုခဲ့ပြီး အစိုးရက ကိုးကန့်နယ်ကို ဝင်တိုက်ခိုက် သိမ်း ပိုက်လိုက်ရာမှ မိုင်းလားမြို့မှာ တိမ်း ရှောင်းနေခဲ့ရတာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်မှာ ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA)  ဟာ ပြန်လည်အသက်ဝင်လာခဲ့ပြီး တပ်မတော်နဲ့ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်စတင်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ အစိုးရ က အသိမှတ်ပြုထားခြင်းမရှိတဲ့ ရကိ္ခုင့် တပ်မတော် (AA) က ကူညီတိုက်ခိုက်ပေးခဲ့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တပ်မဟာ (၄)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။  သစ္စာစောင့်ပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ စစ်တပ်ကို ပိုင်ဆိုင်သူ၊ ဘိန်းကို အကြီး အကျယ် ရောင်းဝယ်ဖောက်ကားပြီးရတဲ့ အကျိုးအမြတ်တွေနဲ့ စည်းစိမ်ခံစားသူ၊ မိန်းမပွေရှုပ်သူအဖြစ် ဂုဏ်သတင်းကြီးခဲ့တဲ့ ကိုးကန့်ဘုရင် ဖုန်ကြား ရှင်ရဲ့ ၂၀၁၅ တကျော့ပြန် တိုက်ပွဲဟာ ၂၀ဝ၉ ခုနှစ် သူ့ကို တိမ်းရှောင်သွားရအောင် စစ်ဆင်ရာမှာ တာဝန်ယူခဲ့သူ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို ပုဂ္ဂိုလ်ရေး အငြိုးကြောင့်လို့ ယူဆရပါတယ်။

စောမူတူးစေးဖိုးနဲ့ နော်စီဖိုးရာစိန်

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား ဒီနှစ် အောက်တိုဘာ ၁၅ ရက်နေ့ က တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတဲ့ ၈ ဖွဲ့ထဲမှာ အာဏာရှင် အစိုးရ ကို နှစ်ပေါင်း ၆၀ ကျော် အကြာ လက်နက်စွဲကိုင်တော်လှန်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့လည်း ထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရကို ယုံကြည်မှုအားနည်းနေတဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ကြီး တော်တော်များများက ပါဝင်လက်မှတ် မရေးထိုးခဲ့ ကြပေမယ့် လက်မှတ်ထိုးတဲ့ ၈ ဖွဲ့ထဲမှာ အစဉ်အလာရှိတဲ့ KNU  ပါလာတာဟာ အစိုးရအတွက်တော့ အသက်ရှူချောင်စေခဲ့ပါတယ်။

KNU  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နေပြည်တော်ကို ချစ်ကြည်ရေးလမ်းပေါက်သွားပြီး သမ္မတ ဦးသိန်းစိန်နဲ့ရော တပ်ချုပ် မင်းအောင်လှိုင်နဲ့ပါ တရင်းတနှီး တွေ့ဆုံကြတာ အများက မြင်လာရတယ်။ ဒါပေမယ့် KNU  ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘောရဲ့ သမီးဖြစ်သူ လက်ရှိ KNU  ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ကတော့ ဥက္ကဋ္ဌနဲ့ သဘောထားအမြင်မတူကြောင်း ဗြောင်ပြောဆိုတာမို့ KNU  ရဲ့ နိုင်ငံရေးဦးဆောင်မှုဟာ စိတ်ဝင်စားစရာ ဖြစ်ရတယ်။

တိုင်းရင်းသား လက်နက်ကိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) အဖွဲ့ဝင်အဖြစ်က KNU နုတ်ထွက်ဖို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကြိုးပမ်းချိန်မှာ ပဒိုနော်စီဖိုးရာစိန်က တိုင်းရင်းသားလက်နက် ကိုင်တွေ စုစုစည်းစည်း ညီညွတ်ကြဖို့ သဘောထားရှိခဲ့တယ်။ စောမူတူးစေးဖိုးက သူနဲ့ ၅ ကြိမ်ထက်မနည်း တွေ့ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သမ္မတသက်တမ်း ဆောင်ရွက်ဖို့ သဘောထားပေးခဲ့ပြီး နော်စီဖိုးရာစိန်ကတော့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက  Profile   ပုံကို ချိန်းပြီး ထောက်ခံအားပေးကြောင်း ပြသခဲ့သူဖြစ်ပါတယ်။  KNU အဖွဲ့အတွင်း အားပြိုင်မှုတွေရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေကြောင့် ၁၆ ကြိမ်မြောက် KNU ကွန်ဂရက်ဟာ စိတ်ဝင်စားစရာ အပြည့်နဲ့ပါ။

ဗေလုဝ

11

အနုပညာလောကထဲမှာ ကျင်လည်နေတာ အနှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ဗေလုဝဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ဟောပြောရာမှာ ချက်ကျလက်ကျနဲ့ ပရိသတ် နားစွဲအောင်ပြောတတ်မှုကြောင့် အများက လေးစားအသိအမှတ်ပြုခံရပါ တယ်။ ပါတီအောင်နိုင်ရေးအတွက် ဗေလုဝရဲ့ စွမ်းဆောင်မှုတွေဟာ ဘယ်လောက် အရေးပါခဲ့လဲဆိုရင် ရွေးကောက်ပွဲ အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်တဲ့ အနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းနှီးစွာ တွေ့ဆုံကြတဲ့ပွဲမှာ ဒေါ် အောင်ဆန်းစုကြည်က ဗေလုဝကို စစ်သူကြီးတယောက်အနေနဲ့တောင် တင်စားပြီး ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ “ဘီလူး” ရုပ်ရှင်ကားကြီးနဲ့ အဓိကသရုပ်ဆောင်အဖြစ် နေရာရလာခဲ့သူ ဗေလုဝဟာ စာရေးဆရာ၊ ဒါရိုက်တာအနေနဲ့ ရပ်တည်လာခဲ့ပြီး စာပေဟောပြောပွဲတွေမှာ လိုက်လံပြီး ဟောပြောတဲ့အခါမှာလည်း သူရဲ့အပြောတွေ ကို ပရိသတ်များ သဘောကျ နှစ်ကြိုက်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဤအရာကို အချစ်ဟု ခေါ်သလား အချစ်ဟာသကားကြီးမှာ ဟာသသရုပ်ဆောင်ပေါင်းများစွာနဲ့ အတူတူ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီ ရရှိနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ ဗေလုဝကတော့ ဒေါ်အောင်ဆန်းစုကြည် တင်စားခေါ်ဝေါ်တဲ့ စစ်သူကြီးဆိုတာနဲ့တင် လုံလောက်ပြီ၊ ဒါလည်း အကယ်ဒမီရသလိုပဲလို့ ဆိုပါတယ်။

ဒေါက်တာအေးမောင်

13

နာမည်ကြီး ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေ မယ့် ပြိုင်ဘက်  NLD ပါတီ ကိုယ်စားလှယ်လောင်းကို မဲရှုံးနိမ့်ခဲ့ပါတယ်။ ပါတီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ အများအပြားမှာ အနိုင်ရပေမယ့် အဲဒီလိုရှုံးနိမ့်ခဲ့တာကြောင့် သူတာဝန်ယူထားတဲ့ ရခိုင် အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်မယ်ဆိုပြီး မီဒီယာများကို ပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ပါတီရဲ့ ဦးဆောင်သူတွေအကြား အကွဲကွဲအပြားပြား ဖြစ်နေတဲ့အပေါ်လည်း အဝေဖန်ခံနေရပါတယ်။ ၂၀၁၅ ခုနှစ်တွင်းမှာ ပြုလုပ်ခဲ့တဲ့ သမ္မတ၊ တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲမှာ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ အနိုင်ရရှိ ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ လွှတ်တော်တွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ပါဝင်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှာလည်း ပါဝင်လုပ်ဆောင်ခဲ့ပါသေးတယ်။ သူဟာ လွှတ်တော်တွင်း ထောက်ပြဝေဖန် ပြောဆိုမှုနဲ့ နိုင်ငံရေးသုံးသပ်မှုတွေကြောင့် လူသိများလာသူတဦး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန် တည်ဆောက်မယ့် တရုတ်နိုင်ငံကတောင် ရခိုင်နိုင်ငံရေးခေါင်းဆောင်လို့မြင်ပြီး တရုတ်ကို ဖိတ်ကာ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာ သက်သက်ခိုင်

12

၂၀၁၅ ခုနှစ်ရဲ့ နိုင်ငံရေးလောကကို စီးပွားရေးလောကက ပြောင်းရွှေ့လာသူတွေထဲမှာ ဒေါက်တာ သက်သက်ခိုင်က ထင်ရှားပါတယ်။ သူဟာ ရွှေနန်းတော်၊ စိန်နန်းတော်နှင့် မြနန်းတော် ရတနာဆိုင် ပိုင်ရှင်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စတဲ့ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေ သူပါ။ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ ရွှေလုပ်ငန်းရှင်အသင်းနဲ့ ကုန်သည်ကြီးများနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွေမှာလည်း ပါဝင်သူပါ။ ရုပ်ရှင်မင်းသမီး ထွန်းအိန္ဒြာဗိုလ်ရဲ့ အစ်မဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီအစ်မ ၂ ဦးစလုံး ခင်မင်ရင်းနှီးသူတွေ ဖြစ်တယ်။ ဒေါက်တာ သက်သက်ခိုင်ဟာ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ပြိုင်ဘက် ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာကို ထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတုန်းက လည်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်တဲ့အခါမှာ ပြီးပြည့်စုံမှုရှိစေဖို့ ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေအစ နှစ်ရှည်လများ ပြင်ဆင်ခဲ့တယ်လို့လည်း ပြောဆိုဖူးပါ တယ်။ ဒေါက်တာသက်သက်ခိုင်နဲ့ ဧရာဝတီက တွေ့ဆုံခဲ့စဉ်မှာ “စနစ်ကိုတည်ထောင်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်စေချင်လို့ အုတ်တချပ်သဲတပွင့်အနေနဲ့ ပါဝင် တာပါ” လွှတ်တော်နိုင်ငံရေးမှာပါဝင်လာတဲ့ သူ့ရဲ့ သဘောထားကို ပြောခဲ့ပါတယ်။

ဦးရဲထွဋ်

10

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ သတင်းမီဒီယာတွေမှာ မကြာ ခဏ ညွှန်းဆိုဖော်ပြခြင်းခံရသလို ဖေ့စ်ဘွတ် လူမှုကွန်ရက်ကိုလည်း တက်တက်ြွကြွက သုံးစွဲသူဖြစ်ပါတယ်။ နိုင်ငံတကာမှာလို သတင်းထုတ်ပြန်ချက်တွေကို ဝက်ဘ်ဆိုက်၊ တီဗီ၊ ရေဒီယိုတွေက တပြိုင်နက်ထုတ်ပြန်ခြင်း မလုပ်ဘဲ သူ့ဖေ့ဘွတ်စာမျက်နှာက အရင်တင်တတ်တာမို့ ဖေ့ဘွတ်ဝန်ကြီးလို့ အများက နောက်ပြောင်ကျီစယ် ခေါ်ကြပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အစိုးရသတင်းတွေ၊ ထုတ်ပြန်ချက်တွေနဲ့ တခြားသတင်း တွေကို ရှယ်တာတွေ လုပ်သလို သူသွားရောက်ရာဒေသက ထူးခြားဖြစ်စဉ်တွေ၊ ဓာတ်ပုံတွေကိုလည်း တင်ပါ တယ်။ အစားအသောက်ကောင်းတဲ့ ဆိုင်လေးတွေ တွေ့ရင်လည်း သူ့ရဲ့ ဖေ့စ်ဘုတ်ပရိသတ်ကြီး အတွက် စားသောက်ဆိုင်လမ်းညွှန် လုပ်ပေးပါတယ်။ တခါတရံမှာတော့ သူ့ရဲ့ ဒဿန တွေ၊ ဆောင်းပါးတွေလည်း ရေးတင်လေ့ရှိပါတယ်။ အခုနောက်ပိုင်း ထူးခြားလာတာ တခုကတော့ ဦးရဲထွဋ်ဟာ သူတင်လိုက်တဲ့ ျအအေကျ တွေရဲ့အောက်က ခသာနညအ တွေကို အလေးတယူပြုပြီး ပြန်လည်ဖြေကြားပေးတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကို ်သူသတ လုပ်သူ ၃ သိန်းကျော်ရှိပါတယ်။ အစိုးရနဲ့ တပ်မတော်ရဲ့ မူဝါဒနဲ့ လုပ်ပုံကိုင်ပုံတွေကို ပြတ်ပြတ်သားသားကာကွယ်ပြောဆိုတတ်သူပါ။ သူ့ရှေ့က ဝန်ကြီးလုပ် ခဲ့တဲ့ ဦးအောင် ကြည် စတင်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာတွေ အများပြည်သူ အကျိုးဆောင် မီဒီယာအဖြစ် အသွင်ကူးပြောင်းရေးကိုတော့ ဦးရဲထွဋ် အကောင်အထည် ဆက်မဖော်နိုင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲရလဒ် အရ အစိုးရသစ်ကို တာဝန်လွှဲပြောင်း အပြီးမှာတော့ “သာမန်ပြည်သူတယောက်အနေနဲ့ ကျနော်ဆက်နေဖို့ ရည်ရွယ်ထားပါ တယ်” လို့ ပြောပါတယ်။

ကျော်ဇင်ဖြိုး

9

၂၈ ကြိမ်မြောက်အဖြစ် စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ (SEA Games) ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် U-၂၃ အသင်းနဲ့အတူ လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမား ကျော်ဇင်ဖြိုးကို မြန်မာဘောလုံး ပရိသတ်တွေ သတိရနေကြပါတယ်။ မြန်မာအသင်း ရွှေတံဆိပ်မရခဲ့ပေမယ့် ဗီယက်နမ်နဲ့ ထိုင်းကို ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာကန်တော့ မြန်မာအသင်းကို ဂိုးမပေးရရေး ကာကွယ်ခဲ့တဲ့ ကျော်ဇင်ဖြိုးကို ဒေသတွင်း သတင်းစာနယ်ဇင်းတွေကလည်း ချီးကျူးပြောဆိုကြပါတယ်။ ပြိုင်ပွဲအတွင်း စင်ကာပူနိုင်ငံရောက် မြန်မာပရိသတ်တွေရဲ့ အားပေးမှုက စင်ကာပူသတင်းဌာနတွေရဲ့ ချီးကျူးဖော်ပြရသည် အထိ စည်းစနစ်ရှိမှုနဲ့ မျိုးချစ်ပြည်ချစ်စိတ်ကို ပြသနိုင်ခဲ့သလို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာလည်း လမ်းတွေ၊ ပန်းခြံတွေထဲမှာ ပရောဂျက်တာကြီးတွေနဲ့ ပြရတဲ့အထိ မြန်မာပြည်သူတွေက အားပေးခဲ့ကြပါတယ်။ ချန်ပီယံမျှော်လင့်ချက် အတွက် ပြိုင်ပွဲတလျှောက် ပွဲစဉ်တိုင်းမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ရွှေတောင်မြို့နယ်သား ကျော်ဇင်ဖြိုးနဲ့ U-၂၃ တသင်းလုံးဟာ အောင်မြင်မှု မရခဲ့ပေမယ့်လည်း ချီးကျူးဂုဏ်ပြု ခံထိုက်သူတွေပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ဟာ မြန်မာဘောလုံးပရိသတ်တွေ ကျေနပ်ခဲ့ရတဲ့နှစ် ဖြစ်ခဲ့ပြီး U-၂၀ အသင်း လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရသလို U-၂၃ အသင်းကလည်း ဒေသတွင်း ပြိုင်ဘက် အသင်းတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးနိုင်ခဲ့ပါတယ်။

ဇွန်သဉ္ဇာ

6

ဓာတ်ပုံတွေ အင်တာနက်ပေါ်တင်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြော်ငြာလို့ ရနေပြီဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ ပေါ်ပြူလာအဖြစ်ဆုံး မော်ဒယ်လ် တယောက်က ဇွန်သဉ္ဇာပါ။ သူဟာ မြန်မာနိုင်ငံမှာ Naked Model  ကိုယ်လုံးတီး မော်ဒယ်လ် တဦးလို့ သတ်မှတ်ခံရသူပါ။ ၂၀၁၃ ခုနှစ်ကစလို့ ဖျော်ဖြေရေးလောကကို ဝင် ရောက်လာခဲ့သူပါ။ သူဟာ မှော်ဘီ GTC ကျောင်းကနေ B.E ရော M.B ဘွဲ့များ ပါရခဲ့ပြီး ၂၀၁၅ ခုနှစ်ရဲ့ နိုင်ငံတော်သမ္မတ ပညာသင်ဆု ရေး/ဖြေ စာမေးပွဲကို အောင်မြင်ကာ ဆန်ခါတင် စာရင်းထဲအထိ ပါဝင်လာခဲ့ပါ သေးတယ်။ Sexy မော်ဒယ်လ်တယောက်အနေနဲ့ လူပြောခံပြီး ဘာကြောင့် ရပ်တည်လာခဲ့သလဲဆိုတဲ့ အပေါ် နာမည်ကြီးချင်လို့ အောင်မြင်ချင်လို့ ဖြတ်လမ်းနည်းနဲ့ လုပ်ကြည့်တဲ့ သဘောပါလို့ ဧရာဝတီကို ပြန်လည် ဖြေကြားခဲ့ဖူးတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကျောက်ဖြူမြို့ မဲဆွယ်စည်းရုံးရေးပွဲမှာ ပါဝင်ဖျော် ဖြေပေးခဲ့လို့လည်း ဝေဖန်သံ ပိုညံသွားခဲ့ပါတယ်။ ဖျော်ဖြေရေးလောက ထဲသို့ စဝင်လာကတည်းက ဝေဖန်ပြောဆိုသံတွေနဲ့ ဆက်လက်လျှောက်လှမ်းလာ ခဲ့တဲ့ မော်ဒယ်လ် ဇွန်သဉ္ဇာဟာ သူ့ရဲ့ အကြမ်းအရမ်း ဓာတ်ပုံများကို တင်လေ့ရှိတဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Follower  ပေါင်း ၁၉၀၉၇၉ (တသိန်း ကိုးသောင်းကျော်) ရှိပြီး သူငယ်ချင်းပေါင်း ၄၅၀ဝ ကျော် ရှိပါတယ်။

စန္ဒာခိုင်

7

Nude  ပန်းချီရေးဆွဲ ဖန်တီးကြပေမယ့် တစိုက်မတ်မတ် ရေးဆွဲဖန်တီးသူ ပန်းချီဆရာ နည်းပါး ပါတယ်။ အမျိုးသမီး ပန်းချီဆရာဆို ပိုရှားပါတယ်။ သူများနဲ့မတူ ထူးခြားတဲ့အမြင်နဲ့ လက်ရာပိုင်ရှင် ပန်းချီဆရာမ စန္ဒာခိုင်ကတော့ အများတကာလို မဟုတ်ဘဲ ခပ်ဝ၀ အမျိုးသမီးတွေ၊ တခါတရံ အမျိုးသားတွေကို ဆွဲပါတယ်။ Nude ပန်းချီဖန်တီး ပြသခွင့်မရှိသေးတဲ့ ၁၉၉၆ ခုနှစ်ကတည်းက Nude ပန်းချီကို စတင်ရေးဆွဲ ဖန်တီးလာခဲ့ပြီး ၂၀၁၅ စက်တင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်နေ့ အထိ ရန်ကုန်မြို့ ၃၁ လမ်းက Cloud 31  ပန်းချီပြခန်းမှာThe Naked Truth လို့ အမည်ပေး ထားတဲ့ ပန်းချီပြပွဲ ပြုလုပ်ခဲ့ပါတယ်။ စန္ဒာခိုင်ရဲ့ ပန်းချီကားတွေမှာ ကာမရာဂစိတ် ရှိမနေတဲ့အပြင် အမျိုးသမီးအများစုရဲ့ ခံစားချက်ကို ထင်ဟပ်ပြောပြနေသလို လက်ရာမှာလည်း လွတ်လပ်ပြီး သေသပ်မှု အလှတရားကို တွေ့နိုင်ပါတယ်။ Nude ပန်းချီကားရေးဆွဲတင်ပြမှုကို မဟုတ်တရုတ် တွေလို့ အယူရှိနေကြတဲ့ အစဉ်အလာ လက်ခံမှုတွေကြား၊ ဝယ်ယူအားပေးဖို့ မဆိုထားနဲ့ လက်ခံ နိုင်မှု မရှိသေးတဲ့ အခြေအနေကြားမှာ စန္ဒာခိုင်ဟာ အင်မတန်သတ္တိရှိတဲ့ ခေတ်ပေါ်ပန်းချီဆရာမ ပါပဲ။
မောင်မောင်ဖောင်တိန်

8

စစ်အုပ်ချုပ်ရေးကာလ သရော်တဲ့ကာတွန်းတွေ ပေါ်ထွက်လာသလို ပြုပြင်ပြောင်းလဲရေး ကာလမှာ လည်း ကာတွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို အများအပြား ပေါ်ထွက်လာခဲ့တဲ့ ကာတွန်းဆရာတွေ ထဲမှာ မောင်မောင်ဖောင်တိန်ဟာ ရှေ့တန်းရောက်ပါ တယ်။ ၂၀၁၂ လောက်ကစပြီး အွန်လိုင်းကနေ ထင်ရှားလာတဲ့ ကာတွန်းဆရာဟာ ၂၀၁၃ ခုနှစ် ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ရေးဆွဲတဲ့ ကာတွန်းလက်ရာ တွေကြောင့် ပိုမို ထင်ရှားလာပါတယ်။ အဲဒီနောက် ဧရာဝတီ သတင်းဌာနအတွက် အယ်ဒီတိုရီယယ် ကာတွန်းတွေ အဆက်မပြတ် ရေးဆွဲခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးခေတ် ကာတွန်းဆရာတွေရဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း တက်ြွကစွာ ပါဝင်လှုပ်ရှားနေပါတယ်။

၁၉၆၈ ခုနှစ်ဖွား ကာတွန်း မောင်မောင် ဖောင်တိန်ကို ဖခင် ဒေါက်တာမြင့်ထွန်းသိန်း (ထွန်း ထွန်း၊ ဆေးသိပ္ပံ) နဲ့ မိခင် ဒေါ်နယ်လီမိုး (သူနာပြု ဆရာမကြီး၊ ငြိမ်း) တို့က မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်လောက်ကတည်းက ရပ်ကွက် နံရံကပ်စာစောင် တွေမှာ ပါဝင်ရေးဆွဲရာက စတင်ခဲ့တယ်လို့ သိရပါ တယ်။ ၁၉၈၈ ခုနှစ်က အာဏာ ရှင်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ မြေအောက်စာစောင်တချို့မှာ ပါဝင် ရေးသားခဲ့ပြီးနောက် နိုင်ငံခြားသင်္ဘော လိုက်သွား ခဲ့တဲ့သူက စာဖတ်ခြင်းကြောင့် အခုလို ကာတွန်းရေး သူတယောက်ဖြစ်လာပြီး အယ်ဒီတိုရီရယ် ကာတွန်း တွေရေးဖို့ ကမ္ဘာပေါ်က အဖြစ်အပျက်တွေနဲ့ မျက်ခြည်မပြတ်အောင် ပြူးပြဲကြည့်နေနိုင်ရမယ်လို့ ပြောပါတယ်။

ဆောင်းဦးလှိုင်

5

၂၀၁၅ ခုနှစ်ရဲ့ ပရိသတ်စိတ်အဝင်စားဆုံး ဂီတအနုပညာရှင် တယောက်က ဆောင်းဦးလှိုင်ပါ။ လူနားစွဲမယ့် သီချင်းအေးအေးလေးတွေ ရေးဆိုသူ ဆောင်းဦးလှိုင်အတွက် ဒီနှစ်အတွင်း အထူးပြောစမှတ် ပြုရလောက် အောင် ရေပန်းစားသွားတာက နိုင်ငံရေးသီချင်းပါ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်း အဖြစ် ရေးစပ်သီကုံး သီဆိုထားတဲ့ “မေမေနိုင်မှ ဖြစ်မှာပါ” ဆိုတဲ့ သီချင်းဟာ အထူးရေပန်းစားပြီး အောင်မြင်ခဲ့ တဲ့ သီချင်းတပုဒ်ပါ။ သူ ရေးသားခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းက အဆိုတော် နီနီခင်ဇော်သီဆိုထားတဲ့ “မျှော်လင့် ချက် တစုံတရာ” သီချင်းဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရေးဖွဲ့ထားတဲ့သီချင်းမို့ ဆိုရှယ်မီဒီယာမှာ ပြန်ရေပန်း စားခဲ့ပါတယ်။ နီနီခင်ဇော်အတွက် ဂီတဆုပေးပွဲမှာ ဆုတွေအများကြီး သိမ်းပိုက်နိုင်စေခဲ့တဲ့ သီချင်း တပုဒ်ပါ။ အဆိုတော် ဆောင်းဦးလှိုင်ဟာဆိုရင် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာတနိုင်ငံလုံး နေရာအနှံ့ ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝရေဘေးအန္တရာယ် ကြုံတွေ့ရချိန်တုန်းကလည်း နိုင်ငံရပ်ခြားရောက်ခိုက် ရေဘေးသင့်ပြည်သူ များအတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ဂစ်တာတလက်နဲ့ သီချင်းသီဆို အလှူခံခဲ့ပါတယ်။ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းမှာ သီချင်းများစွာ သီဆိုကာ လူကြိုက်များ အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာ လှုပ်ရှားမှုနည်းသွားရာက ၂၀၁၅ ရေစီးကြောင်းမှာ ခြေလှမ်းသစ်တွေနဲ့ ပြန်လည်ဆန်းသစ်လာတာပါ။

ဖွေးဖွေး

2

သရုပ်ဆောင် အနုပညာသက်တမ်း ၈ နှစ်နီးပါး ခန့်ရှိပြီဖြစ်တဲ့ ဖွေးဖွေးဟာ လူငယ်ပရိသတ် တွေကြားမှာ ရေပန်းစားပါတယ်။ ဆံပင်ကာလာ ဆံပင်ဒီဇိုင်းတွေကလည်း အမြဲတမ်းဆန်းသစ် နေပြီး ဖက်ရှင်နဲ့ပတ်သက်ရင် ဖွေးဖွေးရဲ့ဖက်ရှင်တွေက တခေတ်ဖြစ်ပါတယ်။ အကယ်ဒမီကို ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို လက်ပံဆိုတဲ့ ရုပ်ရှင်ကား ကြီးနဲ့ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ရုံတင်ခဲ့တဲ့ ကျမက နှင်းဆီပါမောင်ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကတော့ ၤခေနဘသသု ဆိုရှယ်မီဒီယာ လောကမှာ တောင်မှ အမျိုးသမီးအားလုံး တမောင်မောင်နဲ့ စတေးတပ်တွေ တင်ရလောက်အောင်ကို အောင်မြင်မှု ရခဲ့ပါ တယ်။ ပရိသတ်ကို ဖမ်းစားခဲ့တဲ့ ထားသခင် ကာရိုက်တာနဲ့ ဖွေးဖွေးကို ဒုတိယအကယ်ဒမီဆု ရရှိမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ အဆိုတော်လုပ်မယ်လို့ ရည်ရွယ်ခဲ့ပြီး ွငမူ ဘညေိ ဖွဲ့ထားခဲ့ပေမယ့် တေးစီးရီး ဘက်ကို သေချာမလုပ်ဖြစ်ခဲ့ဘဲ မော်ဒယ်လ်သရုပ်ဆောင်အနေနဲ့သာ ရပ်တည်ခဲ့သူ ဖွေးဖွေးဟာ ၂၀၁၅ ခုနှစ် မှာ ဖွေးဖွေးရဲ့ ရုပ်ရှင်ခေတ်လို့ ပြောလို့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒီနှစ် ရုံတင်ကားတွေထဲမှာ ဆရာ ရင်းဖြစ်သူ ဒါရိုက်တာ ဝိုင်း ရိုက်ကူး ပုံဖော်တဲ့ ကျူးပစ်ရဲ့ကျေးကျွန်များ ဆိုတဲ့ အချစ်ရုပ်ရှင် ကလည်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုရခဲ့ပါ တယ်။

နီနီခင်ဇော်

3

အောင်မြင်ကျော်ကြားဖို့ သီချင်းဆိုတာသာ မက ဗီဒီယိုပုံဖော်မှုနဲ့ သရုပ်ဆောင်ပညာပါ အရေး ပါလာတဲ့ ခေတ်ပေါ်ဂီတဈေးကွက်မှာ အဆိုတော် နီနီခင်ဇော်ဟာ ပြောစမှတ်ပြုစရာတွေ ရှိတယ်။ သီချင်းအယ်လ်ဘမ် Hit ဖြစ်ခဲ့သလို တပုဒ်ချင်း လည်း ပေါက်အောင် အနုပညာအားကောင်းတဲ့ နီနီခင်ဇော်ဟာ ဒုတိယမြောက် တကိုယ်တော် တေးစီးရီးခွေ “အနီရောင်” အခွေကို ဒီနှစ်ထဲ ထုတ်ပါတယ်။ အဲဒီခွေထဲမှာ စစ်ဆန့်ကျင်ရေး သီချင်း “မလိုချင်ဘူး စစ်” ဟာ အွန်လိုင်း အသုံး ပြုသူတွေကြား အထူးရေပန်းစား လူကြိုက်များတဲ့ Music Video သီချင်းတပုဒ်ပါ။ တေးရေး ကိုထက်နဲ့ အဆိုတော် ဝေလတို့က ရေးစပ်ပြီး ဒါရိုက်တာ မောင်မောင်သာမြင့် ရိုက်ကူးပေးထား တာပါ။ ၂၀၁၅ ခုနှစ် အတွင်းမှာ နီနီခင်ဇော်ရဲ့ နောက်ထပ် လူငယ်တွေကြားမှာ အရမ်းပေါက် ခဲ့တဲ့ သီချင်းက “ဂယ်ဘဲ… ဂယ်ဘဲ” သီချင်း Music Video ပါ။ ဒီသီချင်းကို  တေးရေး ဆလိုင်းက ရေးစပ်ပေး ထားပြီး ဒါရိုက်တာ မောင် မောင်သာမြင့်ကပဲ ရိုက်ကူးထားပါတယ်။ နီနီခင်ဇော်ဟာ The Best of Melody World  သီချင်း ဆို ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲ စတင်ဝင်ရောက်ပါတယ်။ ပထမဆုံး တကိုယ် တော် တေးစီးရီးခွေအဖြစ် “မာရီယို” မှာ ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိ ခဲ့ပြီး အဲဒီအခွေမှာပါဝင်တဲ့ “မျှော် လင့်ချက်  တစုံတရာ”  သီချင်းက လူကြိုက် အများဆုံး ခေတ်ပေါ် သီချင်းတပုဒ်ပါပဲ။

စောဖိုးခွား

4

မြန်မာပြည်ရဲ့ တဦးတည်းသော ရက်ဂေး Reggae ဂီတသမား စောဖိုးခွားဟာ ငြိမ်းချမ်းရေးကို ဂီတနဲ့ အစဉ်အမြဲ ဖော်ထုတ်နေသူတဦး ဖြစ်ပါတယ်။  Reggae  ဂီတကို မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် လူ အာရုံစိုက်လာစေ တာ စောဖိုးခွားကြောင့်ဆိုရင် မမှားပါဘူး။ သူ့ရဲ့သီချင်းတွေဟာ တဦးနဲ့တဦး ချစ် ကြဖို့၊ ကမ္ဘာမြေကြီးကိုချစ်ဖို့၊ စစ်ပွဲတွေရပ်ဖို့ အစရှိတဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဖွဲ့ဆိုတဲ့ သီချင်းတွေချည်း ဖြစ်ပါတယ်။ “ချစ်ကြပါ” ဆိုတဲ့ သူ့ရဲ့သီချင်းကတော့ ထူးထူးခြားခြား လူကြိုက်များပါတယ်။ ငြိမ်းချမ်းရေး စင်တင်ဂီတပွဲတွေမှာ ပါဝင်ခဲ့ရာက လူအာရုံစိုက်မှု ရလာခဲ့ပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ မှာလည်း ရှေ့တန်းက ပါဝင်လာပါတယ်။ လက်ပံတန်း ရောက် ကျောင်းသားသပိတ်စစ်ကြောင်းကို သီချင်းဆိုပြီး ထောက်ခံအားပေးပါတယ်။ ၂၀၁၅ ခုနှစ် သင်္ကြန်ကာလမှာ နေပြည်တော် ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုစဉ်က အစိုးရတာဝန်ရှိလူကြီးတွေကို သီးသန့် ထူးထူးခြားခြား ဂါရဝပြုတာမျိုး မပြုလုပ်ဘူးလို့ပြောတဲ့သူ့ကို လူပိုသိစေ ခဲ့တယ်။ ပြည်သူလူထု အပေါ်မှာ နှစ်ရှည်လများ ဖိနှိပ်မှုတွေ၊ လိမ်လည်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အစိုးရကို ရေလိုက်ငါးလိုက် ဆက်ဆံပြီး အသိအမှတ်ပြုတဲ့ပုံစံမျိုး မလုပ်သင့်ကြောင်း၊ အမှန်တရား အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေအတွက် တိုက်ပွဲဝင်သင့် ကြောင်း သူကပြောပါတယ်။ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၁၅ နိုဝင်ဘာ ၂၀ ရက်နေ့က ပြည်သူ့ရင်ပြင်မှာ အခမဲ့ ကျင်းပခဲ့ပါတယ်။ One Love Band နဲ့ ကျင်းပတဲ့ သူ့ပွဲရဲ့ အမည်ကတော့ “ငြိမ်းချမ်းပါစေ မြန်မာ ပြည်” ဖြစ်ပါတယ်။

ကိုရဲလွင်နဲ့ ပန်းရဲ့လမ်း

1

၂၀၁၂ ခုနှစ်ကစတင်ပြီး လမ်းဘေးမှာ ဂစ်တာတီး သီချင်းဆို အလှူခံတဲ့ အဖွဲ့တဖွဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ပန်းရဲ့လမ်း လူမှုကွန်ရက်ဆိုတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ ပန်းရဲ့လမ်းလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ ပြည်သူတွေအားလုံး သိကြပါတယ်။ သူတို့အဖွဲ့ ဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ဘေး ကြောင့် ဒုက္ခရောက် နေသူတွေ၊ သဘာဝဘေးဒဏ် ခံစားခဲ့ရသူတွေအပြင်၊ အကူအညီ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ၊ ဗိုလ်ချုပ်ရာပြည့် စသည် ဖြင့် လိုအပ်ရင် လိုအပ်သလို သီချင်းဆိုအလှူခံပေးပြီး လိုအပ် တဲ့နေရာကို အကုန်လုံး ပေးလှူခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ခင်မင်တဲ့ သူငယ် ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေ စုစည်းပြီး လုပ်ဆောင်ကြတာ ဖြစ်ပါ တယ်။ အသက်လည်း အကြီးဆုံးဖြစ်၊ လူသိလည်းများတဲ့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ကိုရဲလွင် ဦးဆောင်ပါဝင်မှုကြောင့် တဖြည်းဖြည်း လူသိများလာသလို၊ ကိုရဲလွင် ပါဝင်တဲ့အတွက် ပန်းရဲ့လမ်းဟာ အာဏာ ပိုင်များရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရာမှာ ပိုမိုလွယ်ကူခဲ့တယ် လို့ပန်းရဲ့လမ်းအဖွဲ့ကို စတင် တည်ထောင်စဉ် ကတည်းက အားကျိုး မာန်တက် လုပ်ဆောင်ခဲ့တဲ့ ကိုသားထွေး က ဆိုပါ တယ်။ အရှုံးမပေးနဲ့ မိငယ်၊ ပန်းခရမ်းပြာ စတဲ့ သီချင်းတွေဟာလည်း မဇ္ဈိမလှိုင်းနဲ့ ခေတ်ပြိုင်လူကြီး တွေတင် မကဘဲ၊ ဒီနေ့ခေတ် လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ အလွတ်ရတဲ့ သီချင်းတွေ ဖြစ်လာပါတယ်။ အတားအဆီးလုပ်တဲ့ အာဏာပိုင်တွေဟာလည်း ကိုရဲလွင်ရဲ့ ပရိသတ်တွေ ဖြစ်နေတာများတယ်လို့ ကိုသား ထွေးက ထပ်ပြောပါတယ်။

သူတို့အဖွဲ့ဟာ အစပိုင်းမှာ တီရှပ်ထုတ်ပြီး ရောင်းတာ၊ သီချင်းခွေ လေးတွေထုတ်ပြီး ရောင်းတာက ရတဲ့ ငွေကြေးနဲ့ ခရီးစရိတ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ လူသိများလာပြီး နောက်ပိုင်းမှာတော့ မြို့တမြို့က ဖိတ် ခေါ်ရင် ဖိတ်ခေါ်သူက ခရီးစရိတ်၊ စားစရိတ်ခံပေးပြီး ဖိတ်ခေါ်လာတယ် လို့ သိရပါတယ်။ ပန်းရဲ့လမ်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပညာရေးဖောင်ဒေးရှင်းအတွက်လည်း တောက်လျှောက် အလှူခံပေးခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် NLD  အောင်နိုင် ရေးအတွက် ခက်ခဲတဲ့ နေရာတွေကိုသွားပြီး ဖျော်ဖြေပွဲတွေမှာ ပါဝင်ခဲ့ ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပန်းရဲ့လမ်း အဖွဲ့ကို ဖိတ်ခေါ်ပြီး အထူးကျေးဇူး တင်ကြောင်း ပြောခဲ့ပါတယ်။ အသက် ကြီးပြီဖြစ်တဲ့ ကိုရဲလွင်ကိုတော့ ကျန်းမာရေးဂရုစိုက်ဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပန်းရဲ့လမ်းအဖွဲ့ကို ခဏတဖြုတ် အနားယူကြဖို့ ပြောပေမယ့် လတ်တလော ဖြစ်နေတဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေကြောင့် ပန်းရဲ့လမ်းအဖွဲ့ဟာ အနားမယူနိုင်သေးပါဘူး။ ရှမ်း ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တွေ ပြန်စနေပါပြီ။

Loading