၂၀၁၅ ခုနှစ်သည် မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသည့် အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပခဲ့သည်သာမက သဘာဝပတ်ဝန်းကျင်ရေးရာအပေါ် အထူးသတိထားလာစေသည့်မိုးသည်းထန်မှု၊ ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများအပြင် နိုင်ငံ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀ဝ ပြည့်မွေးနေ့ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင်လည်း စိန်ခေါ်မှုသစ်များက စောင့်ကြိုနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ နှစ်သစ်၏ စိန်ခေါ်မှုသစ်များကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ရေး နှစ်ဟောင်းတွင် မည်သို့ချဉ်းကပ် ကိုင်တွယ်ခဲ့သည်ကို ပြန်လည်သုံးသပ်ကြည့်ရှုသင့်သည်။
ထို့ကြောင့် ၂၀၁၅ ခုနှစ်ကို ကိုင်လှုပ်ခဲ့သော ဖြစ်ရပ်များအား ဧရာဝတီသတင်းအဖွဲ့က စီစဉ်တင်ပြအပ်ပါသည်။
တခြမ်းပဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်စာချုပ်
သမ္မတဦးသိန်းစိန်လက်ထက် မအောင်မြင်တဲ့ လုပ်ဆောင်ချက်တွေထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးလည်း ထိပ်ဆုံးက ပါပါတယ်။ စစ်မီးရှည်ကြာနေတဲ့ ပြည်တွင်းတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ သမ္မတဦးသိန်းစိန်က ကမ်းလှမ်းတာနဲ့ စဖွင့်လိုက်ပါတယ်။
တပြိုင်တည်း ကိုးကန့်ရဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နဲ့ အစိုးရတပ်တို့ဟာ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပြီး အကျအဆုံးတွေ များခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့ ရန်ကုန်မှာ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် စုပေါင်းအဖွဲ့ (NCCT) တို့ အကြားအပစ်ရပ်စာချုပ်မူကြမ်း NCA ကို လက်မှတ်ရေးထိုးကြပါတယ်။
မေလ ပထမပတ်အတွင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ နယ်မြေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပပါတယ်။ မျက်နှာစုံညီဆိုပေမယ့် အဖွဲ့အားလုံးကိုဖိတ်တာ မဟုတ်ဘဲ ၁၂ ဖွဲ့တည်းကိုသာ သီးသန့်ဖိတ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိပါတယ်။
ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ KNU ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ညီလာခံကျင်းပပါတယ်။ လော်ခီးလာ ညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနဲ့ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါတယ်။
ဇွန်လကုန်ပိုင်းမှာတော့ အစိုးရတပ်နဲ့ MNDAA ကိုးကန့်တို့အကြား ၃ လကြာ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ MNDAA ရဲ့ တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာ လိုက်တဲ့အတွက် ကြားဝင်ဖိအားပေးတဲ့ တရုတ်ရဲ့အခန်းကဏ္ဍကို သတိပြုသုံးသပ်ခဲ့ကြပါတယ်။ အပစ်ရပ်လိုက်တဲ့ အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဇူလိုင်လဆန်းမှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အစိုးရတပ်တို့အကြား ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေခဲ့ပြီး UWSA ဘက်ကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်လို့ လေသံပစ်ခဲ့ပါတယ်။ ဒီအတောအတွင်း ကရင်ပြည်နယ်မှာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) နဲ့ အစိုးရတပ်တို့အကြား တိုက်ပွဲများနဲ့ ပတ်သက်ပြီး ဘားအံမြို့မှာ နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးနေကြစဉ် မြဝတီနဲ့ ကော့ကရိတ်ကြား ၇ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး ကုန်သွယ်မှု ရပ်ဆိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာလည်း KIA နဲ့ အစိုးရတပ်တွေ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပါတယ်။
ဩဂုတ်လ အစောပိုင်းမှာတော့ NCA စာချုပ် လက်မှတ်ထိုးရေး ကြိုးပမ်းနေချိန်မှာ တိုက်ပွဲများခြွင်းချက်မရှိ ရပ်ထားဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုပါတယ်။ စက်တင်ဘာလဆန်းမှာ NCA ချုပ်ဆိုနိုင်ရေး သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ထိပ်သီးကိုယ်စားလှယ် ၉ ဦးတို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
စက်တင်ဘာလအတွင်းမှာပဲ အစိုးရတပ်နဲ့ KIA, တအာင်း TNLA၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း RCSS/SSA တို့နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဆုံးမှာတော့ အောက်တိုဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ အနက် NCA လက်မှတ်ထိုးဖို့ အစိုးရက ကမ်းလှမ်းတဲ့ ၁၅ ဖွဲ့မှာ ၈ ဖွဲ့ကပဲ ပါဝင် လက်မှတ်ထိုးတဲ့အတွက် ဟန်ပြငြိမ်းချမ်းရေးလို့ ဝေဖန်ခံခဲ့ရပါတယ်။ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာတော့ တိုက်ပွဲတွေ နှစ်ကုန်တဲ့အထိ ကြိုးကြားဆက်လက်ဖြစ်နေဆဲပါ။
ြပည်သူ့ဆန္ဒ ထင်ဟပ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ
၂၀၁၅ ခုနှစ်မှာ မြန်မာ့နိုင်ငံရေးအတွက် အထူးခြားဆုံး အထင်ရှားဆုံးဟာ နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၁ ခုအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမတ်နေရာ စုစုပေါင်းရဲ့ ၇၉ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လွှတ်တော်သုံးရပ်အတွက် နေရာပေါင်း ၁၁၅၀ မှာ NLD က ၈၈၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။ NLD ပါတီက ပြည်သူ့လွှတ်တော်မှ ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှာ ၄၇၅ နေရာနှင့် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်(တိုင်းရင်းသားရေးရာဝန်ကြီး) ၂၁ နေရာရရှိခဲ့ပါတယ်။
NLD အနိုင်ရခဲ့တာ ဒီတကြိမ်တည်း မဟုတ်ခဲ့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း မဲဆန္ဒနယ်မြေပေါင်း ၄၉၂ နေရာမှာ ၄၈၅ နေရာ အနိုင်ရခဲ့ဖူးပေမယ့် စစ်အစိုးရက NLD ကို အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး။ နှစ်ပေါင်း ၂၅ နှစ် ကြာမြင့်ခဲ့ပေမယ့် ပြည်သူလူထုက NLD ကိုပဲ ရွေးချယ် ပေးခဲ့ပါတယ်။
ဒီအောင်မြင်မှုဟာ တနိုင်ငံလုံးအတွက် ဒီမိုကရေစီအောင်ပွဲပါ။ စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်ဆိုတဲ့အကြောင်းကို ရွေးကောက်ပွဲနေ့မှာ မဲရုံ တွေဆီမှာ စနစ်တကျတန်းစီပြီး သူတို့ရဲ့ဆန္ဒအမှန်ကို ထုတ်ဖော်ခဲ့တယ်။ ရွေးကောက်ပွဲမတိုင်ခင် အမှားများနေတဲ့ မဲစာရင်းကြောင့် ရွေးကောက်ပွဲ တရားမျှတမှုမရှိမှာ လွတ်လပ်မှု မရှိမှာကို စိတ်ပူခဲ့ကြပေမယ့် ရွေးကောက်ပွဲ နေ့မှာ လူတိုင်းမဲပေးနိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိခဲ့တာက လွဲလို့ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါတယ်။
ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို အမှတ်ပေးရမှာပါ။ ပြီးတော့ ရွေးကောက်ပွဲကြီးတခုလုံး ပြီးမြောက်အောင် ကူညီပေးခဲ့ကြတဲ့ မဲရုံမှူး အပါအဝင် မဲရုံမှာ အဆင့်ဆင့် တာဝန်ရှိသူတွေ၊ ရပ်/ကျေးအဆင့်ကနေစပြီး ဗဟိုအထိ ကော်မရှင် တာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲကို လုံခြုံရေး ယူပေးခဲ့ကြတဲ့ အထူးရဲတွေကိုလည်း ကျေးဇူးတင်ရမှာပါ။ ရွေးကောက်ပွဲမှာ မီဒီယာတွေကလည်း အချိန်နှင့်တပြေးညီ သတင်းယူ၊ သတင်းပို့ခဲ့ကြသလို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေကလည်း သတင်းထုတ်ပြန်မှုတွေကို တိတိကျကျ ထုတ်ပြန် ပြောဆိုကြပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို သဘောမတူဘဲ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက အစိုးရကိုတောင်းဆိုခဲ့ရာ အကြောင်းပြန်မှုမရှိတာ ကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ တနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းဟာ မန္တလေးတိုင်းကနေ ရန်ကုန်မြို့အထိ လမ်းလျှောက်ချီတက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လမ်းခရီးတလျှောက်မှာ အာဏာပိုင်တွေရဲ့ ပုံစံမျိုးစုံနဲ့ ဖိအားပေးတားဆီးတာ ခံရသလို ဒေသခံတွေကတော့ ကြိုဆိုထောက်ခံမှုတွေ ပေးခဲ့ကြပါတယ်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့ကိုအရောက် ရဲအင်အားနဲ့ ပိတ်ဆို့ခံထားရလို့ အစိုးရနဲ့ သပိတ်မှောက်ကျောင်းသားတွေ တွေ့ဆုံညှိနှိုင်းပြီး ရန်ကုန်မှာ သပိတ်ကိုရပ်ဖို့ လုပ်နေတုန်း မတ်လ ၁၀ ရက်နေ့မှာ ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၁၀ဝ ကျော် ဖမ်းခဲ့ပါတယ်။ ဒီကျောင်းသားသပိတ်မှာ ဒီမိုကရေစီ အတိုက်အခံပါတီကြီးဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လက်ပံတန်းအကြမ်းဖက်မှုကို ကန့်ကွက်တဲ့ကြေညာချက်ထုတ်ရုံကလွဲလို့ ခပ်ဝေးဝေးနေခဲ့တာဟာ အစိုးရက ရဲတွေကို အကြမ်းဖက်နှိမ်နင်းဖို့ မီးစိမ်းပြသလို ဖြစ်ခဲ့တယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
နောက်ပိုင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် လူ ၆၀ ကို ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေး၌ပါဝင်မှု ပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးကို လူစုခွဲရန် အမိန့်ပေးသော်လည်း မလိုက်နာမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်မှု ကျူးလွန်မှု ပုဒ်မ ၁၄၇၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စတဲ့ ပုဒ်မ ၅ ခုဖြင့် အရေးယူခဲ့ပါတယ်။ အဲဒီအမှု တွေနဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို ပဲခူးတိုင်း၊ သာယာဝတီတရားရုံးမှာ ယနေ့အချိန်အထိ ရုံးထုတ် စစ်ဆေးလျက် ရှိပါတယ်။
ကချင်ဆရာမနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ နမ့်မတောင်း ကျေးရွာ အုပ်စု၊ ကောင်းခါးကျေးရွာမှာ စာသင်ကြားပေးနေတဲ့ ကချင်ဆရာမ ၂ ဦးဟာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။ သေဆုံးသူ ၂ ဦး နေထိုင်ခဲ့တဲ့ အိမ်အနီး ထင်းပုံနားမှာ စစ်ဖိနပ်ခြေရာနဲ့တူတဲ့ ပွိုင့်ထူထူ ဖိနပ် ခြေရာတွေကို တွေ့ရပြီး မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) ၅၀၃ တပ်ကလည်း အခင်းဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကောင်းခါးရွာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိနေခဲ့ပါတယ်။
အစိုးရက အမှုဖွင့် စုံစမ်းစစ်ဆေးပေမယ့် တရားခံတွေကို အခုအချိန်ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိပါဘူး။ အသက် ၂၀ ဝန်းကျင် အရွယ်သာ ရှိသေးတဲ့ ကချင်ခရစ်ယာန် ဆရာမ ၂ ဦး ဖြစ်တဲ့ ခေါန်နန်စင်နှင့် မရန်လုရာတို့ဟာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ရဲ့ ခွင့်ပြုချက်နဲ့ ကောင်းခါးရွာမှာ ဆင်းရဲတဲ့ ကလေးငယ်တွေကို အခမဲ့ ပညာ သင်ပေးနေခဲ့ကြတာပါ။
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀ဝ ပြည့်
လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဟာ ၂၀၁၅ ခုနှစ် ဖေဖော် ဝါရီလ ၁၃ ရက်နေ့မှာဆိုရင် နှစ် ၁၀ဝ ပြည့်ခဲ့လို့ ဗိုလ်ချုပ်မွေးရပ် နတ်မောက်မြို့အပါအဝင် ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင်ကြတဲ့ ပြည်သူတွေက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အမှတ်တရပျော်ပွဲရွှင်ပွဲတွေကို တနိုင်ငံလုံးအနှံ့မှာ ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ဗိုလ်ချုပ်အမှတ်တရ ပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။
အာဏာရပါတီက နိုင်ငံရေးသမားတချို့ ပါဝင်တက်ရောက် ဆင်နွှဲကြ ပေမယ့် အစိုးရကတော့ တာဝန်ယူ၊ တာဝန်ခံပြီး နိုင်ငံတော်အဆင့် ကျင်းပပေးခဲ့တာမျိုး လုံးဝမရှိခဲ့ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖခင် အဖြစ်သာ မြင်နေခဲ့တဲ့ အာဏာရ စစ်ဗိုလ်ချုပ်တွေရဲ့အမြင်ဟာ ကျဉ်းမြောင်းလွန်းတယ်၊ ဗိုလ်ချုပ် အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးခေါင်းဆောင်သာမက တပ်မတော်ကို ထူထောင်ခဲ့သူ စစ်ရေးခေါင်းဆောင်လည်းဖြစ်တာမို့ ဒီလိုနှစ် ၁၀ဝပြည့်မှာ နိုင်ငံသူ နိုင်ငံသား အားလုံး သတိရဂုဏ်ပြုသင့်တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
တောဆင်ရိုင်းတို့ အိမ်ပြန်ချိန်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲမှာ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး ပဲခူးရိုးမဘက်ကနေ ကျွံထွက်လာတဲ့ တောဆင်ရိုင်း ၆ ကောင်ကို ၎င်းတို့လာရာ လမ်းကြောင်းအတိုင်း ပြန်လည်ပို့ဆောင်ပေးဖို့ သစ်တောဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ကြိုးပမ်းခဲ့ပေမယ့် တောဆင်ပေါက်စလေး ၁ ကောင်ကတော့ ပင်မအုပ်စုထဲကနေ ကွဲထွက်ပြီးကျန်ရစ်ခဲ့ပါတယ်။ တောဆင်ရိုင်းတွေ မျက်စိလည်နေစဉ်အတွင်းမှာ စိတ်ဝင်တစားနဲ့ လိုက်လံကြည့်ရှုခဲ့သူအလွန်များပြားခဲ့ပြီး အဲဒီလိုလိုက်ကြည့်သူတွေထဲက ဒေသခံတဦးဖြစ်သူ ကိုဖိုးပိုင် ဆိုသူမှာ တောဆင်ရိုင်းတကောင်ရဲ့ နှာမောင်းနဲ့ ရစ်ကိုင်ပေါက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ သစ်တော ပြုန်းတီးမှု၊ တောရိုင်းဆင်များ စားကျက်ရှားပါးလာမှုတို့ကို အစိုးရက အရေးတယူလုပ်ဆောင်ဖို့ ပိုအာရုံစိုက်စေ ခဲ့တဲ့ ဖြစ်ရပ်ပါ။
ဒဂုံစီးတီး စီမံကိန်း
မြန်မာနိုင်ငံရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး အနီးမှာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုအတွက်ဆိုပြီး ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေ ပေါ်မှာ တည်ဆောက်ခဲ့တဲ့ ဒဂုံစီးတီး စီမံကိန်းဟာ ပြည်သူတွေရဲ့ ကန့်ကွက်ခံရမှုကြောင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ လုံးဝ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တင်ဒါအောင်မြင်ခဲ့တဲ့ Marga Landmark Development ၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ ရွှေတောင် ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentivesကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး ဟိုတယ်၊ ကုန်တိုက်၊ စီးပွားရေးလုပ်ငန်းဌာန၊ လူနေအိမ်ခန်း အဆောက် အအုံနဲ့ ရုံးအဆောက်အအုံတွေပါဝင်တဲ့ စီမံကိန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ဗိသုကာ အင်ဂျင်နီယာ ပညာရှင်တွေကစပြီး ရဟန်းရှင်လူ ပြည်သူတွေရဲ့ တခဲနက်ကန့်ကွက်မှုကြောင့် စီမံကိန်းဟာ အပြီးသတ်ရပ်ဆိုင်း လိုက်ရပြီး စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လျက်ရှိကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် အစိုးရရဲ့ အစီအစဉ်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ရေဘေးက လူလုပ်တာလား၊ သဘာဝဘေးလား
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးများတဲ့ ဒဏ်ကြောင့် ကောလင်းမြို့နယ်မှာ ရေကြီးရေလျှံမှု ၂၀၁၅ ခုနှစ်၊ ဇူလိုင်လထဲမှာ ဖြစ်ပွားခဲ့တယ်။ နောက်ပိုင်း မြန်မာပြည် တနိုင်ငံလုံး မိုးဆက်တိုက် ရွာတာကြောင့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေကြီးပြီး နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် နေ့က ကောလင်းမြို့နယ်မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာပြီး ဇူလိုင် ၁၇ ရက်နေ့မှာ ကျေးရွာအသီးသီးက ရေဘေးသင့် ပြည်သူ ၆၀ဝ၀ ကျော်ဟာ ရေဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပါတယ်။
ကောလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း ရေဘေးအတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင် နေစဉ်မှာ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ မီးသတ် တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် အသက်ဆုံးရှုံးသူ ၆ ဦး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ မြစ်ဝကျွန်းပေါ်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁ သန်းကျော် ရေဘေး ဒုက္ခခံစားခဲ့ရပြီး သေဆုံးသူ ၁၀ဝ ကျော် ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ထိန်းသိမ်း စောင့်ရှောက်ရေး အရေးကြီးပုံကို ပညာရှင်တွေက ဆိုရှယ်မီဒီယာကတဆင့် သတိပေးရေးသားခဲ့ကြပါတယ်။ရွှေ့ပြောင်းတောင်ယာ၊ သစ်တောပြုန်းတီးမှု၊ တောင်ပြိုမှု၊ ရေကြီးရာတွင် ရွှံ့ညွန်များ ကျန်ရစ်ခြင်း၊ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုစတဲ့ ပြဿနာတွေ အပေါ် မီးမောင်းထိုးပြနိုင်ခဲ့ကြပါတယ်။
ဒီ ရေလွှမ်းမိုးမှုဟာ လယ်မြေဧကပေါင်း ၁ သန်းခွဲလောက်အထိ ပျက်စီးနစ်မြုပ်စေခဲ့သလို အထူးသဖြင့် ချင်းပြည်နယ်မှာ မြေပြိုမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲ အများကြီး ဖြစ်စေခဲ့ပါတယ်။ ဟားခါးမြို့မှာ တောင်များ ပြိုကျခဲ့ပြီး လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ ရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ်လ ၄ ရက်နေ့မှာ ဟားခါး-ဂန့်ဂေါလမ်းပိုင်း ပြိုကျ ပျက်စီသွားပြီး လမ်းပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ လမ်းလုပ်သား ၄ ဦး မြေအက် ကွဲကြောင်းအတွင်း ကျွံကျ သေဆုံးသွားခဲ့ရပါတယ်။
နောက်ပိုင်းမှာလည်း မြေကြီး အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေလို့ တောင်တွေ ဆက်လက်ပြိုကျနိုင်တဲ့ အနေအထားရှိနေတဲ့အတွက် ဟားခါးမြို့ကိုပါ ပြောင်းရွှေ့ပစ်ဖို့ အစိုးရက ပညာရှင်တွေနဲ့ တိုင်ပင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မော်ချီးဒေသမှာလည်း မိုးဆက်တိုက်ရွာလို့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၈ ဦး အထိ ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
နောက်ဆက်တွဲ ရိုက်ခတ်မှုကတော့ ပို့ကုန် ကဏ္ဍမှာ လျော့ကျမှုတွေ ဖြစ်လာစေတာပါပဲ။ ရေကြီးမှု ဖြစ်စဉ်စခဲ့တဲ့ ဇူလိုင်ကစလို့ စက်တင်ဘာလ အထိ ၃ လပတ်မှာ အရင်နှစ် ကုန်သွယ်မှုနဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ ကုန်သွယ်မှု လျော့ကျသွားခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းအချက် အလက်တွေအရ သိရပါတယ်။ ဒီလို ကုန်သွယ်မှုကို လျော့ကျသွားစေတဲ့အပြင် ဆန်နဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်မှု ဂယက်ရိုက်ခတ်မှုလည်း ဖြစ်ခဲ့ပါသေးတယ်။
နိုဝင်ဘာလက ကြက်သွန်နီဈေးတွေ ခုန်တက်သွားတာကလည်း ရေကြီးရာမှာ ကြက်သွန်နီခင်းတွေပျက်လို့ ထွက်နှုန်းကျတာနဲ့ ဆိုင်ကြောင်း ဈေးကွက်ထဲမှာ ပြောဆိုကြပါတယ်။
မန္တလေးက ဟိုတယ်ဆောက်လုပ်ရေး ငြမ်းပြိုကျမှု
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်က ငြမ်းပြိုကျခဲ့လို့ အလုပ်သမား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ တာဝန်ရှိတဲ့ကုမ္ပဏီကို အာဏာပိုင်တွေက အရေးယူခဲ့ပေမယ့် အရေးပေါ် ကယ်ဆယ်ရေး နည်းစနစ်မှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းရဲ့ နည်း ပညာအားနည်းချက်တွေအပေါ် ပြည်သူတွေက မေးခွန်းထုတ်ခဲ့ပါတယ်။
လူသတ်သမား တင်မြင့်နဲ့ ရဲတပ်ဖွဲ့ အရည်အသွေး
ရန်ကုန်မြို့ သန်လျင်မြို့နယ်က ရဲဝန်ထမ်း ၂ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် တရားခံတင်မြင့်ကို ၂၀၁၅ ဒီဇင်ဘာ ၄ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ် သတ်မိန့်ချမှတ်လိုက်ပါတယ်။ တရားခံတင်မြင့်ကို ပုဒ်မ ၃၀၂ (၂) အရ မသေမချင်း ကြိုးကွင်းစွပ် သတ်မိန့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို နာကျင်စေမှုပုဒ်မ ၃၃၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် တပေါင်းတည်းကျခံဖို့လည်း ပါဝင်ပါတယ်။
ဒီအမှုဖြစ်စဉ်ကတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က သန်လျင်မြို့မ ရဲစခန်းက နယ်ထိန်း ရဲအုပ်အောင်နိုင်နှင့် ရဲတပ်ကြပ် သူရလွင်တို့ ၂ ဦး ဟာ တရားခံပြေးတင်မြင့် ပုန်းအောင်းနေတဲ့ သန်လျင်မြို့ အောင်ချမ်းသာ ရပ်ကွက်က သဘာဝအလှ တည်းခိုခန်းမှာ သတင်းအရ သွားရောက်ဖမ်းဆီးစဉ် တရားခံပြေးတင်မြင့်က ဓားဖြင့် ထိုးသတ်ခဲ့တဲ့အတွက် အဆိုပါ ရဲ ၂ ဦးစလုံး သေဆုံး သွားခဲ့ရပါတယ်။
တင်မြင့်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်လာခဲ့တာမို့ ဒီလို ရာဇဝတ်သားတွေကို လွှတ်ပေးခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ကြသလို ရာဇဝတ်သား ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်မှု အရည်အချင်းကလည်း ဝေဖန်စရာ ဖြစ်စေခဲ့ပါတယ်။
စံချိန်တင် ပိုင်ရှင်မဲ့ မူးယစ်ဆေး ဖမ်းဆီးမှု
အာရှနဲ့ ကမ္ဘာမှာ ဒုတိယအများဆုံးပမာဏဖြစ်တယ်လို့ဆိုကြတဲ့ အလေးချိန်တန်နဲ့ချီတဲ့ စိတ်ကြွဆေးပြား သန်းပေါင်း များစွာကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က မင်္ဂလာဒုံစက်မှုဇုန်ထဲက ကားလမ်းဘေးတနေရာမှာ ပီနံအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ စိတ်ကြွ ဆေးပြားပေါင်း ၂၆၇ သိန်း (ငွေကျပ် တန်ဖိုး ၁၃၃ ဒသမ ၅ ဘီလီယံ) ကို ကွန်တိန်နာ ကားငယ်တစီး အတွင်းမှာ ပိုင်ရှင်မဲ့အဖြစ် နယ်မြေခံရဲက စတွေ့ရာကနေ စံချိန်တင် မူးယစ်ဆေးဝါးမှုကြီး စတင်ခဲ့တာပါ။
နောက်ပိုင်း အဆင့်ဆင့် ဖော်ထုတ်စစ်ဆေးချက်တွေအရ မူးယစ်ဆေးဝါးတွေ သိန်းနဲ့ချီပြီး အကြိမ်ကြိမ်ထပ်မိခဲ့သလို သံသယတရားခံ ၁၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီအမှုဖြစ်စဉ်မှာ အဓိကလက်သည်တရားခံလို့ ယူဆရတဲ့ ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးလီမိတက်ရဲ့ ဒါရိုက်တာမင်းဦးခိုင်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားတယ်လို့သိရပါတယ်။
ဒီဖမ်းဆီးမှုဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့သာဆိုင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်နေမှုကို မရပ်တန့်နိုင်သေးဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒေသတွင်း မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကို စောင့်ကြည့်သူတွေက မြန်မာပြည်အရှေ့ပိုင်း ရှမ်းပြည်နယ်ထဲက ပြည်သူ့စစ်တွေ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်တာကို မြန်မာစစ်တပ်က လက်နက်ကိုင် တိုင်းရင်းသားသူပုန်တွေ နှိမ်နင်းရာမှာ ကူညီတာမို့ မသိကျိုးကျွန်ပြုထားတယ်လို့ အစီရင်ခံကြပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲ
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကြား အင်အားပြိုင်မှုရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံပါတီ ဥက္ကဋ္ဌရာထူးလုပွဲရဲ့ ဂယက်က ကြီးပါတယ်။ သမ္မတ ဦးသိန်းစိန်က ပါတီရေးရာတွေမှာ တပြိုင်နက် ပါဝင်ဆောင်ရွက်တာကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၆၄ နဲ့ ငြိတယ်လို့ ဝေဖန်ခံရပါတယ်။
စီးပွားရေးလောကအတွင်းမှာလည်း ဂယက်အကြီးအကျယ် ထသွားခဲ့ပါတယ်။ ဦးရွှေမန်းကို ရာထူးကဖြုတ်ချပြီးနောက်ပိုင်း သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ချယ်ရီ FM အသံလွှင့်လိုင်း ရပ်နားသွားတာ၊ ပြည်ထောင်စုနေ့စဉ်သတင်းစာ ရပ်နားခံခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ်မှုရှိတယ်ဆိုတဲ့ ကောလာဟလကြောင့် ဘဏ်တွေကနေ ငွေထုတ်ယူမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေနဲ့ ဒေါ်လာဝယ်ယူမှုက မြင့်တက်ခဲ့ပြီး ရွှေနဲ့ ဒေါ်လာဈေးကို ဆောင့်တွန်းလိုက်ခဲ့တယ်။ ကောလာဟလကတဆင့် ဘဏ်တွေပြိုလဲတဲ့ သာဓကတွေလည်း ရှိခဲ့တာရောကြောင့် ဗဟိုဘဏ်ကိုယ်တိုင်က ဒီကိစ္စအပေါ်မှာ မစိုးရိမ်ကြဖို့ ထုတ်ပြန်ရသည်အထိ ဂယက်ရိုက်ခဲ့ပါတယ်။
USDP ပါတီ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဦးရွှေမန်းနဲ့ ခေါင်းဆောင်တချို့ သာမန်ဗဟိုကော်မတီအဆင့်ကို ရာထူးကျသွားခဲ့ပြီး ဥက္ကဋ္ဌရာထူးနဲ့ ပါတီဥက္ကဋ္ဌသစ်အဖြစ် ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲခန့်အပ်ခြင်း၊ အဖွဲ့ဝင် ၅၃ ဦး ပါတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
သန်းခေါင်ယံအာဏာသိမ်းပွဲဟာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်မှုအကွဲအပြဲကို တရားဝင်လူသိရှင်ကြား သက်သေပြခဲ့သလို ရွေးကောက် ပွဲမှာလည်း အပြတ်အသတ် ရှုံးပါတယ်။ အခုအချိန်ထိလည်း ကြံ့ခိုင်ရေးပါတီရဲ့ အနာဂတ်ခေါင်းဆောင်မှုက ဘယ်သူဦးစီးမယ်၊ ဘယ်လိုပြန်တည်ဆောက်မယ် မရှင်းလင်းလှပါဘူး။
တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ စစ်ဝတ်စုံ အရောင်သစ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အဝတ်အစား အရောင်တို့ကို ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းက နှိုင်းယှဉ်ပြောဆိုခဲ့လို့ မအူပင်မြို့မှာ နေထိုင်တဲ့ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို အီလက်ထရွန်နစ် ပုဒ်မ ၆၆ (ဃ)နဲ့ မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
မအူပင် နည်းပညာတက္ကသိုလ်ကနေ B.Tech(EC)ဘွဲ့ ရရှိထားသူ မချောစန္ဒီထွန်းဟာ မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး ၂၀၁၅ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့တဲ့ ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းမှာ လိုက်ပါရင်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတဦး ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂကနေ နုတ်ထွက်ပြီး မအူပင်မြို့နယ် NLD ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းတွေကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ မချောစနီ္ဒထွန်း (ခ)ချစ်သမီးဟာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း ဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ)နဲ့ အာဏာပိုင်တွေရဲ့ ပထမဆုံး ဖမ်းဆီးခြင်းခံရသူဖြစ်ပါတယ်။
ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန် ဂျာလီကလည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှုတ်ချထားတဲ့ ဓာတ်ပုံကို ဖြန့်ဝေတယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ ဒုတိယမြောက် ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရပါတယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ချိတ်ဆက်မှု ကျယ်ပြန့်လာတဲ့ခေတ်မှာ ဖေ့ဘွတ် လူမှုကွန်ရက်ပေါ် နိုင်ငံရေးဝေဖန်မှုတွေ ပိုများလာနေပြီး အခုလို ဖမ်းဆီးအရေးယူတာဟာ အာဏာပိုင်တွေရဲ့ အရေခွံပါးမှုကို ပြသနေသလိုပဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဦးအောင်သောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ သတင်းက ဒီနှစ်အတွင်း လူပြောအများဆုံး အသုဘသတင်းပါ။ အသက် ၇၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ မြန်မာပြည်မှာ အချမ်းသာဆုံးနိုင်ငံရေးသမားဖြစ်ခဲ့တယ်။ အာဏာရှင်အိုကြီး ဦးသန်းရွှေနဲ့ အလွန်နီးစပ်ခဲ့ပြီး ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့ကြတုန်းက သူ့လက်ရာမကင်းဘူးလို့ လူသိများသလို မန္တလေးက မဘသကိုယ်တော် ဦးဝီရသူကိုလည်း နောက်ကွယ်က ပံ့ပိုးနေသူလို့လည်း သတင်းထွက်ခဲ့သူပါ။
ကျောင်းဆရာဘဝကနေ တပ်မတော်မှာ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ပြီး ဒုဝန်ကြီး၊ ဝန်ကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၉၆ ခုနှစ်မှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး၊ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အမှတ် ၁ စက်မှုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီ စဖွဲ့ကတည်းက ပါဝင်သူတဦး ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းက စစ်အစိုးရရဲ့ အမာခံ၊ သဘောထားတင်းမာသူ၊ ပြုပြင်ပြောင်းလဲရေး မလိုလားသူအဖြစ် သတ်မှတ်ခံရတဲ့ ဦးအောင်သောင်းက ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)နဲ့ အင်တာဗျူးတခုမှာ သူဟာ စစ်ရေးဝါသနာပါပြီး တွက်ရ ချက်ရတာကို ကြိုက်နှစ်သက်ကြောင်း၊ တပ်မတော်မှာ အမှုထမ်းစဉ်က တွက် ချက် လုပ်ဆောင်တတ်မှုကြောင့် တိုက်ပွဲများ အောင်နိုင်ပြီး သူရဲကောင်းဘွဲ့များ ရရှိခဲ့ကြောင်း၊ သူကွယ်လွန်ခဲ့ရင် ပြည်သူ့အကျိုး ဆောင်ရွက်ခဲ့သူတဦးအဖြစ် ပြည်သူလူထုက အမှတ်ရစေချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေကြား ဩဇာရှိသူလို့ဆိုကြပြီး သန်းခေါင်ယံ အာဏာသိမ်းမှုဟာ သူသေဆုံးပြီးမှ ဖြစ်ခဲ့တာလို့ ကြံ့ခိုင်ရေးပါတီရဲ့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
လူအသေအပျောက်များနေသည့် မြန်မာ့ကျောက်စိမ်း တူးဖော်ရေး
ယခုနှစ် နိုဝင်ဘာလအတွင်း လူတရာကျော် သေဆုံးခဲ့ရသည့် ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုမှုသည် ပွင့်လင်းမှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြီးမားစွာဖြစ်နေခဲ့သော မြန်မာ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို လူအများ အာရုံစိုက်လာစေခဲ့သည်။ နှစ်ကုန်ခါနီး ဒီဇင်ဘာလ အတွင်းလည်း လူ ၅၀ ခန့် သေဆုံးရသည့် မြေစာပုံပြိုကျမှုတခု ထပ်ဖြစ်ခဲ့သည်။ မြေပြိုမှုများကြောင့် သေဆုံးရသူ အများစုမှာ အကြီးစား ကျောက်စိမ်းလုပ်ငန်းကြီးများက စွန့်ပစ်ခဲ့သည့် မြေစာပုံများတွင် ကျန်ရစ်နေနိုင်သည့် ကျောက်များကို လာရောက်ရှာဖွေခြင်းဖြင့် အသက်မွေးသော ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။
ဖားကန့်ဒေသသည် ကမ္ဘာပေါ်မှ ကျောက်စိမ်းများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် နေရာဖြစ်ပြီး ဝယ်လိုအားအမြင့်ဆုံးမှာ တရုတ်နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် Global Witness အဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရှိပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) ၏ တဝက်နီးပါးနှင့် ညီမျှသည်ဟု သိရသည်။
ယင်းသို့ မိုင်းတွင်းတွင် လူသေဆုံးမှုများ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များနှင့် လွှတ်တော်အနေဖြင့် မိုင်းလုပ်ငန်း နှင့်ပတ်သက်၍ အရေးတယူ ပြန်လည်စိစစ်သုံးသပ်မှု အားနည်းလွန်းနေပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအား ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် မြန်မာ့ကျောက်စိမ်း ကုန်သွယ်ရေးကို ခေတ်သစ်သမိုင်းတွင် အကြီးဆုံးသော သဘာဝသယံဇာတ လုယက်မှုအဖြစ် Global Witness အဖွဲ့က ဖော်ပြခဲ့ပါသည်။
တကျော့ပြန် ကိုးကန့်တိုက်ပွဲ
မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဟာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့လို့ နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ MNDAA တပ်ဖွဲ့ဟာ အရင်ကအစိုးရတပ်မတော်နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရနဲ့ ပထမဆုံး ငြိမ်းချမ်းရေး ယူခဲ့တဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀ဝ၉ ခုနှစ်မှာ အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို MNDAA က လက်မခံတဲ့ နောက်ပိုင်း တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လက်နက် ထုတ်လုပ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစိုးရတပ်က MNDAA ကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်နှင့် ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
အားလုံးက မေ့လောက်တဲ့ ၂၀၁၅ ကျမှ ဖုန်ကြားရှင်နဲ့ MNDAA အဖွဲ့ဟာ “အိမ်အပြန်ခရီး” လို့ နာမည်တပ်ပြီး ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် ၂၀၁၅ ခုနှစ်မှာ အစိုးရက အောင်မြင်စွာအပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတဲ့ NCA စာချုပ်အိပ်မက်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေရဲ့ အကျိုးဆက်ကြောင့် NCA စာချုပ်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ နှောင့်နှေးသွားရပါတယ်။
တိုက်ပွဲတွေအတွင်းမှာ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော်(AA)၊ ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့က MNDAA ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။ တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်က လေတပ်ကို အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် နယ်စပ်တိုက်ပွဲတွေဟာ တရုတ်နိုင်ငံသားတချို့ကိုပါ ထိခိုက်စေခဲ့ပြီး လူသေဆုံးမှုတချို့ပါ ရှိခဲ့ပါတယ်။တရုတ်စစ်တပ်ကလည်း မြန်မာနယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ်လုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။
မိုးကျရွှေကိုယ် ဆန့်ကျင်ရေးဖဲကြိုး လှုပ်ရှားမှု
“မိုးကျရွှေကိုယ်များ” လို့ အမည်ပေးထားတဲ့ စစ်တပ်က အရာရှိ၊ အရာခံတွေ အရပ်ဘက်ဝန်ကြီးဌာနတွေဆီကို ရောက်လာရင် လုပ်ငန်းကျွမ်းကျင်မှုမရှိဘဲ အဆင့်မြင့်ရာထူးတွေ ရနေကြတာကို လက်မခံနိုင်တဲ့ အစိုးရဝန်ထမ်းတွေဟာ ဖဲကြိုးတပ် ဆန့်ကျင်လှုပ်ရှားမှုကို ၂၀၁၅ ခုနှစ်ထဲမှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့လာတဲ့ စစ်ဘက် ပုဂ္ဂိုလ်တွေအတွက် အရပ်ဘက်ဆရာဝန်၊ သူနာပြုတွေက ဖဲကြိုးနက် လှုပ်ရှားမှု၊ တရားရေးပိုင်းကို ဝင်ရောက်လာသူတွေအတွက် တရားလွှတ်တော် ရှေ့နေတွေက ဖဲကြိုးဝါလှုပ်ရှားမှု၊ ဘူမိဗေဒ ပညာရှင်တွေက ဖဲကြိုးနီလှုပ်ရှားမှု၊ လျှပ်စစ်ဌာန ဝန်ထမ်းတွေက ဖဲကြိုးပြာ လှုပ်ရှားမှုနဲ့ ပညာရေးဝန်ထမ်းတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှု ဆိုပြီး မိုးကျရွှေကိုယ် ဆန့်ကျင်ရေး ရောင်စုံဖဲကြိုး လှုပ်ရှားမှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အစိုးရ ဗျူရိုကရေစီယန္တရားဆီကို စစ်တပ်က အရာရှိတွေ ခန့်ထားမှုဟာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာစယူတဲ့အချိန်က စတင် ခဲ့တာဖြစ်ပြီး တပ်မတော်မှ အနားယူလိုက်တဲ့ အရာရှိများစွာဟာ အရပ်ဘက်ဌာနတွေမှာ တဆင့်မြင့်ရာထူးတွေနဲ့ နေရာရကြတာ ဖြစ်ပေမယ့် လက်တွေ့လုပ်ငန်းနယ်ပယ်မှာ အံဝင်ခွင်ကျ မဖြစ်လို့ အရပ်ဘက် ဝန်ထမ်းတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရလေ့ ရှိပါတယ်။
ရန်ကုန် စတော့ဈေးကွက် ဖွင့်ပြီ
မြန်မာပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အရင်းအနှီးဈေးကွက် စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ဖွင့်နိုင်ခဲ့ပါတယ်။ စတော့ဈေးကွက်မှာ တရားဝင်မှတ်ပုံတင်ပြီး ရှယ်ယာရောင်းချမယ့် ကုမ္ပဏီ ၆ ခုရှိတယ်လို့ဆိုပေမယ့် ရှယ်ယာများ ရောင်းချခြင်းကိုတော့ မတ်လ လောက်မှ ခွင့်ပြုမယ်လို့ဆိုတာကြောင့် အေးစက်စက်နဲ့ စတဲ့ အခြေအနေပါ။
မြန်မာပြည်မှာ ငွေကြေးရင်းနှီးမြှုပ်နှံကစားကြတာဆိုရင် အရင်က အိမ်ခြံမြေ၊ ရွှေ၊ဒေါ်လာနဲ့ ကား စတာတွေပဲ တရားမဝင် ရှိရာကနေ ဦးသိန်းစိန်အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် အဲဒီဈေးကွက်တွေကို တရားဝင်စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ထိန်းသိမ်းရင်း အခုဆိုရင် အများပိုင် ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံကစားလို့ရမယ့် ဈေးကွက်တခု ဖြစ်လာမှာပါ။ အကောင်းမြင်ကြသူတွေက ဗီယက်နမ်ရဲ့ ၁၀ နှစ်အတွင်း ကုမ္ပဏီ၁၀ဝ ကျော် မှတ်ပုံတင် ရောင်းဝယ်နိုင်ခဲ့တဲ့ အခြေအနေကို မများတဲ့ နှစ်ပိုင်းအတွင်း အမီလိုက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
အမှန်အတိုင်းမြင်သူတွေကတော့ စတော့ဈေးကွက်အတွေ့အကြုံ မရှိသေးတဲ့ မြန်မာနိုင်ငံဟာ ကိုယ့်အတွေ့ အကြုံနဲ့ကိုယ် ဖြတ်သန်းရင်း အမှားကို အမှန်ပြင်ရဦးမယ်လို့ ဆိုပါတယ်။ ဥပမာတခုကို ပြပါဆို ရန်ကုန်စတော့အိတ်ချိန်းရဲ့ အဓိကရှယ်ယာပိုင်ရှင် မြန်မာ့ စီးပွားရေးဘဏ်ဟာ အမေရိကန်အရေးယူပိတ်ဆို့မှု စာရင်းထဲ ပါဝင်နေဆဲပါ။ ငွေကြေးဈေးကွက် အောင်မြင်ဖို့ အမေရိကန်တွေ ပိတ်ဆို့ဒဏ်ခတ် ထားရင် မဖြစ်နိုင်ပါ။
တရုတ် သစ်ခိုးမှုနှင့် ရွှေချောင်းများ
၂၀၁၅ ဇူလိုင်လကုန်မှာ လွှတ်လိုက်တဲ့ အကျဉ်းသား ခုနစ်ထောင်လောက်မှာ သစ်ခိုးဖမ်းလို့ ဖမ်းထားခဲ့ပြီး တရားရုံးက အမိန့်ချတာ ၈ ရက်သာ ရှိသေးတဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်တာကြောင့် မြန်မာတွေ အတော်ဒေါဖောင်းသွားခဲ့ပါတယ်။ ဒီ သစ်ခိုးခုတ်သူတွေဟာ ကချင်ပြည်သူ့စစ်တွေနဲ့ မြန်မာ မြောက်ပိုင်း တိုင်းမှူးတို့ကို လာဘ်ထိုးပြီး ဝင်ခုတ်နေသူတွေမို့ အလျင်အမြန် ပြန်လွှတ်ပေးလိုက်တာလို့ ပြောဆိုချက်တွေ ရှိခဲ့ပါတယ်။
လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Environmental Investigation Agency-EIA) က သစ်ခိုးထုတ်မှုတွေဟာ တရုတ်သစ်ကုန်သည်တွေက နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး မြန်မာ့တပ်မတော် မြောက်ပိုင်းတိုင်းက စစ်အရာရှိကြီးတွေကို ရွှေချောင်းထိပါပေး လာဘ်ထိုးပြီးမှ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အခုအခါမှာ တရုတ်တွေရဲ့ သစ်ခိုးထုတ် မှုကြောင့် ကချင်ပြည်နယ်ထဲမှာရှိတဲ့ သစ်တောတွေထဲက သက်တမ်းရင့်သစ်ပင်တွေ ပျက်သုဉ်းသွားခဲ့ပြီးတော့ နောက်ပိုင်းမှာ တရုတ်တွေရဲ့ သစ်ခိုးမှုဧရိယာဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မုံရွာ၊ အင်းတော်ကြီးဒေသ တွေဆီကိုတောင် ရောက်နေပြီလို့ သိရပါတယ်။
EIA ရဲ့ အဆိုအရ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို တရားမဝင် သစ်ခိုးထုတ်ရာမှာ တနှစ်ကို သစ်တန်ချိန်ပမာဏ ကုဗမီတာ ၉ သိန်းရှိပြီး ချမ်းသာကြွယ်ဝတဲ့ တရုတ်နိုင်ငံသားဦးရေ များပြားလာပြီး ပရိဘောဂတွေ ပိုဝယ်လာနိုင်တာမို့ တရုတ်နိုင်ငံရဲ့ သစ်လိုအပ်မှုက မြန်မာ့သစ်ခိုးမှုကို လျစ်လျူရှုဖို့ ပိုဖြစ်စေခဲ့ပါတယ်။
မြန်မာဘောလုံး ပရိသတ် ဖလားရသွားတဲ့ စင်ကာပူဆီးဂိမ်း
ဇွန်လက စင်ကာပူမှာ ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဦးကြည်လွင်ဦးဆောင်တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းဟာ ခြေစွမ်းပြနိုင်ခဲ့တယ်။ ဒီလိုပဲ ပွဲကြည့်စင်ပေါ်က အဖြူရောင်ဝတ် မြန်မာ ပရိသတ်ကလည်း အမှတ်ရစရာ ဖြစ်ခဲ့ရတယ်။ ဆီးဂိမ်း ဘောလုံးပွဲတွေမှာ ဒီလိုပရိသတ်မျိုး မမြင်ဖူးသေးဘူးလို့ ဘောလုံးဝါသနာအိုးတွေက ဆိုတယ်။
အထူးသဖြင့် ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်နဲ့ ဗိုလ်လုပွဲမှာ ထိုင်းကို ကန်တဲ့ပွဲတွေမှာ မြန်မာပရိသတ်ရဲ့ အားပေးမှုဟာ “မြန်မာ မြန်မာ ဒုံး ဒုံး”ဆိုတဲ့ အသံတွေ၊ နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုကြတာတွေနဲ့ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ မြန်မာအသင်း ထိုင်းကို ၃ ဂိုးနဲ့ ရှုံးပေမယ့် သူတို့ စိတ်ဓာတ်တွေက မပျက်စီးသွားဘဲ ထိုင်းအသင်း ရွှေတံဆိပ် လက်ခံ ယူတဲ့အခါ လက်ခုပ်တီးပြီး ဂုဏ်ပြုနိုင်ခဲ့သေးတာမို့ ဘောလုံးမီဒီယာ ESPN က စင်ကာပူဆီးဂိမ်းမှာ အကောင်းဆုံး ပရိသတ်အဖြစ် သတ်မှတ်ခဲ့တယ်။
ဒီပွဲကို လာကြည့်တဲ့ ပရိသတ်အချင်းချင်း အမှိုက်အိတ်တွေ ကမ်းပေးကြတာ၊ ပွဲအပြီး အမှိုက်သိမ်းသွား ကြတာတွေကလည်း ချစ်ခင်လေးစားထိုက်တယ်။ ဒီပွဲကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ LED တီဗီကြီးတွေ ထောင်ပြီး ပြသတာကြောင့် လာရောက် အားပေးကြသူတွေ ကြိတ်ကြိတ်တိုးခဲ့ပါတယ်။ ။