ရန်ကုန်မြို့နှင့် မိုင် ၁၅၀ ခန့်သာ ကွာဝေးသည့် နေရာတွင် ဒုတိယ မြန်မာနိုင်ငံတော် ခေတ်ဟု သမိုင်းမှတ်တမ်း တင်ထားသော စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သမိုင်းအမွေအနှစ် ဆိုင်ရာများနှင့် ပြည့်နေသော တောင်ငူမြို့ တည်ရှိသည်။
လက်ရှိ တောင်ငူမြို့ဟု လူသိများသည့် မြို့တည်နေရာသည် ယခင် တောင်ငူ မင်းဆက် ၂၉ ဆက်မြောက် မင်းဖြစ်သော မဟာ သီရိဇေယျသူရ ဘွဲ့ခံ မင်းကြီးညိုက ကောဇာ သက္ကရာဇ် ၈၇၂ ခုနှစ်တွင် နောက်ဆုံး ပြောင်းရွှေ့ နန်းတည်ခဲ့သည့် နေရာ ဖြစ်ကြောင်း သမိုင်း အထောက်အထားများတွင် တွေ့ရှိရသည်။
တောင်ငူ နောက်ဆုံး နန်းတည်နေရာလည်း ဖြစ်သည့် လက်ရှိအခြေအနေထိ ယင်းမြေနေရာတွင် စည်ကားစွာ တည်ရှိနေသော ကေတုမတီ (တောင်ငူ) မြို့သည် ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်(ကောဇာ သက္ကရာဇ် ၁၃၇၇ ခုနှစ်)တွင် နှစ်ပေါင်း ၅၀၅ နှစ် ပြည့်ခဲ့ပြီ ဖြစ် သည်။
တောင်ငူဒေသသည် ပဒေသရာဇ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ တောင်ငူမြို့အပါအဝင် အနီးဝန်းကျင်ရှိ နေရာများစွာတွင် ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသေးကြောင်း ရှေးဟောင်း အထောက်အထားများက ပြသနေသည်။
တချို့နေရာများသည် ပဒေသရာဇ်ခေတ် ထွန်းကားခဲ့ကြောင်း အထောက်အထားများ ပြနိုင်သည့် အဆောက်အအုံများ မရှိတော့သော်လည်း နန်းတည်ခဲ့ရာ မြေနေရာများကို တိတိကျကျ ပြသနိုင်သော မြို့ရိုးများ၊ ကျုံးနေရာများ ကျန်ရှိနေသေးသည်။
ထို့အပြင် တောင်ငူမြို့တွင် ကိုလိုနီခေတ်က အင်္ဂလိပ်လူမျိုးများ နေထိုင်ခဲ့သည့် ကိုလိုနီ အဆောက်အအုံများစွာလည်း ကျန်ရှိနေ သေး သည်။
ယင်းအဆောက်အအုံများ၏ သက်တမ်းသည်လည်း နှစ်တရာကျော်လာပြီ ဖြစ်သည့်အတွက် ရှေးဟောင်း အမွေအနှစ်အဖြစ် ပြုပြင် ထိန်းသိမ်းရန် ယခုဆိုလျှင် များစွာ လိုအပ်နေပြီ ဖြစ်ကြောင်း တောင်ငူ သမိုင်းကြောင်းကို လေ့လာ ဖော်ထုတ်နေသည့် သမိုင်း သုတေသီ တဦးဖြစ်သူ ဒေါက်တာ မြသောင်း က ပြောပြသည်။
“အခု နှစ်တရာကျော် သက်တမ်းရှိတဲ့ ကိုလိုနီအဆောက်အအုံတွေကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်နေပြီဆိုတော့ ကျနော် တို့ တောင်ငူမြို့မှာလည်း အင်္ဂလိပ်တွေ နေထိုင်သွား၊ တည်ဆောက်သွားတဲ့ အဆောက်အအုံတွေ အများကြီးရှိတယ်။ အဲဒီ အဆောက်အအုံတွေက လုံး၀ မပျက်စီးသေးဘူး။ ဒါတွေကိုလည်း ထိန်းသိမ်းဖို့ လိုနေပြီ။ တောင်ငူက ရှေးဟောင်း အမွေအနှစ်တွေကို ပြန်ဖော်ထုတ်ပြီး ရှေးဟောင်းဇုန် တခုအဖြစ် သတ်မှတ်ထိန်းသိမ်းသင့်တယ်”ဟုလည်း ဒေါက်တာ မြသောင်းက ဆိုသည်။
ခေတ်သစ် တောင်ငူမြေနေရာတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့်ပတ်သက်ပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ်က ကျရောက်သော တောင်ငူနန်းတည် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါက်တာ မြသောင်းက ရှေးဟောင်း နေရာ များကို ရိုက်ကူးထားသည့် မှတ်တမ်းတင် ဓာတ်ပုံများကို စုစည်း၍ စာအုပ်ထုတ်ဝေခဲ့သေးသည်။ “ကေတုမတီ (တောင်ငူ) မြို့တည် နန်းတည် နှစ်ငါးရာပြည့် ပုံရိပ်လွှာများ” စာအုပ်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
ထို စာပေယဉ်ကျေးမှု ထွန်းကားခဲ့သည့် တောင်ငူ ခေတ်တွင် ရတုဘုရင် နတ်သျှင်နောင် (၉၇၁-၉၇၄) ကိုလည်း စာဖတ်သူများ ပြေးမြင်မိကြမည် ဖြစ်ပြီး ချစ်ခြင်းမေတ္တာ ကြီးမားသည့် နတ်သျှင်နောင်နှင့် အတူ ၎င်းရေးသားသည့် စာပေများစွာတွင် ပါဝင်နေသည့် ဓာတုကလျာ မင်းသမီးကိုလည်း စာဖတ်သူများ ရင်းနှီးလိမ့်မည်ဟု ထင်ပါသည်။
ထို့အပြင် တောင်ငူခေတ်တွင် စစ်မှုရေးရာကျွမ်းကျင်သည့် ဘုရင့်နောင်တို့လို မင်းဆက်များ စိုးစံခဲ့သည့်အတွက်လည်း မြန်မာ့ သမိုင်း တွင် အင်အား ကြီးမားသော၊ နယ်ပယ်ချဲ့ထွင်နိုင်ခဲ့သော ဒုတိယ မြန်မာနိုင်ငံတော် သမိုင်းခေတ်ကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်မည်။
မြန်မာနိုင်ငံ၏ ပဒေသရာဇ်ခေတ် သမိုင်းတွင် တောင်ငူခေတ်သည် ဒုတိယ မြန်မာနိုင်ငံ သမိုင်းခေတ် ဖြစ်သကဲ့သို့ မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်မှု သမိုင်း ဖြစ်စဉ် ခေတ်များ ဖြစ်သော ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်း ခေတ်(ဒုတိယ အင်းဝခေတ်)နှင့် ကုန်းဘောင် ခေတ် များတွင်လည်း တောင်ငူ ခေတ် ဟူ၍ပါဝင်ခဲ့ပါသည်။
တောင်ငူခေတ်၏ သမိုင်းအစသည် ယခု တည်ရှိသည့် ကေတုမတီ(တောင်ငူ)မြို့၏ အနောက်ဘက် ၉ မိုင်ခန့် ကွာဝေးသည့် ခပေါင်း ချောင်း ကမ်းပါး၌ သက္ကရာဇင် ၆၄၀ (အေဒီ ၁၂၇၈) ခုနှစ်တွင် သဝန်ညီနောင် နှစ်ဦးက မူလ တောင်ငူ (တောင်ငူငယ်) ကို တည်ခဲ့ပြီး နောက်တနှစ်မှာပင် “ဓညဝတီ” အမည်ရှိ တောင်ငူကြီးမြို့ကို ပြောင်းလဲ တည်ထောင်ခဲ့သည်။
ထို့နောက် ယင်းတောင်ငူကြီးမြို့တွင် နှစ်ပေါင်း ၂၀၆ နှစ်တိုင်အောင် မင်းဆက် ၂၈ ဆက် စိုးစံခဲ့ပြီးနောက် တဖြည်းဖြည်း လူနေထိုင်မှု များပြားကျယ်ပြန့်လာသည့်အတွက် ၂၉ ဆက်မြောက် မင်းကြီးညို လက်ထက်တွင် တောင်ငူကြီးမှတဆင့် ပဲခူးတိုင်းအတွင်းရှိ မြဝတီ သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တောင်ငူကြီး နန်းတော် နေရာကို “စည်းခုံကြီး” စေတီတော် တည်ထားခဲ့သည်။
မင်းကြီးညို လက်ထက်တွင် ရေလွှဲ ၅ ခရိုင်၊ ပျဉ်းမနား၊ တောင်ညို၊ လယ်ဝေး၊ ရန်အောင်မြင်၊ ဟံသာဝတီမင်း ပိုင်နက် ဖြစ်သော ကတ်ကျေး၊ ကြောင်ပြာ၊ ကျောက်မော်နယ်များကို သိမ်းသွင်းနိုင်ခဲ့သည်။
ထို့နောက် သက္ကရာဇ် ၈၅၃ ခုနှစ်(အေဒီ ၁၄၉၁ ခုနှစ်)တွင် ပေါင်းလောင်းမြစ်(စစ်တောင်း)နှင့် ခပေါင်းချောင်းဆုံတွင် “ဒွါရာဝတီ” မြို့တော်သစ်ကို တည်ထောင်ခဲ့သည်။
မင်းကြီးညို၏ ဘုန်းလက်ရုံးကြောင့် အထက်အညာမှ မြန်မာ ပညာရှိများ၊ သူရဲကောင်းများ ခိုဝင်လာကြပြီး လူနေအင်အားကြီးမား လာသည့်အတွက် “ဒွါရာဝတီ” နန်းနေရာကို စွန့်ခွာပြီး လက်ရှိ တောင်ငူမြို့ တည်ရှိသည့် ကေတုမတီ နေပြည်တော်ကို တည်ထောင် ခဲ့သည်။
မင်းကြီးညို တည်ထောင်ခဲ့သည့် ကေတုမတီ နေပြည်တော်တွင် မင်းဆက် ၈ ဆက် ဖြစ်သည့် မင်းကြီးညို (၈၄၇-၈၉၂)၊ မင်းကြီးညို၏ သားတော် တပင်ရွှေထီး(၈၉၂-၉၁၂ )၊ မင်းရဲသိင်္ခသူ(၉၀၁-၉၁၀)၊ တောင်ငူဘုရင်မင်းခေါင် (၉၁၀-၉၁၂) (၉၁၄-၉၄၆)၊ဘုရင့်နောင် ကျော်ထင် နော်ရထာ(၉၁၂-၉၁၄)၊ မင်းရဲသီဟသူ (၉၄၆-၉၇၁)၊ နတ်သျှင်နောင် (၉၇၁-၉၇၄) စသည့် မင်းအဆက်ဆက် ထီးနန်း စိုးစံခဲ့ကြကြောင်း ဒေါက်တာ မာမာဝေ ပြုစုရေးသားသော တောင်ငူ ရာဇဝင်နှင့် တောင်ငူ သမိုင်းဟောင်း စာအုပ်တွင် တွေ့ရှိရသည်။
ယင်းသို့ မင်းအဆက်ဆက် နေထိုင်ခဲ့သည့် နေရာများတွင် ယခုဆိုလျှင် နှစ်ပေါင်း ၅၀၀ ကျော်လာပြီ ဖြစ်ရာ ပြုပြင် ထိန်းသိမ်းခြင်း အားနည်းမှုများကြောင့် ရှေးဟောင်းအမွေအနှစ် အများအပြား ပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။
နှစ်ပေါင်း ၅၀၀ ပြည့် နှစ်မှ စပြီး တောင်ငူ၏ ရှေးဟောင်းသမိုင်းနေရာများကို ပြန်လည် ဖော်ထုတ်ရန် တောင်ငူ သမိုင်း ပြန်လည် ဖော်ထုတ်ရေး ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းကော်မတီတွင် သမဝါယမ ဘဏ်(CB ဘဏ်) ဥက္ကဋ္ဌ ဦးခင်မောင်အေး က ကော်မတီ ဥက္ကဋ္ဌ နေရာကို တာဝန်ယူပြီး လိုအပ် သည့် ငွေကြေးများကို စိုက်ထုတ်၍ ယဉ်ကျေးမှု နေရာတချို့ကို ပြန်လည် ပြုပြင်ထိန်းသိမ်းခဲ့သည်။
“မြို့ရိုးမှာရှိတဲ့ အုတ်တွေကို ဖြိုချပြီး လမ်းခင်းတဲ့ အခြေအနေထိအောင် ရှိခဲ့တယ်။ တောင်ငူခေတ် တခုလုံးမှာ တော်တော်များများ ယဉ်ကျေးမှုတွေ ထိန်းသိမ်းခဲ့တယ်။ အခုဆို တော်တော်များများ မရှိတော့ဘူး။ ဒီတိုင်း ဆက်သွားနေရင် တောင်ငူဆိုတာ ဘာမှန်း တောင် သိမှာမဟုတ်တော့ဘူး။ ဒါကြောင့် တောင်ငူမှာ ရှိသမျှ လက်လှမ်းမီသလောက်ကို ဖော်ထုတ် ထိန်းသိမ်းသွားဖို့ စီစဉ်ထားပါတယ်”ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးခင်မောင်အေးက ပြောကြားသည်။
လူနေအိမ်များ တည်ဆောက်ရန် တူးဖော်ရာတွင် ရှေးဟောင်း အဆောက်အအုံ နေရာများ ပေါ်ထွက်လာခြင်းများ ရှိနေသည့်အတွက် သမိုင်းနေရာများကို သက်ဆိုင်ရာ အစိုးရ၏ အကူအညီနှင့် ဖော်ထုတ် ထိန်းသိမ်းနိုင်ရန် လက်ရှိတွင် ကြိုးပမ်းနေကြောင်းလည်း ဦးခင်မောင်အေး ပြောကြားချက်အရ သိရသည်။
ယခုဆိုလျှင် တောင်ငူမင်းအဆက်ဆက်နှင့် ပတ်သက်ပြီး အများပြည်သူ လေ့လာနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်က တောင်ငူ(ကေတုမတီ)မြို့ ဗိုလ်မှူး ဖိုးကွန်းလမ်းတွင် ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်တခုကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ယင်းပြတိုက်တွင် တောင်ငူမင်း အဆက်ဆက် အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ သဝန်ညီနောင် မင်းဆက်မှ စပြီး နှစ်ပေါင်း ခုနှစ်ရာ ကျော်တွင် ထွန်းကားခဲ့သည့် တောင်ငူမင်းဆက် မျိုးနွယ်များ၏ အသုံးအဆောင်ပစ္စည်းများ အပါအဝင် တောင်ငူခေတ်မှ ကိုလိုနီ ခေတ် အထိ ထွန်းကားခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းပေါင်းများစွာ စုဆောင်းပြသထားသည်။
တောင်ငူမြို့နှင့် တောင်ငူ မြို့အနီးဝန်းကျင်တွင် တည်ရှိခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ်များကို တောင်ငူမြို့ဟောင်းဇုန် တခုအဖြစ် ပြန်လည် ဖော်ထုတ်ရန် ရည်ရွယ်ထားပြီး တောင်ငူ သမိုင်းလေ့လာလိုသူများ အချိန်မရွေး လေ့လာနိုင်ရန်နှင့် သမိုင်းကို မြတ်နိုးသည့် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။
တောင်ငူခေတ်က ထွန်းကားခဲ့သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် တောင်ငူခေတ် သမိုင်းများကို ဖော်ထုတ် ရာတွင် အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု တောင်ငူ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်မှူး အငြိမ်းစား ပါမောက္ခ ဒေါက်တာ မာမာဝေ က ပြောသည်။
“သမိုင်းနေရာတွေကို ပြန်လည်ဖော်ထုတ်ရာမှာ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတယ်။ ပထမတုန်းကတော့ သူတို့က မကြိုက်ကြ ဘူး။ အိမ်ဆောက်ရင်း ရှေးဟောင်းအဆောက်အအုံ နေရာဖြစ်နေရင် သူတို့ အိမ်တွေ ဖယ်ပေးရမယ်လို့ ထင်နေတယ်။ အဲဒီကိစ္စမျိုးတွေကိုလည်း တော်တော်ညှိနှိုင်းဆွေးနွေးရတယ်။ သမိုင်းဆိုတာကို သူတို့နားလည်မှ ဒါကို တန်ဖိုးထားတတ်မှာ။ ဒါကြောင့် သူတို့နားလည်အောင် သေချာရှင်းပြရတယ်”ဟုလည်း ဒေါက်တာ မာမာဝေ က ပြောပြသည်။
တောင်ငူမြို့တွင်း၌ပင် တောင်ငူ နန်းတည်နေရာများ၊ နန်းတော် မြို့ရိုးများ၊ မြို့ပတ်ထားသည့် ကျုံးများကို လက်ရှိအချိန်ထိ လေ့လာကြည့်ရှုနိုင်သည့် နေရာများစွာ ကျန်ရှိနေသေးသည်။
ယင်းနေရာများစွာထဲမှ မှတ်မှတ်ထင်ထင် လေ့လာနိုင်သည့် နေရာများကို ပြောရမည် ဆိုလျှင် လက်ရှိ တောင်ငူမြို့ အမှတ် ၂ အစိုးရ အထက်တန်းကျောင်း တည်ရှိသည့် နေရာသည် ယခင်က ကေတုမတီ နန်းတော် တည်ခဲ့သည့် နေရာအဖြစ် လေ့လာနိုင်သည်။
ထို့နောက် တောင်ငူမြို့အဝင်တွင် တည်ဆောက်ထားသည့် တောင်ငူမြို့ မုခ်ဦးနှင့် တဆက်တည်း တည်ဆောက်ထားသော မြို့ရိုးကို လေ့လာကြည့်မည် ဆိုလျှင် တောင်ငူမင်းများ တည်ထားခဲ့သည့်် မြို့ရိုးပေါ်ကို ကိုလိုနီခေတ် အုတ်များက ထပ်ပြီး အစီအရီ တည်ဆောက် ထားသည်ကိုလည်း တွေ့နိုင်သည်။
ထိုမြို့ရိုးများနေရာတွင် ကိုလိုနီခေတ်က တည်ဆောက်ထားသည့် အုတ်မြို့ရိုးများသည် အခိုင်အမာ ရှိနေပြီး အုတ်မြို့ရိုး၏ အောက် ဘက်တွင် မြေနှင့် အုတ်ခဲအကျိုးများ ရောနေသော တောင်ငူမင်းဆက်က တည်ဆောက်ခဲ့သည့် မြို့ရိုး နေရာများကိုလည်း လေ့လာ တွေ့ရှိနိုင်သည်။
တောင်ငူမြို့အလယ်တွင် ရှိသည့် လေးကျွန်း ကန်တော်သည်လည်း တောင်ငူခေတ် မင်းများ ဖော်ထုတ်ခဲ့သည့် ရေကန်တခု ဖြစ်ပြီး ယခုအခါတွင် ပြန်လည် ပြင်ဆင်မွမ်းမံထားသည်ကို တွေ့ရသည်။
ကေတုမတီ(တောင်ငူမြို့)တွင် တံခါး ၂၀၊ သိမ် ၂၀ ရှိသည်။ မြို့၏ အရှေ့ဘက်တွင် တံခါး ၅ ခု၊ သိမ် ၅ ခု ရှိသည်။ မြို့ အနောက် ဘက်၊ မြို့တောင်ဘက်နှင့် မြို့မြောက်ဘက်များတွင်လည်း တံခါး ၅ ခု၊သိမ် ၅ ခု စီ ရှိကြသည်။
တံခါးနှင့် သိမ်နေရာတချို့ကို ပြီးခဲ့သည့် တောင်ငူ နှစ် ၅၀၀ ပြည့်နှစ်က ဖော်ထုတ်ပြီး သမိုင်း မှတ်တိုင် စိုက်ထူခဲ့ကြောင်း ဒေါက်တာ မာမာဝေ က ပြောသည်။
“တံခါး အားလုံးနေရာတွေကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။ ရှိနိုင်တဲ့ နေရာတွေကိုတော့ ခန့်မှန်းလို့ ရတယ်။ လက်ရှိအချိန်ထိ တော့ တံခါး ဆယ်ခုလောက်နဲ့ သိမ်ဆယ်ခုလောက်ပဲ ဖော်ထုတ်နိုင်သေးတယ်။ ကျန်တာတွေက အိမ်တွေ ရှိတဲ့နေရာတွေ ဖြစ်နေလို့ မှတ်တိုင် စိုက်ဖို့ အခက်အခဲ နည်းနည်းတော့ ရှိတယ်”ဟု ဒေါက်တာ မာမာဝေက ဆိုသည်။
ထို့နောက် သဝန်ညီနောင် တည်ထောင်ခဲ့သည့် တောင်ငူငယ် မြေနေရာကိုလည်း တောင်ငူမြို့အနီး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၄၂ မိုင် ၆ ဖာလုံခန့်ရှိ အုတ်တွင်းမြို့နယ် သပြေကုန်းကျေးရွာအနီးတွင် လေ့လာတွေ့ရှိနိုင်သည်။
ယခုဆိုလျှင် ယင်းနေရာကို တောင်ငူတောဟု ခေါ်တွင်ကြောင်း သမိုင်းသုတေသီ ဒေါက်တာ မြသောင်း ကလည်း ပြောပြသည်။
တောင်ငူမင်းများ တည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုးများစွာကို သွားရောက်လေ့လာ တွေ့ရှိနိုင်သော်လည်း လက်ရှိတွင် တောင်ငူ မင်းဆက် တည်ထားခဲ့သည့် ရှေးဟောင်းလက်ရာများသည် ပြိုလဲ ပျက်စီးနေသဖြင့် ဒေသခံပြည်သူများ၏ ပြုပြင်မှုကြောင့် စေတီ ပုထိုး အများစုသည် မူလလက်ရာ လုံးလုံး ပျောက်ကွယ်နေပြီ ဖြစ်သည်။
ယင်းစေတီပုထိုးများထဲမှ တောင်ငူကြီး နန်းတည်နေရာတွင် တည်ခဲ့သည့် စည်းခုံကြီး စေတီသည် တောင်ငူမြို့တွင် သမိုင်းဝင် စေတီ တဆူအဖြစ် ထင်ရှားသည်။
တောင်ငူမြို့တိုးတက်လာသည်နှင့်အမျှ လယ်ယာ ဖော်ထုတ်မှုများ၊ နေအိမ်ချဲ့ထွင် နေထိုင်မှုများကြောင့် တောင်ငူ မင်းဆက် နေထိုင် ခဲ့သည့် မြို့တည်နေရာများစွာ ပျက်စီးခဲ့ရသလို မကြာခင်ကမှ ဖောက်လုပ်ခဲ့သည့် တောင်ငူ အမြန်လမ်းမကြီးအတွက် လိုအပ်သည့် မြေများ တူးဖော်မှုများကြောင့် တောင်ငူ အနောက်မြို့ရိုးများ ပျက်စီးခဲ့ရကြောင်း သိရသည်။
ရွှေနန်းတည်မင်း လက်ထက် ပဲခူးပျက်ပြီး နန္န ဘုရင် တောင်ငူရောက်တဲ့အချိန်က(AD 1600) ယိုးဒယား ဘုရင်က တောင်ငူကို ဝင်ရောက်တိုက်ခိုက်နိုင်ရန် အတွက် အရှေ့ဘက် ကျုံးမှ ရေများကို စစ်တောင်းမြစ်သို့ ပို့လွှတ်ရန် ရေနုတ်မြောင်းတခုကိုလည်း ဖောက်လုပ်ခဲ့သေးသည်။
ယင်းရေနုတ်မြောင်းနေရာကို ဒေသအခေါ် တွင်းကြီးပေါက် (မြစ်ကြီးပေါက်) သည် တောင်ငူကို လာရောက် လည်ပတ်သည့် ထိုင်း လူမျိုးများ စိတ်ဝင်တစား လေ့လာသည့် နေရာတခုလည်း ဖြစ်သည်ဟု ဒေါက်တာ မြသောင်းက ပြောသည်။
ထိုသို့သော တောင်ငူမြို့၏ ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်နေသည့် အခြေအနေများကို လေ့လာကြည့်ရာတွင် တဖက်က ယဉ်ကျေးမှု အမွေအနှစ်များကို တပိုင်တနိုင်ခန့်သာ ဖော်ထုတ်နိုင်ခြင်းကို တွေ့နေရပြီး ဖော်ထုတ်ပြီးသည့် ယဉ်ကျေးမှု အမွေအနှစ်နေရာများနှင့် အနီးစပ်ဆုံး ထိတွေ့နေသည့် ဒေသခံများက မပျောက်မပျက်ရေးအတွက် ဆက်လက် ထိန်းသိမ်းနိုင်ရန် များစွာလိုအပ်သည့် အခြေအနေကိုလည်း တွေ့နေရပါသည်။