ဆောင်းပါး

မြန်မာတွေ ဒစ်ဂျစ်တယ် “အ” သုံးလုံး ကြေဖို့ လိုတယ်

This article has been converted from Zawgyi One to Unicode

ဂရိအတွေးအခေါ်ပညာရှင် “အရစ္စတိုတယ်”က လူတွေဟာ လူမှုရေးသတ္တဝါတွေလို့ ဆိုခဲ့ဖူးသည်။ ဖေ့(စ)ဘွတ်ဆိုရှယ်မီဒီယာတီထွင်သူ “ဇူကာဘတ်” လက်ထက်ကျတော့ လူတွေကို လူမှုကွန်ယက်သတ္တဝါတွေဖြစ်ကုန်အောင် ဖန်တီးပစ်သည်။

“ဇူကာဘတ်”က ယနေ့လူသုံးအများဆုံး ဖေ့(စ)ဘွတ်လူမှုကွန်ယက်ကို ၂၀၀၄ ခုနှစ်လောက်ကမှ စတင်ထူထောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်လောက်ကစလို့ ဆိုရှယ်မီဒီယာကို လူသုံးများ လာခဲ့ပြီး ဆယ်နှစ်အတွင်းမှာပင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးက လူမှုကွန်ယက်သတ္တဝါများဖြစ်လာကြသည်။

တကယ်တော့ ဆိုရှယ်မီဒီယာဟူသည် မိမိရှေ့က ဖန်သားပြင်ပေါ်တွင် မျက်ဝါးထင်ထင် မြင်နေရသည့် လူမှုကမ္ဘာကြီးတခုပဲ ဖြစ်သည်လေ။ သို့ပေမယ့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းကျကာမှ အင်တာနက်တောအုပ်ကြီးထဲသို့ ခိုးကြောင်ခိုးဝှက် စမ်းတဝါးဝါးဖြင့်ရောက်ရှိလာခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် အတော်ပင် ခေတ်နောက်ကျနေခဲ့ပေပြီ။

အတိအကျဆိုရလျှင် ဆိုရှယ်မီဒီယာဆိုသည့် မှော်ရုံတောထဲသို့ မျက်စိသူငယ် နားသူငယ်နှင့်  ဝင်ရောက်ခဲ့ရသည့်အချိန်က ၂၀၁၂ နှစ်ဦးပိုင်းလောက်ကမှဖြစ်သည်။ မှတ်မှတ်ရရ ထိုအချိန်ကပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ္ဋ်က သမ္မတကြီးရဲ့ ပြည်သူ့ဗဟိုပြုမူဝါဒတွေကို အကောင်အထည်ဖေါ်ဖို့ ဖေ့(စ)ဘွတ်ကို နာမည်ရင်းနှင့် ဖွင့်လှစ်ကြောင်း ရေးသားခဲ့သည့်နေ့က (Screen Shot မှတ်တမ်းအရ) ၂၀၁၂ ဇန်နဝါရီလ ၃၁ ရက်….။ ဤသို့ဖြင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာနက စစ်ဗိုလ်လူထွက် အကြီးတန်းအရာရှိများအတော်များများ ဆိုရှယ်မီဒီယာပေါ် အမည်ရင်းနှင့် အလုံးအရင်းရောက်လာကြသည်။

ထိုနည်းတူပင် ဖေ့(စ)ဘွတ်လူမှုကွန်ယက်သည် မြန်မာနိုင်ငံက သတင်းဂျာနယ်မီဒီယာများ လက်ပွေ့ရောင်းလေ့ရှိသည့် လမ်းဆုံလမ်းခွတခု ဖြစ်လာခဲ့သည်မှာလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကာလများကမှ ဖြစ်သည်။

မြန်မာဖေ့(စ)ဘွတ်သုံးသူများအကြား ယနေ့ရေပန်းအစားဆုံးနှင့် စာဖတ်ပရိသတ် ၅ သန်းကျော်နေပြီဖြစ်သည့် သတင်းမီဒီယာများဖြစ်သည့် 7 Day News Journal နှင့် Eleven Media Group တို့မှာ ၂၀၁၂ တုန်းက ဖေ့(စ)ဘွတ် ပရိသတ် ၂ သိန်းပါတ်ဝန်းကျင်သာရှိခဲ့သည်။  ယခုအခါ ပရိသတ်၃သန်းကျော်ရှိပြီး ဆိုရှယ်မီဒီယာတွင် တတိယစာဖတ်ပရိသတ်အများဆုံး ဖြစ်နေသည့် The Irrawaddy (Burmese Version) ကတော့ ၂၀၁၂ တုန်းက ဝက်(ဘ)ဆိုဒ်စာမျက်နှာသာရှိခဲ့ပြီး ဖေ့(စ)ဘွတ်ပေါ်သို့ပင် ရောက်မလာသေးပေ။

ဆိုရှယ်မီဒီယာအစ အင်တာနက်က

အမေရိကန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက် စစ်ရေးသုတေသနများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၀ အစောပိုင်းကာလများမှစပြီး  အင်တာနက်ကို စတင်သုံးစွဲခဲ့သည်။ လူတို့အတွက် အသုံးတည့်မှန်းသိလာကြ၍ အင်တာနက်ကို ကမ္ဘာသုံးနည်းပညာ ကွန်ရက်တခုအဖြစ် ၁၉၈၀ နောက်ပိုင်းမှစ၍ စီးပွားဖြစ် စတင်သုံးစွဲလာကြသည်။

ဆိုရှယ်မီဒီယာသည် အင်တာနက်အသုံးပြုပြီး နှစ်ပေါင်း၂၀ နီးပါးကြာမှ ထွက်ပေါ်လာသည့် ကမ္ဘာသုံး လူမှုကွန်ယက်တစ်ခုဖြစ်သည်။ အင်တာနက်ပေါ်ထွန်းလာပြီး နှစ်ပေါင်းအတော်ကြာကာမှ စတင်သုံးစွဲဖို့ အခွင့်အလမ်းများ ပေါ်ပေါက်လာသည့် မြန်မာပရိသတ် အများစုအဖို့မူ သုံးစွဲကာစ ကာလများတွင် ဆိုရှယ်မီဒီယာနှင့်ပတ်သက်သည့် ကောင်းကျိုးဆိုးပစ်များကို အသေအချာ မသိခဲ့ကြသေးပေ။

မြန်မာပြည်တွင် ဒစ်ဂျစ်တယ်မီဒီယာ “အ”သုံးလုံး မကြေသေးသည့် ထိုကာလအပိုင်းအခြား တစ်ခုအတွင်း ဆိုရှယ်မီဒီယာသည် နိုင်ငံရေးသမားတို့၏ ဝါဒဖြန့်ချီရေးယန္တရားဖြစ်ခဲ့သလို လူမျိုးရေး ဘာသာရေး အစွန်းရောက်သူတို့၏ အသုံးချခံ တရားဟောစင်မြင့်တခုလည်း ဖြစ်လာခဲ့သည်။

လက်မဲကြီးကို ခြေရာခံခြင်း

ဆိုရှယ်မီဒီယာဆိုတိုင်း ဖေ့(စ)ဘွတ်တခုတည်း မြင်လို့ မရနိုင်ပေ။ ဘလော့(ဂ)တွေ ဘလော့ဂါတွေ ခေတ်စားခဲ့သည့် ကာလတခုလည်း ရှိခဲ့သေးသည်။ ၂၀၀၇ သံဃာ့အရေးအခင်းကာလက အင်တာနက်လိုင်းများ တင်းကျပ်ပိတ်ဆို့ထားသည့်ကြားမှ ဆန္ဒပြသည့်ဓာတ်ပုံများကို သူ့ဘလော့(ဂ)ပေါ်မှတစ်ဆင့် မီဒီယာများတွင် ပြန့်နှံ့အောင်လုပ်ခဲ့သည့် ဘလော့ဂါနေဘုန်းလတ်သည် မြန်မာပြည်မှ အင်တာနက်သုံးစွဲသူများအကြား ထင်ရှားသူတစ်ဦးဖြစ်ခဲ့သည်။ သူ၏ အီးမေးလ် စာတိုက်သေတ္တာထဲတွင် ရောက်ရှိနေခဲ့သည့် ပစ်စာများကြောင့်  နိုင်ငံတော်အကြည်ညိုပျက်စေသည့်ပုဒ်မ တပ်ကာ အဖမ်းဆီးခံခဲ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလက တင်းကျပ်သည့် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် အကန့်အသတ်ဖြင့် သုံးခဲ့ရသည့် အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့ကို သတင်းဖြန့်ချိရန်နှင့် လွတ်လပ်စွာပြောရေးဆိုခွင့်တို့အတွက် ပလက်ဖေါင်းတခုအဖြစ် အသုံးပြုခဲ့သည့် ဘလော့ဂါများရှိခဲ့သလို၊ မမှန်သတင်းများ ထုတ်လွှင့်ကာ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများကို ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ရန် စာမျက်နှာများအဖြစ် အသုံးပြုခဲ့သော စစ်အစိုးရလော်ဘီ ဘလော့ဂါအုပ်စုတစုလည်း ရှိခဲ့သည်။

ထိုအုပ်စုက ပုံစံတူ ဘလော့(ဂ) စာမျက်နှာများ ဖန်တီးကာ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများ အုပ်စုမှ နိုင်ငံရေးသမားများ၊ စစ်အစိုးရကို ထောက်ပြဝေဖန်လေ့ရှိသည့် မီဒီယာသမားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို အဓိက ပစ်မှတ်ထားကာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ အစဉ်တစိုက် ပြုလုပ်ခဲ့ကြသည်။

မြန်မာ စာဖတ်ပရိသတ်များအကြား လူသိများသည့် myanmarexpress.net သည်လည်း ၂၀၁၀ ဧပြီလက မြန်မာနိုင်ငံသားတယောက်၏အမည် လိပ်စာ ဖုန်းနံပါတ်တို့ဖြင့် မှတ်ပုံတင်ခဲ့သည့် (Domain Name) ဒိုမိန်းအမည်တခုဖြစ်သည်။ ထိုဒိုမိန်းအမည်ဖြင့် ဘလော့(ဂ)စာမျက်နှာ တခုဖန်တီးကာ အခြားဒိုမိန်းအမည် ၁၀၀ ခန့်ဖြင့်ချိတ်ဆက်၍ IP Address ပေါင်း ၇၀ ကျော် သုံးပြီး ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့သည်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်သည်။

ထိုအုပ်စု၏ အင်တာနက်စာမျက်နှာများပေါ်တွင် ရေးသားကြသည့် အကြောင်းအရာ အများစုမှာ စစ်အစိုးရလက်ထက်က ထုတ်ဝေသည့် သတင်းစာများ၏ အာဘော်အတိုင်းဖြစ်သည်။ လူမျိုးရေး အဓိကရုဏ်းဖြစ်ရန်  လှုံ့ဆော်သည့်အရေးအသားများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပျက်ပြားစေရန် ဖန်တီးသည့် အရေးအသားများ၊ မြန်မာ့တပ်မတော် အသားပေး အရေးအသားများ၊ အညှီအဟောက်သတင်းများ၊ ပုဂ္ဂိုလ်ရေးအတင်းအဖျင်းများကို လှိုင်လှိုင်ထည့်ကာ လူစိတ်ဝင်စားအောင် လုပ်လေ့ရှိသည်။

ထိုစာမျက်နှာများပေါ်တွင် ရေးသားကြသူ ဘလော့ဂါများ၏ နာမည်မှာလည်း စစ်အစိုးရသတင်းစာကော်လံစားများ၏ အမည်များနှင့် ခပ်ဆင်ဆင်ပင်။ မောင်ကျောက်ခဲ (မြန်မာပြည်)၊ လူထုမောင်ကာဠု၊ ပြည်ချစ်သား၊ မျိုးချစ်မြန်မာ၊ မျိုးချစ်သူရဲကောင်းများ စသည့်အမည်များ သုံးကာဖွင့်ထားသည့် ဒိုမိန်းနာမည်များဖြစ်ကြပြီး IP Address တခုတည်းကို သုံးကာ အုပ်စုလိုက် တပြိုင်တည်း ဝါဒဖြန့်နေသည့် အထောက်အထားပေါင်းများစွာကိုလည်း တွေ့ရှိရသည်။

လူမျိုးရေးအဓိကရုဏ်းနှင့် ဆိုရှယ်မီဒီယာ

လူမျိုးရေး အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်သည့် ပထမဆုံးခြေလှမ်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အနိုင်ရ NLD အမတ်များ လွှတ်တော်သို့ ဝင်ရောက်ရတော့မည့် အချိန်လောက်ကပင် စတင်ခဲ့သည်။

၂၀၁၂ မေလ၂၈ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကျောက်နီမော်ရွာကလေးတွင် ဖြစ်ပွါးခဲ့သည့် ရခိုင်အမျိုးသမီးငယ် မသီတာထွေးအား မတရားပြုကျင့်ခံရသည့် အမှုသည် နောက် ၂ ရက်အကြာ မေလ ၃၀ ရက်နေ့မှာပင် “မောင်ကျောက်ခဲ (မြန်မာပြည်)” နှင့် “မျိုးချစ်သူရဲကောင်းများ” ဆိုသည့် ဘလော့စာမျက်နှာများပေါ်တွင် သွေးသံရဲရဲ မှုခင်းဓာတ်ပုံများနှင့်အတူ တက်လာသည်။ ထိုမှုခင်းဓါတ်ပုံကို အကြိမ်ပေါင်း ၁၁၅ ကြိမ်ခန့် အင်တာနက်၊ ဘလော့(ဂ)နှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် သတင်းမီဒီယာအချို့ တို့တွင် ဖော်ပြခဲ့ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်း ကြီးမားပြင်းထန်သော လူမျိုးရေးပဋိပက္ခ တခုကို စတင်မီးမွှေးခဲ့ပြီး ထိုအဓိကရုဏ်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် လူ ၂၀၀ ကျော်သေဆုံးကာ လူပေါင်း ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

၂၀၁၃ ခု မတ်လက မိထ္ထီလာတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအတွင်း မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ဘုန်းတော်ကြီး ဦးသောဘိတ၏ ဓာတ်ပုံကို အင်တာနက်စာမျက်နှာများတွင် အကြိမ်ပေါင်း ၆၀ ကျော် ဖော်ပြခဲ့သည်ကို တွေ့ရှိရပြီး ဘာသာရေးအဓိကရုဏ်း အသွင်ဖြစ်အောင် လှုံ့ဆော်ခဲ့ကြသည်။ ထိုဓာတ်ပုံကို အင်တာနက်ပေါ်တွင် အစောဆုံးဖြန့်ဝေခဲ့ကြသည့် ဘလော့(ဂ)စာမျက်နှာများထဲတွင် Myanmar Express နှင့် အမျိုးတူဘလော့ဂါများဖြစ်သည့် မောင်ကာဠု မြန်မာ (mgkarlu-mymanar.blogspot.com) နှင့် oppositeyes.info တို့ပါဝင်သည်ကို တွေ့ရသည်။

မိထ္ထီလာ အဓိကရုဏ်းအပြီး ဧပြီလမှ အောက်တိုဘာလအတွင်း ဥက္ကံ၊ လားရှိုး၊ ကန့်ဘလူ၊ သံတွဲ စသည့်အခြားမြို့များသို့ ဆင့်ကဲဆင့်ကဲ ကူးစက်သွားခဲ့ရာ လူ ၄၀ ကျော်သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

ဦးဝီရသူနှင့် ၉၆၉ ဝါဒဖြန့်ချီရေး

၂၀၁၂ နောက်ပိုင်းမှစ၍ မှတ်ပုံတင်သည့် ဒိုမိန်းအမည်များထဲတွင် virathu.com၊  wiradhamma.com ၊ myittaryik.com ၊ phonephonetauk.com ၊ ganadharama969.com အစရှိသည့် ပါဋ္ဌိအမည်များနှင့် ဒိုမိန်းများကို ဆာဗာတခုတည်းပေါ်တွင် မှတ်ပုံတင်မှုများ ပြုလုပ်လာခဲ့ကြသည်ကို တွေ့ရှိရသည်။

မိထ္ထီလာအရေးအခင်း မပေါ်ပေါက်မီကတည်းက “အမျိုးဘာသာ သာသနာ အဓွန့်ရှည် တည်တန့်ခိုင်မြဲရေး” ဆိုသည့်ခေါင်းစဉ်ဖြင့် ၉၆၉ လှုပ်ရှားမှုများကို လူထုအကြား စတင်ခဲ့ကြသည်။
မစိုးရိမ်ဆရာတော် အရှင်ဝီရသူ၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုရန်၊ အိမ်/မြေ အငှားထား ရောင်းချရန်၊ ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ရန် စသည့် ၉၆၉ လုပ်ငန်းစဉ်များအား အတိအလင်းရေးသားကာ ဟောပြောစည်းရုံးခဲ့သည်။

ဦးဝီရသူ၏ မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် လူမျိုးရေးသွေးထိုး လှုံ့ဆော်မှုများကြောင့် တိုင်း(မ)မဂ္ဂဇင်းက “The Face of Buddhist Terror” ခေါင်းစဉ်ဖြင့် မျက်နှာဖုံး ဆောင်းပါးတစောင်ကို ၂၀၁၃ ဇူလိုင်လက ဖေါ်ပြခဲ့သည်။

တပြိုင်တည်းမှာပင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် မျိုးစောင့် ဥပဒေမူကြမ်းအား လွှတ်တော်တင်သွင်းရန် ထောက်ခံလက်မှတ်ကောက်ခံမှုများကို သံဃာတော်များဦးဆောင်ကာ နိုင်ငံတဝှမ်းလုံးတွင် ပြုလုပ်ခဲ့ကြသည်။

ထောက်ခံလက်မှတ်ပေါင်း ၂ သန်းကျော်ရရှိခဲ့သည့်အတွက် မျိုးစောင့်ဥပဒေမူကြမ်းကို သမ္မတဦးသိန်းစိန်ထံမှတဆင့် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီမှာပင် ဥပဒေကို အတည်ပြုနိုင်ခဲ့သည်။

ဒစ်ဂျစ်တယ် စာတတ်မြောက်မှု

၂၀၁၀ ပတ်ဝန်းကျင်က ဆိုရှယ်မီဒီယာ သုံးစွဲသူအရေအတွက်မှာ နိုင်ငံလူဦးရေ၏ တစ်ရာနှုန်းအောက်မှာသာ ရှိခဲ့သော်လည်း တယ်လီနောနှင့် အော်ရီဒူးတို့လို နိုင်ငံတကာ တယ်လီကွန်းကုမ္ပဏီကြီးများ စတင်ဝင်ရောက်လာခဲ့သည့် ၂၀၁၄ ခုနှစ်ဦးပိုင်းလောက်ကစပြီး ဆက်သွယ်ရေးကွန်ရက် ပိုမိုမြန်ဆန်လာခဲ့သလို မိုဘိုင်းဖုန်းဖြင့် ဆိုရှယ်မီဒီယာ သုံးစွဲသူဦးရေ တရှိန်ထိုး မြင့်တက်လာခဲ့သည်။

တပြိုင်နက်တည်းမှာပင် လူမျိုးရေးဘာသာရေး အမုန်းပွားမှုများ မဖြစ်ပွားစေရန် အသိပညာပေးမှုများကို ဆိုရှယ်မီဒီယာသုံးစွဲသူများနှင့် သတင်းမီဒီယာများအကြား ပြန့်ပွားရန် အစိုးရမဟုတ်သည့် အဖွဲ့အစည်းအချို့က လုပ်ဆောင်ခဲ့ကြသည်။ ဘလော့ဂါနေဘုန်းလတ် ဦးဆောင်သည့် ပန်းစကားလှုပ်ရှားမှုမှာ အောင်မြင်သည့် လှုပ်ရှားမှုတခုဖြစ်သည်။

အသုံးပြုသူ များလာလေလေ အသိပညာပေးမှု များလာလေလေ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုနှုန်းက မြင့်မားလာလေလေဖြစ်ရာ ၂၀၁၄ ဇူလိုင်လက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပြသနာကို ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းများက မကျယ်ပြန့်အောင် အချိန်မီ ထိန်းချုပ်ထားနိုင်ခဲ့သည်။

မီးပွားလေးတခုကို အခြေတည်၍ ကြီးမားသည့် လူမျိုးရေးဘာသာရေး အဓိကရုဏ်းကြီးများကို ဖန်တီးလိုသည့် ဆိုရှယ်မီဒီယာမှ မီးမွှေးသူများအနေဖြင့် ပြသနာရထားကြီးကို စိတ်တိုင်းကျ မခုတ်မောင်းနိုင်ခဲ့တော့ပေ။

ဒစ်ဂျစ်တယ်မီဒီယာဖွံ့ဖြိုးမှုမှာ ၂၀၁၅ ခုနှစ်ထဲတွင် အရှိန်အဟုန်နှင့် တိုးမြင့်လာခဲ့သည်။ စင်္ကာပူအခြေစိုက် “We Are Social in Asia” ဈေးကွက်သုတေသနအဖွဲ့၏ ရှာဖွေတွေ့ရှိချက်အရ ၂၀၁၅ နိုဝင်ဘာတွင် မြန်မာနိုင်ငံရှိလူဦးရေ၏ ထက်ဝက်ကျော်က မိုဘိုင်းဖုန်းသုံးစွဲလာခဲ့ပြီး ဆိုရှယ်မီဒီယာသုံးစွဲသူပေါင်း ၇ သန်းကျော်ရှိလာခဲ့သည်ကို သိရှိရသည်။ ၂၀၁၄နှစ်ဆန်းပိုင်းနှင့်ယှဉ်လျှင် တနှစ်အတွင်း သုံးစွဲသူ ၃ ဆနီးပါးအထိ တိုးမြင့်လာခဲ့လေသည်။

ဒစ်ဂျစ်တယ် စာတတ်မြောက်မှုအောင်ပွဲ

၂၀၁၅ ရွေးကောက်ပွဲကာလတွင် လူထုအများစုထောက်ခံသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့ခြင်းသည် လူထု၏ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု စွမ်းရည်မြင့်မားလာခြင်းနှင့်လည်း တစိတ်တပိုင်း သက်ဆိုင်ခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်မှတဆင့် မဲဆန္ဒရှင် ပညာပေးမှုများ၊ တဦးချင်း၏ မဲများက အရေးပါကြောင်း လှုံ့ဆော်မှုများ အသီးသီးလုပ်ဆောင်နိုင်ခဲ့ကြသည်။ နိုင်ငံရပ်ခြားတွင် နေထိုင်သူမြန်မာများ၏ ကြိုတင်မဲရလာဒ်များကို အခြေခံ၍ ရွေးကောက်ပွဲရလာဒ်နှင့် ပတ်သက်သည့် လေ့လာမှုစစ်တမ်းများ ပြုလုပ်နိုင်ခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်ပွဲများမှ မိန့်ခွန်းများကို အချိန်မှီထုတ်လွှင့်ကာ အမတ်လောင်းများ၏ အရည်အသွေးကို အကဲခတ်နိုင်ခွင့်ရခဲ့သည်။ မဲမသမာမှုများကို ဖော်ထုတ် တားဆီးနိုင်ခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီက ဆိုရှယ်မီဒီယာတွင် တင်ခဲ့ မျှဝေခဲ့သည့် တပ်မတော်ကို အကြည်ညိုပျက်စေသည့် ပို့(စ)များကြောင့် အဖမ်းဆီးခံခဲ့ရသူများ ရှိသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသရေပျက်စေသည့် ဓါတ်ပုံများ ဖန်တီးမှုကြောင့် တရားစွဲဆိုခံရသည့်သူများလည်း ရှိခဲ့သည်။

ထိုကဲ့သို့ အမှုအခင်းများ စဖြစ်လာကတည်းက ဆိုရှယ်မီဒီယာပေါ်ရှိ လက်သီးပုန်း အကောင့်အတုများ တဖြုတ်ဖြုတ်နှင့် ပျောက်ကွယ်စ ပြုလာသည်။ Myanmar Express က ဖေ့(စ)ဘွတ်ပေါ်တွင် National Defense League ဟု အမည်ပြောင်း သုံးစွဲလာခဲ့သော်လည်း ရွေးကောက်ပွဲအပြီး သိပ်မကြာမီမှာပင် ကိုယ်ရောင်ဖျောက် သွားခဲ့ပြန်သည်။ သို့တည်းမဟုတ် အခြားဖေ့(စ)ဘွတ်သုံးစွဲသူများက Report ထုခံလိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ သူတို့တင်ခဲ့သည့် စာမျက်နှာများ၊ မှတ်ပုံတင်ခဲ့သည့် ဒိုမိန်းအမည်များ၊ မှတ်ပုံတင်ခဲ့သူတို့၏ နောက်ကြောင်းရာဇဝင်များ၊ အမည် လိပ်စာ ဖုန်းနံပါတ်များသည် ဒစ်ဂျစ်တယ် စာတတ်မြောက်သူတို့၏ တကိုယ်တော်သုတေသနများအတွက် Screen Shot များအဖြစ် မှတ်တမ်းတင် ကျန်ရစ်နေတော့မှာ အသေအချာပင်ဖြစ်သည်။

တကယ်တော့ သူတို့အုပ်စုသည် အပြီးအပိုင် ထွက်ခွာသွားခြင်း မဟုတ်ပေ။ အင်တာနက်ပေါ်တွင် ခေတ္တခဏ ကိုယ်ရောင်ဖျောက်ထားသော်လည်း ဒိုမိန်းအမည်များကို အသီးသီး သက်တမ်းတိုးထားကြပြန်သည်။ တချိန်မဟုတ် တချိန်တွင် ဆိုရှယ်မီဒီယာ မှော်ရုံတောထဲသို့ပြန်လာကြဦးမည့် ဝါရင့်မုဆိုးများဖြစ်ကြသည်။ မြန်မာဆိုရှယ်မီဒီယာသုံးသူများ ကိုယ်ခံအားကောင်းစေရန် စွမ်းရည်မြှင့်တင် အသင့်ပြင်ထားကြမှဖြစ်လိမ့်မည်။

(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူဖြစ်ပြီး မြန်မာပြည်ရှိ ဒစ်ဂျစ်တယ် မီဒီယာများအကြောင်း သုတေသနပြုလုပ်နေသူလည်း ဖြစ်သည်)

Loading