ဆောင်းပါး

လိပ်ကျွန်းလူသတ်မှု DNA သံသယ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စာရွက်တရွက်ထဲပေါ်မှာ စုစည်းဖော်ပြထားသည့် လိပ်ကျွန်းလူသတ်မှု DNA သက်သေအထောက်အထားများက အချက်အလက် ဇယားတခုထက် အနည်းငယ်မျှသာ ပိုပါသည်။ သြစတြေးလျနိုင်ငံမှ မှုခင်းဆေးပညာဆိုင်ရာ ပညာရှင်တယောက် ဖြစ်သည့် ဂျိန်းတော်ပင် (Jane Taupin) အတွက်ကတော့ ဒါက အဓိပ္ပါယ် မရှိပါ။ “ဖတ်တဲ့သူတွေ ဒီဇယားကို ဘယ်လိုကြည့်ရမယ်ဆိုတာ လမ်းညွှန်ချက်လည်း မပါဘူး။ နောက်ပြီးတော့ လက်ရေးနဲ့ ရေးထားတဲ့ မှတ်စုတွေနဲ့ ပြင်ဆင်ချက်တွေ ပါနေတယ်။ ကျမသိတဲ့ ဘယ်လို နိုင်ငံတကာ စံချိန် စံနှုန်းနဲ့မှ ကိုက်ညီခြင်း မရှိပါဘူး” ဟု သူက ပြောသည်။

DNA စစ်ဆေးမှုတွင် ကမ္ဘာ့ထိပ်တန်း ပညာရှင်များထဲမှ တဦးဖြစ်သည့် ဂျိန်းတော်ပင်က ထိုအချက်နှင့် လိပ်ကျွန်းလူသတ်မှု စစ်ဆေးစဉ်အတွင်း DNA အထောက်အထားများကို ကိုင်တွယ်ပုံနှင့် ပတ်သက်သော စိုးရိမ်စရာများကို ထုတ်ဖော် ပြောဆိုနိုင်ရန် မျှော်လင့်နေသည်။ သြစတြေးလျမှ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် သွား၍ တရားခွင်တွင် တက်ရောက်နား ထောင်ခဲ့သော်လည်း သူ့ကို သက်သေခုံသို့ ခေါ်ယူခြင်း မခံခဲ့ရပါ။

တရားခံရှေ့နေအဖွဲ့က DNA စစ်ဆေးချက်ကို ချေဖျက်ရန်အတွက် ထိုင်းနိုင်ငံ ဗဟို မှုခင်းဆေးသိပ္ပံ၏ အကြီးအကဲ ပွန်ထစ် ရိုဂျနာစူလန်၏ ထွက်ဆိုချက်ကို အားကိုးခဲ့သည်။

ကော့စမွေခရိုင်တရားရုံးက တရားသူကြီး ၃ ဦးက မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့က ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များ ဖြစ်သော ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်တို့ အသတ်ခံရမှုတွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့ပါသည်။ ထိုင်းရဲအဖွဲ့က ၎င်းတို့ ၏ DNA အထောက်အထားများသည် စွပ်စွဲခံရသူများနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီမှုရှိ၍ နိုင်ငံတကာက လက်ခံထားသည့် သဘောတရား နည်းလမ်းများနှင့် အညီဆောင်ရွက်ခဲ့သည်ဟု တင်ပြလာခြင်းကို တရားရုံးကလည်း သဘောတူခဲ့ပြီး ခရစ်စမတ် အကြိုနေ့တွင် ထိုသို့ စီရင်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာ ဓာတ်ခွဲခန်းစစ်ဆေးသူ တယောက်အဖြစ် လုပ်ကိုင်နေပြီး တရားရုံးများတွင် DNA သက်သေများ အသုံးပြုခြင်းဆိုင်ရာ စာအုပ်များရေးသားခဲ့သည့် ဂျိန်းတော်ပင်က အမှုနှင့် ဆက်နွယ်နေသော သံသယဖြစ်စရာများ ရှိနေကြောင်း ပြောသည်။

အခင်းဖြစ်ပွားရာနေရာများသည် အရည်အသွေးကောင်းသည့် DNA နမူနာများ စုဆောင်းရန် ခက်ခဲသောနေရာများ ဖြစ်သည်ဟု သူက ဆိုသည်။ လိပ်ကျွန်းလူသတ်မှုကဲ့သို့ အမှုများတွင် DNA နမူနာများ ရောထွေးနေတတ်သောကြောင့် တခါတရံတွင် ရရှိသည့် နမူနာကို ကိုက်ညီသူ တစုံတယောက် ရှိနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် အားကိုးအားထား မပြုနိုင်လောက်သည့် အချက်အလက်များကို တွက်ချက်၍ ဖြစ်နိုင်ခြေကို ဆုံးဖြတ်တတ်ကြသည်ဟု ဂျိန်းတော်ပင်က ပြောသည်။

တရားခံ အကျိုးဆောင်များ သို့မဟုတ် တရားရုံးအတွက် အသုံးပြုနိုင်လောက်သည့် အချက်အလက် သုံးသပ်မှုများ မရရှိခဲ့သော်လည်း အခင်းဖြစ်ပွားသည့် နေရာမှ ရရှိသော DNA နမူနာများက စွပ်စွဲခံရသူ နှစ်ဦးနှင့် ကိုက်ညီကြောင်းကိုသာ တရားလိုဘက်မှ သက်သေများက တရားသူကြီးများကို ပြောခဲ့သည်။ ထို့ကြောင့် ဂျိန်းတော်ပင်က ထိုသို့ တရားသေပြောမည့် အစား ဖြစ်နိုင်ခြေ အချိုးအစားကိုသာ ပြောရမည်ဟု ဆိုသည်။

“DNA စစ်ဆေးတယ်ဆိုတာက အချက်အလက်တွေပေါ် မူတည်ပြီး တွေ့ရှိချက်ကို ပြောရတာပါ။ အဲဒါက အဓိက အချက်ပဲ။ တူတယ်လို့ ပြောလို့ မရပါဘူး။ ဒါက လက်ဗွေရာ မဟုတ်ပါဘူး။ တူညီကြောင်းပြဖို့ ခိုင်မာတိကျတဲ့ အကြောင်းပြချက်တွေ ပေးဖို့ လိုပါတယ်” ဟု သူကပြောသည်။

သံသယ သမိုင်း

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်တို့၏ အလောင်းများကို တွေ့ရ သည့် အချိန်မှစ၍ ထိုင်းရဲအဖွဲ့ ကိုယ်တိုင်လည်း ကြီးမားသည့် ဖိအားများအောက်တွင် ရောက်ရှိနေသည်။ ထိုင်းနိုင်ငံ၏ စစ်အစိုးရနှင့် ပြည်သူများက အမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် ဆန္ဒရှိနေကြသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုက စတင်သည့် အချိန်ကထဲက အမှားအယွင်းများ ဆက်တိုက်ဆိုသလို ရှိနေခဲ့သည်။ အခင်း ဖြစ်ပွားသောနေရာကို လုံခြုံစွာ မထိန်းသိမ်းခဲ့ဘဲ လက်စလက်နများကို ရှင်းလင်းပစ်ခဲ့ကြသည်။

အခင်းဖြစ်ပွားရာ ဝန်းကျင်မှ လုံခြုံရေး ကင်မရာများ အလုပ်မလုပ်ကြောင်းလည်း မကြာမီမှာပင် ပေါ်ထွက်လာခဲ့သည်။ ကျွန်း၏ အဓိက ဝင်ပေါက်/ထွက်ပေါက်ဖြစ်သော ဆိပ်ခံတံတားအနီးမှ ကင်မရာများကိုလည်း စစ်ဆေးခဲ့ခြင်း မရှိပါ။

ထိုင်းနိုင်ငံသားများကို သံသယရှိသူများစာရင်းမှ ချက်ချင်းလိုလို ပယ်ထုတ်လိုက်ပြီး ကျွန်းပေါ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများက သံသယဖြစ်ဖွယ်ရာ အကောင်းဆုံး ဖြစ်သည်ဟု ရဲအဖွဲ့က အလျှင်အမြန် ကြေညာခဲ့သည်။ DNA စစ်ဆေးမှုက လူမျိုးခွဲခြားနိုင်ခြင်း မရှိသည့်တိုင် DNA နမူနာများအရ ပြစ်မှုကျူးလွန်သူများသည် အာရှတိုက်သားများ ဖြစ်သည်ဟု သူတို့က ကြေညာလိုက်သည်။ ထိုအချက်ကို နောက်ပိုင်းတွင် ရဲအဖွဲ့မှ မှုခင်းဆေးပညာကျွမ်းကျင်သူက တရားရုံးတွင် အတည်ပြု ပြောဆိုခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၁ ရက်ကျော်ကြာသည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အခင်းဖြစ်ပွားသော နေရာမှ သက်သေခံ ပစ္စည်း ၁၁ ခု တွေ့ရှိခဲ့ရသည်။ သံသယရှိသူ ၁၄ ဦး ထံမှ DNA နမူနာများလည်း အပါအဝင် ဖြစ်ပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့ မှုခင်းဆေးပညာ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့သည်။

သက်သေခံပစ္စည်းများထဲမှ တခုမှာ လူသတ်လက်နက်ဟု ယူဆရသည့် ဥယျာဉ်သုံး ပေါက်ပြားတလက်ဖြစ်သည်။ ကနဦး စစ်ဆေးမှုတခုအရ သွေးများတွေ့ရှိရပြီး ဟန်နာဝစ်သာရစ်၏ သွေးဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း DNA အကြောင်း မပါဝင်ခဲ့ပါ။ နောက်ထပ် ၁ နှစ်နီးပါးကြာသည့်အခါ ပေါက်ပြားကို ပြန်လည်စစ်ဆေးခဲ့သည်။ ယခုတကြိမ်တွင် ထိုင်းနိုင်ငံ ဗဟိုမှုခင်းဆေးသိပ္ပံ၏ အကြီးအကဲ ဒေါက်တာ ပွန်ထစ် ရိုဂျနာစူလန်က ဦးဆောင် စစ်ဆေးခြင်း ဖြစ်သည်။ စစ်ဆေးသည့်အခါ လူ ၂ ဦးနှင့် သက်ဆိုင်သည့် DNA ကို တွေ့ရှိရပြီး ၎င်းတို့မှာ စွပ်စွဲခံထားရသူများနှင့် ကိုက်ညီခြင်း မရှိပါ။ အမှုတွင် စွဲချက်၏ အဓိက အစိတ်အပိုင်းမှာ ဟန်နာဝစ်သာရစ်၏ ကိုယ်ခန္ဓာတွင် တွေ့ရသည့် DNA နှင့် စွပ်စွဲခံရသူ ၂ ဦးတို့၏ DNA ကိုက်ညီသည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

လွတ်လပ်စွာ စစ်ဆေးမှုပြုလုပ်ရန် အတွက် ရဲအဖွဲ့က ကိုက်ညီသည်ဟု ပြောသော DNA နမူနာများကို တရားခံ အကျိုး ဆောင်ရှေ့နေများက တောင်းခံခဲ့သော်လည်း ပြန်လည်စစ်ဆေးရန် အတွက် ၎င်းတို့ထံတွင် နမူနာများ မရှိတော့ကြောင်း ရဲအဖွဲ့က ပြောဆိုခဲ့သည်။

သက်သေက လိမ်တတ်သည်

CSI (Crime Scene Investigation) နှင့် အလားတူ ရုပ်သံအစီအစဉ်များတွင် DNA သက်သေခံ အထောက်အထားက မမှားယွင်းနိုင်ဟူသော ယုံတမ်းစကားများကို ဝါဒဖြန့်နေခြင်းကိုလည်း ဂျိန်းတော်ပင်က ပြစ်တင်ဝေဖန်လိုက်သည်။ လက်တွေ့ အမှန်တွင် DNA စစ်ဆေးခြင်းသည် ယူဆချက်များနှင့် သိပ္ပံပညာရှင်၏ အဓိပ္ပါယ်ကောက်ယူမှုများ ပေါ်တွင် ကြီးမားစွာ မှီခိုနေရသည်ဟုလည်း ပြောသည်။

နမူနာတခုတည်းကိုပင် ဓာတ်ခွဲခန်းများက ကွဲပြားသည့် အဖြေများထုတ်ပေးနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိရသည်ဟု ဂျိန်းတော်ပင်က ဆိုသည်။

“အမှုမှာ ပါဝင်နေတဲ့သူ ဘယ်လောက်ရှိသလဲဆိုတာက DNA သရုပ်ခွဲတဲ့ပညာရှင်ရဲ့ ဆက်စပ် အဓိပ္ပါယ်ဖော်မှုပေါ်မှာ လုံး၀ မူတည်နေပါတယ်။ တကယ်လို့ DNA စစ်ဆေးသူ တယောက်က အမှုမှာ ပါဝင်သူ ၁ ဦး ရှိတယ်လို့ ပြောပြီးတော့ နောက်တယောက်ကတော့ ပါဝင်နေသူ ၂ ဦး ရှိတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။”

ထို့ကြောင့် မှုခင်းဆိုင်ရာ ဆေးပညာရှင်များအနေဖြင့် ၎င်းတို့၏ စမ်းသပ်စစ်ဆေးမှုများမှ ဖြစ်နိုင်ခြေရှိသည့် အပြစ်အနာအဆာများကို အထူးအလေးထားသင့်ပြီး တရားရုံးတွင်လည်း အဆိုပါ မှားယွင်းမှုရှိနိုင်သည့် အလားအလာများနှင့် ပတ်သက်၍ ရှင်းပြရမည်ဟု သူက ပြောသည်။ ထို့ပြင် DNA စစ်ဆေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတခုတည်းကို သေချာသည် အရေးကြီးသည်ဟု သတ်မှတ်ရန် မဟုတ်ကြောင်း၊ အခြားသော မှုခင်း ဆေးပညာ ဆိုင်ရာ နည်းလမ်းများဖြင့် မပြုလုပ်နိုင်သည့် ဖြစ်နိုင်ခြေကို တွက်ချက်ပေးခြင်း တခုသာဖြစ်ကြောင်း ဂျိန်းတော်ပင်က ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာမှ သဲလွန်စများ ဓာတ်ခွဲခန်းသို့ စစ်ဆေးရန် ရောက်ရှိလာသည့် အချိန်တွင် သက်သေခံအဖြစ် ရရှိ လာသည့် ရောနှောနေသော DNA များထဲတွင် လူအရေအတွက် မည်မျှပါဝင်နေသည်ကို ဖော်ထုတ်ပေးရန် ဓာတ်ခွဲခန်း ပညာရှင်များကို ဖိအားပေးလေ့ရှိသည်။ ဖြစ်နိုင်ခြေရှိသူ အရေအတွက် များလာသည်နှင့် အမျှ အမှုအတွက် တာဝန်ရှိသူ၊ ဆက်သွယ်မှုရှိသူကို ဖော်ထုတ်ရန် ပိုမိုခက်ခဲလာသည်။

လိပ်ကျွန်းလူသတ်မှုတွင် ရရှိခဲ့သော DNA သက်သေခံအများစုမှ ဟန်နာဝစ်သာရစ်၏ အလောင်းမှ ရရှိသော သုတ်ရည် နမူနာများ ဖြစ်ပြီး အနည်းဆုံး လူ ၃ ယောက်၏ DNA များ ရောနှောနေသည်။ ဟန်နာဝစ်သာရစ်နှင့် ရဲတပ်ဖွဲ့၏ စွပ်စွဲခံရသူ ၂ ဦးထံမှ ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ဂျိန်းတော်ပင်က အဆိုပါ နမူနာများထဲတွင် ရောနှောနေသည့် အချက်အလက်များ မည်မျှရှိသည်ကို ရှင်းလင်းစွာ မသိရဟု ပြောသည်။

အမှုစစ်ဆေးစဉ်ကာလအတွင်း စွပ်စွဲခံရသူများ၏ DNA နှင့် တူညီသော နမူနာများကို တွေ့ရှိခဲ့ရသည်ဟု တရားခွင်တွင် ပြောကြားခဲ့ကြသည်။ သို့သော်လည်း ထိုကဲ့သို့ အလားတူဖြစ်နိုင်သူ မည်မျှအထိ ရှိနိုင်သည်ဆိုသော အချက်အလက်များကို ထည့်သွင်းပြောခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ဂျိန်းတော်ပင်က နိုင်ငံတကာ စံနှုန်းနှင့် မညီဟု ဆိုခြင်း ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုတွင် DNA သက်သေနှင့် တူညီမှုရှိကြောင်း တွေ့ရှိရသည်ဟု စွပ်စွဲသူများဘက်က ပြောနေသော်လည်း DNA စစ်ဆေးခြင်း၏ သဘောတရားမှာ တူညီမှုပေါ်တွင် မူတည်ခြင်း မရှိကြောင်း၊ ကွဲပြားမှုကို ဖော်ပြခြင်း သို့မဟုတ် မည်သို့ ခြားနားသည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ဂျိန်းတော်ပင်က ပြောသည်။

“အခု အမှုမှာ အဲဒီလိုမျိုး ရှင်းလင်းဖော်ပြထားခြင်း မရှိပါဘူး” ဟု သူက ဆိုသည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခြင်း မဟုတ်ကြောင်း၊ သို့သော်လည်း တရားလိုဘက်မှ တင်ပြလာသော DNA သက်သေများသည် အားနည်းချက် အများအပြားရှိနေပြီး ပိုမိုရှင်းပြရန် လိုအပ်နေကြောင်း သူက ပြောသည်။ ရောထွေးနေသည့် DNA နမူနာများ၏ သဘာဝအရ ရဲအဖွဲ့ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက သူတို့ ဓာတ်ခွဲခန်းမှ ရလဒ်များသည် ၁၀၀ ရာခိုင်နှုန်း မှန်ကန်သည်ဟု အခိုင်အမာပြောခဲ့သည်ကို သူက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးမှုတခု၏ ရလဒ်ဖြင့် အဆုံးသတ် အတည်ပြုပေးသည်ကို လက်ခံသည့် နိုင်ငံတကာ စံချိန်စံညွှန်းလည်း မရှိဟု ဂျိန်းတော်ပင်က ဆိုသည်။ ထို့ကြောင့် DNA စစ်ဆေးမှုရလဒ် တခုတည်းသည် ရာဇဝတ်မှုတခုကို စီရင်ချက်ချမှတ် ရန် လုံလောက်သည့် အခြေခံအချက် မဟုတ်ဟု သူက ပြောသည်။

“ဒါက အမှုမှာ ထည့်သွင်း စဉ်းစားရမည့် အစိတ်အပိုင်းတခု သက်သက်ပါပဲ။ သိပ္ပံ ဆိုင်ရာ စစ်ဆေးမှုတခုပါ။ အဲဒါပါပဲ။”

တကယ့် မှောက်မှားမှု

DNA စစ်ဆေးသည့် လုပ်ငန်းစဉ်အတွင်းတွင် အမှားအယွင်းဖြစ်နိုင်သည့် နေရာများစွာ ရှိသည်ဟုလည်း ဂျိန်းတော်ပင်က ပြောသည်။ ထို့ကြောင့်လည်း ရနိုင်သမျှ အချက်အလက်များကို နှိုင်းယှဉ်စစ်ဆေးရန် လိုအပ်ခြင်းဖြစ်သည်။

ဂျိန်းတော်ပင်က အမှုအတွက် တရားရုံးသို့ တင်ပြလာသော အကန့်အသတ်ရှိသည့် အချက်အလက်များထဲ မှ မှားယွင်းနိုင်ခြေရှိသည်များကို ထောက်ပြခဲ့သည်။ စာမျက်နှာ ၁ မျက်နှာ သာရှိသည့် ဇယားအတွင်းမှ ဒြပ်စင်တခုသည် ဟန်နာဝစ်သာရစ်၏ ရင်သားပေါ်မှ ရရှိသည့် DNA နမူနာမှ တွေ့ရှိခဲ့သည်ဆိုသော်လည်း ၎င်းသည် စွပ်စွဲခံရသူ တဦးနှင့်မျှ သက်ဆိုင်ခြင်း မရှိပါ။

“သူတို့ (ရဲအဖွဲ့) ကတော့ ဒါက ကိစ္စမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တခြားဟာတွေက စွပ်စွဲခံရသူတွေနဲ့ တူညီနေ တယ်လို့ ပြောခဲ့ပါတယ်” ဟု ဂျိန်းတော်ပင်က ဆိုသည်။

“ဒါပေမယ့် အဲဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြား တခုရှိနေတယ်။ တကယ်လို့ စွပ်စွဲခံရသူ ၂ ယောက် ပါဝင်နေတယ်ဆိုရင် တတိယ တယောက်ကိုလည်း ထည့်ပြောရမယ်။”

သုတ်ရည် နမူနာများတွင်လည်း အစိတ်အပိုင်း အများအပြား ပါဝင်နေသည်ဟု သူကပြောသည်။ အထူးသဖြင့် ဟန်နာဝစ်သာရစ်၏ စအိုမှ နမူနာ ရယူခဲ့သည့် ဂွမ်းစပေါ်တွင် အနည်းဆုံး လူ ၂ ယောက်၏ DNA များ ရောနှောနေသည်။ ၃ ယောက်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ထိုအချက်များအားလုံးကို သိနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ သံသယရှိသူ ၂ ယောက်တည်းကိုသာ စစ်ဆေးခဲ့ခြင်းလား သို့မဟုတ် ၎င်းထက် ပိုမိုစစ်ဆေးခဲ့သလား ဆိုသည်ကို သူမသိကြောင်း ဂျိန်းတော်ပင်က ပြောသည်။ ကနဦး ယူဆချက်က DNA သရုပ်ခွဲခြင်း အပေါ် သြဇာသက်ရောက်မှု ဖြစ်သွားစေနိုင်ပါသည်။

မပြည့်စုံတဲ့ စစ်ဆေးမှု

အမှုဖြစ်ပြီး ရက်အနည်းငယ်အတွင်းတွင် သံသယ ရှိသူများကို အပူတပြင်းရှာဖွေရာ၌ ကျွန်းပေါ်တွင် DNA ရယူ စုဆောင်းခဲ့ပုံနှင့် ပတ်သက်၍လည်း ဂျိန်းတော်ပင်က စိုးရိမ်ကြောင်း ပြောသည်။ ရဲတပ်ဖွဲ့၏ မှတ်တမ်းများကို ရရှိနိုင်ခြင်း မရှိသည့်အတွက် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်ကိုလည်း အတိအကျ မသိနိုင်ခဲ့ပါ။

“သူတို့က တူညီမှုကို တွေ့တဲ့အထိပဲ စစ်ဆေးခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် အဲဒီလို မလုပ်ရပါဘူး။ တကယ်လို့ လူအများစုကို စစ်ဆေးမယ်ဆိုရင် တူညီမှုရှိတဲ့သူ တစုံတယောက်ကို ရှာတွေ့တဲ့အထိပဲ လုပ်လို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ တူညီနိုင်တဲ့သူတွေ ဘယ်လောက် အများကြီး ရှိနေမလဲ၊ ကျွန်းပေါ်မှာ တူတဲ့သူတွေ ဘယ်လောက် ကျန်နေမလဲ ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ တူတဲ့သူ ဘယ်လောက်ရှိမလဲ၊ အင်္ဂလန်မှာ ဘယ်လောက်ရှိမလဲ။ ကျမ ထင်တာကတော့ သူတို့က ရထားတဲ့ နမူနာ အရောအနှောတွေထဲမှာ ပါဝင်တာတဲ့ တူတဲ့သူကို တွေ့တဲ့ အထိပဲ စမ်း သပ်ရှာဖွေခဲ့တယ်။”

အကယ်၍ ထိုအတိုင်းသာဖြစ်ခဲ့လျှင် ရဲအဖွဲ့က DNA အချက်အလက်များ၏ သဘောတရားတခုလုံး ကို ကြည့်ရှု့ခြင်း မရှိခဲ့ဟု ဆိုရမည်ဟု သူက ပြောသည်။

“သူတို့ ဒါကို ဘယ်လို လျစ်လျူရှုခဲ့ကြတာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကထဲက ရေးသားခဲ့တာတွေနဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို လုံးလုံး ဥပေက္ခာပြုခဲ့ကြတာကို ပြသနေပါတယ်။ အလောင်းရဲ့ ညာဘက်ရင်သားပေါ်မှာ တံတွေးတွေ့တယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် အဲဒါ အတွက် စစ်ဆေးခဲ့တာ မရှိဘူး။”

ပယ်သင့်တာတွေ

အခင်း ဖြစ်ပွားသည့် နေရာမှ ရရှိခဲ့သည့် နမူနာများကို စစ်ဆေးသည့် ဓာတ်ခွဲခန်းနှင့် ပတ်သက်၍လည်း သံသယများ ပေါ် ထွက်ခဲ့သည်။ ရဲတပ်ဖွဲ့က သူတို့၏ ဓာတ်ခွဲခန်းသည် စမ်းသပ်မှုများပြုလုပ်ရန် အထွေထွေလိုအပ်ချက်များ ပြည့်စုံကြောင်း ဖော်ပြသည့် နိုင်ငံတကာ စံချိန်စံညွှန်းပြ ISO17025 လက်မှတ်ရရှိထားကြောင်း တရားရုံးသို့ ခိုင်မာသည့် အထောက်အထား ပြသနိုင်ခဲ့ခြင်း မရှိပါ။

အမှုအတွက် နမူနာများ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဓာတ်ခွဲခန်းက ISO17025 လက်မှတ် ရရှိထားခြင်း ရှိမရှိ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ DNA ကျွမ်းကျင်သူများကလည်း မေးခွန်းထုတ်ခဲ့သည်။ ISO လက်မှတ်ရသည် ဖြစ်စေ မရသည်ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများက မဆီလျှော်သော ဆောင်ရွက်မှုများ ဖြစ်သည်ဟု တရားခံအကျိုးဆောင်များအတွက် အကြံပေးနေသော ဗြိတိန်နိုင်ငံသား လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တဦး ဖြစ် သည့် အန်ဒီဟောလ်က ပြောသည်။

“စွပ်စွဲခံရသူတွေ ဘက်က ခုခံကာကွယ်နိုင်ဖို့ အတွက် အဓိက အစိတ်အပိုင်းဖြစ်တဲ့ DNA သက်သေအထောက်အထား တွေကို ဖြစ်ကတတ်ဆန်း စုဆောင်းခဲ့တယ်။ သရုပ်ခွဲတဲ့နေရာနဲ့ အစီရင်ခံတဲ့ နေရာမှာလည်း နိုင်ငံတကာ မှုခင်းဆေးပညာ စံချိန် စံညွှန်းတွေနဲ့ လုံး၀ ကိုက်ညီခြင်း မရှိပါဘူး” ဟု အန်ဒီဟောလ်က ဆိုသည်။

“ဒီလို ဖြစ်သလို လုပ်တဲ့သဘာဝကြောင့် သံသယတွေ မြင့်တက်ခဲ့ပြီးတော့ DNA ကိုက်ညီတယ်လို့ စွပ်စွဲသူတွေဘက်ကလည်း ကျိုးကြောင်းညီညွတ်အောင် သက်သေပြဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကို ပယ်ချသင့်ပါတယ်”ဟု သူက ပြောသည်။

သို့သော်လည်း တရားရုံးက ရဲတပ်ဖွဲ့က တင်ပြလာသည့် DNA စစ်ဆေးချက်ကို ယုံကြည်လက်ခံနိုင်လောက်သည်ဟု သုံးသပ်ခဲ့သည်။ အခြား အကြောင်းရင်းများ သို့မဟုတ် စွပ်စွဲခံရသူများက ဖမ်းမိပြီး မကြာမီ ဖြောင့်ချက်ပေးခဲ့ခြင်း ကဲ့သို့ အခြား အခြေအနေများကို ထည့်သွင်းစဉ်းစားခြင်း မပြုလျှင်ပင် DNA သက်သေများက သံသယများကို ချေဖျက်နိုင်ခဲ့ပြီး စွပ်စွဲခံရသူ ၂ ဦးက ဟန်နာဝစ်သာရစ်ကို မတရားပြုကျင့်ခဲ့သည်ဟု တရားသူကြီးများ ကပြောသည်။

ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သည့် International Commission of Jurists မှ အရှေ့တောင် အာရှ ဆိုင်ရာ နိုင်ငံတကာ ဥပဒေအကြံပေး ကင်းစလေအက်ဘော့ကလည်း DNA သက်သေများနှင့် ပတ်သက်၍ တရားရုံးက ချဉ်း ကပ်ခဲ့သည့် နည်းလမ်းအပေါ် ဥပဒေကြောင်းအရ စိုးရိမ်စရာ အများအပြားရှိသည်ဟု ပြောသည်။

“တရားရုံး တရုံး အနေနဲ့ ရှုပ်ထွေးပြီး အမှားအယွင်းတွေရှိနိုင်တဲ့ DNA သက်သေတွေကို ချဉ်းကပ်တဲ့နေရာမှာ အမြဲတမ်း သတိ ကြီးကြီး ထားသင့်ပါတယ်။ DNA သက်သေတွေကို စုစည်းတဲ့၊ ပို့ဆောင်တဲ့၊ သရုပ်ခွဲတဲ့၊ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အချိန် တွေမှာ အမှား အယွင်းမရှိခဲ့ကြောင်း သေချာအောင်လုပ်ရပါမယ်။ ဒီအမှုအတွက် အယူခံကို ပြန်လည် သုံးသပ်တဲ့ နေရာမှာ နိုင်ငံတကာ စဉ်းကမ်းတွေ အတိုင်းဆောင်ရွက်ခဲ့ခြင်း ရှိမရှိ ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ” ဟု သူကပြောသည်။

ခုခံလျှောက်လဲချက်

ပြီးခဲ့သည့် လက တရားရုံးမှ စီရင်ချက်ချအပြီးတွင် DNA အထောက် အထားများနှင့် ပတ် သက်၍ ထိထိရောက်ရောက် ခုခံ ချေပနိုင်ခဲ့ခြင်း မရှိသည့် အတွက် တရားခံ အကျိုးဆောင်များ အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ပေါ်ပေါက် ခဲ့ရသည်။ အထူးသဖြင့် ဂျိန်းတော်ပင်ကဲ့သို့သော ပညာရှင်မျိုးကို ကျွမ်းကျင်မှုဆိုင်ရာ ထွက်ဆိုချက်ပေးရန်အတွက် တရားရုံးသို့ ဖိတ်ခေါ်ခြင်း မပြုခဲ့သည့် အတွက်ဖြစ်သည်။

တရားခံ အကျိုးဆောင်ရှေ့နေ နခွန်ချွန်ပူချက်က အမှုသည် ရှုပ်ထွေးသော်လည်း သူ၏ အဖွဲ့က ရနိုင်သမျှ DNA အချက် အလက်များ ဖြင့် အထူးဂရုတစိုက် ရင်ဆိုင်ခဲ့သည်ဟု ပြောသည်။

“ရဲတပ်ဖွဲ့ကို DNA အထောက်အထားနဲ့ ပတ်သက်လို့ အကျပ်တွေ့စေမယ့် ပြန်လည် မေးခွန်းထုတ်မှုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ တရားခံ အကျိုးဆောင်အဖွဲ့တခုက ရဲတပ်ဖွဲ့ရဲ့ မှုခင်းဆေးပညာ ဆိုင်ရာ အထောက်အထားကို ပထမဆုံး အကြိမ် စိန်ခေါ်ပြီးတော့ ပြန်လည် စမ်းသပ်စစ်ဆေးခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်”  ဟု သူက ပြောသည်။

“တရားခံ အကျိုးဆောင်အဖွဲ့က ရဲအဖွဲ့ရဲ့ DNA အထောက်အထားနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တဲ့နေရာမှာ ဂျိန်းတော်ပင်ဆီက လေ့လာထားတာတွေကို အများကြီး အသုံးချခဲ့ပါတယ်။ သူထောက်ပြခဲ့တာ အများစုကိုလည်း တရားရုံးမှာ ထွက်ဆိုတုန်းက ဒေါက်တာပွန်ထစ် ပြောခဲ့ပါတယ်”ဟု နခွန်ချွန်ပူချက်က ပြောသည်။

ရဲအဖွဲ့ကလည်း သူတို့၏ စုံစမ်းစစ်ဆေးမှု ပြည်စုံမှန်ကန်ကြောင်း ခုခံကာကွယ်ရန် ကြိုးစားခဲ့သည်။ သူတို့က DNA အထောက်အထားများ၏ အရည်အသွေးနှင့် ပတ်သက်၍ ခုခံကာကွယ်ခဲ့ကြပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီကြောင်း လည်း အခိုင်အမာပြောသည်။  “DNA အထောက်အထားတွေက ညာလို့မရပါဘူး”ဟု ထိုင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲချုပ်က ပြောသည်။

သို့သော်လည်း ဂျိန်းတော်ပင်က မယုံကြည်ပါ။

“အဲဒါက အတော်လေး တိကျရပါတယ်။ တကယ်လို့ လူတယောက်က DNA နမူနာတခုမှာ ဒါမှ မဟုတ် မှုခင်းတခုမှာ ပါဝင်နေတယ်လို့ ပြောမယ်ဆိုရင် အချက်အလက်တွေကို ထင်ထင်ရှားရှား ပြနိုင်ရပါမယ်။ ဒါက နိုင်ငံတကာမှာ ကျင့်သုံးတဲ့ လမ်းညွှန်ချက်တခု ဖြစ်ပါတယ်။

“ထင်ရှားသိသာတဲ့ အကြောင်းအရာ ဖော်ပြချက်တွေ၊ အချက်အလက်တွေ မပါဝင်တဲ့ နမူနာတခုကို ရည်ညွှန်းတာက နိုင်ငံတကာ အသိအမှတ်ပြု စည်းမျဉ်းတွေကို လိုက်နာတာ မဟုတ်ဘူးလို့ ပြောရပါလိမ့်မယ်။ ”

( Bangkok Post သတင်းစာပါ Dane Halpin နှင့် Nanchanok Wongsamuth တို့၏ Unlocking the DNA of doubt ဆောင်းပါးကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading