ဦးသိန်းစိန်အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက် (The Myanmar National Electrification Plan – NEP) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာတနိုင်ငံလုံး လျှပ်စစ်မီးသုံးစွဲနိုင်သူ စုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းသာမီးပေးနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းမှာပါတဲ့အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါးမှာ အိမ်ထောင်စု ၃.၅ သန်းခန့်သာမီးပေးနိုင်နေတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၇ သန်းကျော်ဟာ လျှပ်စစ်မီးလိုအပ်ချက် ရှိနေပါတယ်။
NEP ရဲ့စီမံကိန်းအတိုင်းသွားမယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ လာမယ့် ၂၀၃၀ ခုနှစ်မှ တနိုင်ငံလုံး မီးလင်းနိုင်မှာ ဖြစ်ပါတယ်။ ယခုအချိန်ကစလို့အစိုးရသစ်တရပ်တက်မယ့် ၅ နှစ်တာကာလ ထပ်ပေါင်း၂၀၂၀ ခုနှစ်လွန်မှာတနိုင်ငံလုံးမီးလင်းရေးဟာ ၄၇ ရာခိုင်နှုန်းပဲလို့ NEP မှာ တွက်ချက်ညွှန်ပြထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ နှစ်စဉ်တိုးနေတဲ့ဓာတ်အားလိုအပ်ချက်ကလည်း ရှိနေပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဆိုရင် နှစ်စဉ်ဓာတ်အား လိုအပ်ချက်က ၁၅ ရာခိုင်နှုန်းတိုးနေတယ်လို့ သိရပါတယ်။
စီမံချက်တွေအရ တနိုင်ငံလုံး လျှပ်စစ်ရရှိမှု အခြေအနေဟာ ၂၀၂၀ ခုနှစ်မှာတောင် ၄၇ ရာခိုင်နှုန်းပဲ ရှိမယ့် အနေအထားအပြင် နှစ်စဉ်တိုးနေတဲ့ဓာတ်အားလိုအပ်ချက် ၁၅ ရာခိုင်နှုန်းကလည်း ဖြစ်ပေါ်နေတဲ့ အခြေအနေမှာမြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အလျင်မီဖို့နဲ့မြန်မြန်ခရီးရောက်ဖို့အတွက် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများစွာလိုအပ်နေပါပြီ။
ဒီလိုအခြေအနေမှာ ဓာတ်အားထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ရေအား၊ သဘာဝဓာတ်ငွေ့ ဂတ်စ်၊ ကျောက်မီးသွေးအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ လေအား၊နေရာင်ခြည်သုံး ဆိုလာနည်းပညာ စတာတွေနဲ့ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဆိုတာတွေ ရှိလာပါတယ်။
မြန်မာနိုင်ငံရဲ့ ရေအားအရင်းအမြစ်ကနေ ရနိုင်တဲ့ လျှက်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် တွက်ချက်ထားမှုအရ စုစုပေါင်း မဂ္ဂါဝပ် ၁သိန်းကျော်ခန့်ရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။သဘာဝဓာတ်ငွေ့ ဂတ်စ်ကတော့ မြန်မာနိုင်ငံမှာ ထွက်နေပေမယ့် ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံကို စာချုပ်ချုပ်ဆို ရောင်းချနေတာမို့ ပြည်တွင်း လောက်ငှမှုမရှိတဲ့ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းMOGE က အချက်အလက်တွေအရဆိုရင် ထိုင်းနိုင်ငံကို နေ့စဉ်တင်ပို့နေတဲ့ပမာဏဟာကုဗပေ ၁.၄ ဘီလီယံ အထိရှိပြီး တရုတ်နိုင်ငံကို ဝ.၃ ဘီလီယံ တင်ပို့နေတာကိုတွေ့ရပါတယ်။
ကျောက်မီးသွေး ထွက်ရှိမှုကိုကလည်း တနှစ်ကို တန်ချိန် ၃ သိန်းလောက်ပျမ်းမျှ ထွက်ပြီး ကျောက်မီးသွေးတွင်းပေါင်း ၃၀ လောက်ရှိတယ်လို့သတ္တုတွင်းဝန်ကြီးဌာန အထွေထွေ မန်နေဂျာငြိမ်းတဦးက ပြောပါတယ်။ကျောက်မီးသွေးစက်ရုံအနေနဲ့ ရှမ်းပြည်နယ်၊ နောင်ချိုနဲ့ တီဂျစ်ကျောက်မီးသွေးစက်ရုံ ၂ ရုံရှိတယ်လို့ သိရပါတယ်။ ဘူမိဗေဒအစီရင်ခံစာတွေအရမြန်မာနိုင်ငံမှာ ကျောက်မီးသွေးထွက်ဖို့ နေရာတွေ အများကြီးရှိပြီးသတ္တုသိုက်ပေါင်း ၂ ရာလောက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လောက်ထုနဲ့ထည်နဲ့ ရှိတယ်ဆိုတာ အသေအချာ မတိုင်းရသေးဘူးလို့ သိရပါတယ်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုမှာ အကောင်းဆုံးဖြစ်တဲ့ ဆိုလာစနစ် ဓာတ်အားထုတ်လုပ်ရေးနဲ့ ပတ်သတ်တာဆိုရင် မြန်မာနိုင်ငံမှာ ကြီးကြီးမားမားအနေနဲ့အမေရိကန် အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုက လုပ်ဆောင်နေတဲ့ပင်မဓာတ်အားလိုင်းထဲ လျှက်စစ်ပို့လွှတ်နိုင်မယ့် စီမံကိန်းနဲ့ထိုင်းနိုင်ငံ GEP ကုမ္ပဏီက လုပ်ဆောင်နေတဲ့ စီမံကိန်း ၂ခုသာ ရှိပါတယ်။ကျန်တာတွေက အစိုးရက တင်ဒါခေါ်လုပ်ဆောင်နေတဲ့ ကျေးရွာတွေအတွက် မီးလင်းရေးစီမံချက်လေးတွေသာ ရှိပါတယ်။
အရင်းအမြစ်တွေနဲ့ လုပ်ဆောင်နေတဲ့ အခြေအနေမှာ တကယ့်လက်ရှိကိုကြည့်မယ်ဆိုရင် သေချာတာက အိမ်ထောင်စုပေါင်း ၇သန်းကျော်ဟာလျှက်စစ်မီးလိုအပ်ချက်ရှိနေတယ်ဆိုတာပါ။ဒီ အိမ်ထောင်စုပေါင်း၇သန်းကျော်အတွက် လျှက်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်ဖို့ဆိုရင်အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါး ကုန်ကျမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။
ဒီကုန်ကျစရိတ်ထဲမှာ လာမယ့် ၅ နှစ်စာအတွက် အိမ်ထောင်စု ၂ သန်းနီးပါးကိုလျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ ဒေါ်လာသန်း ၇၀၀ မှန်းပြီး ကမ္ဘာ့ဘဏ်က သန်း ၄၀၀နီးပါး အကူအညီပေးမယ်လို့ ဆိုထားပါတယ်။ ဒီသန်း ၄၀၀ နီးပါးကလျှပ်စစ်ဝန်ကြီးဌာနအတွက် မဟာဓာတ်အားလိုင်းတွေ တိုးချဲ့နိုင်ဖို့ သန်း ၃၀၀နဲ့ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအတွက်မဟာဓာတ်အားလိုင်းပြင်ပကနေ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက်သန်း ၉၀ လို့ ပြောဆိုထားခဲ့တာပါ။
အခုလို ဓာတ်အား လိုအပ်ချက်တွေအတွက် ကုန်ကျစရိတ်နဲ့ အခြေခံအဆောက်အဦ တည်ဆောက်မှုပိုင်း များစွာ လိုအပ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံအတွက်ဓာတ်အားလိုအပ်ချက်ကို အဖြစ်သင့်ဆုံး မြန်မြန် အထောက်အကူ ပြုနိုင်ဖို့ဟာပြည်တွင်းမှာ ထွက်နေတဲ့ သဘာဝဓာတ်ငွေ့ကို သုံးစွဲနိုင်မှုနဲ့ဆိုလာနည်းပညာစနစ် တိုးချဲ့ အသုံးပြုနိုင်ဖို့လိုတယ်လို့ လေ့လာသူတွေအများစုက ထောက်ပြပြောဆိုကြပါတယ်။ ရေအားနဲ့ပတ်သတ်လို့ကတော့ ဆည်တွေဆောက်၊မြစ်ချောင်းတွေ ပိတ်ရာကနေ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိလာလို့သဘာဝပတ်ဝန်းကျင်သမားတွေက ကျယ်ကျယ်လောင်လောင် ကန့်ကွက်လာကြပါတယ်။ကျောက်မီးသွေးနဲ့ ပတ်သတ်လို့လည်း ကမ္ဘာ့နိုင်ငံတွေမှာ စက်ရုံတွေအပြိုင်အဆိုင်ပိတ်ပြီး လျှော့ချနေတာမို့ လုံး၀ မလုပ်သင့်ဘူးလို့ထောက်ပြကြပါတယ်။
သဘာဝဓာတ်ငွေ့ဟာ မြန်မာနိုင်ငံမှာ ထွက်ရှိ ရောင်းချနေရတဲ့ သယံဇာတ အရင်းအမြစ်ဖြစ်သလို နိုင်ငံအတွက် ပြည်ပဝင်ငွေ အကောင်းဆုံး ရှာဖွေပေးနေတဲ့တွင်းထွက် ပစ္စည်းတခုလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကပဲမြန်မာ့ကမ်းလွန်ပင်လယ်ပြင်က သဘာဝဓာတ်ငွေ့သိုက် အသစ်တခုကို ရှာဖွေတွေ့ရှိနိုင်မယ့် ရှေ့ပြေးအလားအလာတွေ တွေ့ခဲ့ပါသေးတယ်။ငွေဆောင်ကမ်းခြေနဲ့ မိုင် ၃၀ လောက်သာ ကွာတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတွေ့ခဲ့တာပါ။ ဒီတွေ့ရှိချက်နဲ့ နောက်ဆက်တွဲ ဘင်္ဂလားပင်လယ်အော်ထဲကကမ်းလွန်လုပ်ကွက်တွေမှာ သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မယ်လို့အတည်ပြုနိုင်ခဲ့တာ တွေ့ရပါတယ်။
သဘာဝဓာတ်ငွေ့ ထွက်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး ပါရမီစွမ်းအင်အုပ်စုရဲ့ အကြံပေး ဦးတင်ချိုက သဘာဝဓာတ်ငွေ့ကိုအခြားနိုင်ငံတွေကိုပဲ ရောင်းချနေတာမို့ နောက်ထွက်ရှိလာမယ့် ဟာတွေကပြည်တွင်း ဦးစားပေးကိုလုပ်မလား၊ ပြည်ပဦးစားပေးကိုလုပ်မလားဆိုတဲ့ အချက် ၂ခုကို ဆုံးဖြတ်သင့်တဲ့ အချိန်ရောက်ပြီလို့ ဆိုပါတယ်။“ အဓိကက ဦးစားပေး ဘယ်ဟာကို လုပ်မလဲ။ ပြည်တွင်းစားသုံးမှုအတွက်ဦးစားပေးမလား။ ဖောက်သည်မပြတ် ရောင်းရဖို့ပဲ ဦးစားပေးမလားဆိုတာ မူအပေါ်မှာမူတည်တာပေါ့။ ထွက်နေတာက အများကြီး ထွက်နေတာပဲ။ ဒုက္ခပေးနေတာကကိုယ့်ဟာကိုယ် သုံးခွင့်မရှိတာ” လို့ ပြောပါတယ်။
လက်ရှိ အစိုးရလက်ထက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်အသစ်တွေ စုစုပေါင်း ၃၆ ကွက်အတွက် နိုင်ငံတကာကုမ္ပဏီတွေကို တင်ဒါခေါ်ယူပြီးလုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါတွေက လက်မှတ်ရေးထိုးထားပြီး ရှာဖွေနေဆဲအခြေအနေတွေဖြစ်တာမို့ တကယ်လို့များ တွေ့ရှိ တူးဖော်ထုတ်လုပ်နိုင်ပြီဆိုရင် ပြည်တွင်း စွမ်းအင်ဖူလုံရေးဆိုတဲ့မူနဲ့ဆိုရင်ဓာတ်အားလိုအပ်ချက်တွေ အလုပ်ဖြစ်နိုင်ပါတယ်။ ရေနံ သဘာဝဓာတ်ငွေ့လုပ်ကွက်အသစ်တွေလည်း နောက်ထပ် ၂၀ ကျော် ကျန်ရှိနေသေးတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကသိရှိထားရပါတယ်။
မြန်မာ့စီးပွားရေးရာ လေ့လာသုံးသပ်နေသူလည်းဖြစ် JTJB Myanmar ကုမ္ပဏီရဲ့ဒါရိုက်တာလည်းဖြစ်တဲ့ ဦးမြင့်သောင်းကလည်း စွမ်းအင်လိုအပ်ချက်နဲ့ပတ်သက်ပြီး သဘာဝဓာတ်ငွေ့ သုံးစွဲနိုင်ရေးကို အရေးပါတယ်လို့ထောက်ခံ ပြောဆိုပါတယ်။ သူက“ထုတ်လုပ်မှု ဈေးအသက်သာဆုံးမှာ သဘာဝဓာတ်ငွေ့နဲ့ရေအားလျှပ်စစ်ပဲ။ ရေအားလျှပ်စစ်ကို သုံးရင်း သုံးရင်းနဲ့ မြစ်တွေချောင်းတွေ ပိတ်လုပ်လာတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာတယ်။မလုပ်သင့်ဘူး။ လုပ်စေချင်ဆုံးကတော့ ဈေးလည်းသက်သာ လုပ်လို့လည်း ရတဲ့သဘာဝဓာတ်ငွေ့ပဲ။ ကိုယ့်နိုင်ငံမှာလည်း ထွက်နေတယ်၊ စဉ်းစားသင့်တာသည်သဘာဝဓာတ်ငွေ့။ ဂတ်စ်တာဘိုင်တွေကို တိုးတိုးပြီး လုပ်သင့်တယ်လို့ မြင်တယ်”လို့ ပြောပါတယ်။
ကျောက်မီးသွေး အသုံးပြုမှုနဲ့ ပတ်သတ်လို့တော့ သူက အပြင်းအထန် ကန့်ကွက်ပြီးပြည်တွင်းမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ စီးပွားရေးအရ ကုန်ကျစရိတ် အမြင်ကိုအခုလိုပြောပါတယ်။ ဦးမြင့်သောင်းက “ပြည်တွင်းမှာ ထွက်တဲ့ကျောက်မီးသွေးကလည်း သန့်ရှင်းတဲ့ အဆင့်ထွက်တဲ့အထိ ချက်လို့မရတဲ့အရည်အသွေးလို့ သိရတယ်။ နိုင်ငံခြားက ဝယ်ရမယ်။ ဝယ်ပြီးတော့မှ လည်ပတ်ရမယ်။အဲ့တော့ ပြန်စဉ်းစားရမယ်။ ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝဓါတ်ငွေ့ကိုသူများနိုင်ငံရောင်းပြီး ကိုယ့်နိုင်ငံမှာ မလောက်တဲ့ ကျောက်မီးသွေးကိုဝယ်ပြီးတော့လျှပ်စစ် ထုတ်လုပ်မှာလား လို့ မေးချင်တယ်” လို့ ပြောပါတယ်။
တကယ်တမ်းလည်း မြန်မာနိုင်ငံက ထွက်နေတဲ့ ကျောက်မီးသွေးဟာ ကမ္ဘာ့အဆင့်မှာ နံပတ် ၃ အဆင့်ပဲ ရှိပြီး ကန့်ဓာတ် ပြာဓာတ်များတယ်လို့ သတ္တုတွင်းဝန်ကြီးဌာနမှာ နှစ်ပေါင်း ၃၈ နှစ်လုပ်ကိုင်ခဲ့တဲ့ အထွေထွေမန်နေဂျာ (ငြိမ်း) ဦးစောမိုးမြင့်က ပြောပါတယ်။ ဒီလို ကန့်ဓာတ်၊ပြာဓာတ်များပြီး အရည်အသွေး မမီတာကြောင့် ဓာတ်အားပေးစက်ရုံ အသုံးပြုတဲ့နေရာမှာ ပုံမှန်ထက် တန်ချိန်များစွာ ဖြုန်းတီးရမှာ ဖြစ်သလို လက်ရှိ Clean Coal လို့အော်နေတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေနဲ့ အဆင်မပြေနိုင်ဘူးလို့ သူကပြောပါတယ်။ဒါ့အပြင် ဂျပန်နိုင်ငံကလုပ်ဆောင်နေတဲ့ သန့်စင်တဲ့ ကျောက်မီးသွေး နည်းစဉ်လို့ ပြောနေတာတွေနဲ့ ပတ်သက်ပြီးလည်း နောက်ဆုံးပေါ် နည်းပညာတွေနဲ့ လည်ပတ်နေတဲ့ဂျပန်ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေဆီကို လေ့လာရေး လည်ပတ်ခဲ့တဲ့သူ့အတွေ့အကြုံတွေအရ “ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့နဲ့နိုက်ထရက်အောက်ဆိုက်ဓာတ်ငွေ့ ပါဝင်မှုဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဂျပန်ကအနည်းဆုံးဆိုပေမယ့် ရာနှုန်းပြည့် မဖယ်ရှားနိုင်သေးတာတွေ့ရတယ်”လို့ပြောပါတယ်။
ပြည်တွင်းအခြေအနေနဲ့ ကျောက်မီးသွေး အဆင်မပြေတဲ့ အကြောင်းကို ၎င်းက “ကိုယ့်ပြည်တွင်းဟာနဲ့ လုပ်မယ်ဆို ဆာဖာဒိုင်အောက်ဆိုက် ပိုထွက်မယ်၊ပြာဓာတ် ပိုထွက်လာမယ်။ ကိုယ့်တိုင်းပြည်ရဲ့ ကျောက်မီးသွေးနဲ့ ဂျပန်ကတော့ အာမမခံလောက်ဘူးလို့ ထင်တယ်။ ဒီက အရည်အသွေးနဲ့ သူတို့စက်နဲ့ မဖြစ်ဘူးလို့ သူတို့ပြောမှာပဲ။ သေချာတယ်။ အဲ့တော့ ကျောက်မီးသွေးကို သွင်းရမှာပဲ။နောက်တခုက ဒီစက်ရုံတွေက ၁ ထောင်မဂ္ဂါဝပ်လောက်တည်မှ တွက်ခြေကိုက်တာ။ တည်ပြီးလို့ရင် ၁ ထောင် မဂ္ဂါဝပ်ကို ဘယ်မှာ သွားရောင်းမှာလဲ။ သုံးတဲ့နေရာတွေမှာ အဲ့လောက် မသုံးနိုင်ဘူး။ ကျောက်မီးသွေးကို မဟာဓာတ်အားလိုင်းထဲထည့်ဖို့ကလည်း မဟာ ဓာတ်အားလိုင်းက ဆွဲပြီးသားမရှိဘူး” လို့ ပြောပါတယ်။ ဒါကြောင့် ကျောက်မီးသွေးကိုတော့ ဘယ်လိုမှမသုံးသင့်တဲ့ အကြောင်းနဲ့ ဆိုလာ၊ ဂတ်စ် စတာတွေကိုသာ သုံးဖို့ သင့်ကြောင်း ပြောပါတယ်။ “ကျောက်မီးသွေး လုံး၀ မသုံးသင့်ပါဘူး။မသုံးပါနဲ့။ ဘာဖြစ်လို့ဆိုရင် အိမ်နီးချင်း တရုတ်နိုင်ငံကအစ ကျောက်မီးသွေးစက်ရုံတွေ ဖျက်နေပီ။ ဆိုလာကို တွင်တွင်ကျယ်ကျယ် သုံးနေပြီ။ မြန်မာလည်း တချိန်ကျရင် ဒါကို မသုံးမဖြစ်သုံးရမယ်” လို့ ပြောပါတယ်။
အချက်အလက်တွေနဲ့ ပြောဆိုမှုတွေကို ခြုံကြည့်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်မှာ ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေထက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုနဲ့ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်စနစ် အသုံးပြုမှုတွေကို ပိုမို တည်ဆောက်နိုင်ဖို့ လိုလာတာကို တွေ့ရပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ပတ်သတ်ပြီး လုပ်ကွက်တွေ အများကြီး ချပေးထားတာပါ။ ထွက်ရှိလာမယ့် ဓာတ်ငွေ့မှာ ရမယ့် အချိုးကျပမာဏထဲကနေပြည်တွင်းဦးစားပေးဆိုတဲ့ မူနဲ့သွားဖို့ လိုလာပြီဖြစ်သလို တဖက်ကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အကောင်းဆုံးဖြစ်တဲ့ ဆိုလာစွမ်းအင် စနစ်ကိုသေသေချာချာ အကောင်အထည်ဖော်မှုတွေ လိုလာတယ်လို့ တွေ့ရပါတယ်။
အမေရိကန်က လာလုပ်နေတဲ့ မဂ္ဂါဝပ် သူ့အကန့်အသတ်နဲ့ သူထွက်ပြီး မဟာဓါတ်အားလိုင်းထဲ ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ပြည်တွင်းမှာ များများ ရှိလာဖို့လိုလာတယ်လို့လည်း လေ့လာသူတွေ ပြောဆိုကြပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ ပတ်သတ်ပြီး လက်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဦးသိန်းစိန်အစိုးရလက်ထက် ချထားပေးခဲ့တဲ့ ရေနံ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေ အကုန်လုံးအပြင် အခြားစွမ်းအင်စီမံကိန်းတွေ မှန်သမျှ အားလုံးဟာပြည်တွင်းဦးစားပေးဖြစ်ပြီး ပြည်တွင်း ပိုလျှံမှ ပြည်ပရောင်းမယ်လို့ပြောထားတာပါ။
ရှေ့လတွေမှာ ဖွဲ့စည်း ပေါ်ပေါက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသစ်ကလည်း ရွေးကောက်ပွဲ ကြေညာစာတမ်းပါ စွမ်းအင်မူဝါဒအရလည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ထိခိုက် ပျက်ဆီးမှုနဲ့ လူထုဘဝတွေ ကြီးမားစွာ ဆိုးကျိုးဖြစ်မယ့် လျှပ်စစ်ထုတ်လုပ်မှုကို မျက်နှာသာပေးပုံ မပေါ်တာကြောင့် ဆိုလာနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေ တည်ဆောက်ထုတ်လုပ်ရေးသာမျှော်လင့်နိုင်ကြောင်းပါ။