ဟိုနေရာမှာ ကလေးတွေ ပျောက်လို့ သတိထားပါ။ ဒီနေရာမှာ ကလေးခိုးမယ့်သူတွေ ရောက်နေတယ် လို့ ရပ်ကွက်ထဲမှာ နားစွန် နားဖျား သတင်းတွေ ကြားမိကတည်းက ကျမဟာ မိခင် တဦးအနေနဲ့ အိမ်မှာ ကျန်နေခဲ့တဲ့ ကျမရဲ့ အမေနဲ့ အတူ ရှိနေတဲ့ တနှစ်ခွဲ အရွယ် သမီးလေးကို နေ့စဉ်လိုလို စိတ်ပူမိရပါတယ်။
ပြီးတော့ မူလတန်းကျောင်း တက်နေတဲ့ ၆ နှစ်အရွယ် ကျမ တူလေးအတွက်လည်း စိုးရိမ် မိနေပါတယ်။
အခုဆိုရင် ဆိုရှယ်မီဒီယာ ဖြစ်တဲ့ ဖေ့စ်ဘုတ်တွေမှာ မကြာခဏ ဆိုသလို ပုံစံအမျိုးမျိုးနဲ့ ကလေးပျောက်တဲ့ သတင်းတွေ မြင်တွေ့နေ ရ သလို၊ မကြာခင် ရက်ပိုင်းကလည်း ဧရာဝတီတိုင်းမှာ ကလေးကို အိမ်ပေါ်အထိ တက်ခိုးတာက တမျိုး၊ ရှမ်းပြည်နယ် လားရှိုးမှာလည်း လသားအရွယ် ကလေးကို မိခင် ချီပိုးနေတဲ့ကြားက အတင်းဆွဲယူ ထွက်ပြေးတာက တဖုံ၊ မကွေးတိုင်းမှာလည်း ကလေးခိုးဖို့ ကြံရွယ်တယ်ဆိုပြီး သတင်းတွေ ထွက်နေတာတစ်ကြောင်း အမျိုးမျိုးသော သတင်းတွေ ကြားနေရတာက အပြင်ကို အလုပ် ထွက် လုပ်နေရတဲ့ ကျမတို့လို မိဘတွေအဖို့ နောက်ကြောင်း မအေးဘဲ စိုးရိမ်ပူပန်မှုတွေက ပိုမို ကြီးထွားလာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာသား ကလေးငယ် ၃ ဦးကို ခေါ်ဆောင်သွားသူတဦးကို ကလေးတွေနဲ့အတူ ၆ ရက်မြောက်နေ့မှာ ပြန်လည် တွေ့ရှိခဲ့ရတယ်လို့ ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ပါသေးတယ်။
ဒီအတောအတွင်း ရန်ကုန်တိုင်းထဲက ဥက္ကံ တို့၊ သန်လျင် တို့လို့ နေရာမျိုးတွေမှာလည်း မသင်္ကာစရာ လူတွေ တွေ့ရတယ်ဆိုပြီး ကောလာဟလတွေ ထပ်ပြီး ထွက်ပေါ်လာပြန်ပါတယ်။
ဒီလိုထွက်ပေါ်လာတဲ့ သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင် တချို့သတင်းတွေက အခြေအမြစ်မရှိတဲ့ သတင်းတွေဆိုတာကို သတင်း မီဒီယာတွေကလည်း ဖော်ထုတ်ရေးသား တင်ပြကြတာမျိုးတွေ လုပ်သလို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေဘက်က လည်း ကလေး သူခိုးဆိုတဲ့ သတင်းတွေဟာ လုံး၀ မဟုတ်ပါဘူးလို့လည်း ဖြေရှင်းချက်တွေ အမျိုးမျိုး ထွက်လာတာ တွေ့ရပါတယ်။
ဒါပေမယ့် ဘယ်လိုပဲ ကလေး သူခိုး မရှိပါဘူးလို့ သက်ဆိုင်ရာ အစိုးရတွေဘက်ကလည်း ပြောပြော၊ သတင်းမီဒီယာတွေ ဘက်က လည်း တင်ပြကြပေမယ့် တကယ့် မိဘတွေ ဖြစ်တဲ့ ကျမတို့ ရင်ထဲမှာတော့ သားသမီးတွေ အပေါ် ထားတဲ့ စိုးရိမ်မှုကတော့ လုံးဝပျောက်ကွယ်သွားတာ မရှိပါဘူး။
ရန်ကုန် သာကေတ မြို့နယ်က ကျမ မိတ်ဆွေ မဖြူဖြူ ဆိုရင် ပုံမှန် ကျောင်းပို့၊ ကျောင်းကြို အလုပ်ကို အခုဆို အထူး ဂရုစိုက် လုပ် ကိုင်ပေးနေရတယ်လို့ ဆိုပါတယ်။
အရင်ကဆိုရင် ကျောင်းမတက်ခင် နာရီဝက် အလိုမှာ ကလေးကို ကျောင်းဝင်းထဲ ပို့ပြီးရင် သူ့ အလုပ်ပြီးပြီလို့ သတ်မှတ်ထားတဲ့ မဖြူဖြူ တယောက် ကျောင်းမတက်မချင်း ကျောင်းတံခါးပေါက်ဝမှာ ကျောင်းခေါင်းလောင်း ထိုးတဲ့အထိ ထိုင်နေမိတယ်လို့ ပြောတယ်။
နောက်ပြီး ညနေ ကျောင်းမဆင်းခင် တနာရီအလိုကတည်းက ကျောင်းရှေ့ ကြိုရောက်နေပြီး ကျောင်းလွှတ်မယ့်အချိန်ကို ထိုင်စောင့် နေရတယ်လို့ ဆိုတယ်။
သူ့လို စိုးရိမ်စိတ်ကြီးတဲ့ မိဘတွေ အခုရက်ပိုင်းအတွင်း များလာတာကြောင့်လည်း ကျောင်းသားမိဘတွေ အချင်းချင်း ကျောင်း အပြင် ဘက်မှာ စကားပြောရင်း အချိန်ကုန်မှန်းမသိ ကုန်ဆုံးသွားစေတယ်လို့လည်း ပြောပြပါတယ်။
သာကေတမြို့နယ်က မဖြူဖြူ ပြောတဲ့ ကျောင်းတခုတည်းမှာတင် မဟုတ်ပါဘူး။ ကျမနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းကနေ ပြောပြတဲ့အချက် တွေအရ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တံတားမြို့နယ် စတဲ့ မြို့နယ်တွေမှာလည်း သားသမီး စိုးရိမ်မှုနဲ့ မိဘတွေဟာ ကျောင်းအရှေ့မှာ နီးစပ်ရာ လူအစုစုနဲ့ ကျောင်းကြိုနေကြတာတွေ ရှိတယ်လို့ သိရပါတယ်။
အပြင်ထွက် အလုပ်လုပ်နေရတဲ့ ကျမတို့ ဇနီးမောင်နှံ နှစ်ဦးအနေနဲ့လည်း နေ့စဉ်ဆိုသလို တူလေးကို အကြိုအပို့ မလုပ်နိုင်တဲ့အတွက် ပုံမှန် ကျောင်းကြိုကျောင်းပို့ လုပ်နေတဲ့ ဆိုင်ကယ်သမားကို ကျောင်းသွားပို့တဲ့အခါမှာ ကျောင်းဝင်းထဲကနေ ကျောင်းခန်းထဲ တူလေး ဝင်သွားပြီးမှ ပြန်ဖို့နဲ့ ကျောင်းကြိုတဲ့အခါမှာလည်း ကျောင်းမလွှတ်ခင် စောစော ကြိုသွားပေးဖို့ နေ့စဉ် မပျက် အမှာတော် ပါးနေရပါတယ်။
နောက်ပြီး တူလေးကိုလည်း ကျောင်းဝင်းထဲက ဆိုင်ကယ်မောင်းတဲ့သူကလွဲပြီး ဘာပေးမယ်၊ ညာပေးမယ်လို့ သိတဲ့သူပဲ ဖြစ်ဖြစ်၊ မသိတဲ့ သူပဲ ဖြစ်ဖြစ် ဘယ်လိုခေါ်ခေါ် မလိုက်ဖို့နဲ့ အနားကပ် မခံဖို့အထိ နေ့စဉ် မှာကြားထားရတယ်။
နောက်ပြီး အိမ်မှာရှိတဲ့ သမီးလေးကို စောင့်ရှောက်ပေးနေတဲ့ ကျမရဲ့ မိခင်ကိုလည်း ဘယ်သူစိမ်း လာလာ အိမ်ထဲ မဝင်ခိုင်းဖို့၊ ကလေး ကို ဘယ်လောက်ခင်တယ်ပြောပြော ဘယ်သူနဲ့မှ မထည့်ဖို့အထိ နေ့စဉ် အသိပေး မှာကြားနေမိပါတယ်။
နောက်တချက်က ကျမတို့ မြန်မာနိုင်ငံရဲ့ ချစ်စရာ ဓလေ့ ယဉ်ကျေးမှု တခုဖြစ်တဲ့ တဦးနဲ့တဦး သိကျွမ်းမှု မရှိပေမယ့် တဖက်သားကို လမ်းမှာတွေ့ရင် နှုတ်ဆက်တာ၊ ပြုံးပြတာတွေ လုပ်တာမျိုး ရှိသလို၊ အသက် ၁၀ နှစ်အောက် ကလေးတွေနဲ့ ပတ်သက်ရင်လည်း ကလေး ချစ်တက်တဲ့ သူတိုင်း ချစ်ခင်နွေးထွေးမှုကို နည်းလမ်းအမျိုးမျိုးနဲ့ ပြသတတ်တာ ရှိပါတယ်။
ကလေးချစ်တတ်တဲ့ သူတိုင်း ချစ်စရာ ကလေးမြင်ရင် ဝေးနေရင်တောင် ကလေးကို ချစ်လို့ လက်လှမ်းပြတာ၊ ကလေးကို လှမ်းပြီး စတာ နောက်တာ မျိုးတွေ လုပ်မိသလို၊ အဲဒီလို ချစ်စရာ ကလေးက ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေရင်တော့ ကလေးက ချစ်စရာလေးဆိုပြီး ပါးစပ်နဲ့ ပြောတာမျိုးအပြင် မိဘ၊ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ကိုတောင် မယူ ချက်ချင်းဆိုသလို စိတ်လိုက်မာန်ပါ ကလေး ပါးကိုင် တာ၊ ကလေးကို နမ်းတာမျိုးတွေအထိ ရှိသလို တခါတလေ ဆွဲယူချီပိုးတာအထိ လုပ်တာမျိုးတွေလည်း ရှိပါတယ်။
ကျမ သမီးလေးကိုလည်း လမ်းသွားပြီဆိုရင် မကြာခဏ ဆိုသလို ကလေးချစ်တဲ့ အသက်အရွယ် မရွေးက စတာ နောက်တာ၊ ပါးကိုင် တာမျိုးတွေ ရှိပါတယ်။
ဒါပေမယ့် ကျမကတော့ အစကတည်းက ကိုယ်နဲ့ မသိတဲ့သူက ကလေးကို ချီပိုးတာ၊ နမ်းတာ မကြိုက်တဲ့အတွက် အဲဒါမျိုးတွေတော့ ကျမ မျက်စိရှေ့မှာ လုပ်တာမျိုးကို ကျမကိုယ်တိုင် တားမြစ်ပါတယ်။
ဒါပေမယ့်လည်း ကျမက သမီးနဲ့ ၂၄ နာရီလုံးလုံး အတူတူ မနေရတဲ့အတွက် ကျမရဲ့ နောက်ကွယ်မှာ အဲဒီလိုမျိုး မရှိဘူးလို့ အတိ အကျ မပြောနိုင်ပါ။
နောက်ပြီး ဖေ့စ်ဘုတ် စာမျက်နှာမှာ ကလေးခိုးယူမှု ကောလာဟလ သတင်းတွေ ပျံ့နှံ့မှုရဲ့ နောက်ဆက်တွဲ အဖြစ် စိုးရိမ်စိတ် ကြီးနေ တဲ့ မိဘတွေဟာ ဘယ်နေရာမှာမဆို ကလေးသူခိုး ဖြစ်နိုင်တယ်လို့ ဆိုလိုက်သံ ကြားလိုက်တယ် ဆိုရင်ပဲ တဘက်က ဟုတ်၊ မဟုတ် အရင် မဆုံးဖြတ်တော့ဘဲ စိတ်ဆိုးဒေါသ ထွက်တာတွေဟာ သံသယရှိသူအပေါ်ကို အားလုံး ပုံချလိုက်တဲ့ ဖြစ်ရပ်တွေလည်း တွေ့ရှိလာရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ပိုင်းက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကလေးသူခိုးလို့ စွပ်စွဲခံရသူကို ဒေါသထွက်နေတဲ့ ဒေသခံ လူအုပ်က အကြမ်းဖက် ဖမ်းဆီး စစ်ဆေးခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ သံဃာတော်တွေက ပူးပေါင်းကယ်တင်လိုက်ရတဲ့ သတင်းတွေလည်း ဖတ်လိုက်ရပါသေးတယ်။
အဲဒီအဖြစ်အပျက် မတိုင်ခင် ရက်ပိုင်းလောက် ကလည်း မကွေးတိုင်းဒေသကြီးမှာ ဆင်တူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါသေးတယ်။ အရောင်း အဝယ် လာလုပ်တဲ့ အမျိုးသမီး တဦးကို ကလေးသူခိုးလို့ စွပ်စွဲပြီး ဖမ်းဆီး ရိုက်နှက်ခဲ့တဲ့အတွက် အမျိုးသမီးမှာ နံရိုးနှစ်ချောင်း ကျိုးတဲ့အထိ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေကို ကြည့်ဆိုရင် နောက်ဆုံး အခြေခံ တူညီတဲ့အချက်တခုက ကလေးတွေရဲ့ လုံခြုံမှု အပြည့်အ၀ မရှိဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကျမတို့ နိုင်ငံမှာ ကလေးတွေနဲ့ပတ်သက်ပြီး ကာကွယ်နိုင်မှုက အားနည်းတယ်လို့ ပြောလို့ရပါတယ်။ တခြားသော နိုင်ငံတချို့ မှာဆိုရင် ကလေးတွေနဲ့ ပတ်သက်ရင် အဘက်ဘက်က ဦးစားပေး စီစဉ်ထားတာတွေကို တွေ့ရှိရတယ်။
အာရှနိုင်ငံတွေထဲက ဂျပန်နိုင်ငံမှာဆိုရင် ကျမတို့ မြန်မာနိုင်ငံက မိဘတွေ အတုယူရမယ့် အချက်တခုနဲ့ ပတ်သက်ပြီး ကျမ ဆောင်း ပါး တပုဒ် ဖတ်ရဖူးပါတယ်။
သူတို့နိုင်ငံမှာ ကလေးတွေနဲ့ ပတ်သက်ပြီး လူစိမ်း တယောက်က ကိုယ့်သားသမီးကို စောင့်ကြည့်နေတယ်လို့ မိဘက ခံစားရတယ် ဆိုရင် ကလေးရဲ့ လုံခြုံရေးအကြောင်းပြပြီး ချက်ချင်း အနီးစပ်ဆုံး လုံခြုံရေး တာဝန်ကျ ရဲကို ခေါ်ယူ သတိပေးခိုင်းလို့ ရပါတယ်။ လူစိမ်း တဦးဦး ကိုယ့်သားသမီးနား ကပ်ဖို့ မပြောနဲ့ အဝေးကနေတောင် မယောင်မလည် စောင့်ကြည့်ခွင့် မရှိပါဘူး။
ဒါဟာ သက်ဆိုင်ရာ အစိုးရကလည်း ကလေးအပေါ် လုံခြုံရေး အပြည့်အ၀ ပေးထားသလို မိဘဘက်ကလည်း ကိုယ့်သားသမီးရဲ့ လုံခြုံရေးကို အပြည့်အ၀ စောင့်ရှောက်ခွင့် ရနေတယ် ဆိုတာကို တွေ့ရပါတယ်။
ကျမတို့ နိုင်ငံမှာက အစိုးရဘက်ကလည်း ကလေးတွေ အပေါ် အပြည့်အ၀ ကာကွယ်မှု မပေးနိုင်သလို ကလေးနဲ့ အနီးဆုံး ဖြစ်တဲ့ ကျမတို့လို မိဘတွေ အနေနဲ့လည်း ဝမ်းရေးအတွက် တဘက်က ရှာဖွေလုပ်ကိုင်နေရတဲ့အတွက် ကိုယ့်ကလေးအပေါ်ကို အပြည့်အ၀ ကာကွယ် မပေးနိုင်ကြပါဘူး။
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် စာရင်းတွေအရ အသက် ၁၈ နှစ်အောက် လူကုန်ကူးခံရသူ ကလေး စုစုပေါင်း ၃၁ ဦး ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ အသက် ၁၈ နှစ်အောက် လူကုန်ကူးခံရသူ ကလေး စုစုပေါင်း ၉၆ ဦး ရှိနေတာကို သိ ရပါတယ်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေက ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် အတွင်းမှာကို ကိန်းဂဏန်းမှာ သုံးဆ နီးပါး တိုး လာ တာကလည်း ကျမတို့ မိဘတွေ အတွက် ကလေးတွေရဲ့ လုံခြုံရေး အပေါ် ပိုပြီးရင်လေးစရာ ဖြစ်နေပါတယ်။
ဒါကြောင့် အနာဂတ် မျိုးဆက်သစ် ကလေးငယ်တွေ ရဲ့ လုံခြုံရေး အတွက် အားလုံးက ဝိုင်းဝန်း အလေးထား ဆောင်ရွက်မှုဟာ အဓိက အရေးကြီးတယ်လို့ ယူဆမိပါတယ်။ ။