မြန်မာပြည် လွတ်လပ်ရေးအတွက် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ ၂ ဦးကို ဗြိတိသျှတို့ အုပ်ချုပ်နေသည့် မြန်မာပြည်မှ ထွက်ခွာနိုင်ရန် ကူညီပေးခဲ့သူ တရုတ်အမျိုးသား တန်ကျူးစိန်၏ မိသားစုမှာ ရန်ကုန်မြို့၊ သင်္ဃန်း ကျွန်း မြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ကြီးပွားရေးအိမ်ရာတွင် နေထိုင်လျက်ရှိသည်။
၎င်းတို့နေထိုင်ရာ အိမ်ခန်းမှာ သိပ်မကြီးကျယ်လှသည့် ရန်ကုန်မြို့ရှိ အခြားတိုက်ခန်းများကဲ့သို့ ပင်ဖြစ်သည်။ ထိုနေရာရှိ တန်ကျူးစိန် မိသားစုထံသို့ ဧရာဝတီသတင်းဌာနက သွားရောက်ခဲ့သည်။
ထိုနေရာတွင် တန်းကျူးစိန်၏ တဦးတည်းသော သမီးဖြစ်သူအသက် ၉၃ နှစ်အရွယ် ဒေါ်မြ ကြည်မှာ ၎င်း၏ မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်လျက်ရှိသည်။
တန်ကျူးစိန်တွင် ဒေါ်မိမိ (စိန်မိမိ) အမည်ရှိ ဇနီးနှင့် ဒေါ်မြကြည်အမည်ရှိ သမီးတယောက် ရှိသည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ အမွိုင်သို့ခရီးသွားရန် ကြိုးပမ်းခဲ့စဉ်က ဒေါ်မြကြည်မှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေး သည်။ တန်ကျူးစိန်မှာမူ ၁၉၆၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
အသက် ၉၃ နှစ်ရှိပြီဖြစ်သည့် ဒေါ်မြကြည်က “အဖေက အမွိုင်မှာမွေးတာ။ အသက် ၁၃၊ ၁၄ နှစ် အရွယ် ကတည်းက ရန်ကုန်ကို ရောက်နေတာ။ ရန်ကုန်မှာပဲ အိမ်ထောင်ကျပြီး ကျမကို မွေးတာ။ ဗိုလ်ချုပ် (အောင်ဆန်း) ကိုတင်ပေးလိုက်တဲ့ ဟိုင်လီသင်္ဘောက အဖေ့ဦးလေး သင်္ဘော လို့ ပြောသံကြားဖူးတယ်။ အဲဒီကိစ္စကြောင့်ပဲ ဂျပန်ခေတ်မှာပဲ သူလျှိုလုပ်တယ်ဆိုပြီး အဖေအဖမ်း ခံရတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
တန်ကျူးစိန် အဖမ်းခံရသည့်အခါ တန်ကျူးစိန်၏ ဇနီး ဒေါ်ခင်မိမိက ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် ဗန္ဓုလ ဦးစိန်ကို အကူအညီတောင်းရာ ဗန္ဓုလဦးစိန်နှင့် ဒီးဒုတ်ဦးဘချိုတို့က ဂျပန် ကင်ပေတိုင် အရာရှိများထံ သွားရောက်၍ပြောဆိုကာ ထုတ်ယူခဲ့ရကြောင်း ဒေါ်မြကြည်က ပြောပြ သည်။
“၁၉၆၇ မှာ မော်ကွန်းဝင် လက်မှတ်ပေးဖို့ဆိုပြီး အဖေ့ကိုလာရှာပြီး တွေ့ကြတယ်။ နောက်ပိုင်းတော့ ဘာအသံမှမကြားရတော့ဘူး” ဟု ဒေါ်မြကြည်ကဆိုသည်။
လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် ချီးမြှင့်မခံရခြင်း ၎င်းတို့သည် တရုတ်လူမျိုးဖြစ်နေသဖြင့် ထပ်မံမဆက်သွယ် တော့ခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့ မိသားစုက ယူဆကြသည်။
“အခုခေတ်မှာလည်း မဟုတ်တရုတ်၊ သောက် တရုတ်တွေဆိုပြီး ပြောနေကြတာလည်း ရှိတယ်။ တကယ်တော့ တရုတ်တွေထဲမှာလည်း ကောင်းတဲ့သူတွေရှိတယ်ဆိုတာ သိစေချင်တယ်။ အဲဒါကြောင့် အဘွားကို အခုလို သမိုင်းကြောင်းတွေပြောစေချင်တာ” ဟု ဒေါ်မြကြည်၏ မြေးဖြစ်သူ ဒေါ်သက်သက် လှိုင်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းကို အကူအညီပေးခဲ့စဉ်က ၎င်းတို့နေထိုင်ခဲ့သည့် အမှတ် ၆၈၄၊ မဟာဗန္ဓုလ လမ်းရှိ နေအိမ်မှာလည်း ဂျပန်ခေတ်တွင် အသိမ်းခံ ခဲ့ရပြီး ဂျပန်ပြန်ထွက်ခါနီးတွင် လက်လွှဲရောင်းစား ခြင်းခံခဲ့ရသဖြင့် ဆုံးရှုံးခဲ့ရသည်။
သခင်အောင်ဆန်းကို အကူအညီပေးရန် ဆုံး ဖြတ်ခဲ့သည့် တန်ကျူးစိန်သည် သခင်အောင်ဆန်း၊ သခင်လှမြိုင် တို့နှင့် ဟိုင်လီသင်္ဘောကပ္ပတိန် တရုတ် အမျိုးသားတဦးတို့ တွေ့ဆုံရာတွင် စကားပြန်အဖြစ်
တာဝန်ယူခဲ့သည်။
သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ နှစ်ဦး မှာ တရုတ်အမျိုးသား အယောင်ဆောင်၍ တရုတ် နာမည် တန်လူရှောင်၊ တန်ဆူတောင် နာမည်တို့ဖြင့် သင်္ဘောပေါ်သို့ တက်ရောက်ခဲ့ကြသည်။
သင်္ဘောခအတွက် လိုအပ်သောငွေကို ဒေးဒရဲ မြို့မှ ဆန်စက်သူဌေး ဦးဘမောင်၊ လယ်ပိုင်ရှင် ဦးထိုက်နှင့် ကုန်သည် ဦးသန့်တို့က ငွေကြေး ကူညီ ခဲ့ကြသည်။ တန်ကျူးစိန်ကိုယ်တိုင် ဟိုင်လီသင်္ဘော ဖြင့်လိုက်ပါသွား မည့် ဗမာနှစ်ယောက်သည် မည်သူ မည်ဝါ ဖြစ်သည်ကို မသိ။ မည်သည့်အတွက်ကြောင့် နိုင်ငံခြားသို့ ခိုးထွက်သည်ကိုလည်း မစုံစမ်းခဲ့ပေ။
“ကျမက ဒီအကြောင်းတွေကို အခုချိန်မှ ထုတ် ပြောတာဆိုပြီး လူတွေက အခွင့်အရေးယူတယ်လို့ ထင်မှာ ကြောက်တယ်။ သမိုင်းသိစေချင်တာ။ ခေတ် အမျိုးမျိုးကို ဖြတ်သန်းလာတော့ အဲဒါတွေကို သိစေ ချင်တယ်။ ဘာအခွင့်အရေးမှ မလိုချင်ဘူး” ဟု ဒေါ်မြကြည်က ပြောသည်။
ဒေါ်မြကြည်တို့ မိသားစုမှာ ဂျပန်ခေတ်တွင် နေအိမ်ဆုံးရှုံးခဲ့ရပြီးနောက် ပုဇွန်တောင်ဘက်တွင် အထည်ဆိုင် ၁ ဆိုင် ဖွင့်လှစ်ခဲ့ဖူးကြောင်း၊ နောက် ပိုင်း တရပ်ကွက်လုံးမီးလောင်သဖြင့် နေအိမ်ကျန်ခဲ့ သော်လည်း ပြည်သူပိုင် အသိမ်းခံခဲ့ရကြောင်း သိရ သည်။
“တရပ်ကွက်လုံး မီးလောင်တာ အဘွားတို့ တအိမ်ပဲ ကျန်တယ်။ မီးလောင်ပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေက ပြည်သူပိုင် အသိမ်းခံရတယ်။ အခုတော့ စည်/ပင်က အထပ်မြင့်တိုက်တွေဆောက် လိုက်ပြီ။ ကျမက ၁၉ နှစ်ထဲနဲ့ အိမ်ထောင်ကျတာ။ အဖေက ဂျပန်ရန် ကြောက်လို့လေ။ ဗိုလ်ချုပ်နေဝင်း ကတော် ဒေါ်ခင်မေသန်းနဲ့က ကျောင်းနေဖက်။ စိန်ဂျွန်းကျောင်းထွက်တွေပေါ့” ဟု ဒေါ်မြကြည်က ဆိုသည်။
ဒေါ်မြကြည်သည် ှSt.Francis School (ယခု အ.ထ.က ၄ -တာမွေ) တွင် ကျောင်းဆရာမ လုပ်ခဲ့ဖူးပြီး ယင်းကျောင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သည့်ကျောင်း ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ပညာမသင်ဖူးခဲ့ပေ။ ဒေါ်မြကြည် ဆရာမ ဖြစ်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံတွင် မရှိတော့ပေ။
“၈၈ နောက်ပိုင်း သူ (ဒေါ်အောင်ဆန်းစုကြည်) ပြန်လာတော့ ကျောင်းမှာ ဒေါ်စုက ဆရာကန်တော့ပွဲ လုပ်ဖို့ စီစဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် အာဏာပိုင်တွေက အတင်းလိုက်ပိတ်တော့ ကန်တော့ပွဲ ပျက်သွားရတယ်။ သူလည်း အစပိုင်းက ကျောင်းကိုလာဖို့ စီစဉ် ထားပေမယ့် နောက်ပိုင်းမလာဖြစ်ခဲ့ဘူး” ဟု ဒေါ်မြ ကြည်က ပြောပြခဲ့သည်။
ထို့ပြင် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်-ဗမာ အရေးအခင်းကိုလည်း ဒေါ်မြကြည်တို့ မိသားစု ထိတ်လန့်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။
“အဲဒီတုန်းက ဦးနေဝင်းက ဆန်ဈေးတက်တာ ကိုမထိန်းနိုင်တော့ အာရုံလွှဲပြီး တရုတ်-ဗမာ အရေး အခင်းဖြစ်အောင် တမင်ဖန်တီးတာ။ ကြားထဲက ပြည်သူတွေပဲ ဒုက္ခရောက်ရတယ်”ဟု ဒေါ်မြကြည်၏ သမီးဖြစ်သူ ဒေါ်ခင်ခင်လွင်က ပြောသည်။
တန်ကျူးစိန်၏ သမီးဖြစ်သူ ဒေါ်မြကြည်တွင် ယခုအခါ သားသမီး ၃ ဦး၊ မြေး ၇ ဦးနှင့် မြစ် ၄ ယောက်တို့ ရှိနေပြီဖြစ်ပြီး ၎င်းတို့အားလုံးမှာ မြန်မာ နိုင်ငံသားများ ဖြစ်နေကြပြီဖြစ်သည်။